မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေပုံမှန်သုံးသပ်ဆွေးနွေးပွဲသို့ တင်သွင်းသော ပူးတွဲတင်ပြချက် အလုပ်အဖွဲ့၏ ၃၇ ကြိမ်မြောက် အစည်းအဝေး – မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အား လွတ်လပ်အမှီခိုကင်း၍ ပွင့်လင်းမြင်သာမှုရှိကာ ထိရောက်ပြီး ပါရီအခြေခံမူများနှင့်အညီ မြန်မာပြည်သူလူထု၏ လူ့အခွင့်အရေးကို အမှန်တစ်ကယ် ကာကွယ်မြှင့်တင် ပေးနိုင်သော ကော်မရှင်တစ်ရပ်ဖြစ်လာစေရေးအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲ ရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများအလုပ်အဖွဲ့ (အလုပ်အဖွဲ့) ကို ၂၀၁၉ ခုနှစ် ဇန္နဝါရီလတွင် ဖွဲ့စည်းခဲ့ပါသည်။ အလုပ်အဖွဲ့ကို နောက်ခံစုံလင်သော အနယ်နယ်အရပ်ရပ်မှ အရပ်ဘက်လူထုအဖွဲ့အစည်းပေါင်း (၂၂) ဖွဲ့ဖြင့် ပါဝင်ဖွဲ့စည်း ထားပါသည်။ [1]

 နိဒါန်း

၁။ ယခုပူးတွဲတင်ပြချက်တွင် ကမ္ဘာ့ကုလသမဂ္ဂ (UN) ၏ ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ ပုံမှန်သုံးသပ် ဆွေးနွေးပွဲ (Universal Periodic Review – UPR) အတွင်း UN အဖွဲ့ဝင်နိုင်ငံများမှ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (Myanmar National Human Rights Commission – MNHRC) ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး ပေးထားခဲ့သည့် အကြံပြုတိုက်တွန်းချက်များကို အလေးပေးသုံးသပ်တင်ပြထားပါသည်။ ၎င်းတင်ပြချက်တွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေ (ကော်မရှင်ဥပဒေ) နှင့်သက်ဆိုင်သော  အကြောင်းအရာကိစ္စရပ်များနှင့် နိုင်ငံအဆင့်လူ့အခွင့်အရေးဌာန (National Human Rights Institution – NHRI) များအား အဆင့်သတ်မှတ်ခြင်းဆိုင်ရာအခြေခံမူများ (ပါရီအခြေခံမူများကို ဆိုလိုခြင်းဖြစ်သည်) ကို အခြေပြုပြီး လက်တွေ့တွင် MNHRC မည်သို့လည်ပတ်လုပ်ဆောင်နေသည်ကို ဖော်ပြထားပါသည်။ ထို့အပြင် ယခုတင်ပြချက်တွင် ကော်မရှင်အဖွဲ့ဝင်များ ရွေးချယ်ခြင်းနှင့် ခန့်အပ်ခြင်း၊ လက်နက်ကိုင်ပဋိပက္ခနှင့် မငြိမ်သက်မှုအခြေအနေများတွင် MNHRC ၏ စွမ်းဆောင်ရည်၊ ကော်မရှင်အတွင်း အလွှာစုံပါဝင်မှု၊ လုံလောက်သောငွေကြေးထောက်ပံ့မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အမှီအခိုကင်းမှု၊ နိုင်ငံတကာလူ့အခွင့်အရေးယန္တရားများနှင့် အပြန်အလှန်ထိတွေ့ဆက်စပ်မှု၊ လွတ်လပ်မှု ဆုံးရှုံးနေသော နေရာများကို စောင့်ကြည့်လေ့လာမှု နှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ (Human Rights Defender – HRD) များအား  အကာအကွယ်ပေးမှု စသည့်တို့နှင့်သက်ဆိုင်သော ကိစ္စရပ်များကို ထည့်သွင်းဖော်ပြထားပါသည်။ ဒုတိယအကြိမ် UPR လုပ်ငန်းစဉ်တွင် UN ၏ အဖွဲ့ဝင်နိုင်ငံများမှ ပေးထားခဲ့သည့် အကြံပြုတိုက်တွန်းချက်များကို မြန်မာနိုင်ငံအနေဖြင့် မည်သို့အကောင်အထည်ဖော်ဆောင်နိုင်မည်ဆိုသည့် အကြံပြုတိုက်တွန်းချက်များဖြင့် ယခုတင်ပြချက်ကို အဆုံးသတ် တင်ပြထားပါသည်။

ဒုတိယအကြိမ် UPR လုပ်ငန်းစဉ်မှ အကြံပြုတိုက်တွန်းချက်များ

၂။ ဒုတိယအကြိမ် UPR လုပ်ငန်းစဉ်တွင်  MNHRC နှင့်ပတ်သက်၍ ပါရီအခြေခံမူများကို လေးစား လိုက်နာရန် တိုက်တွန်းထားသည့်အကြံပြုတိုက်တွန်းချက်အများအပြားကို မြန်မာနိုင်ငံမှ လက်ခံရရှိခဲ့သည်။ ယင်းတို့မှာ[1]

  • နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများနှင့် ယန္တရားများ အားကောင်းလာစေရေး ဆက်လက် လုပ်ဆောင်ရန် (နီပေါနိုင်ငံ)၊ ရင်းမြစ်အမှတ် – A/HRC/31/13 – စာပိုဒ်. 143
  • ပါရီအခြေခံမူများနှင့်အညီ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနတစ်ခုတည်ထောင်ရန် ရှေ့ရှုသော ခြေလှမ်းများ လှမ်းရန် (အီဂျစ်နိုင်ငံ)၊ ရင်းမြစ်အမှတ် – A/HRC/31/13 – စာပိုဒ်. 143
  • နိုင်ငံအဆင့် လူ့အခွင့်အရေးကော်မရှင်ကို ပါရီအခြေခံမူများနှင့်အညီ လုပ်ပိုင်ခွင့်အာဏာနှင့် လွတ်လပ်မှု ပေးရန် (ချီလီနိုင်ငံ)၊ ရင်းမြစ်အမှတ် – A/HRC/31/13 – စာပိုဒ်. 143
  • နိုင်ငံအဆင့်လူ့အခွင့်အရေးကော်မရှင်ကို ၎င်း၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါရီအခြေခံမူများနှင့် အညီ အပြည့်အ၀ လုပ်ဆောင်ခွင့်ပြုရန် (ဆီနီဂေါနိုင်ငံ)၊ ရင်းမြစ်အမှတ် – A/HRC/31/13 – စာပိုဒ်. 143
  • ယခင်က အကြံပြုတိုက်တွန်းခဲ့သည့်အတိုင်း နိုင်ငံအဆင့်လူ့အခွင့်အရေးကော်မရှင်အား ၎င်း၏ လုပ်ငန်းများကို ပါရီအခြေခံမူများနှင့်အညီ အပြည့်အ၀ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အာမခံရန် (ပေါ်တူဂီနိုင်ငံ)၊ ရင်းမြစ်အမှတ် – A/HRC/31/13 – စာပိုဒ်. 143
  • နိုင်ငံအဆင့်လူ့အခွင့်အရေးကော်မရှင်ကို ပါရီအခြေခံမူများနှင့်ကိုက်ညီသော လုပ်ပိုင်ခွင့်ပေးရေး ကို အာမခံသည့်အဆင့်များ လုပ်ဆောင်ရန် (ဆီရီယာလီယွန်နိုင်ငံ)၊ ရင်းမြစ်အမှတ် – A/HRC/31/13 – စာပိုဒ်. 143
  • မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အပါအဝင် လူ့အခွင့်အရေးအေဂျင်စီများကို ထိရောက်ပြီး လွတ်လပ်သော အေဂျင်စီများအဖြစ် လုပ်ကိုင် ဆောင်ရွက်နိုင်ရေး အာမခံရန် (ထိုင်းနိုင်ငံ)၊ ရင်းမြစ်အမှတ် – A/HRC/31/13 – စာပိုဒ်. 144 နှင့် A/HRC/31/13/Add.1 – စာပိုဒ်. 6
  • နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနအနေဖြင့် ၎င်းကိုယ်တိုင် စွမ်းဆောင်ရည်အပြည့်အဝဖြင့် လုပ်ကိုင် ဆောင်ရွက်နိုင်ရန်နှင့် တရားစီရင်ရေးအဖွဲ့အစည်းများအား စွမ်းရည်မြှင့်တင်ရေးအပါအဝင် တရားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်ရန်အတွက် လိုအပ်သောကူညီပံ့ပိုးမှုများအားလုံး ပေးအပ်ရန် (ကိုရီးယား သမ္မတနိုင်ငံ)၊ ရင်းမြစ်အမှတ် – A/HRC/31/13 – စာပိုဒ်. 143

အထက်ဖော်ပြပါ အကြံပြုတိုက်တွန်းချက်များကို မြန်မာနိုင်ငံက ထောက်ခံ ခဲ့သည်။

နောက်ခံသမိုင်းကြောင်းနှင့် လက်ရှိအခြေအနေ

၃။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင်[2]  သမ္မတ၏အမိန့်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာဥပ‌‌‌ဒေ အတည်ပြုပြဌာန်းခြင်းဖြင့် တရားဝင်စေခဲ့သည်။ MNHRC သည် ကော်မရှင်အဖွဲ့ဝင် ရွေးချယ်ရေးလုပ်ငန်းစဉ်၌ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ကော်မရှင်အဖွဲ့ဝင်များသည် ယခင်စစ်အစိုးရနှင့် နီးစပ်နေခြင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်မှု အားနည်းနေခြင်း စသည်တို့ ယူဆခံထားရပြီး လူ့အခွင့်အရေးခံသော စဥ်းစားချက်များ အားနည်းနေခြင်းတို့နှင့်ဆက်စပ်သည့် စိုးရိမ်းပူပန်မှုများကြောင့်လည်း ၎င်းသည် လူထု၏ တရားဝင်အသိအမှတ်ပြု လက်ခံမှုတို့ ချို့တဲ့နေခြင်းကို အစဥ်တစိုက် ရင်ဆိုင်နေခဲ့ရသည်။[3] ၂၀၁၁ ခုနှစ်မှ စတင်၍ တာဝန်ထမ်းဆောင်ခဲ့သည့် ဥက္ကဌ ဦးဝင်းမြနှင့် တချို့သောကော်မရှင်အဖွဲ့ဝင်များအပါအဝင် ကာလရှည်ကြာ အမှုထမ်းခဲ့သော အဖွဲ့ဝင်များနေရာတွင်  အဖွဲ့ဝင်သစ်များဖြင့် ၂၀၂၀ ခုနှစ် ဇန္နဝါရီလတွင် ကော်မရှင်တစ်စုံလုံးကို အစားထိုး ခန့်အပ်ခဲ့သည်။[4]

လက်ရှိ အခြေအနေ

၄။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကမ္ဘာလုံးဆိုင်ရာအမျိုးသားလူ့အခွင့်အရေးဌာနများမဟာမိတ်အဖွဲ့၏ အဆင့်သတ်မှတ်ရေး ဆပ်ကော်မတီ (Global Alliance of National Human Rights Institutions Sub Committee on Accreditation – GANHRI-SCA) က MNHRC ကို “B” အဆင့် သတ်မှတ်ပေးခဲ့ပြီး ယင်းသတ်မှတ်ချက်မှာ ကော်မရှင်သည် ပါရီအခြေခံမူများကို အပြည့်အ၀ လိုက်နာမှုမရှိဟု ဆိုလိုခြင်းဖြစ်သည်။ SCA က ကော်မရှင် နှင့် ၎င်း၏ လုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ ပြဿနာရှိနေသောအချက် (၇) ချက်ကို ထောက်ပြခဲ့ရာ ၎င်းတို့မှာ – က) ရွေးချယ်ခြင်းနှင့် ခန့်အပ်ခြင်း၊ ခ) လူထုဆူပူမှု၊ မငြိမ်သက်မှု သို့မဟုတ် လက်နက်ကိုင် ပဋိပက္ခအခြေအနေများတွင် စွမ်းဆောင်မှု၊  ဂ) အလွှာစုံပါဝင်မှုစနစ်၊ ဃ) လုံလောက်သော ငွေကြေးထောက်ပံ့မှုနှင့် ဘဏ္ဍာရေး လွတ်လပ်အမှီအခိုကင်းမှု၊ င) လွတ်လပ်မှုဆုံးရှုံးနေသော နေရာများကို စောင့်ကြည့်လေ့လာမှု၊ စ) နိုင်ငံတကာ လူ့အခွင့်အရေးယန္တရားများနှင့် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်မှု နှင့် ဆ) နှစ်ပတ်လည် အစီရင်ခံစာ  တို့ဖြစ်သည်။[5]

