မြန်မာနိုင်ငံအရေး ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီရန် UN အနေဖြင့် အချိန်မဆွဲဘဲ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချရန် လိုကြောင်း ရှေ့ပြေးအသံအဖွဲ့ဆို

October 21st, 2023  •  Author:   Myanmar Pressphoto Agency  •  1 minute read
Featured image

မြန်မာနိုင်ငံအရေး ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီရန် တောင်းဆိုပြီးသားဖြစ်သည့်အတွက် UN အနေဖြင့် အချိန်မဆွဲဘဲ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချ လုပ်ဆောင်ရန် လိုအပ်နေကြောင်း ရှေးပြေးအသံအဖွဲ့မှ ပြောဆိုလိုက်သည်။

မြန်မာလက်နက်ကိုင်တော်လှန်ရေးတွင် နိုင်ငံတကာ၏ ပါဝင်မှု အားနည်းခြင်းနှင့် ပတ်သက်၍ MPA အနေဖြင့် ဆက်သွယ်မေးမြန်းရာတွင် ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ယခုလို ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

“နိုင်ငံတကာရဲ့ ပါဝင်မှု အားနည်းရတာက နိုင်ငံကြီးတွေက သူတို့ အကျိုးစီးပွားပေါ်အခြေခံပြီး UN နဲ့ အာဆီယံကို ခြေကုတ်ယူပြီး မြန်မာနိုင်ငံအရေး ကိုင်တွယ်ဖို့ကို ဘော်လီဘောပုတ်နေကြတာ။ နိုင်ငံရေးဆန္ဒအားနည်း (သို့) မရှိကြတာကြောင့်ပါ။ UN ဆိုရင် လွန်ခဲ့တဲ့ ၂၉ လလုံးလုံး အာဆီယံနဲ့ သူရဲ့ ထိရောက်မှုမရှိတဲ့ ဘုံသဘောတူညီချက် ငါးရပ်နောက်မှာ ပုန်းနေခဲ့တာ။ အမှန်က အာဆီယံက UN ကို မြန်မာနိုင်ငံအရေး ကိုင်တွယ်ဖြေရှင်းရာမှာ ကူညီဖို့ တောင်းဆိုထားပြီးသားဖြစ်လို့ UN အနေနဲ့ အချိန်ဆွဲမနေဘဲ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချ လုပ်ဆောင်ဖို့ လိုအပ်နေတယ်”ဟု ရှေ့ပြေးအသံဖွဲ့တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောသည်။

ယင်းအပြင် UN ၏ မြန်မာ့နွေဦးတော်လှန်ရေးတွင် အားတက်သရော လုပ်ဆောင်နေခြင်းမျိုး မတွေ့ရခြင်းကြောင့် နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် အရေးယူဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန်အတွက် ၎င်းတို့ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ကြိုးစားနေရကြောင်းလည်း ဆိုသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ ဦးဆောင်ကော်မတီဝင် ဦးထွန်ကြည်က “ဘာကြောင့်လဲဆိုတော့ NUG အစိုးရရဲ့ စွမ်းဆောင်ရည်နဲ့ စီမံခန့်ခွဲမှုအပြင် တော်လှန်ရေး မျက်နှာစာ သုံးခုဖြစ်တဲ့ နိုင်ငံရေးမျက်နှာစာ၊ စစ်ရေးမျက်နှာစာနဲ့ သံတမန်ရေးမျက်နှာစာတွေမှာ ဘယ်လောက်အောင်မြင်လဲဆိုတဲ့ အပေါ်မူတည်တယ်။ နိုင်ငံတကာကတော့ စောင့်ကြည့်မှုတွေရှိတယ်ဆိုတာကိုလည်း သဘောပေါက်ဖို့လိုတယ်။ မြန်မာနိုင်ငံရဲ့ အရေးက ပြည်တွင်းရေးမဟုတ်ဘဲ နိုင်ငံတကာ အရေးဖြစ်တယ်ဆိုတာကို နိုင်ငံတကာက သိပေမယ့် နိုင်ငံရေးမျက်နှာစာ၊ စစ်ရေးမျက်နှာစာနဲ့ သံတမန်ရေးမျက်နှာစာတွေနဲ့ တိုင်းလိုက်တဲ့အခါမှာ တွန့်ဆုတ်နေတာတွေ ရှိတယ်။ အဲ့ဒီလိုတွေ တွန့်ဆုတ်လို့လည်း လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီတွေမှာလည်း နိုင်ငံတကာရဲ့ ကူညီမှုက အားနည်းနေတာကို တွေ့ရတယ်”ဟု MPA သို့ ပြောသည်။

မြန်မာစစ်တပ်ကို ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတကာဥပဒေအရ ဖြစ်နိုင်သည့် လမ်းကြောင်းအားလုံးမှ အမြန်ဆုံးအရေးယူ ဆောင်ရွက်ရန်အတွက် ရှေးပြေးအသံအဖွဲ့အပါအဝင် ပြည်တွင်းနှင့် နိုင်ငံတကာမှ အရပ်ဘက်အဖွဲ့အစည်း ၄၄၀ မှ ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့က အိတ်ဖွင့်ပေးစားနှင့် တောင်းဆိုထားသေးသည်။

“စက်တင်ဘာလက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တင်သွင်းတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာမှာ စစ်အုပ်စုရဲ့ ပိုမိုဆိုးရွားလာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ရွာလုံးကျွတ်မီးရှို့မှုတွေ၊ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို သက်သေအထောက်အထား ခိုင်ခိုင်မာမာနဲ့ တင်ပြထားပြီးသားပါ။ အဲ့ဒီတင်ပြထားတဲ့ အထောက်အထားတွေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ICC ကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ တောင်းဆိုထားတာကို ကျမတို့ CSO အဖွဲ့တွေက ကြိုဆိုထောက်ခံကြောင်း ပြသရင်း အိတ်ဖွင့်ပေးစာနဲ့ တောင်းဆိုထားတာဖြစ်ပါတယ်”ဟု ရှေ့ပြေးအသံဖွဲ့တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအား ICC သို့ လွှဲပြောင်းရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ တောင်းဆိုထားခြင်းအား အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ကြိုဆိုထောက်ခံခြင်းနှင့်အတူ မြန်မာစစ်တပ်မှ ကျူးလွန်သော လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုနှင့် စစ်ရာဇ၀တ်မှုများအတွက် နိုင်ငံတကာ ဥပဒေအရ တာဝန်ယူမှုတာဝန်ခံမှု ရှိစေရန် ဖြစ်နိုင်ချေရှိသော လမ်းကြောင်းများ အသုံးပြု၍ ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) ၏ အဖွဲ့ဝင် နိုင်ငံများအနေဖြင့် အရေးယူဆောင်ရွက်ရန် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။


မူရင်းပို့စ်မှာဖတ်ရန်