By MPA ဗလမင်းထင် (ဆောင်းပါး)
“နောက်ဆုံးတော့ တရားခံကို ထိုင်းအာဏာပိုင်တွေဆီ အပ်နိုင်ခဲ့ပြီ” ဟု ထိုင်းနိုင်ငံ၊ မဲဆောက်တွင် အိမ်တွင်းအကြမ်းဖက်မှုဖြင့် သေဆုံးခဲ့သည့် မထက်ထက်ဇော်၏ အမှုကို ပထမဦးဆုံး ထုတ်ဖော်ခဲ့သူ Sisters 2 Sisters အဖွဲ့မှ မထိပ်ထားက ပြောသည်။
လွန်ခဲ့သည့် သုံးလခန့်ကတည်းက သေဆုံးခဲ့သူ မြန်မာနိုင်ငံသား မထက်ထက်ဇော်၏ ရုပ်အလောင်း မှာ မဲဆောက်ဆေးရုံကြီး၏ ရေခဲတိုက်ထဲတွင် တရားမျှတမှု ရရှိရန်နှင့် အလောင်းထုတ်ယူသင်္ဂြိုဟ် ခွင့်ရရန် စောင့်ဆိုင်းနေခဲ့သည်မှာ မကြာမီ အဆုံးသတ်တော့မည် ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဧပြီလဆန်းက စင်ကာပူတွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် မထက်ထက်ဇော်သည် သူ၏ ခင်ပွန်းဖြစ်သူ ကိုဇော်ဝင်းထွဋ် ( ခေါ်) ဝဠာရှိရာ မဲဆောက်မြို့သို့ ရောက်ရှိလာသည့်အချိန်တွင် အကြမ်းဖက်ခံခဲ့ရပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။
မထက်ထက်ဇော် မဲဆောက်သို့ ရောက်ရောက်ချင်းနေ့မှာပင် စကားများခဲ့ကြကာ ဝဠာက လက်သီး ဖြင့် အချက်ပေါင်းများစွာထိုးခဲ့သောကြောင့် မယ်တော်ဆေးခန်းတွင် အရင်ဆုံး ဆေးကုသခဲ့ရသည်။ ထို့နောက် မယ်တော်ဆေးခန်း၌ ကုသရန် မနိုင်သောကြောင့် မဲဆောက်ဆေးရုံကြီးတွင် ဆက်လက် ကုသခဲ့ရပြီး ထိုမှတစ်ဆင့် ဧပြီနှစ်ရက်တွင် Buddhachinaraj ဖိစနုလွတ်ခ် ခရိုင်ဆေးရုံကြီးသို့ ပို့ ဆောင်ကုသခဲ့ရသည်။
သို့သော် လူနာသည် ဦးနှောက်သွေးယိုစီးမှု ပြင်းထန်သောကြောင့် ဧပြီခြောက်ရက်တွင် သေဆုံးခဲ့ ကြောင်း မဲဆောက်ဆေးရုံမှတ်တမ်းအရ သိရသည်။ ထို့နောက် မိသားစုဝင်များက အလောင်းလက်ခံ ထုတ်ယူနိုင်ရန် ယင်းရုပ်အလောင်းအား မဲဆောက်ဆေးရုံကြီးသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ရသည်ဟု ဆို သည်။
ဝဠာသည် တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားနေသူတစ်ဦးဖြစ်ကာ အခင်းဖြစ်ပြီးနောက် မြန်မာနိုင်ငံ ဘက်ခြမ်းသို့ တိမ်းရှောင်သွားခဲ့ရာ ၎င်းကို ကရင်ပြည်နယ်၊ ကော်သူလေးနယ်မြေရှိ ဗိုလ်အယ်စေးဝါး ဦးဆောင်သည့် Lion Battalion Commando စစ်ကြောင်း၌ ထိန်းသိမ်းထားခဲ့ကြောင်း သိခဲ့ရသည်။
ထိုသို့သိရှိပြီးနောက် ဝဠာကို ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးရေးအတွက် Lion Battalion အဖွဲ့သို့ ဇွန်လ ၂၁ ရက်နေ့တွင် မေတ္တာရပ်ခံစာတစ်စောင် ပေးပို့ခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မထိပ်ထားက “ထိုင်းမှာဖြစ်တဲ့ အမှုကိစ္စဖြစ်လို့ ထိုင်း တရားစီရင်ရေးနဲ့ပဲ သွားရမယ်။ တရားခံ (သံသယရှိသူ) က ထိုင်းမှာ ပန်းရောင်ကတ် ထုတ်ထားတယ်။ အဲဒီတော့ ထိုင်းရဲ့ အလုပ်သမား ဖြစ်တာပေါ့နော်။ ထိုင်းပိုင်နက်မှာ ဖြစ်သွားတဲ့ ကိစ္စမို့ သူ့တရားစီရင်ရေးနဲ့ သူ့ဥပဒေ အတိုင်း သွားဖို့နဲ့ ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေး ရရှိဖို့အတွက် Lion Battalion ကို ကျမတို့ တောင်းဆိုခဲ့တာ” ဟု ပြောသည်။
