“ တော်လှန်ရေးက အောက်တိုဘာနောက်ပိုင်းမှာ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ကနေ စစ်ရေးအရှိန် မြှင့်လိုက်တဲ့အခါ မြေပြင်မှာ တော်လှန်ရေးအင်အားစုတွေဘက်က အားပိုသာလာတယ်။ ကုလသမဂ္ဂတို့ ဘာတို့က ပြောင်းလဲ မလာနိုင်ဘူးလားဆိုပြီး မေးကြတာတွေရှိတယ်။ ရှင်းရှင်းပြောရရင် သူတို့ဘက်က ဒီလောက်နဲ့တော့ ပြောင်းဦးမှာ မဟုတ်ဘူး။ ”ဟု Progressive voice – ရှေ့ပြေးအသံအဖွဲ့မှ ဘုတ်ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ဆိုသည်။
မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်အာဏာသိမ်းပြီးနောက် ချက်ချင်းဆိုသလိုပင် မြန်မာနိုင်ငံရှိ မြို့ကြီးပြကြီးများမှ ဆန္ဒပြပြည်သူများသည် စစ်ကောင်စီကို ရပ်တန့်ပေးရန်နှင့် မြန်မာပြည်သူများအား ကာကွယ်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂကို အကူအညီ တောင်းခံခဲ့ကြသည်။
သို့သော် ကမ္ဘာ့ကုလသမဂ္ဂ၏ အကူအညီသည် ယခုစစ်အာဏာသိမ်း ၃ နှစ်တာကာလကျော်အထိ ထူးထူးခြားခြား အရေးယူမှုများ မရှိပေ။ ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် မြန်မာ့အရေးတွင် ထိရောက်စွာ ပါဝင်ကူညီမှု မရှိခြင်းအပြင် အာဏာသိမ်းစစ်ကောင်စီအပေါ် မပြတ်သားခြင်းကို အတိုင်းသားမြင်ခဲ့ကြရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ရေးအရှိန်မြှင့်ကာ စစ်ကောင်စီအား တော်လှန်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြသလို တစ်ဘက်တွင်လည်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများမှာ ပိုမိုဆိုးရွားလာခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာ့အရေးအတွက် ၂၀၂၂ ခုနှစ်တွင် ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ရန် ချမှတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်များတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ချက်ချင်းလွှတ်ပေးရေး၊ အကြမ်းဖက်မှုများ ရပ်ဆိုင်းရေးနှင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာရေး စသည့်အချက်များ ပါဝင်ခဲ့သည်။
သို့ရာတွင် စစ်ကောင်စီသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို လိုက်နာခြင်းမရှိဘဲ မြန်မာပြည်သူများကို ဖိနှိပ်သတ်ဖြတ်မှုများကို တိုးမြှင့်လုပ်ဆောင်နေဆဲဖြစ်သည်။
ထို့အပြင် အာဏာသိမ်းကာလ ၃ နှစ်ကျော်လာသည့်အခါတွင်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာအရေးနှင့်ပတ်သက်၍ တံခါးပိတ်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီးနောက် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြန်သည်။
ယင်းကြေညာချက်တွင် ယခင်ဆုံးဖြတ်ချက် ၂၆၆၉ တွင်ပါသည့်အတိုင်း စစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှုအားလုံးကို ရပ်တန့်ရန်၊ သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားသူများအားလုံးကို ပြန်လွှတ်ရန်၊ မြန်မာပြည်သူများ၏ စိတ်ဆန္ဒနှင့် လွတ်လပ်မှု အခြေခံအခွင့်အရေးများကို လိုက်နာရန် ထပ်မံတောင်းဆိုသည့် အချက်များပါဝင်ခဲ့သည်။
