Statement 49 Views

သတင်းထုတ်ပြန်ကြေညာချက် – တရားမျှတမှုဆီရှေးရှုလျက် အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းထုတ်ပြန်မှုကို ကြိုဆိုထောက်ခံ

February 25th, 2025  •  Author:   Progressive Voice  •  1 minute read
Featured image

သတင်းထုတ်ပြန်ကြေညာချက်

တရားမျှတမှုဆီရှေးရှုလျက် အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းထုတ်ပြန်မှုကို ကြိုဆိုထောက်ခံ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၅ ရက်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၃ ရက်နေ့တွင် အာဂျင်တီးနားနိုင်ငံ၏ ဖက်ဒရယ်ရာဇဝတ် တရားရုံး တစ်ရုံးမှ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၊ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်ဘက်ခေါင်းဆောင်နှင့် အရပ်ဘက်အစိုးရအရာရှိ ၂၅ တို့ဦးကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။ မိမိတို့ရှေ့ပြေးအသံအဖွဲ့အနေဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်ကို ကြိုဆိုထောက်ခံသည်။

တရားရုံး၏ ဆုံးဖြတ်ချက်သည် ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သော ရာဇဝတ်မှုများနှင့်စပ်လျဥ်း၍ ဆက်လက်လုပ်ဆောင်နေသော ၎င်းစုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်ဟု မိမိတို့မှ နားလည်သည်။ ရှည်ကြာပြီး စိန်ခေါ်မှုများပြည့်နှက်သော ရိုဟင်ဂျာများ အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးအတွက် အလွန်အရေးကြီးသည့် အခိုက်အတန့်တစ်ခုကို ဖော်ပြလိုက်သည့် ဤဘက်လိုက်မှုကင်းပြီး လွတ်လပ်သောဆုံးဖြတ်ချက်ကို မိမိတို့မှ ကြိုဆိုထောက်ခံ သည်။ ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော မြန်မာစစ်တပ်၏ လူမျိုးသုဉ်းသတ်ဖြတ်မှု နှင့်စပ်လျဉ်း၍ ဖမ်းဝရမ်းများထုတ်ပြန်ခြင်းမှာ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။

ဤဖမ်းဝရမ်းထုတ်ပြန်မှုသည် အဆိုပါ နိုင်ငံတကာရာဇဝတ်မှုများအတွက် ပြစ်မှုထင်ရှားကြောင်း သို့မဟုတ် တာဝန်ရှိကြောင်း စီရင်ဆုံးဖြတ်ခြင်းမဟုတ်ဘဲ စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် အမည်ဖော်ပြထားသူ ၂၅ ဦးကို တရားရုံးရှေ့မှောက် သက်သေထွက်ဆိုရန် အတွက် ဆင့်ခေါ်ရန်သာ ရည်ရွယ်ခြင်း ဖြစ်သည်ဟု မိမိတို့မှ နားလည်သဘောပေါက်ပါသည်။ အဆိုပါပုဂ္ဂိုလ်များသည် တရားမျှတသော နိုင်ငံတကာတရားစီရင်မှု ရရှိပိုင်ခွင့်နှင့် ၎င်းတို့၏ ခုခံချေပချက်တွင် အထောက်အထားများ တင်သွင်းနိုင်သည့် အခွင့်အလမ်း အပါအဝင် နိုင်ငံတကာတရားရေးစံသတ်မှတ်ချက်များနှင့်အညီ ဆက်ဆံခံရမည်ဟုလည်း မိမိတို့မှ ယုံကြည်ပါသည်။

ဘက်လိုက်မှုကင်းခြင်းသည် ရိုဟင်ဂျာများသာမက မြန်မာပြည်သူများအားလုံးအတွက် တရားမျှတမှု ရရှိရန်နှင့် တာဝန်ယူမှုတာဝန်ခံမှုတို့ ရှိလာစေရန် အခြေခံကျသည်ဟု မိမိတို့မှ အခိုင်အမာ ယုံကြည်သည်။ အာဂျင်တီးနာနိုင်ငံသို့ သံသယတရားခံလွှဲအပ်ရေး စတင်ဆောင်ရွက်နိုင်ရန် ထိုအမည်ဖော်ပြခံထားရသော လူပုဂ္ဂိုလ် ၂၅ တို့အတွက် အနီရောင်အသိပေးစာများ (Red Notices) ထုတ်ပြန်ပေးရေး နိုင်ငံတကာရာဇဝတ်ထိန်းသိမ်းရေးရဲတပ်ဖွဲ့ (INTERPOL) အားတောင်းဆိုပါရန် အာဂျင်တီးနားအစိုးရအား မိမိတို့က တိုက်တွန်းတောင်းဆိုသည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

  • ဒေါ်ခင်ဥမ္မာ၊ ဥက္ကဋ္ဌ၊ ရှေ့ပြေးအသံအဖွဲ့၊ [email protected]

PDF ဖိုင်ကိုရယူရန် မြန်မာဘာသာအင်္ဂလိပ်ဘာသာ