၅။ ၂၀၁၉  ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများအလုပ်အဖွဲ့ (အလုပ်အဖွဲ့) က ပါရီအခြေခံမူများနှင့် ကိုက်ညီမှုမရှိသော ဥပဒေ၏ အဓိကအခန်းများ နှင့် MNHRC အနေဖြင့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန်လိုအပ်သည့် အပိုင်းများကို ဖော်ပြထားသော စာတမ်းတိုတစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုစာတမ်းမှ အဓိကမီးမောင်းထိုးဖော်ပြခဲ့သော ကိစ္စရပ်များမှာ က) ကော်မရှင်အဖွဲ့ဝင်များ ရွေးချယ်ခြင်းနှင့် ခန့်အပ်ခြင်း၊ ခ) MNHRC အဖွဲ့ဝင်များအား ထုတ်ပယ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊  ဂ) MNHRC ၏ လုပ်ငန်းလည်ပတ်မှု ဆိုင်ရာ အမှီအခိုကင်းမှုနှင့် လုပ်ပိုင်ခွင့်များ၊ ဃ) ငွေကြေးအထောက်အပံ့၊ င) တာဝန်ယူမှု တာဝန်ခံမှုနှင့်  တွေ့ရှိချက်များနှင့် အစီရင်ခံစာများထုတ်ဝေမှု စ) အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှု၊ ဆ) အကျဉ်းထောင်များ၊ ရဲဘက်စခန်းများ၊ ထိန်းသိမ်းရေးစခန်းများနှင့် ချုပ်နှောင်ရာနေရာများအား စစ်ဆေးခြင်း နှင့် ဇ) MNHRC ၏ ဝန်ထမ်းများ ခန့်အပ်ရေးဆိုင်ရာအခြေအနေ  တို့ဖြစ်သည်။[6]

၆။ အလုပ်အဖွဲ့နှင့် GANHRI-SCA တို့ နှစ်ဖွဲ့စလုံးတို့က MNHRC သည် ပါရီအခြေခံမူများအား မည်ကဲ့သို့ လိုက်နာမှု မရှိကြောင်း  ထောက်ပြရာတွင် တူညီနေပြီး  မြန်မာနိုင်ငံအနေဖြင့် ဒုတိယအကြိမ် UPR လုပ်ငန်စဉ်တွင် ၎င်း ထောက်ခံခဲ့သည့် အကြံပြုတိုက်တွန်းချက်များကို လုံလောက်သည့် အကောင်အထည်ဖော်မှု လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်။ ယခုတင်ပြချက်၏ ကျန်အပိုင်းများတွင် အဆိုပါပျက်ကွက်မှုများ၏ အသေးစိတ် အချက်အလက်များနှင့် ပိုမိုထိရောက်သော MNHRC ဖြစ်ပေါ်လာရေးတို့အတွက် အကြံပြု တိုက်တွန်းချက်များကို  ဖော်ပြထားသည်။

ကော်မရှင်အဖွဲ့ဝင်များ ရွေးချယ်ခြင်းနှင့် ခန့်အပ်ခြင်း

၇။ ရွေးချယ်ခြင်းနှင့် ခန့်အပ်ခြင်းဆိုင်ရာ ယန္တရားသည် NHRI များ၏ လွတ်လပ်အမှီအခို ကင်းမှုနှင့် အလွှာစုံပါဝင်မှုတို့ကို အာမခံချက်ပေးရန် အရေးအကြီးဆုံးအချက်များထဲမှ တစ်ခုဖြစ်သည်။ ယင်းတွင် လူမှုအသိုင်းအဝိုင်း၏ မတူကွဲပြားမှုကို ကိုယ်စားပြုမှုသေချာစေရေး အာမခံမှုရှိရန် လိုအပ်ပြီး ပွင့်လင်းမြင်သာစွာ နှင့် အားလုံးပါဝင်သော လုပ်ငန်းစဉ်ဖြင့် အကောင်အထည်ဖော်မှသာလျှင် အများပြည်သူအနေဖြင့် ကိုယ်စားလှယ်များ မည်သို့ရွေးချယ်ခဲ့သည်ဆိုသည့်အချက်ကို သိရှိနိုင်မည်ဖြစ်သည်။ သို့သော်လည်း GANHRI-SCA နှင့် အလုပ်အဖွဲ့ နှစ်ဖွဲ့စလုံးက မှတ်ချက်ပြုထားခဲ့သည့်အတိုင်း MNHRC ၏ ရွေးချယ်ရေးလုပ်ငန်းစဉ်သည် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ သို့မဟုတ် အလုံးစုံအာဏာရှိသော စစ်တပ်၏ ပါဝင်ပတ်သက်မှုမှာ  လွတ်ကင်းစေရေးကို အာမခံချက် ပေးမထားပေ။

၈။ ကော်မရှင်ဥပဒေအရ ရွေးချယ်ရေးဘုတ်အဖွဲ့သည် ကော်မရှင်အဖွဲ့ဝင်လောင်းများ အမည်စာရင်းတင်သွင်းသည့် လုပ်ထုံးလုပ်နည်းများကို လက်ခံကျင့်သုံးပြီး ကော်မရှင်ဥပဒေနှင့်အညီ ရွေးချယ်သော ကိုယ်စားလှယ်လောင်း (၃၀) ဦး၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတထံသို့ တင်သွင်းရသည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဌ တို့၏ အကြံဉာဏ်ရယူပြီး သမ္မတမှ ကော်မရှင် ဥက္ကဌ နှင့် ဒု-ဥက္ကဌ တို့အပါအဝင် သင့်လျော်သော ကော်မရှင်အဖွဲ့ဝင်များကို ရွေးချယ်ခန့်အပ်ရသည်။ သို့သော် ၎င်းရွေးချယ်ရေးဘုတ်အဖွဲ့တွင် အစိုးရ သို့မဟုတ် စစ်တပ်နှင့် ဆက်စပ်နေသော ရာထူးတာဝန်ရှိသည့် ပုဂ္ဂိုလ်များအများစု ပါဝင်နေသည်။ ယင်းတွင် စစ်တပ်က ခန့်အပ်ထားသော ပြည်ထဲရေးဝန်ကြီးလည်း ပါဝင်နေသည်။ ကော်မရှင်ဥပဒေတွင် ရွေးချယ်ရေးဘုတ်အဖွဲ့အတွင်း ပါဝင်မည့် အရပ်ဘက်လူထုအသိုင်းအဝိုင်းများမှ ကိုယ်စားလှယ်များသည် မှတ်ပုံတင်ထားသည့်အဖွဲ့များမှ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။ ထိုသတ်မှတ်ချက်သည် မြန်မာနိုင်ငံ၌ အဖွဲ့အစည်းများမှ မှတ်ပုံတင်ရာတွင် ဥပဒေပိုင်းဆိုင်ရာ အကန့်အသတ်များ ရှိနေခြင်းကြောင့် အခွင့်အရေးအခြေပြု အရပ်ဘက်လူထုအဖွဲ့အစည်းအများအပြားမှာ မှတ်ပုံတင် မထားသည့် ပြဿနာရှိနေရာ ရွေးချယ်ရေးဘုတ်အဖွဲ့တွင် အရပ်ဘက်လူထုအသိုင်းအဝိုင်းမှာ ကိုယ်စားလှယ်များ လုံလောက်စွာ ပါဝင်နိုင်ခြင်း မရှိပေ။

၉။ ထို့အပြင် ကော်မရှင်အဖွဲ့ဝင်များ ရွေးချယ်ရေးလုပ်ငန်းစဉ်မှာလည်း ပွင့်လင်းမြင်သာမှု အားနည်းနေသည်။ ယခင်က ကော်မရှင် အဖွဲ့ဝင်များကို ပြင်ဆင်ပြောင်းလဲမှုများနှင့် ခန့်အပ်မှုများရှိခဲ့သော်လည်း ယင်းကို လူသိရှင်ကြား သို့မဟုတ် အရပ်ဘက် အသိုင်းအဝိုင်းနှင့် ညှိနှိုင်းတိုင်ပင်၍ လုပ်ဆောင်ခဲ့ခြင်းမျိုး မရှိပေ။ ဥပမာအားဖြင့် အိမ်ဖော် အလုပ်သမားများ ညှဉ်းပန်းနှိပ်စက်ခံရသည့်အမှု၌ လွဲမှားစွာကိုင်တွယ်မှုတွင် ပါဝင်ခဲ့သည့် ဖြစ်ရပ်အပြီး ၂၀၁၆ ခုနှစ်တွင် ကော်မရှင်အဖွဲ့ဝင် (၄) ဦး နုတ်ထွက်ခဲ့သည်။ ထို့နောက် ကော်မရှင်အဖွဲ့ဝင်သစ် (၃) ဦးအား တာဝန်ပေး ခန့်အပ်ကြောင်းကို သမ္မတရုံး၏ ဖေ့ဘွတ်စာမျက်နှာတွင် ကြေညာချက်အတိုလေးဖြင့် ထုတ်ပြန်ကြေညာခဲ့သော်လည်း ရွေးချယ်မှု လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အသေးစိတ်ဖော်ပြထားခြင်း မရှိခဲ့ပေ။[7]  ဥပမာအားဖြင့် ကော်မရှင်အဖွဲ့ဝင်သစ်များ တာဝန်ပေးခန့်အပ်ရာတွင် ရွေးချယ်ရေးဘုတ်အဖွဲ့မှ အစည်းအဝေးကျင်းပခြင်း ရှိ၊ မရှိ သို့မဟုတ် ထိုအချိန်က သမ္မတ ဦးသိန်းစိန် သို့မဟုတ် အခြားအာဏာပိုင် တစ်ဦးဦးက အထက်မှအောက်သို့ ညွှန်ကြားသောလုပ်ငန်းစဉ်ဖြင့် ရွေးချယ် ခန့်အပ်ခဲ့ခြင်း ဟုတ်၊ မဟုတ်ကို ရှင်းလင်းစွာ ဖော်ပြခြင်း မရှိခဲ့ပေ။ ယင်းသည် ပါရီအခြေခံမူများ၏ အထွေထွေလေ့လာချက်တွင်ပါရှိသော အတိအလင်း သတ်မှတ်ချက်များဖြစ်သည့် “ရှင်းလင်း၍ ပွင့်လင်းမြင်သာမှုရှိသော၊ အရည်အချင်းအပေါ် အခြေခံပြီး ပူးပေါင်းပါဝင်ခွင့်ရှိသော ရွေးချယ်ခြင်းနှင့် ခန့်အပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်”[8] ရှိရမည်ဆိုသောအချက်နှင့် ကွဲလွဲဆန့်ကျင် နေသည်။