Lion Battalion အဖွဲ့က ဝဠာကို ဖမ်းဆီး ထိန်းသိမ်းထားပြီး သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းထံသို့ အပ်နှံနိုင်ရန် ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း၊ ၎င်းတို့အဖွဲ့အနေဖြင့် ထိုကဲ့သို့ အိမ်တွင်းအကြမ်းဖက် ဖြစ်စဉ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနှင့် တရားမျှတမှုရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်ပြီးသော်လည်း ဝဠာကို လွှဲပြောင်းပေးရေး အခက်အခဲများ ရှိနေသည်ဟုဆို၏။ ထို့အ ပြင် သေဆုံးသူ၏ အဝေးရောက်ဆွေမျိုးများအနေဖြင့် အလောင်းထုတ်ယူရန်နှင့် သင်္ဂြိုဟ်ရေး ကိစ္စများ လာရောက်ဆောင်ရွက်နိုင်ရန် လမ်းခရီးနှင့် ငွေကြေးအခက်အခဲများ ရှိနေခြင်းကြောင့် သေဆုံးသူ၏ ရုပ်အလောင်းမှာ ပိုင်ရှင်မဲ့အနေဖြင့် မဲဆောက်ဆေးရုံကြီးတွင်သာ ဆက်လက်ရှိ နေခဲ့သည်။
ယင်းနောက် အဆိုပါ ရုပ်အလောင်းအား လာရောက်လက်ခံထုတ်ယူခြင်း မရှိသဖြင့် မိသားစုဆွေမျိုးများထံသို့ ဆက်သွယ်ခြင်း သို့မဟုတ် သင့်တော်သော အခြားလုပ်ငန်းစဉ်များကို ဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ အကူအညီတောင်းသည့် တရားဝင်စာတစ်စောင်ကို ဇွန်လ ၂၇ ရက်တွင် မဲဆောက်ဆေးရုံကြီးမှ ပေးပို့ခဲ့သည်။
ထို့ကြောင့် မြန်မာသံရုံး (ဘန်ကောက်) ကလည်း မထက်ထက်ဇော်၏ သေဆုံးဖြစ်စဉ်နှင့် ပတ်သက်၍ သင်္ဂြိုဟ်ရေး ကိစ္စများ ဆောင်ရွက်နိုင်ရန် မိဘဆွေမျိုးသားချင်းနှင့် မထက်ထက်ဇော်၏ မိဘဆွေမျိုး သားချင်းများနှင့် ဆက်သွယ်မှုရှိသူများအနေဖြင့် Comment Box မှတစ်ဆင့် အဆက်အသွယ်ပြုလုပ် ရန် ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ မေတ္တာရပ်ခံထားကြောင်း တွေ့ရှိရသည်။
ဇူလိုင် ခုနှစ်ရက်တွင်မူ Lion Battalion Commando စစ်ကြောင်းမှ ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းရေးကိစ္စကို အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိတွင် ဝဠာကို မဲဆောက်ရဲစခန်း၌ ဖမ်းဆီးထားကာ အမှုဖွင့်တရားစွဲဆိုရန် ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း မထိပ်ထား၏ ပြောပြချက်အရ သိရသည်။
ယင်းအမှုကို လိုက်ပါဆောင်ရွက်နေသူ မဲဆောက်ရဲစခန်းမှ အမည်မဖော်လိုသူ တာဝန်ရှိ ရဲအရာရှိတစ်ဦးက “ဒီအမှုက အနည်းဆုံး ထောင်ဒဏ် နှစ် ၂၀ ကျခံရနိုင်တယ်။ တရားခံ(သံသယ ရှိသူ) ကလည်း အပြစ်ကို ဝန်ခံထားပြီးပြီ”ဟုဆိုကြောင်း မထိပ်ထားထံက သိရသည်။
