ထိုင်းနိုင်ငံ၌ “ အာဏာသိမ်းပြီး ၃ နှစ်အကြာ” ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံအတိုက်အခံပါတီ (Moveforward) က ဦးဆောင်ပြုလုပ်ခဲ့သည့် ၂ ရက်တာ မြန်မာ့အရေးဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ၏ နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် နွေဦးတော်လှန်ရေးကို အသိအမှတ်ပြုပြီး မြန်မာပြည်သူများဘက်ကရှိနေသည်ကို မြင်တွေ့ရသဖြင့် ကောင်းမွန်သော ရလာဒ်ကောင်းတစ်ခုဖြစ်ကြောင်း ယင်းဆွေးနွေးပွဲတက်ရောက်သူများထံက သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို မတ်လ ၂ ရက်နှင့် ၃ ရက်က ထိုင်းနိုင်ငံ၊ လွှတ်တော်ထဲတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Moveforward ပါတီခေါင်းဆောင် နိုင်ဖိထားလင်းကျရိုးရတ် အပါအဝင်လက်ရှိ၀န်ကြီးချုပ်ပါတီ ခေါင်းဆောင်အချို့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကရင်အမျိုးသားအစည်းအရုံး KNU နှင့် NUCC ကိုယ်စားပြုသူများ၊ မြန်မာ့အရေးဦးဆောင် လှုပ်ရှားနေသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ ရလာဒ်အနေနဲ့ကတော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေက မြန်မာနိုင်ငံရဲ့အရေးကို သူတို့ထဲထဲဝင်ဝင် လေးလေးနက်နက်ဖြေရှင်းပေးဖို့အတွက် နိုင်ငံရေးဆန္ဒရှိနေပြီ၊ လုပ်ဖို့ကြိုးစားနေပြီ။ နောက်ပြီး ကျွန်မတို့ နွေဦးတော်လှန်ရေးရဲ့တော်လှန်ရေးဘက်က အင်အားစုတွေ NUG၊ EROs ၊ NUCC တို့ကိုလည်း သူတို့ဘက်က အသိအမှတ်ပြုပြီး သေချာဖိတ်ကြားတယ်ဆိုတော့ တော်လှန်ရေးဘက်ကို အသိအမှတ်ပြုတယ်ဆိုတာကို ကျွန်မတို့ မြင်ရပါတယ်။ သူတို့ ဒီလိုဆွေးနွေးပွဲမျိုးကိုလည်း အရင်က တစ်ခါမှ မလုပ်ဖူးဘူးပေါ့။ ဒါကတော့ ချက်ချင်းရတဲ့ ရလာဒ်၊ ရလာဒ်ကောင်းလို့ ကျွန်မမြင်တယ်” ဟု Progressive voice – ရှေ့ပြေးအသံအဖွဲ့၏ ဘုတ်ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ဆိုသည်။
နှစ်ရက်တာဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်း၊ စစ်မှုထမ်းဥပဒေ၊ ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်၊ ထိုင်းနိုင်ငံတွင် နေထိုင်နေကြသော မြန်မာနိုင်ငံသားများအား အကာအကွယ်ပေးရေးစသည့် အကြောင်းအရာကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူများကဆိုသည်။
” ဒီပွဲမှာ စစ်အုပ်စုဘက်ကို သူတို့ ခေါ်တာ၊ ဖိတ်တာမျိုးလုံးဝ မရှိဘူး။ စစ်အုပ်စုကလည်း ဒါကြောင့်မို့ ဒီအခမ်းအနားကို ကန့်ကွက်စာပို့တာတွေလုပ်တယ်။ ထိုင်းရဲ့လွှတ်တော်၊ သူ့နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို တာဝန်ယူရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကိုယ်၌က ကျွန်မတို့နွေဦးတော်လှန်ရေးဘက်က ပြည်သူလူထုဘက်မှာ ရှိတယ်ဆိုတာ ပိုပြီးရှင်းရှင်းလင်းလင်းမြင်ရတယ်ပေါ့။ ဆိုတော့ ဒီထက်ပိုပြီးတော့မှ သူတို့အစိုးရရဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်မဲ့ ချဉ်းကပ်ပုံတွေ၊ မူဝါဒတွေ၊ လမ်းကြောင်းမှန်လာပြီး တော်လှန်ရေးကို အားပေးပြီး သေသေချာချာ မြန်မာနိုင်ငံပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ထိုင်းအစိုးရကပါ လုပ်လာနိုင်ဖို့အတွက် လွှတ်တော်က အများကြီးဝိုင်းကြိုးစားပြီး လမ်းကြောင်းတည့်အောင်မှန်အောင် လုပ်ကြရဦးမယ်လို့ ကျွန်မမြင်တယ်။ ဒါဟာ ပထမခြေလှမ်းအနေနဲ့ အင်မတန်မှ အားရစရာကောင်းတဲ့ ခြေလှမ်းဖြစ်တယ်” ဟု ဒေါ်ခင်ဥမ္မာက မှတ်ချက်ပြုပြောသည်။
ဆွေးနွေးပွဲအဖွင့်တွင် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ရေးရာကော်မတီ ဥက္ကဋ္ဌ Rangsiman Rome နှင့် အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Padipat Suntiphada တို့က ပြောကြားခဲ့ပြီးနောက် ၂ ရက်တာ ဆွေးနွေးမှုများအား ဖော်ပြထားသည့် အစီအစဉ်ပါအတိုင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။
“ ဆွေးနွေးတဲ့အထဲ စစ်ကောင်စီဘက်က ကန့်ကွက်စာပို့တဲ့ကိစ္စဆိုရင်လည်း သူတို့ဘက်က ဒါတရားဝင်ပို့လို့ရတဲ့ ကိစ္စမဟုတ်ဘူးဆိုတဲ့ဟာမျိုးအထိ သူတို့လက်ခံထားတယ်။ စစ်ကောင်စီအနေနဲ့ ထိုင်းလွှတ်တော်ထဲမှာ လုပ်တဲ့ကိစ္စမှန်သမျှ ဘာပဲလုပ်လုပ် စစ်ကောင်စီကန့်ကွက်လို့မရဘူးဆိုတာ သူတို့အတိအလင်းလက်ခံထားပြီး မြန်မာပြည်သူတွေဘက်က သူတို့ရပ်တည်ဖို့ ပိုကြိုးစားမယ်၊ ထိုင်းအစိုးရတစ်ရပ်လုံးအနေနဲ့ ရပ်တည်ဖို့ကြိုးစားမယ်။ ဒါမျိုးတွေတော့ ပြောသွားတယ်” ဟု ဆွေးနွေးပွဲတွင်ပါဝင်တက်ရောက်ခဲ့သည့် အမျိုးသားတစ်ဦးက ဆိုသည်။
အဆိုပါ ၂ ရက်တာ ဆွေးနွေးပွဲတွင် ဆွေးနွေးသူများနှင့် တက်ရောက်နားထောင်သူ စုစုပေါင်း လူဦးရေ ၂၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြသည်။