ထိုသို့ ကုလသမဂ္ဂထံမှ ရရှိလာသော တုံ့ပြန်မှု အနည်းအကျဉ်းသည် မြန်မာအရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများကို စိတ်ပျက်စေခဲ့သည်။
” ၂၀၂၁ ဆန္ဒပြပွဲတွေ တောက်လျှောက်မှာလည်း ရန်ကုန်ထဲမှာ ရှိတဲ့လူငယ်တွေက သံရုံးတွေ ရှေ့သွားကြတယ်။ နောက်ပြီး UN နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းရုံးတွေရှေ့မှာ လူငယ်တွေရဲ့အသက်တွေ ဘယ်လောက်ပေးဆပ်ရမလဲဆိုပြီးတော့ ကြွေးကြော်မှုတွေနဲ့ ကမ္ဘာ့အကူအညီကို တောင်းဆိုခဲ့ကြတယ်”ဟု ရန်ကုန်အခြေအစိုက် ကျောင်းသားသမဂ္ဂ အဖွဲ့အဝင် ၁ ဦးက ပြောသည်။
သို့သော်လည်း စစ်ဘက်ဆိုင်ရာအပြင် လူသားချင်းစာနာထောက်ပံ့မှုများနှင့် ကောင်းမွန်သော အခင်းအကျင်းမျိုးကို ဖော်ဆောင်ပေးမှု မရှိသလို အိမ်နီးနားချင်း နိုင်ငံများ၏ သံတမန်ရေးရာ ဆက်သွယ်မှုမှလည်း မြန်မာနိုင်ငံ၏ တော်လှန်ရေး အခန်းကဏ္ဍကို ထိရောက်စွာ ကူညီမှုများကလည်း လုံးဝမတွေ့ရသည့်အတွက် အားရမှု မရှိကြောင်း ၎င်း၏ အမြင်ကို ဆက်လက်ပြောပြသည်။
“ နိုင်ငံရေးအရ ပြောရရင် အောင်ပွဲကို ချဉ်းကပ်ဖို့အတွက် တိုက်ပွဲတွေ ဖော်ဆောင်ဖို့လိုတယ်။ နိုင်ငံရေးအရကတော့ ဘယ်တော့အခါမှ နောက်ကျမှုက ရှိမှာမဟုတ်ဘူး။ ဒါပေမယ့် လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်မှာတော့ စစ်ရေးက နောက်ကျလို့ မဖြစ်ဘူး။ တိုက်ပွဲရှိရင် အောင်ပွဲရှိဖို့အတွက် ပြည်သူလူထုကလည်း တတ်နိုင်တဲ့ဘက်က တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ကူညီကြပါ။ ပူးပေါင်းတော်လှန်ကြပါလို့ပြောချင်ပါတယ်” ဟု တော်လှန်လူငယ်တစ်ဦးက ဆိုသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် Special Advisory Council for Myanmar (SAC-M) ၏ စာတမ်းတွင်လည်း ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံတွင် အရေးပေါ်ပြုပြင်ပြောင်းလဲမှု ပြုလုပ်နိုင်စေရန်အတွက် ၎င်းတို့ မြန်မာနိုင်ငံအရေးတွင် မည်ကဲ့သို့ ပျက်ကွက်နေပုံကို ဖော်ထုတ်ရေးသားထားသည်ကို မြင်တွေ့နိုင်သည်။
ကုလသမဂ္ဂအနေဖြင့် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအပေါ် အထက်ပါ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြသော်လည်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် မြန်မာပြည်သူများကို ကာကွယ်ရန်အတွက် ထိရောက်သည့်လုပ်ဆောင်ချက်နှင့် လုပ်ပိုင်ခွင့်ပေးအပ်ရန် ပျက်ကွက်မှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်။
“ မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့ ကုလသမဂ္ဂကို အကြိမ်ကြိမ် အကူအညီတောင်းခံခဲ့ပေမဲ့ ထိရောက်တဲ့ကူညီမှု မပေးတဲ့အပေါ်မှာ မြန်မာနိုင်ငံဟာ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်မနေတဲ့အတွက်ကြောင့် အကူအညီမပေးဘူးလို့ မြင်မိသလို ဒီတော်လှန်ရေးကို ကုလအနေနဲ့ အရှိန်တစ်ခုအထိ မြင့်တက်လာလိမ့်မယ်လို့ မထင်ထားမိတာကြောင့် အကူအညီမပေးတာလို့ပဲ မှတ်ချက်ပြုပါတယ်” ဟု တက်ကြွလှုပ်ရှားသူ ကိုရာပြည့်က ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား ၆၈၇ ဦး၊ ဒဏ်ရာရရှိသူ ၄၅၈ ဦးအထိ ရှိလာသည်ဟု ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်တွင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များကို စောင့်ကြည့်လေ့လာနေသည့် ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၉၀၂ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီး ဘာသာရေး အဆောက်အအုံ ၈၆ ခု ပျက်စီးခဲ့ကာ စာသင်ကျောင်း ၅၄ ခုနှင့် ဆေးရုံ ၂၆ ခု တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။ စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အနန့်ပါအရပ်၌ KIO ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့အကြိုဖျော်ဖြေပွဲလုပ်နေစဉ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် KIO အမှုထမ်းများနှင့် အရပ်သား ၆၀ ကျော်အထိ သေဆုံးခဲ့သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင်လည်း ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းအား စစ်ကောင်စီမှ လက်နက်ကြီး၊ လေကြောင်းတို့ကို တပြိုင်နက် အသုံးပြုကာ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းရှိ ကလေးသူငယ် ၁၃ ဦးနှင့် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၇ ဦးထက်မနည်းရှိခဲ့ကြောင်း NUG မှ အတည်ပြုထုတ်ပြန်ခဲ့သေးသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထင်ရှားသည့် အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်စဉ်မှာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပင်ဇီကြီးကျေးရွာအတွင်း ကလေး ၃၈ ဦးအပါဝင် အရပ်သား ၁၆၅ အထိ အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ်ပင် ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၌လည်း စစ်ကောင်စီသည် ဒီးမော့ဆိုမြို့နယ်၊ မြလဲကျေးရွာအုပ်စု၊ ဒေါဆီအီကျေးရွာရှိ စစ်ရှောင် ကလေးငယ်များ ပညာသင်ကြားနေသည့် စာသင်ကျောင်းကို လေကြောင်းမှ ပေါင် ၅၀၀ ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၄ ဦးနှင့် အရပ်သား ၁ ဦး သေဆုံးကာ ကလေးငယ် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယခုကဲ့သို့ ဖြစ်စဉ်နည်းတူ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ အလယ်တန်းကျောင်းကို စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံကလေးငယ် ၁၁ ဦးအပါအဝင် အရပ်သားပြည်သူ ၁၃ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သေးသည်။
“ ဒီစစ်အုပ်ဆီကို သွားနေတဲ့ လက်နက်တွေ၊ နည်းပညာတွေ လေယာဉ်ဆီတွေ အဲ့ဒါတွေကို ဖြတ်တောက်ဖို့ တစ်ကမ္ဘာလုံးက အစိုးရတွေရော၊ ပုဂ္ဂလိက ကုမ္ပဏီတွေရောက လုံးဝ မလုပ်ရတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုလည်း လုံခြုံရေးကောင်စီ (ကုလ) က ဆုံးဖြတ်လို့ရတယ်။ အဲ့ဒါဆိုရင် လေယာဉ်ဆီပါ ပို့လို့ မရတော့ဘူးဆိုရင် လေကြောင်းနဲ့ တိုက်ခိုက်တာတွေကို လျော့ကျသွားမယ်။ ရပ်တန့်သွားမယ်။ တော်လှန်ရေးမှာ ပြည်သူတွေ ထိခိုက်နစ်နာမှုတွေလည်း လျော့နည်းပြီး တော်လှန်ရေးလည်း မြန်မြန်အောင်မယ့်ဟာမျိုးပေါ့” ဟု ဒေါ်ခင်ဥမ္မာက ဆက်လက်ရှင်းပြသည်။
