မြန်မာနိုင်ငံအနေဖြင့် အမုန်းစကားများကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မတိုင်မီတွင် ကိုင်တွယ်ရမည်

“အထွေထွေရွေးကောက်ပွဲ ကျင်းပရန် တစ်လအလိုတွင် အမုန်းစကားများ၏ အကြောင်းရင်းများနှင့် အရပ်ဘက်လူထုအဝန်းအဝိုင်းအပေါ် သက်ရောက်မှုများကို နက်နက်ရှိုင်းရှိုင်း လေ့လာထားသော အစီရင်ခံစာတစ်စောင်”

[ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၈ ရက်] မြန်မာနိုင်ငံအနေဖြင့် အမုန်းစကားများ၏ အကြောင်းရင်းခံများနှင့် အမုန်းစကားဖြန့်ဝေသူများအား အပြစ်ပေးအရေးယူခြင်း မရှိနေမှုကို ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်ပြီး ထိုသို့ ကိုင်တွယ်ဖြေရှင်းရာတွင် နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံနှုန်းများအညီ အရပ်ဘက်လူထုအဖွဲ့အစည်း (CSO) များ၏ အဓိပ္ပါယ်ပြည့်ဝပြီး အားလုံးပါဝင်မှုရှိသော ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ဆောင်ရမည်ဟု အဖွဲ့အစည်း (၁၉) ဖွဲ့မှ ယနေ့ထုတ်ပြန်သော ပူးတွဲအစီရင်ခံစာတွင် ဖော်ပြထားသည်။  မြန်မာနိုင်ငံတစ်ဝှမ်းတွင် လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများ၏ အခွင့်အရေးများ ပိုမိုဆုံးရှုံးလာသည်ကို တွေ့မြင်ရပြီးဖြစ်ရာ ထိုတောင်းဆိုချက်များကို လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမတိုင်မီ ချက်ချင်းအကောင်အထည်ဖော်ဆောင်ရန် အရေးကြီးသည်။

“မြန်မာနိုင်ငံမှာ အမြစ်တွယ်နေတဲ့ အမုန်းစကားတွေဟာ စစ်တပ်၊ အစိုးရနဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီတွေ အပါအဝင် ဩဇာကြီးမားသူတွေက အချိန်ကြာမြင့်စွာကတည်းက စနစ်တကျ ဖြန့်ဝေနေခဲ့တာ ဖြစ်တယ်။ သူတို့က အဲ့ဒီလို တည်ဆောက်ထားတဲ့ အမုန်းတရားဖြစ်စဉ်တွေနဲ့ အဲဒီကတစ်ဆင့် ဖြစ်ပေါ်လာတဲ့ တကွဲတပြားဖြစ်မှုနဲ့ ပဋိပက္ခတွေကနေ အကျိုးအမြတ်တွေ ရရှိနေကြတာ ဖြစ်တယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အပြစ်ပေးအရေးယူမှု ကင်းမဲ့နေတဲ့အပေါ် မှာ ကိုင်တွယ်ဖြေရှင်းမှု တစ်စုံတစ်ရာ မရှိနေတာက အမုန်းစကားတွေကို အထောက်အကူ ပေးနေတယ်။ လာမယ့် ၂၀၂၀ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲကို ဦးတည်တဲ့ စည်းရုံးလှုံ့ဆော်ရေး မဟာဗျူဟာတွေထဲမှာ အမုန်းစကားကို ထည့်သွင်းအသုံးပြုတာတွေ ရှိနေတယ်။ အဲဒီလို စည်းရုံးလှုံ့ဆော်မှုတွေကို အစိုးရနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ချက်ချင်းရှုတ်ချအရေးယူမှုတွေ လုပ်ခြင်းအားဖြင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို အာမခံပေးရမှာ ဖြစ်တယ်။” ဟု မျိုးဆက်လှိုင်းအဖွဲ့၏ ဥက္ကဌဖြစ်သော ကိုမိုဃ်းသွေး ကပြောသည်။

