Report 99 Views

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရှမ်းပြည်မြောက်ပိုင်း နောင်ချို မြို့နယ်တွင် အရပ်သား (၉) ဦးသေဆုံး(၂၀)ဦးဒဏ်ရာရကာ မိုးမိတ်မြို့နယ်တွင် ၃ ဦး ဒဏ်ရာရခဲ့

May 20th, 2024  •  Author:   Shan Human Rights Foundation  •  1 minute read
Featured image

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ နောက်ဆုံးရ လူ့အခွင့်အရေး ချိုးဖေါက်မှု ထုတ်ပြန်ချက်

၂၀၂၄ ခုနှစ် မေလ 20 ရက်

၂၀၂၄ ခုနစ် ဧပြီလ  ၁၅ ရက် မှ မေလ ၁၆ ရက် အထိ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား (၇) ဦးသေဆုံးပြီး ၂၃ ဦးဒဏ်ရာရရှိကာ ဒေသခံပြည်သူ ၃၀၀၀ ကျော်ခန့်သည် နောင်ချိုမြို့နှင့် ပြင်ဦးလွင်မြို့တို့ရှိ ကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ စစ်ကောင်စီတပ်သည် အိမ်ခြေ ၁၀၀ ခန့်ကိုလဲ ထိခိုက်ပျက်စီးစေခဲ့သည်။

၂၀၂၄  ခုနစ်ဧပြီလ   ၁၄ ရက်နေ့ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ သင်္ကြန်ကာလ စစ်ကောင်စီခေါင်းဆောင်အနားယူနေသည့် စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ခဲ့ပြီးနောက် တိုက်ပွဲများသည် ပြင်ဦးလွင်မြို့နှင့် နောင်ချိုမြို့နယ်စပ်များသို့ ပျံ့နှံ့သွားခဲ့သည်။

ဧပြီလ  ရက်နေ့မနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ မှ  ၁၅ ကီလိုမီတာကွာ၀ေးသော နောင်ချိုမြို့နယ်သရက်ကုန်း ကျေးရွာ တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ သရက်ကုန်း ကျေးရွာ အတွင်းသို့ စစ်ကောင်စီမှပစ်ခတ်သော လက်နက်ကြီးကျရောက်ကာ ကျေးရွာအတွင်းရှိ ရှေးဟောင်းဘုန်းကြီး ကျောင်းတစ်ကျောင်းမီးလောင်ပြာကျခဲ့ပြီး နေအိမ်သုံးလုံးထိခိုက်ပျက်စီးခဲ့သည်။

တိုက်ပွဲများသည် နောင်ချိုမြို့နယ် ဇာလီရွာ၊ ပါဟပ်ရွာနှင့် ဘန်းဘွေးကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများသို့ ပျံ့နှံ့ သွားခဲ့ပြီး စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှဗုံးကြဲခြင်းများကိုပြုလုပ်ခဲ့သည်။

ဧပြီလ ၁၉ ရက်နေ့မနက်ပိုင်း၌ ဇာလီကျေးရွာအတွင်းသို့ စစ်ကောင်စီမှ တိုက်လေယာဉ် ၂ စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ၂၃ နှစ်အရွယ်ဒေသခံအမျိုးသားတစ်ဦးထိမှန်သေဆုံးခဲ့ပြီး ဆမ္မဆယ်ကျေးရွာမှ အသက် ၆၀ ၀န်းကျင် အမျိုးသားတစ်ဦးဒဏ်ရာရရှိကာ ပြင်ဦးလွင်ဆေးရုံတွင် ကုသမှုခံယူနေရသည်။

ဧပြီလ ၁၉ ရက်နေ့ ည ၁၁ နာရီ၀န်းကျင်တွင် မိုးမိတ်မြို့နယ်၌လည်း တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ် ကောင်စီတပ်မှ ဂျက်ဖိုက်တာလေယာဥ် ၂စီးဖြင့်  ရေပုံးကျေးရွာ သို့ ဗုံးကြဲချခဲ့ရာ နေအိမ် ၃လုံးပျက်စီးကာ နွား တစ်ကောင်ဒဏ်ရာရခဲ့သည်။ နောက်တစ်နေ့ဧပြီလ ၂၀ ရက်နေ့ မနက် ၁၀ နာရီ၀န်းကျင်တွင်လည်း မိုးမိတ်-သပိတ် ကျင်းကားလမ်းပေါ်တွင် ABSDF/KPDF ပူးပေါင်း တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲခေတ္တ ဖြစ်ပွားခဲ့ရာ ကားလမ်းပိတ်မှုဖြစ်ပွားခဲ့ပြီး လူနာတင်ယာဥ်တစ်စီးကို စစ်ကောင်စီမှ လက်နက်ကြီးထိမှန်ပြီး သံဃာ တစ်ပါး နှင့် ပြည်သူ ၂ ဦးတို့ဒဏ်ရာရခဲ့သည်။