၁၀။ ဤ UPR (၅) နှစ်တာကာလအတွင်း ကော်မရှင်အဖွဲ့ဝင်အများစု၏ နောက်ခံသမိုင်းကြောင်းမှာ ပြဿနာရှိနေသည်။ ၎င်းတို့ အထဲမှ နှစ်ဦးမှာ ယခင်က စစ်တပ်ဝန်ထမ်းဟောင်းများဖြစ်နေခဲ့ပြီး နိုင်ငံခြားရေးရာ ဝန်ထမ်း သို့မဟုတ် အစိုးရဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းကဲ့သို့သော ယခင်စစ်အစိုးရဟောင်းနှင့် ပတ်သက်ဆက်နွယ် မှုများကြောင့် ကော်မရှင်တွင် အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ ယုံကြည်မှုလျော့နည်းနေသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ ထိုသမိုင်းကြောင်း နောက်ခံကြောင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူအများအပြားက ကော်မရှင်အဖွဲ့ဝင် များတွင် လူ့အခွင့်အရေး အခြေခံသော စဉ်းစားတွေးခေါ်မှု ရှိ၊ မရှိ နှင့် ယခင်က လူ့အခွင့်အရေးနှင့်ပတ်သက်သော မည်သည့် အတွေ့အကြုံများက ၎င်းတို့အား ဤအလုပ်အတွက် အရည်အသွေး ပြည့်မီစေမှုတို့အပေါ် မေးခွန်းထုတ်နေကြသည်။ ၂၀၂၀ ခုနှစ် ဇန္နဝါရီလတွင် MNHRC ကော်မရှင်အဖွဲ့ဝင်များအားလုံးကို အစားထိုးဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ကော်မရှင်အဖွဲ့ဝင်သစ်များသည် ၎င်းတို့ တစ်ဦးချင်းစီ၏ အခန်းကဏ္ဍများတွင် လုံလောက်သော အချိန်ပေးခြင်း မရှိခဲ့သည့်အပြင် လူ့အခွင့်အရေးနှင့်ပတ်သက်သော အတွေ့အကြုံ အနည်းငယ်သာရှိပြီး အစိုးရဝန်ထမ်း အဖြစ် ကာလရှည်ကြာစွာအမှုထမ်းခဲ့သည့် နောက်ခံသမိုင်းများရှိနေရာ အုပ်ချုပ်သူအစိုးရ အဆက်ဆက်နှင့် ကာလရှည်ကြာ ဆက်စပ်မှုများရှိ‌နေသည်။ ဤအချက်မှာ ကော်မရှင်အဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်ရာတွင် လူထုနှင့် အရပ်ဘက်လူထု အသိုင်းအဝိုင်းများ ပါဝင်နိုင်မှုရှိသည့် ပွင့်လင်းမြင်သာမှုရှိသော လုပ်ငန်းစဉ်ကို လုပ်ဆောင်ရန် အရပ်ဘက်လူထုအဖွဲ့အစည်း များ၏ တောင်းဆိုမှုအများအပြား ရှိခဲ့သည့်ကြားမှ လူ့အခွင့်အရေးနောက်ခံသမိုင်း မရှိသည့် ကော်မရှင်အဖွဲ့ဝင်များကို ရွေးချယ်ခန့်အပ်ခဲ့သည့်အတွက် မကျေနပ်စိတ်ပျက်မှုများ ဖြစ်ပေါ်စေခဲ့သည်။[9]  

 

လက်နက်ကိုင်ပဋိပက္ခနှင့် မငြိမ်သက်မှု အခြေအနေများတွင် MNHRC ၏ စွမ်းဆောင်မှု

၁၁။ ရုရှားဖက်ဒရေးရှင်း၊ အီကွေဒေါ နှင့် အီသီယိုပီးယားနိုင်ငံများအပါအဝင် UN ၏ အဖွဲ့ဝင်နိုင်ငံအများအပြားက လက်နက်ကိုင်ပဋိပက္ခ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့တွင် အရပ်သားပြည်သူများအား အကာအကွယ် ပေးခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံကိုယ်တိုင်ကထောက်ခံခဲ့သည့် အကြံပြုတိုက်တွန်းချက်များကို  ပေးခဲ့သည်။ သို့သော်လည်း ယခုသုံးသပ်ချက်ကာလအတွင်း မြန်မာနိုင်ငံ၌ တွေ့မြင်နေခဲ့ရသည့် ဆိုးရွားလှသော အကြမ်းဖက်မှု များကို ကြည့်လျှင် MNHRC ၏ စွမ်းဆောင်ရည်မှာ အတော်ပင် ဆိုးရွားနေပါသည်။ ၎င်းသည် ထိုအကြမ်းဖက်မှုများအပေါ် နှုတ်ဆိတ်နေခြင်းထက် ပိုမိုဆိုးရွားစွာပင် စစ်တပ်ကို အကာအကွယ်ပေးသည့် ကြေညာချက်များ အမြဲတစေ ထုတ်ပြန်ခဲ့ခြင်းဖြင့်  ပြင်းထန်သော မှားယွင်းသည့် လုပ်ဆောင်မှုများကို ခွင့်ပြုထားခဲ့ပြီး ပိုမိုဆိုးရွားသော ချိုးဖောက်မှုများအတွက်လည်း အကာအကွယ်ဖြစ်စေသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့သည့် GANHRI-SCA အစီရင်ခံစာတွင် “ပြည်တွင်းပဋိပက္ခများ သို့မဟုတ် မငြိမ်သက်မှုအခြေအနေများတွင် NHRI များအနေဖြင့် အထူး သတိချပ်၍ အခြေအနေအားလုံးရှိ လူပုဂ္ဂိုလ်အားလုံး၏ လူ့အခွင့်အရေးများကို ခြွင်းချက်မရှိ မြှင့်တင်ခြင်းနှင့် လေးစားလိုက်နာခြင်းတို့အတွက် အာမခံချက်ရှိစေရေးအတွက် ၎င်းတို့ကိုယ်တိုင် လွတ်လပ်စွာလုပ်ဆောင်ရန် မျှော်လင့်သည်” ဟု မှတ်ချက်ပေးခဲ့သည်။[10]

၁၂။ သို့သော် ရိုဟင်ဂျာများအတွက်မူ ယင်းမှာ ပြဿနာ မဟုတ်ပေ။ MNHRC  သည် ရိုဟင်ဂျာများ၏ ဖြစ်တည်မှုကို လုံးဝပင် အသိအမှတ်ပြုထားခြင်း မရှိသည်ကို ဆွေးနွေးပွဲအများအပြားတွင် ထုတ်ဖော်ပြောဆို ခဲ့ပြီး ဖြစ်သည်။[11]  ဆိုလိုသည်မှာ ရိုဟင်ဂျာများအပေါ် အပြင်းထန်ဆုံးသော ရာဇဝတ်ကျူးလွန်မှုများ ဖြစ်ပွားနေ သော်လည်း MNHRC က ယင်းကိစ္စရပ်ကို မည်သည့်အခါကမျှ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်း မရှိသည့်အပြင် အကြမ်းဖက်မှုနှင့်ပတ်သက်သော ဝေဖန်ပြောဆိုမှုများ လျော့ကျစေရန်ပင် ကြိုးပမ်းခဲ့သည်။ ယင်းအချက်သည် MNHRC ကို NHRI တစ်ခုအဖြစ် တရားဝင်ရပ်တည်မှုကို လျော့ကျစေပါသည်။ ကုလသမဂ္ဂမှ လုပ်ပိုင်ခွင့်အာဏာ ပေးခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် (Fact-Finding Mission – FFM) ထုတ်ပြန်ခဲ့သော နောက်ဆုံးအစီရင်ခံစာတွင် ၂၀၁၇ ခုနှစ်နှောင်းပိုင်း ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုလှိုင်းလုံးအတွက် မြန်မာစစ်ခေါင်းဆောင်များကို လူမျိုးတုံး သတ်ဖြတ်မှုဖြင့် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်၍ အရေးယူသင့်သည်ဟု ဖော်ပြခဲ့ပြီး MNHRC ၏ အခန်းကဏ္ဍကိုလည်း ဝေဖန်ရှုတ်ချထားသည် –

ဤခြောက်နှစ်တာကာလအတွင်း MNHRC သည် လုံခြုံရေးတပ်ဖွဲ့များ ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှုစွပ်စွဲချက်များနှင့်ပတ်သက်၍ ပြောဆိုခြင်း သို့မဟုတ် လွတ်လပ် ပြည့်စုံသော စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခြင်းမျိုး မရှိခဲ့ပေ။ ထိုမျှသာမကဘဲ ၎င်း၏ လုပ်ပိုင်ခွင့်အတွင်း ကျရောက်နေသော်လည်း ရိုဟင်ဂျာများ အပေါ် စနစ်တကျ ခွဲခြားဆက်ဆံမှုများကို ဖြေရှင်းရန်လည်း ကြိုးပမ်းခြင်း မရှိခဲ့ပေ။[12]

၁၃။ တိုင်းရင်းသားလူနည်းစုများအပေါ် ကျူးလွန်သော ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် ပြစ်တင်ရှုတ်ချရန် ငြင်းပယ်နေခြင်းနှင့် ရိုဟင်ဂျာများ၏ ဝိသေသလက္ခဏာများကို အသိအမှတ်ပြုရန် ငြင်းပယ် နေခြင်းတို့က လက်ရှိ MNHRC နှင့် လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်ပေးမည်ဆိုသည့် ၎င်း၏ အခန်းကဏ္ဍတို့ကို  ချိတ်ဆက်မြင်ကြည့်နိုင်ရန်မှာ လွန်စွာပင် ခက်ခဲနေပါသည်။

၁၄။ MNHRC သည် ရိုဟင်ဂျာများအပေါ် ကျူးလွန်သော မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများတွင် အဓိပ္ပါယ်ပြည့်ဝသည့် လုပ်ဆောင်ချက်များ မလုပ်ဆောင်နေရုံသာမက လက်နက်ကိုင်ပဋိပက္ခ အထူးသဖြင့် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ ပဋိပက္ခများ၌လည်း MNHRC သည် စစ်တပ်ကို မည်ကဲ့သို့သော အကာအကွယ် ပေးထားသည်ကို အောက်ပါ ဥပမာ နှစ်ခုက ဖော်ပြနေသည်။

က) ၂၀၁၉  ခုနှစ် မေလတွင် ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (Arakan Army – AA) တို့အကြား ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခအခြေအနေအတွင်းရှိ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ လူဦးရေ (၂၇၅) ဦးကို အစုအပြုံလိုက် ထိန်းသိမ်းထားသည့်အထဲမှ ရခိုင်တိုင်းရင်းသား အမျိုးသား (၆) ဦးကို မြန်မာစစ်တပ်က ပစ်သတ်ခဲ့သည်။[13]  MNHRC ၏ ကနဦးထုတ်ပြန်ချက်တွင် ရွာသား (၆) ဦးမှ စစ်သားများ၏ သေနတ်များကို လုယူရန် ကြိုးပမ်းခြင်းကြောင့် မိမိကိုယ် မိမိ ကာကွယ်သည့်အနေဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသော မြန်မာစစ်တပ်၏ ပြောကြားချက်ကို သံယောင်လိုက်ကာ ထုတ်ပြန်ခဲ့သည်။[14] ထိုကိစ္စရပ်အပေါ် MNHRC ၏  ထုတ်ပြန်ကြေညာချက်တွင် လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်အတွက် တိုက်တွန်းတောင်းထားခြင်းမရှိဘဲ ထိရောက်သောလုပ်ဆောင်မှု အားနည်းနေသည့်အပေါ် အလုပ်အဖွဲ့က ဝေဖန်ထောက်ပြခဲ့သည်။[15]  ယင်းက လူထုဖိအားကို ဖြစ်ပေါ်စေခဲ့ပြီး MNHRC သည် ၎င်းအမှုကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ နောက်ဆုံးတွင် MNHRC သည် စစ်တပ်၏ ပြောဆိုချက်များကိုသာ အမေးအမြန်မရှိ လိုက်လျောခဲ့ပြီး စစ်သားများ၏ တာဝန်ယူမှု တာဝန်ခံမှုကို အကာအကွယ် ပေးခဲ့သည်။[16]  ယင်းမှာ မြန်မာစစ်တပ်သည် ရွာသားများကို အကြောင်းမဲ့သက်သက် ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ရွာသားများနှင့် မျက်မြင်သက်သေများ၏ ထွက်ဆိုမှုများ ရှိနေသည့်ကြားက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။[17] 