တောက်လောင်နေသော အမုန်းစကားများ – မြန်မာနိုင်ငံရှိ အမုန်းစကားကို လေ့လာခြင်း” ဟု အမည်ရှိသော ပူးတွဲအစီရင်ခံစာအသစ်တွင် မြန်မာနိုင်ငံ၌ ပြန်လည်ပေါ်ထွန်းလာသည့် ဖိနှိပ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ အမုန်းစကားများ၊ ကျယ်ပြန့်သောသတင်းအမှားများဖြင့် စည်းရုံးလှုံ့ဆော်မှုများ နှင့် အစွန်းရောက်အမျိုးသားရေးဝါဒတို့၏ အခန်းကဏ္ဍကို မှတ်တမ်းတင်ထားပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ထားပါသည်။ ထို့အပြင် အမုန်းစကားများကို ဖြန့်ဝေရာတွင် မြန်မာအစိုးရနှင့် စစ်တပ်တို့၏ ဆက်စပ်ပါဝင်မှုကိုလည်း မီးမောင်းထိုး‌ဖော်ပြထားသည်။ ထိုမျှသာမက မြန်မာနိုင်ငံရှိ အမုန်းစကားများ ဖြန့်ဝေမှုလမ်းကြောင်းများနှင့် ပုံစံများကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ရာတွင် နိုင်ငံအတွင်းရှိ လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများကို ထိခိုက်နစ်နာစေသော ဗုဒ္ဓဘာသာ-ဗမာလူမျိုးများ လွှမ်းမိုးကြီးစိုးမှုကို ပိုမို ကြီးထွားစေရန် ရည်ရွယ်သော အပြန်အလှန်အားဖြည့်ကျားကန်ထားသည့် တည်ဆောက်ထားသော ဖြစ်စဉ်အများအပြား ကိုလည်း ထိုပူးတွဲအစီရင်ခံစာက ဖော်ထုတ်တင်ပြထားသည်။

“ဒီလာမယ့် ၂၀၂၀ ရွေးကောက်ပွဲဟာ ကျနော်တို့အတွက် အရေးကြီးတဲ့ အလှည့်အပြောင်း တစ်ခုဖြစ်တယ်။ အရင်စစ်အစိုးရတွေရဲ့ အမှတ်လက္ခဏာတွေဖြစ်တဲ့ ထိန်းချုပ်မထားတဲ့ အမုန်းစကားတွေ၊ အစွန်းရောက်အမျိုးသားဝါဒီတွေရဲ့ အတင့်ရဲမှုတွေ၊ ခွဲခြားဆက်ဆံတဲ့ မူဝါဒတွေကို ပြောင်ပြောင်တင်းတင်း အကောင်အထည်ဖော်နေတာတွေ၊ လူနည်းစု ဆန့်ကျင်ရေးသဘောထားတွေ၊ နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ဒီလွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ စဉ်ဆက်မပြတ် ဆက်ရှိနေခဲ့တယ်။ အမုန်းစကားတွေက အရပ်ဘက်လူထုအဝန်းအဝိုင်းကို ကျဉ်းမြောင်းလာစေသလို အနှစ်သာရပြည်ဝတဲ့ ဒီမိုကရေစီကို ဖော်ဆောင်တဲ့နေရာမှာ အစိုးရအနေနဲ့ မူဝါဒတွေကို အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရမှာ ဖြစ်ပြီး အမုန်းတရားတွေကို တိုက်ဖျက်တဲ့နေရာမှာလည်း ခိုင်မာတဲ့အရေးယူမှုတွေ လုပ်ဆောင်ဖို့ အရမ်းကိုအရေးကြီး ပါတယ်။ လူမျိုးစုနဲ့ ဘာသာရေး လူနည်းစုတွေ၊ [သူတို့တွေရဲ့] အခွင့်အရေးအတွက် စည်းရုံးလှုံ့ဆော်ရေး လုပ်ဆောင်နေသူတွေအနေနဲ့ ခါးသီးတဲ့ အမုန်းစကားတွေရဲ့ ပစ်မှတ်ထားခံရမှုကို ကြောက်ရွံ့စရာမလိုဘဲနဲ့ သူတို့တွေရဲ့ ဘဝနဲ့ အနာဂတ်အပေါ် သက်ရောက်မှုရှိလာမယ့် နိုင်ငံရေးဖြစ်စဉ်တွေနဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်နိုင်ခွင့်ရှိဖို့လည်း လိုပါတယ်။” ဟု မြန်မာ့ယဉ်ကျေးမှုသုတေသနအသင်း၏ ဒါရိုက်တာဖြစ်သော ကိုရဲဟိန်းအောင် ကပြောသည်။