မြန်မာနိုင်ငံတဝန်းတွင် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများကြောင့် တိုက်ပွဲအနီး ပတ်ဝန်းကျင်မှ ပြည်သူများအနေဖြင့်လည်း နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုများရှိလာခဲ့သည်။
စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းအထိ မြန်မာနိုင်ငံတစ်ဝန်း လူဦးရေ ၂ ဒသမ ၆ သန်းကျော်သည် ပြည်တွင်း၌ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေကြရပြီး လူဦးရေ ၁၈ ဒသမ ၆ သန်းခန့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်းကို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA Myanmar) မှ နောက်ဆုံးထုတ်ပြန်ထားသည့် လူသားချင်းစာနာမှုဆိုင်ရာ သတင်းလွှာအရ သိရသည်။
“ အကြမ်းဖက်စစ်တပ်က ကျတော်တို့ကို ဖမ်းဆီးသတ်ဖြတ်တယ်။ ကိုယ်ဝန်ဆောင်တွေ၊ ကလေးသူငယ်တွေအပါအဝင် ဖမ်းဆီးသတ်ဖြတ်တာတွေရှိတယ်။ ဒီအခြေအနေမှာ ကျတော်တို့က နိုင်ငံတကာကို အော်ဟစ်အကူအညီတောင်းတယ်။ သို့သော်လည်း ကျတော်တို့ကို လူသားချင်းဆိုင်ရာ အကူအညီတွေ အပါအဝင် တခြားဘာအကူအညီမှ ရရှိခဲ့ခြင်းမရှိဘူး။ လက်ရှိအာဏာသိမ်းတဲ့ ၃ နှစ်အတွင်းမှာဆိုရင် စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အပြစ်မဲ့ပြည်သူဟာ ၄,၄၀၀ ကျော်ပြီဖြစ်သလို ဖမ်းဆီးခံထားရတဲ့ ပြည်သူအရေအတွက်ဟာလည်း ၂၅,၀၀၀ ကျော်သွားပြီး ဖြစ်တယ်။ ဒါသည် ကျတော်တို့ ပြုစုလို့ရသော အရေအတွက်ပဲ ရှိပါသေးတယ်။ ဒီထက်လည်း ပိုနိုင်ဖို့ပဲ ရှိပါတယ်” ဟု လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်နေသည့် CDM ကျောင်းဆရာတစ်ဦးက ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီသည် နွေဦးတော်လှန်ရေးကို ဖြိုခွင်းရန်နှင့် အားလျော့စေရန်အတွက် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အပြင် အခြေခံလိုအပ်ချက်များ မရရှိစေရန်လည်း ဆောင်ရွက်လျက်ရှိသည်။ စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်သည့် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးနေကြရသည်။
“ ဒီအခြေအနေအထိကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးက စောင့်ကြည့်နေဆဲပဲ။ ထိရောက်တဲ့ အကူအညီတွေ၊ လူသားချင်းစာနာအကူအညီတွေ ပေးနိုင်စွမ်းမရှိသေးဘူး။ ဆိုတော့ ကျတော်တို့ ကံကြမ္မာကို ကျတော်တို့ ကိုယ်တိုင်ပုံဖော်ရမယ်။ ကျတော်အပါအဝင် လက်ရှိနွေဦးတော်လှန်ရေးမှာ ငြိမ်းချမ်းစွာ ဆန္ဒပြရာကနေ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လာရတယ်။ ဒါကြောင့် အာဏာသိမ်း ၃ နှစ်ပြည့်မှာတော့ နိုင်ငံတကာရဲ့ အကူအညီကိုလည်း လိုအပ်နေဆဲဖြစ်ပြီး မိမိတို့အားနဲ့လည်း ဆက်ပြီးပုံဖော်သွားမယ်လို့ ပြောချင်တယ်” ဟု ၎င်း CDM ကျောင်းဆရာ ဆက်ပြောသည်။
မြန်မာနိုင်ငံတဝန်းရှိ စစ်မက်ဖြစ်ပွားရာဒေသများမှ ပြည်သူများသည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးတကြီး လိုအပ်နေသော်လည်း စစ်ကောင်စီသည် တော်လှန်ရေးနယ်မြေများဆီသို့ ကုလသမဂ္ဂလက်အောက် ကူညီရေးအဖွဲ့များ ဝင်ရောက်ခွင့်ကို ပြင်းပြင်းထန်ထန် တားမြစ်ထားသည်။