ခ) MNHRC သည် ၂၀၁၈ ခုနှစ် မေလတွင်လည်း အလားတူထုတ်ပြန်ချက်တစ်စောင်ကို လွှတ်တော်သို့ ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်တွင် ၂၀၁၈ ခုနှစ် ဇန္နဝါရီလတွင် မျက်မြင်သက်သေများ၏အဆိုအရ ကချင်အမျိုးသား နှစ်ဦး ကျွဲကျောင်းနေစဉ် စစ်တပ်က ဖမ်းဆီးသွားကာ သတ်ဖြတ်ပြီး မြေမြှုပ်ထားသည်ကို နောက်ပိုင်းတွင် တွေ့ရှိခဲ့ကြသည်။[18]  ထိုအထဲမှ တစ်ဦးအပေါ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (Kachin Independence Army – KIA) ၏ ယူနီဖောင်းကို တင်ထားခဲ့သည်။ ဆေးဘက်ဆိုင်ရာ အစီရင်ခံစာများက ၎င်းတို့ နှစ်ဦးမှာ ညှဉ်းပန်းနှိပ်စက်ခံထားရဖွယ်ရှိကြောင်း ဖော်ပြခဲ့သော်လည်း MNHRC က ၎င်းတို့သည် အမှန်တကယ်အားဖြင့် KIA စစ်သားများ ဖြစ်ကြပြီး တိုက်ပွဲအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။ ယင်းဖြေရှင်းချက်မှာ မြေပြင်တွင်ရှိသော ပြည်သူများက ၎င်းတို့နှစ်ဦးသည် သာမာန်အရပ်သားများသာ ဖြစ်ကြောင်းနှင့် ၎င်းတို့ ကွင်းပြင်ထဲတွင် ရှိနေစဉ် မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဆိုသော အစီရင်ခံချက်၊ ထွက်ဆိုချက်များ အားလုံးနှင့် ကွဲလွဲနေပါသည်။[19]

အလွှာစုံပါဝင်မှုစနစ်

၁၅။ မြန်မာနိုင်ငံသည် ဘာသာရေး ကိုးကွယ်ယုံကြည်မှု၊ လူမျိုး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများအရ မတူကွဲပြားမှုများ စုံလင်စွာရှိသော နိုင်ငံဖြစ်ပြီး တိုင်းရင်းသားနှင့် ဘာသာရေးအရ လူများစုဖြစ်သော ဗမာ-ဗုဒ္ဓဘာသာဝင်များ လွှမ်းမိုးရေး အတွက် မြန်မာစစ်တပ်၏ ကြီးစိုးချယ်လှယ်နေမှုသည် လက်ရှိ ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းစစ်များနှင့် ရိုဟင်ဂျာကဲ့သို့ လူနည်းစုများအပေါ် ဖိနှိပ်မှုများ ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်နေသည်။ ထို့ကြောင့် ရွေးချယ်ရေးဘုတ်အဖွဲ့ အနေဖြင့် နိုင်ငံ၏ မတူကွဲပြားသော လူဦးရေကို ပိုမိုတိကျစွာ ကိုယ်စားပြုနိုင်ရေးအတွက် ခြေလှမ်းတစ်ရပ်အဖြစ် တိုင်းရင်းသားနှင့် ဘာသာရေးအရ မတူကွဲပြားမှုနှင့် ကျား-မ အရေအတွက် ညီမျှမှုရှိသော ကော်မရှင်တစ်ရပ် ဖြစ်လာစေရေး အာမခံရန် အလွန်အရေးကြီးပါသည်။ ကော်မရှင်ဥပဒေအရ မတူကွဲပြားမှုများ စုံလင်စွာပါရှိရန် သတ်မှတ်ထားသော်လည်း လက်တွေ့တွင် ယင်းကို လိုက်နာခြင်း မရှိပေ။ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ၂၀၁၈ ခုနှစ် ဧပြီလအထိ အချိန်ကာလများတွင် MNHRC ၌ အမျိုးသမီးကော်မရှင်အဖွဲ့ဝင်များပါဝင်ခြင်း မရှိခဲ့ပေ။ ထိုအခြေအနေမှာ ၂၀၁၆ ခုနှစ် အင်း၀အပ်ချုပ်ဆိုင် အမှုတွင် MNHRC ကော်မရှင်အဖွဲ့ဝင်များသည် အပ်ချုပ်ဆိုင်မိသားစု၏ လက်ထဲတွင် ညှဉ်းပန်းနှိပ်စက်ခံရသည့် အိမ်ဖော်နှစ်ဦး၏ မိသားစုများအား တရားရေးလမ်းကြောင်းဖြင့် တရားမျှတမှုကို ရှာဖွေပေးရမည့်အစား လျော်ကြေးငွေလက်ခံရန် ဖိအားပေးခဲ့သည့် ဖြစ်စဥ်မှ စခဲ့သည်။[20]  MNHRC ၏ အမှုကိုင်တွယ်ပုံနှင့်ပတ်သက်၍ ပြည်သူလူထု၏ မကျေနပ်မှု ကြီးထွားလာသည့်နောက်တွင် အမျိုးသမီးကော်မရှင်အဖွဲ့ဝင် (၂) ဦးအပါအဝင် ကော်မရှင်အဖွဲ့ဝင် (၄) ဦး နုတ်ထွက်ခဲ့ကြသည်။ ထိုအချိန်မှစ၍ အမျိုးသမီးတစ်ဦးပါဝင်သည့် ကော်မရှင်အဖွဲ့ဝင်သစ် (၃) ဦး ခန့်အပ်ရန်အတွက် အချိန် (၁၈) လ ကြာမြင့် ခဲ့သည်။[21] 

၁၆။ ထို့အပြင် အရပ်ဘက်အသိုင်းအဝိုင်းက မတူကွဲပြားမှုနှင့် အလွှာစုံပါဝင်မှုကို ကော်မရှင်အဖွဲ့ဝင်များသာမက ကော်မရှင်ဝန်ထမ်းများ ခန့်အပ်ရာတွင်လည်း ထည့်သွင်းလုပ်ဆောင်သင့်ကြောင်း ဥပဒေနှင့်ပတ်သက်သည့် စိုးရိမ်မှုများကို ထုတ်ဖော် ပြောဆိုထားပါသည်။ ကော်မရှင်ဥပဒေ ပုဒ်မ ၇ ၌[22] ကော်မရှင်အဖွဲ့ဝင်များတွင် ကျား-မ အချိုးညီမျှမှု၊ တိုင်းရင်းသားနှင့် လူနည်းစုကိုယ်စားပြုမှု နှင့် လူ့အခွင့်အရေး အတွေ့အကြုံရှိခြင်းကဲ့သို့သော မတူကွဲပြားမှုများကို လိုအပ်ချက်အဖြစ် ထည့်သွင်းထားသော်လည်း ကော်မရှင်၏ ဝန်ထမ်းများခန့်အပ်ရေးနှင့်ပတ်သက်၍ ပြဌာန်းချက်မရှိသဖြင့် ယင်းကဲ့သို့သော လိုအပ်ချက်များ ထည့်သွင်းသင့်သည်ဟု တိုက်တွန်းထားပါသည်။

လုံလောက်သော ငွေကြေးထောက်ပံ့မှုနှင့် ဘဏ္ဍာရေးဆိုင်ရာအမှီအခိုကင်းမှု

ဘတ်ဂျက်ပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် ဘဏ္ဍာရေးဆိုင်ရာအမှီအခိုကင်းမှု

၁၇။ ပါရီအခြေခံမူများနှင့်ဆက်လျဥ်း၍  MNHRC မှ တိုးတက်ပြောင်းလဲမှုတချို့ လုပ်ဆောင်လာသော နယ်ပယ်တစ်ခုမှာ ရသုံးမှန်းခြေငွေစာရင်း (ဘတ်ဂျက်) နှင့် ပတ်သက်သော ၎င်း၏ ကိုယ်ပိုင်လွတ်လပ်ခွင့် ဖြစ်သည်။ ယခင်က နှစ်စဉ်ဘတ်ဂျက် ကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြပြီး အတည်ပြုချက် ယူခဲ့ရသည်။ ယင်းကိစ္စရပ်ကို GANHRI-SCA က ထောက်ပြခဲ့ပြီး MNHRC သည် “…၎င်း၏ သီးခြားလွတ်လပ်မှုအား အာမခံချက်ရှိစေရန်နှင့် ဦးစားပေးမှုနှင့် လုပ်ငန်း ဆောင်ရွက်မှုများကို လွတ်လပ်စွာ ဆုံးဖြတ်လုပ်ဆောင်နိုင်စွမ်း ရှိစေရန်အတွက် လုံလောက်သော ငွေကြေးအတိုင်းအတာတစ်ခု ရှိရမည်”[23] ဟု မှတ်ချက်ပေးခဲ့သည်။ အပြုသဘောဆောင်သော တိုးတက်မှုမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဘတ်ဂျက်ကို လွှတ်တော်တွင် တင်ပြပြီး အတည်ပြုချက် ရယူခြင်းဖြင့် MNHRC သည် အုပ်ချုပ်ရေးပိုင်း၏ ပါဝင်မှုမှ လွတ်ကင်းပြီး ဘဏ္ဍာရေးအရ လွတ်လပ်မှု ပိုရှိလာခဲ့သည်။ သို့ရာတွင် ဤလုပ်ငန်းစဉ်ကို တရားဝင်ဖြစ်လာစေရန်အတွက် ကော်မရှင်ဥပဒေကို ပြင်ဆင်ရမည်ဖြစ်ပြီး နိုင်ငံအဆင့်ဘတ်ဂျက်တွင် MNHRC အတွက် သီးခြား ဘတ်ဂျက်လိုင်းတစ်ခု ထည့်သွင်း ထားရန်လည်း လိုအပ်သည်။

လုံလောက်သော အရင်းအမြစ်များ

၁၈။ ပါရီအခြေခံမူများအရ GANHRI-SCA ၏ အထွေထွေလေ့လာချက်များက ဖော်ပြထားသည်မှာ NHRI များအနေဖြင့် “လုပ်ငန်းလုပ်ဆောင်မှု ထိရောက်စွာ လည်ပတ်နိုင်ရန်အတွက် ၎င်းတို့၏ သီးခြားလွတ်လပ်မှုနှင့် ဦးစားပေး လုပ်ငန်းစဉ်များကို လွတ်လပ်စွာ ဆုံးဖြတ်သတ်မှတ်နိုင်စေရေး အာမခံချက် ရှိစေရန်အတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ လုံလောက်သောငွေကြေး ထောက်ပံ့ပေးရမည်”[24] ဟု ဖြစ်သည်။  ကော်မရှင်ဥပဒေ ပြဌာန်းချက်တွင် ဖော်ပြထားသည်မှာ “နိုင်ငံတော်သည် ကော်မရှင်က လုံလောက်သော ငွေကြေးကို ထောက်ပံ့ရမည်”[25]  ဟု ပါရှိသော်လည်း ထောက်ပံ့မှု အားနည်းနေသေးသည်ဟု MNHRC က ယုံကြည်နေပြီး အထူးသဖြင့်  ၂၀၁၇ ခုနှစ်တွင် ဝန်ထမ်းများနှင့်ပတ်သက်၍ ဒု-ဥက္ကဌ ဦးစစ်မြိုင်က ကော်မရှင်အနေဖြင့် ၎င်း၏ လုပ်ပိုင်ခွင့်အာဏာကို ဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းဦးရေ ၃၀၀ လိုအပ်သော်လည်း ဝန်ထမ်း ၅၇ ဦးကိုသာ ခန့်ထားနိုင်ကြောင်း ပြောဆိုခဲ့သည်။[26]  