အစီရင်ခံစာပါ တွေ့ရှိချက်များသည် မြန်မာနိုင်ငံရှိ ပြည်သူလူထုနှင့် လူထုအသိုင်းအဝိုင်းများအားလုံး၏ အခွင့်အရေးကို ကာကွယ်ပေးနိုင်ရေးအတွက် လုပ်ဆောင်နေကြသော မြန်မာ CSO များထံမှ အမုန်းစကားများနှင့် ပတ်သက်သော ၎င်းတို့၏ သုံးသပ်ချက်အမြင်များနှင့် အတွေ့အကြုံများကို စုစည်းထားခြင်း ဖြစ်ပါသည်။ ၎င်း CSO များ၏ အသိပညာ၊ ဗဟုသုတနှင့် အတွေ့အကြုံများကို ထင်ဟပ်စေရန် စုစည်းတင်ပြရာတွင် Harvard Law School ၏ International Human Rights Clinic က ၂၀၁၉ ခုနှစ် ဇန္နဝါရီလမှ ဒီဇင်ဘာလအကြား တစ်နှစ်တာကာလအတွင်း ပြုစုရေးသားမှုများ ကူညီလုပ်ဆောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ပထမသုံးလအတွင်းရှိ အခြေအနေများနှင့်ပတ်သက်ပြီး ထို CSO များထံမှ ထပ်မံရရှိသော နောက်ဆုံးရသတင်းအချက်အလက်များကိုလည်း ထည့်သွင်းထားပါသည်။

အမုန်းစကားဖြန့်ဝေသူများသည် အပြစ်ပေးအရေးယူခြင်း မခံရဘဲ ကင်းလွတ်ခွင့် ရနေချိန်တွင် သတင်းသမားများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ တက်ကြွလှုပ်ရှားသူများနှင့် CSO များမှာမူ တရားဝင်သော ၎င်းတို့၏ ထုတ်ဖော်ပြောဆိုမှုများအတွက် ပစ်မှတ်ထားခြင်း ခံနေရသည်။ မကြာသေးမီတွင် ရခိုင်ပြည်နယ်အတွင်း ပြင်းထန်လာသော လက်နက်ကိုင်ပဋိပက္ခနှင့် အင်တာနက်ပိတ်ဆို့မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် ကျောင်းသားဦးရေ (၃၀) ကျော်အပေါ် အမျိုးမျိုးသော အရေးယူမှုများ ပြုလုပ်ခြင်း သို့မဟုတ် ပြုလုပ်ရန် လုပ်ဆောင်နေခြင်းများ ရှိနေသည်။ အာဏာပိုင်များသည် နိုင်ငံတကာစံချိန်စံနှုန်းများနှင့် ကိုက်ညီမှုမရှိသော ရာဇသတ်ကြီးဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နှင့် အလွန်ပင်ပြဿနာရှိသည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ကဲ့သို့သော ကန့်သတ်ချုပ်ချယ်ထားသည့်ဥပဒေများကို အသုံးပြုလျက်ရှိသည်။  ထို့အပြင် လူနည်းစုများ၏ အခွင့်အရေးကို ထုတ်ဖော်ပြောဆိုသော အမျိုးသမီးအများအပြား အထူးသဖြင့် အမျိုးသမီး HRD များ၊ တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများသည် အမုန်းစကားများ၏ ပစ်မှတ်များအဖြစ် ဆက်ရှိနေပြီး ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်အမျိုးသားများ ကြုံတွေ့ရခြင်းမရှိသည့် ကျား-မ ကွဲပြားမှုအပေါ် အခြေခံသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် လိင်မှုဆိုင်ရာ အသုံးအနှုန်းများဖြင့် ခြိမ်းခြောက်မှုများကို ကြုံတွေ့နေကြရသည်။ အမုန်းစကားများပျံ့နှံ့မှုသည် ရိုဟင်ဂျာအမျိုးသမီးများ အပေါ် အုပ်စုလိုက်မုဒိမ်းကျင့်ခြင်းများနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများအပါအဝင် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ဆိုးရွားလှသော ရာဇဝတ်မှုများ ဖြစ်ပွားရခြင်း၏ သိသာထင်ရှားသောအကြောင်းရင်းခံတစ်ခုဖြစ်သည်။