ယင်းအမှုမှာ စိတ်မထိန်းနိုင်သဖြင့် လုပ်လိုက်မိသည့် ၎င်း၏အမှားဖြစ်ကြောင်း ဝဠာကလည်း ဝန်ခံသည်။
“ကျတော် ဝန်ခံပါတယ်။ ကျတော် ထွက်ပြေးနေတာ မဟုတ်ပါဘူး။ ဆေးရုံက ဆေးကုသစရိတ် တောင်းတဲ့အခါ မပေးနိုင်လို့ ရှောင်တိမ်းမိတာပါ။ ဘုန်းကြီးသွားဝတ်နေတယ် ဆိုတာကလည်း ကျတော် နောင်တရနေလို့ပါ။ ကျတော် အဖမ်းခံဖို့ ကြိုးစားကြည့်ပါသေးတယ်။ မြန်မာဘက်ကို ပြန်ပို့မှာစိုးတာကြောင့် ကျတော် အဖမ်းမခံခဲ့တာပါ” ဟုဝဠာကပြောကြောင်း မထိပ်ထားထံက သိရသည်။
တရားဥပဒေစိုးမိုးမှုမရှိသေးသည့်ကာလ၊ လုံခြုံမှုကင်းမဲ့နေသော လက်ရှိတော်လှန်ရေးကာလတွင် အမျိုးသမီးများ အခွင့်အရေးချိုးဖောက်ခံရမှု၊ အကြမ်းဖက်ခံရမှုများကို ပိုမိုစိုးရိမ်ဖွယ်တွေ့လိုက်ရ သည့် အနေအထားဖြစ်ကြောင်း အမျိုးသမီးရေးကိစ္စများကို ဦးစားပေးဆောင်ရွက်နေသော ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောသည်။
“ဒီကိစ္စက အိမ်တွင်းအကြမ်းဖက်မှုအပြင် ရာဇဝတ်မှုမြောက်ပါတယ်။ တရားဥပဒေစိုးမိုးမှု မရှိနိုင်သေးတဲ့ လုံခြုံမှုကင်းမဲ့နေတဲ့ အခုလို တော်လှန်ရေးအချိန်ကာလမှာ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ အခွင့်အရေးချိုးဖောက်ခံရမှု၊ အကြမ်းဖက်ခံရမှုတွေကို ပိုမိုစိုးရိမ်ဖွယ်တွေ့ မြင်ရသလို တရားမျှတမှုဖော်ဆောင်ရေးနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းမှာ လည်း စိန်ခေါ်ချက် ကြီးမားပါတယ်” ဟု ၎င်းက ပြောသည်။
ကျူးလွန်သူကို အခင်းဖြစ်ပွားရာ နေရာဒေသ၌ရှိသော သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရ ထိရောက်စွာ အပြစ်ပေးအရေးယူမှု ပြုလုပ်နိုင်ရန် အထူးအရေးကြီးသလို ယင်းကဲ့သို့ အမျိုးသမီးများ လူ့အခွင့်အ ရေး ချိုးဖောက်ခံရခြင်းများကို နွေဦးတော်လှန်ရေးနှင့်အတူ အမြစ်ပြတ် တိုက်ထုတ်ရန်လိုကြောင်း ဒေါ်ခင်ဥမ္မာက ပြောသည်။
“ဒါမှပဲ တော်လှန်ရေး နိုင်သွားတဲ့အခါ နွေဦးတော်လှန်ရေးက စစ်အုပ်စုကိုတင် ဖယ်ရှားနိုင်တာမဟုတ်ဘဲ အမြစ်တွယ်နေတဲ့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် အကြမ်းဖက်မှုတွေနဲ့ သံသရာလည်နေတဲ့ စနစ်ကြီးတစ်ခုလုံးကို ပြောင်းလဲနိုင်မှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့အပြင် ထိုင်းနိုင်ငံတွင် မည်သည့်နိုင်ငံသားဖြစ်စေ၊ အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ပေး သည့် ဥပဒေရှိပြီး အထောက်အထားရှိရှိ၊ မရှိရှိ အကာအကွယ်ရနိုင်သည်ဟု မဲဆောက်အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ တွဲဘက်အတွင်းရေးမှူး ဒေါ်စုလှိုင်ထွန်းက ဆိုသည်။