၁၉။ ၂၀၁၆ ခုနှစ် MNHRC ၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ၎င်းအနေဖြင့် မန္တလေး၊ နေပြည်တော်နှင့် အခြား အမည်မသိ နေရာတစ်ခုတို့တွင် ဒေသဆိုင်ရာရုံးများ ဖွင့်လှစ်ရန်ရှိသည်ဆိုသည့် ၎င်း၏ ရည်ရွယ်ချက်ကို ဖော်ပြထားသည်။[27]  GANHRI-SCA အထွေထွေလေ့လာချက်များတွင် “NHRI များကို ထိခိုက်လွယ် အသိုင်းအဝိုင်းများအတွက် လက်လှမ်းမီလာ စေရန်အတွက် ၎င်းတို့၏ ရုံးခန်းနေရာများကို လူချမ်းသာရပ်ကွက်များ သို့မဟုတ် အစိုးရအဆောက်အဦးများ အနီးအနားတွင် မထားရှိစေရေး သေချာစေရန် လုပ်ဆောင်ရမည်ဖြစ်သည်။ အထူးသဖြင့် အစိုးရအဆောက်အဦး များကို စစ်တပ် သို့မဟုတ် လုံခြုံရေးတပ်ဖွဲ့များက အကာအကွယ် ပေးထားသည့်အခါများတွင် ယင်းအချက်သည် အလွန်အရေးကြီးပါသည်။ NHRI ၏ ရုံးခန်းများသည် အစိုးရရုံးများနှင့် အလွန်နီးကပ်စွာရှိနေပါက ကော်မရှင်၏ လွတ်လပ်မှုအပေါ် အများအမြင်ကို ထိခိုက်စေရုံသာမက တိုင်ကြားလိုသူများ ရောက်မလာနိုင်စေရန်လည်း အဟန့်အတား ဖြစ်စေပါသည်”[28] ဟု ထောက်ပြထား ပါသည်။ MNHRC ၏ လက်ရှိရုံးခန်းကို နိုင်ငံ၏ အချမ်းသာဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့တွင် ထားရှိသည့်အတွက် ဖယ်ကျဉ်ခြင်းခံထားရသော အသိုင်းအဝိုင်းများမှာ MNHRC ကို လက်လှမ်းမီနိုင်ရန် ခက်ခဲလှပါသည်။

၂၀။ ထို့ကြောင့် ရုံးခန်းများကို ပိုမိုဖွင့်လှစ်ခြင်းအားဖြင့် MNHRC ကို ပိုမိုလွယ်ကူစွာ လက်လှမ်းမီနိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် ကြိုဆိုရမည့် လုပ်ရပ်တစ်ခုဖြစ်သည်။ သို့သော်လည်း အစိုးရအတွက် စိတ်တိုင်းကျ တည်ဆောက်ထားပြီး စစ်တပ်မှ အကြီးအကျယ်လုံခြုံရေးချထားသော နေပြည်တော်သည် ကျူးလွန်ခံရသူများမှ ကော်မရှင်ကို မချဉ်းကပ်နိုင်စေရန် တားဆီးထားသလိုဖြစ်နေမည် ဖြစ်သည်။ ရုံးခန်းဖွင့်လှစ်ရန် အဆိုပြုခြင်းသည် မည်သည့်ရည်ရွယ်ချက်ကိုမျှ အကောင်အထည်ပေါ်စေမည် မဟုတ်သောကြောင့် ယင်းနေရာတွင် ဖွင့်လှစ်ရန် မလိုအပ်ဟုပင် မှတ်ယူနိုင်ပါသည်။ နေပြည်တော်တွင် ဖွင့်လှစ်ရန်သုံးစွဲမည့် ငွေကြေးများကို အခြားလိုအပ်သော နေရာများတွင် ဦးစားပေး သုံးစွဲသင့်သည်။ မြန်မာနိုင်ငံတွင် ဖယ်ကျဉ်ထားခြင်း အခံရဆုံးသူများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြင်းထန်စွာ ပုံမှန်ခံစားနေရသူတို့မှာ နိုင်ငံ၏ ‘နယ်စပ်ဒေသများ’ ရှိ တိုင်းရင်းသားလူနည်းစု နယ်မြေများတွင် နေထိုင်နေကြသည်။ ထို့ကြောင့် ထိရောက်မှု ပိုမိုရှိစေရန်အတွက်ဆိုလျှင် MNHRC သည် နိုင်ငံအတွင်းရှိ ပြည်နယ်များ၏ မြို့တော် တစ်ခုချင်းစီတိုင်းတွင် ရုံးခန်းများ ဖွင့်လှစ်ရေးကို ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ပြီး ယင်းရုံးခန်းများကို ဝန်ထမ်းအပြည့်အဝနှင့် လုံလောက်သောရင်းမြစ်များ ထားရှိနိုင်ရန်အတွက် ငွေကြေးထောက်ပံ့မှု ရရှိရေး စည်းရုံးလှုံ့ဆော်မှု များ လုပ်ဆောင်ရမည် ဖြစ်သည်။

နိုင်ငံတကာလူ့အခွင့်အရေးယန္တရားများနှင့် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်မှု

၂၁။ NHRI များ၏ လုပ်ပိုင်ခွင့်အာဏာ တစ်စိတ်တစ်ပိုင်းဖြစ်သည့် MNHRC သည် နိုင်ငံတကာ လူ့အခွင့်အရေး ယန္တရားများနှင့် ချိတ်ဆက်ဆောင်ရွက်မှုနှင့်ပတ်သက်၍ MNHRC သည် နိုင်ငံတကာ လူ့အခွင့်အရေးယန္တရားများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေပုံမှန်သုံးသပ်ဆွေးနွေးပွဲ (UPR) လုပ်ငန်းစဉ်၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများအားလုံး ပပျောက်ရေးကော်မတီ (Committee on the Elimination of All Forms of Discrimination Against Women – CEDAW) စသည်တို့နှင့် ထိတွေ့ဆက်ဆံမှုများလုပ်ဆောင်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဇွန်လတွင် CEDAW သို့ အစီရင်ခံစာ တစ်စောင်နှင့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် UPR သို့ အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့သည်။ သို့ရာတွင် MNHRC က CEDAW နှင့် UPR သို့ လွတ်လပ်သော အစီရင်ခံစာများ တင်သွင်းခဲ့သည်ဟု ဆိုနေခဲ့သော်ငြားလည်း နိုင်ငံတကာလူ့အခွင့်အရေးယန္တရားများသို့ နိုင်ငံ၏ တင်ပြခြင်းများနှင့် စပ်လျဉ်း၍ MNHRC ၏ လွတ်လပ်မှုကို GANHRI-SCA က မေးခွန်းထုတ်ခဲ့ပြီး “နိုင်ငံ၏ အစီရင်ခံစာများကို ပြင်ဆင်ရာတွင် NHRI များသည် အစိုးရအား သတင်းအချက်အလက်များ ပေးနိုင်သည့်တစ်ချိန်တည်းတွင် NHRI များသည် ၎င်းတို့၏ လွတ်လပ်မှုကို ထိန်းသိမ်းထားရသည့်အပြင် လူ့အခွင့်အရေးယန္တရားများသို့ သတင်းအချက်အလက်များ ပေးပို့နိုင်သည့်အနေအထားတွင် ၎င်းတို့ကိုယ်တိုင် လွတ်လပ်စွာ တင်သွင်းရန် လုပ်ဆောင်သင့်သည်”[29] ဟု မှတ်ချက်ပေးထားပါသည်။

၂၂။ MNHRC မှ အကြံပြုတိုက်တွန်းခဲ့သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (International Covenant on Economic, Social and Cultural Rights – ICESCR) ကို မြန်မာအစိုးရမှ ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။[30]  အစိုးရမှ လုပ်ဆောင်ရန် ယခုကဲ့သို့သော တိုက်တွန်းမှုအပေါ် ကြိုဆိုရမည်ဖြစ်သည်နှင့်တစ်ပြိုင်တည်းတွင် မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of the Child – CRC)၊ CEDAW နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of Persons with Disabilities – CRPD) တို့ကိုသာ လက်မှတ်ရေးထိုးထားသေးသည်ဖြစ်ရာ ယခုအချိန်တွင် ကျန်ရှိနေသေးသော ဆန္ဒအလျောက်လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများအပါအဝင် အဓိကကျသော နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးရန်အတွက် MNHRC အနေဖြင့် ဆက်လက် တွန်းအား ပေးရမည်ဖြစ်သည်။ အဓိကကျသော နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်များကို အတည်ပြုလက်မှတ်ရေးထိုးရန်အတွက် ဒုတိယအကြိမ် UPR လုပ်ငန်းစဉ်တွင် UN ၏ အဖွဲ့ဝင်နိုင်ငံများဖြစ်သော နီကာရာဂွါ၊ ဂျပန်၊ ဆွစ်ဇာလန်၊ ဘီလာရုစ်၊ လတ်ဗီယား နှင့် ပါရာဂွေး နိုင်ငံတို့သာမက အခြားနိုင်ငံများကလည်း အကြံပြုတိုက်တွန်းချက်တစ်ရပ် ပေးခဲ့ပြီး ယင်းကို မြန်မာနိုင်ငံက ထောက်ခံခဲ့ပါသည်။ ထို့ကြောင့် မြန်မာအစိုးရမှ ၎င်းထောက်ခံခဲ့သည်များကို အမှတ်ရစေရန် MNHRC အနေဖြင့် သတိပေးနိုးဆော်သင့်ပါသည်။

လွတ်လပ်မှု ဖယ်ရှားခံရသည့်နေရာများကို စောင့်ကြည့်လေ့လာခြင်း

၂၃။ MNHRC သည် အကျဉ်းထောင်များနှင့် ချုပ်နှောင်ရာနေရာများကို သွားရောက်လည်ပတ်ကြည့်ရှုနိုင်သော်လည်း ယင်းကဲ့သို့လုပ်ဆောင်ရာတွင် ကြိုတင်အသိမပေးဘဲ လုပ်ဆောင်နိုင်ခြင်းမရှိသည်ကို GANHRI-SCA က မှတ်ချက်ပေးခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို အကျဉ်းထောင်အာဏာပိုင်များမှ ဖုံးကွယ်ထားသည့် အခွင့်အလမ်းကို ကန့်သတ်နိုင်ရန်နှင့် ပိုမို အားကောင်းစွာ စစ်ဆေးဖော်ထုတ်နိုင်ရန်အတွက် ယင်းအချက်ကို ပြောင်းလဲရန် အကြံပြုတိုက်တွန်းထားပါသည်။[31]

လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအား ကာကွယ်ပေးခြင်း

၂၄။ MNHRC ကိုယ်၌၏ လုပ်ငန်းများသည် လူ့အခွင့်အ‌ရေးကာကွယ်ပေးခြင်းထက်စာလျှင် အားပေးမြှင့်တင်ခြင်းကို ပိုမို အလေးပေးသောကြောင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများသည် ၎င်းတို့အနေဖြင့် တရားဝင်သော်ြငား အန္တရာယ်ရှိသည့်လုပ်ငန်းများကို လုပ်ဆောင်ရာတွင် MNHRC သည် ၎င်းတို့အတွက် ထိရောက်သော မဟာမိတ်ဖြစ်သည်ဟု မခံစားကြရပေ။ လက်ရှိ ပြဌာန်းထားသော ကော်မရှင်ဥပဒေတွင် အဟန့်အတားဖြစ်နေသည့် အချက်တစ်ခုမှာ ပုဒ်မ ၃၇ ဖြစ်ပြီး  ၎င်းပုဒ်မတွင် ဖော်ပြထားသည်မှာ MNHRC အနေဖြင့် တရားရုံးတွင် စစ်ဆေးကြားနာနေဆဲဖြစ်သောအမှုများနှင့် သက်ဆိုင်သည့် မည်သည့်တိုင်ကြားချက်ကိုမျှ စုံစမ်းစစ်ဆေးခြင်း မပြုလုပ်ရန် တားမြစ်ထားသည်။[32] ထို့အပြင် တရားရုံးမှ အပြီးပြတ်ဆုံးဖြတ်ချက် ချမှတ်ပြီးသော အမှုများကို MNHRC မှ စုံစမ်းစစ်ဆေးမှု မပြုရန်လည်း ကော်မရှင်ဥပဒေ ပုဒ်မ ၃၇ (ခ) တွင် တားမြစ်ထားသည်။[33] ကော်မရှင်နှင့် တရားရုံးစနစ်တို့၏ အပြန်အလှန် အားဖြည့်မှုကို အသိအမှတ်ပြုရန်နှင့် MNHRC ၏ လုပ်ပိုင်ခွင့်များကို တိုးချဲ့နိုင်ရန်အတွက် ယင်းပုဒ်မ ၃၇ ကို ဥပဒေအရ ပြင်ဆင်ရမည် ဖြစ်သည်။ သို့မှသာ တရားရုံး၏ခွင့်ပြုချက်ဖြင့် ကော်မရှင်သည် စစ်ဆေးကြားနားဆဲဖြစ်သောအမှုများကို စုံစမ်းစစ်ဆေးနိုင်မည် ဖြစ်သည်။ အမှုတစ်ခုသည်  မြန်မာနိုင်ငံ၏ တရားရုံး တစ်ခုခုတွင် စတင်ပြီးဆိုသည်နှင့် MNHRC ၏ လက်များသည် တုပ်နှောင်ထားသကဲ့သို့ ဖြစ်နေသည်ကို အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြကြသည်။

