၁။ ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုသက်ဦးမောင် (ခ) ကိုဝလုံး နှင့် ကိုကျော်စိုးဦး (ခ) ကိုမိုးအောင်တို့နှစ်ဦးအား စတင် ဖမ်းဆီးသည့် ၁၂-၁၂-၂၀၁၇ ရက်နေ့မှစ၍ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မရရှိခြင်း၊ မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရှိရ ခြင်း၊ စွပ်စွဲချက်များကို ခုခံချေပဖြေရှင်းနိုင်ရေးအတွက် ရှေ့နေနှင့် တွေ့ဆုံခွင့် မရရှိခြင်း စသည့် တိုင်တန်းချက်များကြောင့် ၎င်းတို့အား ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် ညှဉ်းပန်းနှိပ်စက်မှု မခံရ စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေး၊ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်၊ ရှေ့နေနှင့် တွေ့ဆုံ ခွင့်ရရှိရေးတို့အပါအဝင် ၎င်းတို့ရပိုင်ခွင့်ရှိသော အခြေခံလူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေး အတွက် ဆောင်ရွက်ပေးသင့်ကြောင်းကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ၂၁-၁၂-၂၀၁၇ ရက်စွဲပါ သတင်းထုတ် ပြန်ချက်အမှတ်စဉ် (၁၄/၂၀၁၇) ဖြင့် တိုက်တွန်းခဲ့ပါသည်။
၂။ ၎င်းတို့အမှုကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် အများပြည်သူ ရှေ့မှောက်၌ အမှုစစ်ဆေးနေစဉ်အတွင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်ခဲ့သည့်အပြင် ကော်မရှင်ရုံး အရာရှိများကိုလည်း တရားရုံးသို့စေလွှတ်၍ သွားရောက် လေ့လာစေခဲ့ရာ ကိုသက်ဦးမောင် (ခ) ကိုဝလုံးနှင့် ကိုကျော်စိုးဦး (ခ) ကိုမိုးအောင်တို့ နှစ်ဦးသည် မိသားစုနှင့် တွေ့ဆုံခွင့်၊ ရှေ့နေနှင့် တွေ့ဆုံခွင့်တို့ ရရှိခဲ့ပြီး ခုခံဖြေရှင်းခွင့်လည်း ရရှိခဲ့သည်ကို တွေ့ရှိရပါသည်။
၃။ ယခုအခါ ၎င်းတို့နှစ်ဦးအား ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ ထောင်ဒဏ် ၇ နှစ် ချမှတ် ခဲ့သည်ဟု သိရှိရပါသည်။ ထိုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ကော်မရှင်အနေဖြင့် မိမိတို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေအရ တစ်စုံတစ်ရာ မှတ်ချက်ပြုရန် မရှိ ပါ။ သို့ရာတွင် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပြည်တွင်း ပြည်ပမှ ပြင်းထန်စွာ ဝေဖန်ကန့်ကွက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်းကိုလည်း သိရှိရပါသည်။
၄။ သို့ဖြစ်ပါ၍ အဆိုပါကိစ္စကို နိုင်ငံတော်အတွက် ရှုထောင့်ပေါင်းစုံမှ အလေးထား စဉ်းစားပေး ပါရန်နှင့် အယူခံတက်ခွင့်၊ ရှေ့နေနှင့်တွေ့ဆုံခွင့် အပါအဝင် ၎င်းတို့၏ လူ့အခွင့်အရေးများကို ရရှိ ခံစားနိုင်ရေးအတွက် အလေးထား ဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်