“ နိုင်ငံတော်တော်များများက စစ်ကောင်စီကို မကြိုက်ဘူးသာ ပြောကြတယ်။ ဒါပေမယ့် စစ်ကောင်စီနဲ့ အတူအလုပ်လုပ် ပူးပေါင်းဆောင်ရွက် နေကြတာဖြစ်တဲ့ အခါကျတော့ UN agency တွေသည်လည်း ထိုနည်းလည်းကောင်းပဲ စစ်ကောင်စီဆီကနေ ခွင့်ပြုချက်ယူရတယ်။ အဲ့ဒါကြောင့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ တချို့ UN agency ရဲ့ အကြီးအကဲတွေက ဘာလုပ်ရလည်းဆိုရင် စစ်ကောင်စီဆီမှာ ခန့်အပ်လွှာ မိတ္တူလိုဟာမျိုးတွေ လာပေးတာမျိုးတွေရှိတယ်။ တွေ့ဆုံတာမျိုးတွေ ရှိတယ်။ အဲ့ဒီလို အခြေအနေမျိုးတွေ ဖြစ်တဲ့အခါကျတော့ ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေးမှာ ထိရောက်စွာပါဝင်နိုင်လားဆိုတော့ မရှိဘူးလို့ဘဲ ပြောရမှာပဲ” ဟု ရန်ကုန်တိုင်းဒေသကြီးလူ ငယ်ရေးရာကော်မတီမှ ဘဏ္ဍာရေးနှင့် လူမှုရေးရာ တာဝန်ခံက ရှင်းပြသည်။
အထွေထွေညီလာခံသည် NUG အား ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စား ပြုအဖြစ် တက်ရောက်ရန် လက်တွေ့ခွင့်ပြုထားပြီး ကုလသမဂ္ဂ ဆုံးဖြတ်ချက်များက NUG ၏ နိုင်ငံရေး အခန်းကဏ္ဍကို အပြုသဘောဖြင့် အသိအမှတ်ပြုခဲ့ပြီးလည်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးအဖွဲ့ – UNCT ကမူ အကျိုးသက်ရောက်မှုထက် မြန်မာနိုင်ငံတွင် ရပ်တည်နေရခြင်းကို ဦးစားပေး၍ လုပ်ဆောင်နေသည်။
UNCT သည် စစ်ကောင်စီအား ” တရားဝင်အသိအမှတ်ပြုမှု “ ကို ရှောင်လွှဲရန်အတွက် စစ်ကောင်စီ၏ အကြီးတန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံခြင်းကို ကန့်သတ်ထားသော်လည်း စစ်ကောင်စီလက်အောက်မှ ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများနှင့် ဆက်သွယ်ဆောင်ရွက်မှုသည် နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်မှုမရှိဟု ယူဆနေသည်။ ယင်းကြောင့် UNCT သည် နိုင်ငံအများစုက သဘောတူလက်ခံပါဝင်နေသည့် နွေဦးတော်လှန်ရေးကို အသိအမှတ်မပြုခြင်း သို့မဟုတ် လျစ်လျူရှုခြင်းတို့ကို ပြုလုပ်နေခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
“ ကျတော်ဆိုရင် အာဏာသိမ်းခံရပြီး တစ်နှစ်အထိလောက်ကို UN ရဲ့ အကူအညီကောင်းရလိမ့်မယ်လို့ မျှော်လင့်မိတယ်။ ဒါပေမယ့်လည်း သူတို့က ကျတော်တို့ အပေါ်ကို သက်ရောက်တဲ့ သက်ရောက်မှုဟာ အရမ်းနည်းလွန်းတယ်။ ဆိုတော့ ကျတော့်အနေနဲ့ နောက်ပိုင်းစဉ်းစားမိတာက ဒီနွေဦးတော်လှန်ရေးကြီးဟာ ကျတော်တို့ လက်ထဲမှာပဲ သက်ဝင်လှုပ်ရှားနေတဲ့အတွက် ပြည်သူနဲ့ ကျတော်တို့ ပူးပေါင်းပြီး ညီညွတ်မှ အဆုံးသတ်သည်လည်း ကျတော်တို့ပဲ ဖြစ်တယ်”ဟု လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် ဘူမိဗဒေ နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးက ဆိုသည်။
ထို့အတွက် UN အပြင် နိုင်ငံတကာအဖွဲ့အစည်းနှင့် မည်သည့်အိမ်နီးချင်းနိုင်ငံများ၏ အကူအညီကို မျှော်လင့်နေမည်မဟုတ်ဘဲ ယခု နွေဦးတော်လှန်ရေးအတွက် အရှိန်အဟုန်ပြင်းပြင်းနှင့်သာ ဆက်သွားရန် အဓိကဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလက်အောက်ရှိ အဖွဲ့အစည်းများသည် ၎င်းတို့၏ အစီရင်ခံစာများတွင် မြေပြင်၌ ဖြစ်ပေါ်နေသော ကိစ္စရပ်များကို လျှော့ပေါ့ရေးသားခဲ့ကြပြီး တစ်နေ့ တစ်ခြား မြင့်တက်လာသော စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များထက် စစ်အုပ်စုနှင့် ၎င်းတို့ လက်အောက်ခံ အာဏာပိုင်များအကြား ဆက်ဆံရေးကိုသာ ဦးစားပေးလုပ်ဆောင်နေသည့်အတွက် ဝေဖန်မှုများ ရှိသည်။