၂၅။ ဥပဒေအရ ကန့်သတ်ထားခြင်း မရှိသော်လည်း MNHRC ၏ ခေါင်းဆောင်ပိုင်းမှ လူ့အခွင့်အရေးအတွက် လိုအပ်သော ကာကွယ်ပေးခြင်းဆိုင်ရာလုပ်ငန်းများကို လျှော့ပေါ့လုပ်ဆောင်ပြီး ‘ရေရှည်’ အားပေးမြှင့်တင်ခြင်းအပိုင်းကို အချိုးအစား မမျှတစွာ အလေးပေးလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းကာကွယ်ပေးခြင်းဆိုင်ရာ အားနည်းမှုကို ရိုက်တာ သတင်းထောက် နှစ်ဦး၏အမှုက ဖော်ပြနေပါသည်။

ရိုက်တာ သတင်းထောက်များ

၂၆။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ရိုက်တာသတင်း‌ထောက်များဖြစ်သော ကျော်စိုးဦးနှင့် ဝလုံးတို့ကို ဖမ်းဆီးပြီးသည့် နောက်ပိုင်းတွင် MNHRC က “သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ညှဉ်းပန်းနှိပ်စက်မှု မခံရစေရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး၊ နှင့် ထိန်းသိမ်းထားစဉ်အတွင်း မိသားစုဝင်များ၊ ရှေ့နေများနှင့် တွေ့ဆုံခွင့် ရရှိရေးတို့အပါအဝင် ၎င်းတို့ ရပိုင်ခွင့်ရှိသော လူ့အခွင့်အရေးများကို ခံစားနိုင်ရေးအတွက် ဆောင်ရွက်ပေးသင့်ကြောင်း” တိုက်တွန်းထားသော သတင်းထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။[34] 

၂၇။ သတင်းထောက်နှစ်ဦးကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ ထောင်ဒဏ် (၇) နှစ်စီ ချမှတ်လိုက်မှုအပေါ် MNHRC ၏ ဒုတိယမြောက် သတင်းထုတ်ပြန်ချက်တွင် “ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ကော်မရှင်အနေဖြင့် မိမိတို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေအရ တစ်စုံတစ်ရာ မှတ်ချက်ပြုရန် မရှိပါ”[35] ဟု ဖော်ပြခဲ့သည်။  ရိုဟင်ဂျာများအပေါ် ရက်စက်ယုတ်မာမှုများအကြောင်း သတင်းရေးသားခြင်းကို ရပ်တန့်စေရန် အထက်အရာရှိများ၏ အမိန့်အရ ရဲများက သတင်းထောက်နှစ်ဦးအား ထောင်ချောက်ဆင်ဖမ်းဆီး အမှုဆင်ခဲ့သည့်ဖြစ်ရပ်ကို ကြည့်ပါက မြန်မာနိုင်ငံ၏ တရားစီရင်‌ရေးသည် တရားမျှတမှုဖော်ဆောင်‌ပေးနိုင်ခြင်း မရှိသည်ကို ဖော်ပြနေပါသည်။  အနိမ့်ဆုံးအားဖြင့် MNHRC က ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်များထဲတွင် ထိုသတင်းထောက်နှစ်ဦးသည် တရားဝင်သော ၎င်းတို့၏ သတင်းထောက်အလုပ်ကို လုပ်နေခြင်းနှင့်  ထိုကဲ့သို့သော တရားစွဲဆိုခြင်း နှင့် နောက်ဆက်တွဲအမှုစစ်ဆေးခြင်းများ၊ ပြစ်ဒဏ်ချမှတ်ခြင်းများ တို့သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် မျှတသော တရားရင်ဆိုင်ပိုင်ခွင့်တို့ အပါအဝင် ၎င်းတို့၏ လူ့အခွင့်အရေးများကို ချိုးဖောက်ရာရောက်ကြောင်း ထောက်ပြသင့်သည်။ ထို့အပြင် စစ်တပ်၏ ဆိုးရွားလှသော လူ့အခွင့်အရေး ချိုးဖောက်မှုကြီးကို ဖော်ထုတ်ခဲ့သည့် သတင်းထောက်နှစ်ဦးအပေါ် နိုင်ငံရေးအရပစ်မှတ်ထားခြင်းမှာ ပေါ်လွင်ကြောင်းကို ပိုမိုပြင်းထန်သည့် သတင်းထုတ်ပြန်ချက်တစ်ခုဖြင့် ထပ်မံဖြည့်စွက် ထုတ်ပြန်သင့်သည်။ သို့သော်လည်း ယင်းသတင်းထုတ်ပြန်ချက်မှာ တရားမျှတမှု ဖော်ဆောင်ရာတွင် အလွန်အမင်းလွဲချော်နေခြင်းအပေါ် ချည့်နဲ့စွာ ထောက်ပြထားသော ထုတ်ပြန်ချက်တစ်ခုမျှသာ ဖြစ်နေသည်။ ယင်းအမှုက MNHRC အတွင်းရှိ နက်ရှိုင်းသော ပြဿနာများကို ထင်ဟပ်နေစေသည့်အပြင် MNHRC သည် အလုံးစုံအာဏာရှိသော စစ်တပ်အပေါ် ဆက်လက်သစ္စာခံလျက် ရှိပြီး ကျော်စိုးဦးနှင့် ဝလုံး ကဲ့သို့သော လူများကို လူသိထင်ရှား အကာအကွယ်ပေးရန် နိုင်ငံရေးစိတ်ဆန္ဒ နှင့်/သို့မဟုတ် လုပ်ကိုင်နိုင်စွမ်း ကင်းမဲ့နေခြင်းကိုလည်း ဖော်ပြနေသည်။ ထို့အပြင် ယခုဖြစ်ရပ်သည် ဒုတိယအကြိမ် UPR တွင် မြန်မာနိုင်ငံက ထောက်ခံခဲ့သည့် နယူးဇီလန်နိုင်ငံက[36] အကြံပြုတိုက်တွန်းသော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နှင့် တခြားနိုင်ငံများနှင့်အတူ စင်္ကာပူနိုင်ငံက[37] ပေးခဲ့သော အကြံပြုတိုက်တွန်းချက်ဖြစ်သည့် မျှတသော တရားစီရင်ခံ ပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများ အပါအဝင် UN ၏ အဖွဲ့ဝင်နိုင်ငံများမှာ ပေးထားခဲ့သော အခြားစိုးရိမ်ပူပန်မှု များကိုလည်း ထင်ဟပ်စေပါသည်။

နိဂုံး

၂၈။ ဒုတိယအကြိမ် UPR လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံက ထောက်ခံခဲ့သည့် MNHRC နှင့် သက်ဆိုင်သော အကြံပြုတိုက်တွန်းချက်အများစုသည် MNHRC ကို ပါရီအခြေခံမူများနှင့်အညီ လိုက်နာရန်ဖြစ်သည်။ ထိုအကြံပြု တိုက်တွန်းချက်များကို လက်ခံခဲ့ပြီးနောက် ငါးနှစ်ကြာသည့်တိုင်အောင် MNHRC သည် ပါရီအခြေခံမူများနှင့်အညီ လိုက်နာလုပ်ဆောင်ခြင်း မရှိသေးကြောင်းကို ယခုတင်ပြချက်က ဖော်ပြနေပါသည်။ GANHRI-SCA က MNHRC ကို “B” အဆင့် သတ်မှတ်ပေးခဲ့သည်မှာ (၅) နှစ်နီးပါး ရှိခဲ့ပြီဖြစ်ပြီး ထိုအဆင့်သည် ပါရီအခြေခံမူများနှင့်အညီ အပြည့်အ၀ လိုက်နာမှု မရှိခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ထို ‘B’ အဆင့်သတ်မှတ်ပြီးချိန်မှစ၍ လိုက်နာမှုရှိသည့် တစ်ခုတည်းသော တိုးတက်မှုမှာ ဘတ်ဂျက်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ် ဖြစ်သည်။ သို့သော် အဓိက ပြဿနာများဖြစ်သော ကော်မရှင်အဖွဲ့ဝင်များ ရွေးချယ်ခြင်းနှင့် ခန့်အပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်၊ အလွှာစုံပါဝင်မှုစနစ်၊ လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှု အခြေအနေများတွင် စွမ်းဆောင်ရည် စသည်တို့မှာမူ ပြောင်းလဲမှုမရှိဘဲ နဂိုအတိုင်း ကျန်ရှိနေဆဲ ဖြစ်သည်။ ယင်းကိစ္စရပ်များ ထဲမှ တချို့ကို ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအဖြစ် ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း MNHRC ၏ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်း လုပ်ပိုင်ခွင့်အာဏာများကို  အကောင်အထည်ဖော်ရာတွင် အဓိက အတားအဆီးတစ်ခုမှာ ကော်မရှင်အဖွဲ့ဝင်များ၏ နောက်ခံသမိုင်းကြောင်း နှင့် စဉ်းစားတွေးခေါ်မှုပုံစံများပင် ဖြစ်သည်။ MNHRC သည် ၎င်းလုပ်ဆောင်ခဲ့သော လူ့အခွင့်အရေးဆိုင်ရာ ဟောပြောပွဲများ၏ ကောင်းကျိုးများကို ဝါဒဖြန့်ခြင်းဖြင့် ၎င်း၏ လူ့အခွင့်အရေး အားပေးမြှင်တင်ရေးလုပ်ငန်း အကျိုးကျေးဇူးများကို အမွှမ်းတင်ရန် အတွက်သာ စိတ်အားထက်သန် နေပါသည်။ သို့သော်လည်း ထိုဟောပြောပွဲများကို တက်ရောက်ခဲ့သော လူများက ကော်မရှင်အဖွဲ့ဝင်များသည် တရားဝင်မှုမရှိသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ရန် သို့မဟုတ် မြှင့်တင်ရန်ပင် ဟောပြောနေမှုများ ရှိကြောင်း ပြန်ပြောကြသည်။ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်ရာဇဝတ်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အားဆန့်ကျင်သော ရာဇဝတ်မှုများကို ကျူးလွန်နေသည့် မြန်မာစစ်တပ်၏ နိုင်ငံရေးအာဏာကို အမြစ်တွယ်ခိုင်မာလာစေသော စာတမ်းတစ်ခုသာ ဖြစ်ပါသည်။ ထို့အပြင် ထိုဥပဒေက စစ်တပ်မှ ၎င်းကိုယ်တိုင် ကျူးလွန်သည့် ချိုးဖောက်မှုများအတွက် အဆုံးစွန်းသော စီရင်ပိုင်ခွင့်ကိုလည်း အာမခံပေးထားသည်။[38] ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ပြောဆိုခြင်းသည် မြန်မာနိုင်ငံရှိ ပြည်သူလူထု၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် ပေးရေး လုပ်ဆောင်နေသည့် NHRI တစ်ခု၏ သဘောထား မဖြစ်ရပါ။ ယင်းကဲ့သို့ ကာကွယ်ပြောဆိုချက်များက လူ့အခွင့်အရေးချိုးဖောက်သူသည် မြန်မာစစ်တပ်ဖြစ်နေပါက MNHRC အနေဖြင့် လူ့အခွင့်အရေးများကို မကာကွယ် မစောင့်ရှောက်နိုင်ခြင်း နှင့်/သို့မဟုတ် မကာကွယ် မစောင့်ရှောက်လိုခြင်း ဟူသော အရပ်ဘက်အသိုင်းအဝိုင်းများ၏ ပြစ်တင်ဝေဖန်မှုများကို  ထင်ဟပ်စေပါသည်။ မကြာသေးမီက ပြောင်းလဲခန့်အပ်မှုကြောင့် ကော်မရှင်သည် အရေးတကြီးနှင့် ဆိုးရွားသော လူ့အခွင့်အရေး ကိစ္စရပ်များကို ကိုင်တွယ်လိုသောဆန္ဒ ပိုမို ရှိလာနိုင်သော်လည်း ကော်မရှင်အဖွဲ့ဝင်သစ်များ၏ နောက်ခံသမိုင်းကြောင်းမှာ ယခင်ကော်မရှင်အဖွဲ့ဝင်များ၏ နောက်ခံသမိုင်းကြောင်းများနည်းတူ ထူးမခြားနားဘဲ ရှိနေသည်။ ထို့ကြောင့် ကော်မရှင်ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ရာတွင် ‌ဖွဲ့စည်းပုံပိုင်းဆိုင်ရာ/ဥပဒေပိုင်းဆိုင်ရာနှင့် လူပုဂ္ဂိုလ်ပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို တစ်ပြိုင်နက်တည်း တွဲဖက်လုပ်ဆောင်ရန် အခရာကျပါသည်။