“ထိုင်းအမျိုးသမီး၊ မြန်မာအမျိုးသမီး အဲဒီလို ဥပဒေက ခွဲခြားပြီး ပြဌာန်းထားတာ မဟုတ်ဘူး။ အဲဒီ တော့ ဒီဥပဒေရဲ့အောက်မှာ ထိုင်းအမျိုးသမီးဖြစ်စေ၊ တခြားနိုင်ငံကဖြစ်စေ သူတို့ ဥပဒေပြဌာန်း ချက်အောက်မှာပဲ အကာအကွယ် ရပါတယ်။ အထောက်အထား ရှိရှိ မရှိရှိပေါ့။ အထောက်အထား မရှိရင်တော့ တချို့အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တာတွေရှိပေမယ့် ပြစ်မှုဆိုင်ရာဥပဒေအရ မိမိနစ်နာဆုံးရှုံးမှုအတွက် အကာအကွယ် ရနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။ ယခုအမှုကိစ္စကို Lion Battalion ကဲ့သို့ တော်လှန်ရေးအင်အားစုနှင့် Sisters 2 Sisters အဖွဲ့၏ ကြိုးစားအားထုတ်မှုများကြောင့် ကျူးလွန်သူကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် မေလနှစ်ရက်၊ အမျိုးသားညီညွတ်ရေးအစိုးရ( NUG )ကို တိုင်ကြားခဲ့သည့် မဲဆောက်ရှိ ပညာရေးစီဒီအမ်တစ်ယောက်၏ အသက် ငါးနှစ်အရွယ်သမီးငယ်ကို NLD ပါတီဝင်တစ်ဦးက သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သည်ဆိုသည့်အမှုမှာမူ ပျောက်ဆုံးလျက်ရှိသည်။ NUG ဘက်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု ပြောကြားခဲ့သော်လည်း ယခုအချိန်အထိ ဘာမှဖြစ်မလာဘဲ သတင်းအစအနပါ ပျောက်ဆုံးနေခြင်း ဖြစ်သည်။
အမျိုသမီးနှင့် ကလေးငယ်များအပေါ် အကြမ်းဖက်မှုများကို ကာကွယ်ရန်နှင့် အကြမ်းဖက်ခံရမှုများ ကို ဖော်ထုတ်အရေးယူနိုင်ရန် NUG အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် အဖွဲ့အစည်းများတွင် အပြည့်အဝ တာဝန်ရှိကြောင်း ရှေ့ပြေးအသံအဖွဲ့တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောသည်။
“NUG က ၂၀၂၁ ခုနှစ်မှာ Code of Conduct တစ်ခေါက်ထွက်တယ်။ အခု သိပ်မကြာသေးခင်ကပဲ နောက်တစ်ခေါက် အသေးစိတ် ထပ်ထွက်တယ်။ ဒါပေမဲ့၊ ဒါက စာရွက်ပေါ်မှာ ပေါ်လစီပဲရှိလို့တော့ မရဘူး။ ကျူးလွန်သူကို သူကျူးလွန်တဲ့နေရာဒေသမှာရှိတဲ့ သက်ဆိုင်ရာ ဒေသခံ ဥပဒေကြောင်းအရ အပြစ်ပေး အရေးယူမှု လုပ်နိုင်ဖို့ အထူးအရေးကြီးပါတယ်။ အထူးသဖြင့် ကျူးလွန်သူဟာ တော်လှန်ရေးထဲကဆိုရင် အဲဒီကျူးလွန်သူကို အရေးယူခံရခြင်းကနေ ကင်းလွတ်ခွင့်ရသွားတာမျိုး မဖြစ်ရအောင် အကျူးလွန်ခံရသူ အမျိုးသမီး ဒါမှမဟုတ် ကလေးသူငယ်တွေအတွက် လုံခြုံရေး အပါအဝင် လိုအပ်ချက်တွေကို တော်လှန်ရေး အင်အားစုတွေနဲ့ နိုင်ငံရေး၊စစ်ရေး ဦးဆောင်နေတဲ့အဖွဲ့တွေက တရားမျှတမှုရရှိစေရေးအတွက် အတတ်နိုင်ဆုံး တာဝန်ယူဖြေရှင်းပေးဖို့၊ ရပ်တည်လုပ်ဆောင်ပေးဖို့ ပိုလို့တောင်တာဝန်ရှိလာပါတယ်” ဟု ၎င်းက ပြောသည်။
တော်လှန်ရေးကာလထဲတွင် အမျိုသမီး အကြမ်းဖက်ခံရသည့် အမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားသည့်အမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် အမှုများ တစ်နှစ်ထက် တစ်နှစ် ပိုမိုများလာကြောင်း ဒေါ်စုလှိုင်ထွန်း၏ ပြောပြချက်အရ သိရသည်။