ထိုသို့သော အခြေအနေများ အကြားတွင်ပင် စစ်ကောင်စီသည် အရပ်သားပြည်သူများအား ဖမ်းဆီးကာ အစုလိုက်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ကရင်နီပြည်တွင် ဖြစ်ပွားခဲ့သေးသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မိုဆိုရွာဆီ စစ်ဘေးရှောင်လာသည့် အရပ်သားပြည်သူ ၃၅ ဦးကို စစ်တပ်က တစုတည်း သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို မီးရှို့ခဲ့သည်။ ယင်းဖြစ်စဉ်အတွင်း သေဆုံးသူများထဲ၌ Save The Children မှ ဝန်ထမ်း ၂ ဦးလည်း ပါဝင်ခဲ့သည်။
ထို့ကြောင့် မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂရုံးအဖွဲ့ – UNCT သည်လည်း စစ်ကောင်စီနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရန်လိုပြီး NUG၊ EROs နှင့် အရပ်ဘက် အဖွဲ့အစည်းအားလုံးတို့ဖြင့် ဘက်မလိုက်ဘဲ သမာသမတ်ကျ၍ သီးခြား နည်းလမ်းဖြင့် ထိတွေ့ ဆက်ဆံရန်လိုသလို လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများကို ထိရောက်စွာ ပံ့ပိုးပေးရန် လိုအပ်လျက်ရှိသည်ဟု သုံးသပ်သူများက ဆိုကြသည်။
“ စစ်အုပ်စုခေါင်းဆောင်တွေက တရားရုံးမတင်လို့ မရဘူး။ သူတို့ ကျူးလွန်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေက အမြင့်ဆုံးအဆင့်အထိကို ဆိုးဆိုးရွားရွားနဲ့ ရောက်သွားပြီ။ ဒါလည်း နှစ်နဲ့ချီကြာနေပြီ။ အဲ့ဒီတော့ သူတို့ကို နိုင်ငံတကာဥပဒေနဲ့ အရေးယူဖို့ အတွက် ခုံရုံးတစ်ရုံးဖွဲ့ပေးဖို့ ကျမတို့တောင်းဆိုနေတာ ရှိတယ်။ ဒီနှစ်မှာလည်း ဆက်ပြီး တောင်းဆိုဖို့ရှိတယ်။ ဘာလို့ဆို လုံခြုံရေးကောင်စီက ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို လွှဲပေးဖို့ မဆုံးဖြတ်ပေးဘူးဆိုရင်တောင် လွတ်လပ်တဲ့ ခုံရုံး မြန်မာနိုင်ငံအတွက် သီးသန့်ဖွဲ့ပေးနိုင်ဖို့ ပြောနေတာတွေရှိတယ်” ဟု Progressive voice – ရှေ့ပြေးအသံအဖွဲ့မှ ဘုတ်ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ဆိုသည်။
ကုလအထွေထွေအတွင်းရေးမှူးချုပ်သည် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဝင်ရောက်နိုင်ရေးအတွက် မြန်မာ့ အိမ်နီးချင်းနိုင်ငံများနှင့် စေ့စပ်ညှိနှိုင်းရာတွင် အထောက်အကူ ဖြစ်နိုင်သော်လည်း ၎င်းအနေဖြင့် ဆောင်ရွက်ခြင်း မရှိခဲ့ပေ။
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံကြားထဲ၌ စစ်ပွဲအပါအဝင် ပြဿနာများ၊ အငြင်းပွားမှုများ၊ ပဋိပက္ခများဖြစ်ပေါ်လာပါက ကုလသမဂ္ဂ၏ အမြင့်ဆုံးသော အာဏာပိုင်ဖြစ်သည့် လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်နိုင်သည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ အရေးသည် နိုင်ငံကြီးများ၏ နိုင်ငံခြားရေးပေါ်လစီတွင် အဓိက ဦးစားပေးမဟုတ်သည့် အတွက် နွေဦးတော်လှန်ရေး ၃ နှစ်ကြာသည်အထိ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ထိရောက်သည့်အရေးယူခြင်းများ မရှိနေခြင်းဟု ဆိုနိုင်သည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် တရားမျှတမှု ရရှိလာစေရန် တိကျခိုင်မာသော အစီအမံများ ချမှတ်ရန် လိုအပ်နေသော်လည်း လက်ရှိအထိ အချည်းနှီးဖြစ်နေရသည်။