 

အကြံပြုတိုက်တွန်းချက်များ

မြန်မာအစိုးရသို့

  • ကော်မရှင်ဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ပြင်ဆင်ချက်များကို အဆိုပြုရန် –
    • ပဋိပက္ခဖြစ်ပွားသောနယ်မြေများအတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးနိုင် ရန်အတွက် MNHRC အား လုပ်ပိုင်ခွင့်အာဏာ အခိုင်အမာပေးအပ်ရန် နှင့် လက်ရှိ ပဋိပက္ခဖြစ်ပွား နေသော နယ်မြေများနှင့် အပစ်အခတ်ရပ်စဲထားသော နယ်မြေများသို့ အတားအဆီးမရှိ သွားလာခွင့်ပြုရန်၊
    • ရွေးချယ်ရေးဘုတ်အဖွဲ့၏ ဖွဲ့စည်းပါဝင်မှုတွင် မှတ်ပုံတင်မထားသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း (Non-Governmental Organizations – NGO) များမှ အရပ်ဘက်လူမှုအသိုင်းအဝိုင်းကိုယ်စားလှယ်များ ပါဝင်စေရေး တိုးချဲ့ရန်၊
    • အလွှာစုံပါဝင်မှုစနစ်ကို အာမခံနိုင်ရန် မတူကွဲပြားသော စံသတ်မှတ်ချက်များအတွက် ခွဲတမ်းစနစ်ကို ထူထောင်ရန် ဥပမာအားဖြင့် ကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၏ အနည်းဆုံး သုံးပုံတစ်ပုံသည် အမျိုးသမီးများ၊ တိုင်းရင်းသားနှင့် ဘာသာရေးဆိုင်ရာ လူနည်းစုအသီးသီးတို့မှ လည်းကောင်း၊ လူ့အခွင့်အရေး အတွေ့အကြုံရှိသော အရပ်ဘက်အဖွဲ့အစည်းများမှလည်းကောင်း ပါဝင်လာရေး သတ်မှတ်ရန်၊
    • ကော်မရှင်အဖွဲ့ဝင်များထုတ်ပယ်ခြင်းအတွက် ၎င်းတို့၏ လုပ်ပိုင်ခွင်အာဏာကို ထမ်းဆောင်နိုင်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်နိုင်သည့် ရှင်းလင်းသော လုပ်ထုံးလုပ်နည်းစည်းမျဉ်းများနှင့် စံနှုန်းများရှိသည့် လွတ်လပ်သော ယန္တရားတစ်ခု ထူထောင်ရန်၊
    • ရွေးချယ်ရေးလုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာမှုရှိရေး၊ ဥပဒေနည်းလမ်းတကျ လုပ်ဆောင်ရေး၊ ရွေးချယ်ရေး ဘုတ်အဖွဲ့ဝင်များကို အများပြည်သူမှ သိရှိနိုင်ရန် ကြေညာခြင်း စသည့်စည်ကမ်းများ ချမှတ်ခြင်းဖြင့် အာမခံရန်၊
    • ရွေးချယ်ရေးဘုတ်အဖွဲ့တွင်ပါဝင်သော လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကို သမ္မတက မရွေးချယ်ဘဲ လွှတ်တော်ကသာ ရွေးချယ်ခြင်းအပါအဝင် ရွေးချယ်ရေးဘုတ်အဖွဲ့ ဖွဲ့စည်းခြင်းတွင် အုပ်ချုပ်ရေးပိုင်၏ ဩဇာသက်ရောက်မှုကို ဖယ်ရှားရန်၊
    • ဝန်ထမ်းရွေးချယ်ခန့်အပ်ရေး လုပ်ထုံးလုပ်နည်းများသည် အများပြည်သူ သိရှိနိုင်ပြီး လစ်လပ်နေရာများကို လူသိရှင်ကြား ကြော်ငြာခြင်းအားဖြင့် ပွင့်လင်းမြင်သာမှုရှိရေး သေချာစွာ အာမခံရန်၊
    • ထောင်များ၊ အချုပ်များ၊ ထိန်းသိမ်းရေးစခန်းများနှင့် ချုပ်နှောင်ရာနေရာများကို မကြေညာဘဲ သွားရောက်နိုင် ရန်အတွက် ကြိုတင်အကြောင်းကြားခြင်းနှင့်သက်ဆိုင်သော အသုံးအနှုန်းများအားလုံး ဖယ်ရှားရန်၊
    • တရားရုံးတစ်ခုခုတွင် ကြားနာနေဆဲအမှုဖြစ်စေ သို့မဟုတ် မြန်မာနိုင်ငံ တရားရုံးတစ်ခုခုက “အပြီးပြတ် ဆုံးဖြတ်ချက်” ချမှတ်ခဲ့ပြီးသည့်အမှုဖြစ်စေ MNHRC အနေဖြင့် ယင်းအမှုကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခွင့် ပြုရန်၊
    • MNHRC အဖွဲ့ဝင်လောင်းများ အမည်စာရင်း တင်သွင်းရေးအတွက် အရပ်ဘက်လူထုအဖွဲ့အစည်း များနှင့် ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ညှိနှိုင်းခြင်းဖြင့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်ချမှတ်ရန်၊
    • သက်ဆိုင်ရာဝန်ကြီးဌာနများ၏ တုံ့ပြန်ချက်သည် ကျေနပ်ဖွယ် မရှိပါက သို့မဟုတ် တုံ့ပြန်မှု လုံးဝ မရှိပါက MNHRC အနေဖြင့် တိကျခိုင်မာသော အရေးယူဆောင်ရွက်မှု လုပ်ဆောင်နိုင်သည့်အာဏာ ပေးအပ်ရန်၊
    • MNHRC အတွက် ဘဏ္ဍာငွေ လျာထားခြင်းကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခြင်းဖြင့် သဘောတူညီမှု ရယူရန်၊
    • ရသုံးမှန်းခြေငွေစာရင်း (ဘတ်ဂျက်) သည် ပွင့်လင်းမြင်သာမှုရှိပြီး အများပြည်သူ သိရှိနိုင်စေရေး အာမခံရန်နှင့် တစ်နိုင်ငံလုံးဆိုင်ရာ ရသုံးမှန်းခြေငွေစာရင်းထဲတွင် MNHRC အတွက် ဘတ်ဂျက်လိုင်းတစ်ခု ထည့်သွင်းရန်၊ နှင့်
    • MNHRC ၏ အစီရင်ခံစာများနှင့် တွေ့ရှိချက်များကို ပုံမှန်၊ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ထုတ်ဝေရေး အာမခံရန်၊
  • MNHRC ၏ စုံစမ်းစစ်ဆေးမှုများကို ဝင်ရှောက်စွက်ဖက်ခြင်းမှ ရှောင်ကျဉ်ရန်နှင့် ကော်မရှင်ထံ၏ အကြံပြု တိုက်တွန်းချက်များကို လေးစားလိုက်နာပြီး တာဝန်ယူဆောင်ရွက်ပေးမည့် နိုင်ငံရေးစိတ်ဆန္ဒကို ထုတ်ဖော်ပြသရန်၊ နှင့်
  • စစ်တပ်ကို အရပ်သားအုပ်ချုပ်မှုအောက်တွင် ထားရှိရန်၊ ပြစ်ဒဏ်ကင်းလွတ်နေမှုကို အဆုံးသတ်ရန် နှင့် MNHRC အနေဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရာတွင် သီးခြားလွတ်လပ်ပြီး ဘက်လိုက်မှုမရှိဘဲ ၎င်း၏ လုပ်ပိုင်ခွင့်အာဏာကို အလေးထားလုပ်ဆောင်သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီသည့် အဖွဲ့တစ်ဖွဲ့  ဖြစ်လာစေရန်အတွက်  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်။

မြန်မာနိုင်ငံလွှတ်တော်သို့

  • MNHRC ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍လည်းကောင်း၊ ၎င်း၏ နှစ်ပတ်လည် အစီရင်ခံစာနှင့် ပတ်သက်၍ လည်းကောင်း၊ လွှတ်တော်အစည်းအဝေးများတွင် အဓိပ္ပါယ်ရှိသော အချေအတင်ဆွေးနွေးမှု ပုံမှန် လုပ်ဆောင်ရန်နှင့် အရေးပေါ် နှင့်/သို့မဟုတ် ဆွေးနွေးရန်လိုအပ်သော ကိစ္စရပ်များရှိလာပါက လိုအပ်သလို ဆွေးနွေးသွားရန်၊
  • ကော်မရှင်ဥပဒေ ပြင်ဆင်ခြင်းများအပါအဝင် MNHRC နှင့်ပတ်သက်သာ အများပြည်သူ ကြားနာပွဲများ ကျင်းပလုပ်ဆောင်ရန်၊ နှင့်
  • အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကော်မရှင်ဥပဒေ ပြင်ဆင်ရေးအတွက် အဆိုတင်သွင်းရန်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့