“အမျိုးသမီး အကြမ်းဖက်ခံရတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရတာတွေနဲ့ ပတ်သက်တဲ့အမှုတွေက ကျမတို့ဆီမှာ လာတိုင်ကြတာ ဒီတော်လှန်ရေးကာလမှာ ပိုများလာတယ်။ အရင်ကနဲ့စာရင် အခုနောက်ပိုင်း နှစ်ဆနီးပါးလောက် မြင့်တက်လာတယ်” ဟု ဒေါ်စုလှိုင်ထွန်းက ပြောသည်။
မဲဆောက်တွင် နိုင်ငံရေးကြောင့် တိမ်းရှောင်လာကြသူများထဲ၌ မဖြေရှင်းနိုင်သေးသော အကြမ်းဖက်ခံရခြင်းများ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းများနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများ အများအပြား ရှိကြောင်းလည်း မဲဆောက်အခြေစိုက် ကရင်လူမျိုး မနော်၏ ပြောပြချက်က သက်သေဖြစ်သည်။
“ကျမ ကြုံတွေ့နေရတဲ့ အမှုဆို မဲဆောက်မှာရှိတဲ့ အဖွဲ့အစည်းတွေ အတော်လေး စုံနေပြီ၊ တိုင်ထားတာ။ တစ်နှစ်ခွဲလောက်တောင် ရှိနေပြီ။ အခုထိဘာမှ မထူးခြားဘူး” ဟု မနော်က ပြောသည်။
မနော်မှာ စစ်စီဒီအမ်အမျိုးသားဖြစ်သူ၏ နေ့စဉ်နှင့်အမျှ ဆူဆဲကြိမ်းမောင်းကာ ကိုယ်ထိလက်ရောက် စော်ကားခံရမှုများကြောင့် သမီးငယ်နဲ့အတူ ၎င်းဆီမှ ထွက်လာခဲ့သော်လည်း အမျိုးသား၏ ဆက်လက်နှောက်ယှက်မှုများကြောင့် တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့ရှောင်ပုန်းနေရသူ ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်သုံး နှင့် အပိုဒ် ငါး တွင် “လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်ခွင့်နှင့် လုံခြုံစိတ်ချခွင့် ရှိသည်”၊ “မည်သူကိုမျှ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်းမပြုရ” ဟု ဖော်ပြထားသည်။
ယခု မဲဆောက်တွင် ဖြစ်ပွားခဲ့သော အသက်သေဆုံးမှု ဖြစ်စဉ်နှင့် အခြားသော ကျူးလွန်ချိုးဖောက်ခံရမှုများမှာ လူ့အခွင့်အရေးဆိုင်ရာ အသက်ရှင်သန်ခွင့်နှင့် လုံခြုံစိတ်ချမှု ဆုံးရှုံးသွားသော ဖြစ်ရပ်များဖြစ်သည်။ မတရား ညှင်းပန်းနှိပ်စက်ခံရပြီး ရက်စက်ကြမ်းကြုတ်စွာ လူမဆန်မှု ပြုခံရခြင်းများ ဖြစ်သည်။
အမှုမှန်ကို ကူညီဖော်ထုတ်မည့်သူသာ မရှိလျှင် မည်မျှ ထပ်ကြာဦးမည်မသိ။ မတရားမှုများကို ဖော်ထုတ်မည့်သူမရှိလျှင် လက်ရှိတော်လှန်ရေးကာလတွင် လူမသိသူမသိ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေမည်မှာ သေချာသည်။
Sisters 2 Sisters အဖွဲ့မှ မထိပ်ထားကတော့ “အခု ဒီအမှုမှာတော့ ကျူးလွန်သူက အပြစ်ကို ဝန်ခံခဲ့တယ်။ သူကိုယ်တိုင် လာပြီး အဖမ်းခံခဲ့ပါပြီ။ ကျတော်တို့ လူအသိုင်းအဝိုင်းမှာလည်း ဒီလို အပြစ်ကို ဝန်ခံရဲသူတွေ ပေါ်ပေါက်လာဖို့၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိကြဖို့ ဆန္ဒပြုပါတယ်” ဟု ဆိုသည်။