“အစိုးရနဲ့ စစ်တပ်ကို ဝေဖန်ထောက်ပြတဲ့ လူတွေအတော်များများ တမင်လုပ်ကြံထားတဲ့ အရေးယူမှုတွေ‌ အောက်မှာ ထောင်ချတာ ခံနေကြရတယ်။ ကျမတို့အနေနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပိုမိုကောင်းမွန်လာအောင် ဒါမှမဟုတ် အမျိုးသမီးတွေရဲ့အခွင့်အရေးတွေကို ကောင်းကောင်း ဘယ်လိုကာကွယ်နိုင်မှာလဲ။ မကြာခဏဆိုသလိုပဲ ကျမတို့ [အမျိုးသမီးတွေ] ကို သီးသန့်ပစ်မှတ်ထားပြီး ကျား-မ ကွဲပြားမှုအပေါ်အခြေခံတဲ့ ခြိမ်းခြောက်မှုမျိုး ဥပမာ “သူ့ကို မုဒိမ်းကျင့်လိုက်” ဆိုတာမျိုးတွေ အထူးသဖြင့် အဲ့ဒီလိုခြိမ်းခြောက်မှုမျိုးတွေကို လူနည်းစုတွေရဲ့ အခွင့်အရေးအကြောင်း ထုတ်ဖော်ပြောဆိုတဲ့အခါမျိုးမှာ ပိုခံကြရတယ်။ အစိုးရအနေနဲ့ အထူးသဖြင့် ကျား-မ ကွဲပြားမှုအပေါ်အခြေခံတဲ့ အမုန်းစကားတွေနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို အထူးအလေးပေးပြီး အမုန်းစကားတွေ ရပ်တန့်သွားဖို့အတွက် ရှင်းလင်းခိုင်မာတဲ့ ထုတ်ပြန် ကြေညာမှုမျိုး လုပ်ဆောင်ဖို့ လိုအပ်တယ်။ မြန်မာနိုင်ငံမှာက ဥပဒေအရဖြစ်စေ၊ လက်တွေ့မှာဖြစ်စေ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အကာအကွယ်မပေးတာက အရမ်းကိုကြာနေပြီ ဖြစ်တယ်။” ဟု သင့်မြတ်လိုသူများ ငြိမ်းချမ်းရေး ပရဟိတအဖွဲ့၏ တာဝန်ခံဖြစ်သော မပွင့်ဖြူလတ် ကပြောသည်။

“လူမျိုးတုံးသတ်ဖြတ်မှု မြောက်စေတဲ့ ရိုဟင်ဂျာလူမျိုးအပေါ် အကြမ်းဖက်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ အမုန်းစကားတွေက လူမျိုးစုနဲ့ ဘာသာရေး လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ဖို့အတွက် အားပေးတဲ့ အကြမ်းဖက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ အမုန်းတရားတွေကို သွေးထိုးလှုံ့ဆော်နေတာကို တွေ့ရတယ်။ ဒါပေမယ့် ကံမကောင်းစွာဘဲ မြန်မာအစိုးရအနေနဲ့ အမုန်းစကားတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်။ အဲလိုအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် အမုန်းစကား ဖြန့်ဝေလှုံ့ဆော်နေတဲ့သူတွေကို ဆန့်ကျင်အရေးယူတာ မြန်မာနိုင်ငံမှာ တစ်ခုမှ မတွေ့ရသေးဘူး။ သွေးထိုးလှုံ့ဆော်သူတွေကို အရေးယူရမယ့်အစား HRD တွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ တရားဝင်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုတွေကို ပိတ်ပင်ဖို့အတွက် ဥပဒေတွေကို တလွဲအသုံးပြုမှုတွေ၊ တရားစီရင်ရေး လွတ်လပ်မှု မရှိတာတွေနဲ့ အာဏာတွေကို အလွဲသုံးစားလုပ်တာတွေကနေတစ်ဆင့်  မြန်မာပြည်တွင်းဥပဒေတွေကို လက်နက်အဖြစ် အသုံးချနေတယ်။ အစိုးရနဲ့ အစိုးရမဟုတ်တဲ့သူတွေက အမုန်းစကားတွေကို ဖြန့်ဝေနေနိုင်တဲ့အချိန်မှာ တစ်ဘက်မှာရှိတဲ့ တက်ကြွလှုပ်ရှားသူတွေက တရားရုံးမတိုင်ခင် ရှည်ကြာစွာ ဖမ်းဆီးထိန်းသိမ်းခံရတာ၊ ရှည်ကြာပြီး အာမခံ မရတဲ့ ကြားနာစစ်ဆေးပွဲတွေနဲ့ ရင်ဆိုင်ရတာ၊ ဒဏ်ငွေအများကြီး ပေးဆောင်ရတာတွေနဲ့ ရင်ဆိုင်နေရတယ်။ ဒီလို အခွင့်အရေးချိုးဖောက်နေတာတွေနဲ့ တရားဝင်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှု လုပ်သူတွေကို ရာဇဝတ်ကြောင်းအရ၊ အရပ်ဘက် ဒါမှမဟုတ် အုပ်ချုပ်ရေးပိုင်းအရေ အရေးယူနေတာတွေကို  မြန်မာနိုင်ငံအနေနဲ့ ရပ်တန်းက ရပ်ဖို့ လိုပါတယ်။” ဟု  International Human Rights Clinic (Harvard Law School) ၏ Clinical Instructor and Lecturer ဖြစ်သော မရည်မွန်ထွန်း မှပြောသည်။