“ လုံခြုံရေးကောင်စီကသာ ဆုံးဖြတ်လိုက်ရင် မင်းအောင်လှိုင် အပါအဝင် ဒီလူတွေကို ICC မှာ တရားစွဲခွင့်ရမယ်။ အဲ့ဒါအတွက်လည်း ကျမတို့ progressive voice ရော ကျမတို့ရဲ့ ပူးပေါင်းပါဝင်သူအဖွဲ့တွေကရော လုံခြုံရေးကောင်စီကို တောင်းဆိုနေတာရှိတယ်။ လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက် အသစ်တစ်ခု မြန်မာနိုင်ငံအတွက်ကို ချပေးဖို့။ အဲ့ဒီဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂရဲ့ပဋိညာဉ်စာချုပ်ထဲက အခန်း ၇ မှာရှိတယ်။ အခန်း ၇ အောက်ကနေပြီးတော့မှသာ လုံခြုံရေးကောင်စီက ဆုံးဖြတ်တယ်ဆိုလို့ရှိရင် ICC ရာဇဝတ်ခုံရုံးက ဒီ စစ်အုပ်စု ခေါင်းဆောင်တွေကို အရေးယူဖို့အတွက် တရားစွဲဖို့အတွက်ကို စပြီးလုပ်လို့ရတယ်” ဟု ဒေါ်ခင်ဥမ္မာက ပြောသည်။
ကုလအထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် ကုလသမဂ္ဂ၏ ပျက်ကွက်မှု၊ ရှုပ်ထွေးမှု သံသရာကို အဆုံးသတ်နိုင်ရန်နှင့် မြန်မာနိုင်ငံအတွက် ပြီးပြည့်စုံ၍ စနစ်ကျသော ကုလသမဂ္ဂမဟာဗျူဟာ တစ်ရပ်ဖော်ဆောင်ရေးတွင် ဦးဆောင်ရန် လိုအပ်နေပြီး ငြိမ်းချမ်းသော ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန် မြန်မာလူထု၏ မျှော်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် ပံ့ပိုးကူညီရန် လိုအပ်လျက်ရှိနေသည်။
ကုလအထွေထွေအတွင်းရေးမှူးချုပ်သည်သာမက UNCT သည်လည်း စစ်တပ်အား စိတ်ကျေနပ်နှစ်သိမ့်စေသည့် နည်းလမ်းဟောင်းများကို လိုက်နာကျင့်သုံးနေမှုနှင့် မြန်မာပြည်သူများအပေါ် ၎င်း၏ တာဝန် ဝတ္တရားများကို လျစ်လျူရှုထားနေမှုကိုလည်း သတိချပ်ရန်လိုအပ်လှသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ မဟန့်တားနိုင်ခြင်းနှင့် နောက်ဆက်တွဲ လူသားချင်းစာနာထောက်ထားမှု အကူအညီများအတွက် မြန်မာပြည်သူများအနေဖြင့် ကုလသမဂ္ဂအပေါ် ယုံကြည်ချက်ကင်းမဲ့နေမှုတို့အား ယခုလက်ရှိအချိန်တွင် ကုလသမဂ္ဂ၏ ဦးဆောင်မှုဖြင့် စစ်မှန်သော လမ်းစဉ်ကို အရေးတကြီး ပြုပြင်ပြောင်းလဲရန် လိုအပ်လျက်ရှိနေခြင်းဖြစ်သည်။
သုံးနှစ်ကျော် ကာလအထိ တောက်လောင်ဆဲ တော်လှန်မီးတောက်နှင့် နွေဦးတော်လှန်ရေး၏ အရှိန်သည် အာဏာသိမ်းစစ်ကောင်စီအတွက် အခက်တွေ့နေရသလို တချိန်တည်းမှာပင် ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့်လည်း မြန်မာပြည်သူများအတွက် လက်တွေ့ကျသည့် ဆုံးဖြတ်ချက်များ အမြန်ဆုံးချမှတ်ပေးရန် မျှော်လင့်နေကြသည်။
သို့သော် အရေးကြီးလှသည့် အချက်ကို မမေ့ရန် Progressive voice – ရှေ့ပြေးအသံအဖွဲ့မှ ဘုတ်ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ယခုလို ပြောပြသည်။
“စစ်အုပ်စုကို အကြမ်းဖက်မှုတွေ ရပ်တန်းက ရပ်သွားအောင် လုပ်ဖို့ကိစ္စကတော့ ကျမမြင်တယ်၊ သူတို့ကို အားကိုးလို့ မရဘူး။ ဒီနွေဦးတော်လှန်ရေးရဲ့ ၃ နှစ်ဆိုတဲ့ အချိန်က သက်သေပြပြီးသွားပြီ”ဟု ဆိုသည်။