  • ကော်မရှင်ဥပဒေကို ပါရီအခြေခံမူများနှင့် ကိုက်ညီမှုရှိစေရေးအတွက် “ကျယ်ကျယ်ပြန့်ပြန့်၊ လွတ်လွတ် လပ်လပ်နှင့် ရည်ရွယ်ချက်ရှိရှိ”[39] ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုရန်၊
  • ကော်မရှင်ဥပဒေကို ပါရီအခြေခံမူများနှင့်အညီ ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် အစိုးရနှင့် လွှတ်တော်ကို ဖိအားပေးရာတွင် ပိုမိုတက်ကြွစွာ ရှေ့ဆောင်လမ်းပြရန်၊
  • နိုင်ငံတကာသဘောတူစာချုပ်များ အထူးသဖြင့် မြန်မာနိုင်ငံက လက်မှတ်မထိုးရသေးသော အဓိကကျသည့် နိုင်ငံတကာ လူ့အခွင့်အရေးသဘောတူစာချုပ်များကို လက်မှတ်ရေးထိုးရေးနှင့် အတည်ပြုရေးတို့အတွက် လွှတ်တော်အား တက်ကြွစွာအားပေးရန် နှင့် နိုင်ငံတကာယန္တရားများ၊ သဘောတူစာချုပ်အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်ရန်၊
  • GANHRI-SCA က ပေးထားသော အကြံပြုတိုက်တွန်းချက်များကို ပြန်လည်သုံးသပ်ရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်၊
  • MNHRC ၏ လုပ်ငန်းများတွင် ပါရီအခြေခံမူများ၊ မယ်ရီဒါကြေညာစာတမ်း၊ မားရကစ်ချ် ကြေညာစာတမ်း နှင့် ဘဲလ်ဂရိတ်အခြေခံမူများကဲ့သို့သော[40] NHRI များနှင့်သက်ဆိုင်သည့် နိုင်ငံတကာ သဘောတူညီချက်များကို လေးစားလိုက်နာစောင့်ထိန်းရေး သေချာစွာ လုပ်ဆောင်ရန်၊
  • ကော်မရှင်သို့ တိုင်ကြားချက်များ ရောက်လာသည်ကို စောင့်ဆိုင်းခြင်းထက် လူ့အခွင့်အရေးချိုးဖောက်မှု သတင်းအချက်အလက်များ ရှာဖွေခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း လုပ်ဆောင်မှုများကို စတင်ဆောင်ရွက်ရန်၊
  • အုပ်ချုပ်ရေးပိုင်း၊ လွှတ်‌တော်၊ မြန်မာစစ်တပ်နှင့် ဥပဒေထိန်းသိမ်းရေးဌာနခွဲတို့အကြား သတင်းအချက်အလက် မျှဝေပေးရာတွင် တိုင်ကြားသူများနှင့် မျက်မြင်သက်သေများမှ လက်တုံ့ပြန်အရေးယူခံရမှု မရှိစေရေး ကာကွယ်နိုင် ရန်အတွက် ပုဂ္ဂိုလ်ရေးအချက်အလက်များကို ထိန်းသိမ်းထားရေးနှင့် လျှို့ဝှက်ထားရေးကို အာမခံရန်၊
  • လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် အကြံပြုတိုက်တွန်းချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများ အထူးသဖြင့် အစိုးရဝန်ကြီးဌာနများမှ လေးစားလိုက်နာပြီး အကောင်အထည်ဖော်ဆောင်ရွက်ရေး သေချာစေရန် ပြည်သူလူထုဖိအားဖြင့် တွဲဖက်လုပ်ဆောင်ရန်၊
  • လူ့အခွင့်အရေးချိုးဖောက်မှုခံရသော နစ်နာသူများအား ရေရှည်ဖြစ်သော စနစ်တကျ အထောက်အကူ ပေးရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအစီအစဉ်များကို ပံ့ပိုးကူညီပေးရန်၊
  • တိုင်ကြားမှုများလက်ခံခြင်းနှင့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခြင်းအပါအဝင် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်မှု ရှုထောင့်အချို့ကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့်ပတ်သက်၍ အရပ်ဘက်လူမှုအသိုင်းအဝိုင်းများထံမှ အထောက်အပံ့ရယူရန်၊
  • MNHRC ၏ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနှင့် အားပေးမြှင့်တင်ရေး လုပ်ပိုင်ခွင့်အာဏာနှင့် ပတ်သက်၍ ဘေးဖယ်ကျဉ်ခံရသော၊ ထိရှလွယ်သော အထူးသဖြင့် တိုင်းရင်းသား နှင့် ဘာသာရေး လူနည်းစု အသိုင်းအဝိုင်းများအား ပညာပေးနိုင်ရန် လုံလောက်သော ရင်းမြစ်များဖြင့် ကျေးလက်ဒေသ များတွင် ရုံးခွဲများ ပိုမို ဖွင့်လှစ်ရန်၊
  • ထုတ်ဝေသည့် စာရွက်စာတမ်းများအားလုံးကို မြန်မာမဟုတ်သော တိုင်းရင်းသား ဘာသာများဖြင့် တက်နိုင်သမျှ ဘာသာပြန်ဆိုပြီး သက်ဆိုင်ရာ ရပ်ရွာလူထုအသိုင်းအဝိုင်းများထံသို့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိရေး အာမခံရန်၊ နှင့်
  • အဖွဲ့ငယ်သော အရပ်ဘက်လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းများနှင့် မြေပြင်ရှိ လူထုအခြေပြုအဖွဲ့အစည်း များကို သွားရောက်တွေ့ဆုံခြင်း လှုပ်ရှားမှုများဖြင့် ထိတွေ့ဆက်ဆံမှုများ ပိုမို လုပ်ဆောင်ရန်။

[1] ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ၊ ကရင်လူ့အခွင့်အရေးအဖွဲ့ ၊ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ၊ စစ်မှန်သော ပြည်သူ့ကျေးကျွန်အဖွဲ့ ၊ ညီမျှခြင်းမြန်မာ၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ၊ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၊ မျိုးဆက်လှိုင်း၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊  မြန်မာ့အရေးလေ့လာသူများအဖွဲ့ ၊ ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့ ၊ ရှေ့ပြေးအသံအဖွဲ့၊ လောကအလင်း၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့၊ လူ့အခွင့်အရေးပညာပေးသူများကွန်ရက်၊ အနာဂတ်အလင်းတန်းဆုံမှတ်၊ အသံ – လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့၊ မြန်မာလူထုမဟာမိတ် (ရှမ်းပြည်)၊ Synergy – လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့ ၊ Metta Campaign – Mandalay နှင့် The Seagull:Human Rights, Peace & Development တို့မှ UPR အလုပ်အဖွဲ့၏ ၃၇ ကြိမ်‌မြောက်အစည်းအဝေးသို့ တင်သွင်းသော ပူးတွဲတင်ပြချက်ဖြစ်ပါသည်။

[1] Report of the Working Group on the Universal Periodic Review, A/HRC/31/13.

[2] ‘Formation of Myanmar National Human Rights Commission,’ President Thein Sein, 5 September, 2011. Available at http://www.burmapartnership.org/2011/09/formation-of-myanmar-national-human-rights-commission/.

[3] See ‘Burma: All Shook Up’ By Burma Partnership, Equality Myanmar, and Smile Education and Development Foundation, 18 September, 2015. Available at http://www.burmapartnership.org/wp-content/uploads/2015/09/1-Burma-FINAL-04-August-2015.pdf and ‘Suspicious Minds: The Myanmar National Human Rights Commission’s Trust Deficit,’ by Action Committee for Democracy Development, Progressive Voice and Smile Education and Development Foundation, 29 September, 2017. Available at https://progressivevoicemyanmar.org/2017/11/29/suspicious-minds-the-myanmar-national-human-rights-commissions-trust-deficit/.

[4] Nyein Nyein, ‘Reform of Myanmar Human Rights Commission Lacks Transparency, Critics Say,’ The Irrawaddy, 15 January, 2020. Available at: https://www.irrawaddy.com/news/burma/reform-myanmar-human-rights-commission-lacks-transparency-critics-say.html.

[5] Report and Recommendations of the Session of the Sub-Committee on Accreditation (SCA), Section 2.3. International Coordinating Committee of National Institutions for the Promotion and Protection of Human Rights, 16-20 November, 2015. Available at: https://nhri.ohchr.org/EN/AboutUs/GANHRIAccreditation/Documents/SCA%20FINAL%20REPORT%20-%20NOVEMBER%202015-English.pdf.

[6] ‘Recommendations on Reform of the Myanmar National Human Rights Commission Law,’ CSO Working Group on MNHRC Reform, 3 August, 2019. Available at: https://progressivevoicemyanmar.org/2019/08/03/recommendations-on-reform-of-the-myanmar-national-human-rights-commission-law/.

[7] Myanmar President Office Facebook Page, accessed 12 January, 2020, https://www.facebook.com/myanmarpresidentoffice.gov.mm/posts/1624255190955544.

[8] General Observations of the Sub-Committee on Accreditation (SCA), Section 1.8.  Global Alliance of National Human Rights Institutions. February 2018. Available at: https://nhri.ohchr.org/EN/AboutUs/GANHRIAccreditation/General%20Observations%201/EN_GeneralObservations_Revisions_adopted_21.02.2018_vf.pdf.

[9] Nyein Nyein, ‘Reform of Myanmar Human Rights Commission Lacks Transparency, Critics Say,’ The Irrawaddy, 15 January, 2020. Available at: https://www.irrawaddy.com/news/burma/reform-myanmar-human-rights-commission-lacks-transparency-critics-say.html.

[10] Report and Recommendations of the Session of the Sub-Committee on Accreditation (SCA), Section 2.3.

[11] For example, the APF Biennial Conference, Bangkok, 30 November 2017. 

[12] Report of the Independent International Fact-finding Mission on Myanmar. A/HRC/39/64. Human Rights Council. 27 August 2018. pp.408-409. Available at https://www.ohchr.org/en/hrbodies/hrc/myanmarFFM/Pages/ReportoftheMyanmarFFM.aspx.

[13] Myanmar: Deaths in Army Custody Need Independent Inquiry,’ Human Rights Watch,  6 May, 2019, available at: https://www.hrw.org/news/2019/05/06/myanmar-deaths-army-custody-need-independent-inquiry?fbclid=IwAR039bIlxpVrCbVBzuVqiY6s4Nizrssx6j2Dg6EcEiEfAeDnmQaFUTtK8i0.

[14] Statement of MNHRC,’ MNHRC. 3 May, 2019. Available at https://www.facebook.com/myanmarnhrc/?epa=SEARCH_BOX.

[15] ‘MNHRC Must Take Stand on Extrajudicial Killings of Rakhine Villagers,’ CSO Working Group on MNHRC Reform, 14 May, 2019, available at: https://progressivevoicemyanmar.org/2019/05/14/mnhrc-must-take-stand-on-extrajudicial-killings-of-rakhine-villagers/.

[16] Wai Mar Tun, Ye Tike, and Tin Aung Khine, ‘Myanmar Human Rights Commission Backs Army’s Story of Kyauktan Shootings,’ Radio Free Asia, 13 June 2019, available at: https://www.rfa.org/english/news/myanmar/story-06132019170639.html

[17] Ibid.

[18] Lawi Weng, ‘Govt Rights Body Says Two Kachin Men Found Dead were KIA Fighters,’ The Irrawaddy, 4 June 2018, available at: https://www.irrawaddy.com/news/burma/govt-rights-body-says-two-kachin-men-found-dead-were-kia-fighters.html.

[19] Ibid.

[20] ‘Suspicious Minds,’ 2017.

[21] Myanmar President Office Facebook Page, accessed 12 January, 2020, https://www.facebook.com/myanmarpresidentoffice.gov.mm/posts/1624255190955544.

[22] The Myanmar National Human Rights Commission Law, Section 7.

[23] Report and Recommendations of the Session of the Sub-Committee on Accreditation (SCA), Section 2.3.

[24] General Observations of the SCA, Section 1.10.

[25] The Myanmar National Human Rights Commission Law, Section, 46.

[26] “MNHRC failing to protect human rights, says NGOs,” DVB, 4 December, 2017. Available at http://www.dvb.no/news/mnhrc-failing-to-protect-human-rights-say-ngos/78709.

[27] ‘The Myanmar National Human Rights Commission Annual Report 2016 (English),’ The Myanmar National Human Rights Commission, 9 September, 2017. Available at http://www.mnhrc.org.mm/en/publication/2016-annual-report-english/.

[28] General Observations of the SCA, Section 1.10.

[29] Report and Recommendations of the Session of the Sub-Committee on Accreditation (SCA). Section 2.3.

[30] The Myanmar National Human Rights Commission Annual Report 2016 (English).

[31] Report and Recommendations of the Session of the Sub-Committee on Accreditation (SCA). Section 2.3.

[32] The Myanmar National Human Rights Commission Law, 28 March, 2014. Section 3.

[33] Ibid.

[34] MNHRC, Statement by the Myanmar National Human Rights Commission on the arrest of two journalists, 21 December 2017, available at: http://www.mnhrc.org.mm/st-146300-2/.

[35] ‘Statement on the sentencing of journalists Ko Wa Lone and Ko Kyaw Soe Oo of Reuters News Agency,’ MNHRC. 4 September, 2018, available at: http://www.mnhrc.org.mm/en/statement-on-the-sentencing-of-journalists-ko-wa-lone-and-ko-kyaw-soe-oo-of-reuters-news-agency-statement-no-92018/.

[36] See Report of the Working Group on the Universal Periodic Review, A/HRC/31/13, para. 145.

[37] See Report of the Working Group on the Universal Periodic Review, A/HRC/31/13, para. 143.

[38] ‘Myanmar – Tatmadaw Leaders Must be Investigated for Genocide, Crimes against Humanity, War Crimes – UN Report,’ UN Independent International Fact-Finding Mission on Myanmar,  27 August, 2018, available at: https://www.ohchr.org/EN/NewsEvents/Pages/DisplayNews.aspx?NewsID=23475&LangID=E.

[39] Report and Recommendations of the Session of the Sub-Committee on Accreditation (SCA). Section 2.3..

[40] The Merida Declaration describes the role of NHRIs in implementing the Sustainable Development Goals and the Belgrade Principles outline how NHRIs and legislative bodies should work together.


ပူးတွဲတင်ပြချက်အပြည့်အစုံကို မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာ ဖြင့်ရယူရန်။

ပူးတွဲတင်ပြချက်အချက်အလက် အကျဥ်းချုပ်ကို ဤနေရာတွင် ရယူပါ။

Related Posts:

Send this to a friend