ဤအစီရင်ခံစာတွင် မြန်မာအစိုးရနှင့် စစ်တပ်၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် လူမှုမီဒီယာလမ်းကြောင်းများ အပါအဝင် အသီးသီးသော သက်ဆိုင်သူများအား ဦးတည်ထားသည့် အကြံပြုတိုက်တွန်းချက်များကို ထည့်သွင်းဖော်ပြ ထားပြီး အပြစ်ပေးအရေးယူမှု ကင်းမဲ့နေခြင်းကို အဆုံးသတ်ရန်၊ နှင့် တရားစီရင်ရေး၊ ဖိနှိပ်သောဥပဒေများကို ပြင်ဆင်ရေး၊ အမုန်းတရားကို တန်ပြန်တိုက်ဖျက်ရေး၊ မတူကွဲပြားမှုများ သည်းခံခြင်းများအားပေးရေးနှင့် အမုန်းစကားများ လျော့ကျ ပပျောက်ရေး လုပ်ဆောင်နေသော CSO များအား ပံ့ပိုးပေးမည့်မူဝါဒများကို ဦးစားပေးတိုးမြှင့်လုပ်ဆောင်ရေး တို့အပါအဝင် အဆောက်အအုံပိုင်းများ ပိုမိုအားကောင်းလာစေရေး လုပ်ဆောင်ရန် တိုက်တွန်းတောင်းဆိုထားသည်။ မကြာမီ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများအားလုံးမှ အွန်လိုင်းနှင့် အော့ဖ်လိုင်း မှတစ်ဆင့် အမုန်းစကားများနှင့် သတင်းအမှားများ ဖြန့်ဝေခြင်းအပေါ် တားမြစ်ရန်အပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အား ဦးတည်သည့် အကြံပြုတိုက်တွန်းချက်များကိုလည်း ဤအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားပါသည်။

ထပ်မံသိရှိလိုပါကဆက်သွယ်ရန်

  • ကိုမိုဃ်းသွေး၊ ဥက္ကဌ၊ မျိုးဆက်လှိုင်းအဖွဲ့၊ [email protected]၊ +95 9 979 238220 (English/Burmese)
  • ကိုရဲဟိန်းအောင်၊ ဒါရိုက်တာ၊ မြန်မာ့ယဉ်ကျေးမှုသုတေသနအသင်း၊ [email protected]၊ +95 9 975 106743 (Burmese)
  • မရည်မွန်ထွန်း၊ Clinical Instructor and Lecturer၊ International Human Rights Clinic (Harvard Law School)၊ [email protected]၊ +1 206 816 9767 (English/Burmese)

အယ်ဒီတာ့မှတ်ချက်
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော အစီရင်ခံစာအပြည့်အစုံ ကို အစီရင်ခံစာအနှစ်ချုပ် မြန်မာဘာသာနှင့်အတူ ထုတ်ပြန်လိုက်သည်။ မြန်မာဘာသာ အစီရင်ခံစာ အပြည့်အစုံကို နောက်ပိုင်းတွင် ဆက်လက်ထုတ်ပြန်သွားပါမည်။


သတင်းထုတ်ပြန်ချက်ကို PDF ဖြင့်ရယူရန်။

Related Posts:

Send this to a friend