ဧပြီလ ၂၀ ရက်နေ့တွင် သရက်ကုန်း ဘုန်းကြီးကျောင်း၀င်းအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ထပ်မံကျရောက်ခဲ့ရာ အသက် ၅၀ ၀န်းကျင် သံဃာတစ်ပါးသေဆုံးခဲ့သည်။ ဧပြီလ ၂၁ ရက်နေ့မနက်ပိုင်းတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သပြေကုန်းကျေးရွာမှ အသက် ၃၀ ၀န်းကျင် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ရသည်။

ဧပြီလ ၁၅ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ သရက်ကုန်းကျေးရွာ၊ ဇာလီရွာ၊ ညောင်တုန်းကျေးရွာနှင့် အနီး တစ်၀ိုက် ကျေးရွာများကို နေ့စဥ် ၇  ကြိမ်မှ ၁၀ ကြိမ်ခန့်လေကြောင်း မှဗုံးကြဲတိုက်မှူများပြုလုပ်ခြင်း၊ ပြင်ဦးလွင်မြို့ တွင်းမှ နေ၍ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများကိုပြုလုပ်ခဲ့ရာ ညောင်ကုန်း ကျေးရွာမှ နေအိမ် ၆၀ ခန့်ပျက်စီးခဲ့ရသည်

တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နောင်ချိုမြို့နယ် သရက်ကုန်း၊ကံ့ကော်၊ ဇာလီ၊ ပါဟက်၊ ပန်ခံ၊ နားပျန်၊ ညောင်ကုန်း စသည့်ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံပြည်သူ ၃၀၀၀ ကျော်တို့သည် ဘန့်ဘွေး၊ အင်၀ိုင်း၊ ညောင်ကုန်းကျေးရွာများရှိဘုန်းကြီးကျောင်းများနှင့် ကျေးရွာအနီးရှိတောများထဲတွင်တိမ်း ရှောင်နေရသည်။

မေလ ၉ ရက်နေ့ မနက် ၇ နာရီ၀န်းကျင်ခန့်တွင်ဘန့်ဘွေးရွာဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေရာမှ ဇာလီကျေး ရွာ တွင်းသို့  ၄င်းတို့၏ကြံခင်းများ သွားကြည့်ရန် ပြန်သွားသော အသက် ၃၀ ၀န်းကျင်အမျိုးသား ၃ ဦးတို့သည် ရွာအဝင်၌  စစ်ကောင်စီ၏ မြေမြုပ်မှိုင်းနင်းမိ ကာဒဏ်ရာအပြင်းအထန်ရရှိပြီး ပြင်ဦးလွင် ဆေးရုံတွင်ဆေးကုသ မှုခံယူနေရသည်။

မေလ ၁၀ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် နောင်ချိုမြို့ အုမ္မသီးကျေးရွာ၌တပ်စွဲထားသော စစ်ကောင်စီတပ်မှ တိုက် ပွဲများဖြစ်ပွါးချင်းမရှိဘဲ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့ရာ သုံးဆယ်ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးကိုထိ မှန်ခဲ့ပြီး အသက် ၃၀ဝန်းကျင်အမျိုးသားတစ်ဦးနှင့်အမျိုးသမီး တစ်ဦး သေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့သည်။

အလားတူ မေလ ၁၅ ရက်နေ့ ည ၁၀နာရီဝန်းကျင်တွင် ပန်ပွဲကျေးရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်မှ တပ်သားများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး သုံးကြိမ်ပစ်ခတ်ခဲ့ရာ သုံးဆယ်ကျေးရွာအတွင်း ကျ ရောက်ပြီး အရပ်သား ၇ဦးဒဏ်ရာရကာ နေအိမ် ၁၀လုံးခန့်ပျက်စီးခဲ့သည်။

မေလ ၁၆ ရက်နေ့ ည၉နာရီဝန်းကျင်၌လည်း တောင်တလုံးကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စိတပ်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပါဟက်ကျေးရွာအတွင်း လက်နက်ကြီးများကျရောက်ခဲ့ပြီး အသက် ၃၀ ဝန်းကျင်အမျိုးသမီးနှစ်ဦးနှင့် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရခဲ့သည်။

ဆက်သွယ်ရန်

စိုင်းဟော်ရှဲန်   +66 99 246 5673/+66 94 728 6696  Signal  (ရှမ်း, အင်္ဂလိပ်)

ယိင်းလျန်းဟန်     +66 99 289 6080   Signal (မြန်မာ)


pdf ရယူရန် English | Burmese | Shan

View the original