Statement 504 Views

ကမ္ဘာ့ဒုက္ခသည်များနေ့ ပူးတွဲထုတ်ပြန်ကြေညာချက် – အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှု ဖြစ်ပေါ်စေသည့် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှု များအား အဆုံးသတ်ရန်

June 20th, 2024  •  Author:   128 Civil Society Organizations  •  3 minute read
Featured image

ကမ္ဘာ့ဒုက္ခသည်များနေ့ ပူးတွဲထုတ်ပြန်ကြေညာချက်

အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှု ဖြစ်ပေါ်စေသည့် မြန်မာစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှု များအား အဆုံးသတ်ရန်

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသည့် လူထုအသိုင်းအဝိုင်းများအတွက် အကာအကွယ်နှင့် ဒေသခံများ ဦးဆောင်သည့် နယ်စပ်ဖြတ်ကျော်အကူအညီများ ရရှိစေရေး သေချာစေရန်

၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ၂၀ ရက်နေ့

ယနေ့ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့တွင် အောက်ပါလက်မှတ်ရေးထိုးထားသည့် မိမိတို့ အဖွဲ့အစည်း ၁၂၈ ဖွဲ့တို့သည် ကမ္ဘာ့ကုလသမဂ္ဂ၊ အရှေ့တောင် အာရှနိုင်ငံများအသင်းကြီး (အာဆီယံ)၊​ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် တခြားနိုင်ငံတကာအသိုင်းအဝိုင်း တို့အနေဖြင့် မြန်မာနိုင်ငံတွင် ယခင်က တစ်ခါမျှမဖြစ်ခဲ့ဖူးသည့် အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရမှုနှင့် ၎င်း၏ ရိုက်ခတ်မှုများကို ဒေသတွင်းအထိ ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းခံဖြစ်သော မြန်မာစစ်အုပ်စုအပေါ် အရေးယူဆောင်ရွက်မှုများ ချက်ချင်းလုပ်ဆောင် ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်။ ထို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်ရန်နှင့် ကျူးလွန်သူများကို နိုင်ငံတကာဥပဒေအရ တာဝန်ယူ တာဝန်ခံခိုင်းစေရန် ဖြစ်နိုင်သည့် လမ်းကြောင်းများ အားလုံးဖြင့် အရေးယူဆောင်ရွက်မှုများ အရေးတကြီး ဆောင်ရွက်ရန် မိမိတို့မှ တိုက်တွန်းတောင်းဆို လိုက်သည်။

နိုင်ငံတကာအသိုင်းအဝိုင်းများ အနေဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် လူထု အသိုင်းအဝိုင်းများအတွက် အရေးတကြီးလိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပံ့ပိုးရာတွင် ဒေသခံဦးဆောင်သော နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် ရှေ့တန်းတွင် လှုပ်ရှားနေကြသည့် ယုံကြည်စိတ်ချရသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ကိုင်ဆောင်ရွက် နေသူများအား အကူအညီများ တိုက်ရိုက်ပံ့ပိုးပေးရန် တောင်းဆိုသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ အနေဖြင့်လည်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသော လူထုအသိုင်းအဝိုင်းများထံ အကူအညီများ ပေးပို့နိုင်ရန်အတွက် ရှေ့တန်းတွင် လှုပ်ရှားနေကြသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ကိုင် ဆောင်ရွက်နေသူများအား နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများကို အသုံးပြုခွင့်နှင့် အကူအညီများ ပံ့ပိုးပေးရန် မိမိတို့မှ တောင်းဆိုသည်။

ထို့အပြင် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့အနေဖြင့် အတင်းအကျပ် နေရပ်ပြန်မပို့ရေး အခြေခံမူကို လေးစားလိုက်သောအားဖြင့် မြန်မာပြည်သူများအား တရားလက်လွတ် ဖမ်းဆီးခြင်း၊ အတင်းအကျပ်ပြန်ပို့ခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းတို့ကို ရပ်တန့်ရန်၊ နှင့် မြန်မာပြည်သူများအား ဥပဒေအကာအကွယ်ပေးခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးခြင်းနှင့် အခြေခံကျသော ဝန်ဆောင်မှုများ လက်လှမ်းမီရရှိရေးတို့အတွက် ကူညီပံ့ပိုးပေးရန်ကိုလည်း မိမိတို့မှ တောင်းဆိုလိုက်သည်။

၂၀၂၁ ခုနှစ်မှစ၍ မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေ ၂.၈ သန်းကျော်ရှိ

မြန်မာစစ်အုပ်စုက ဆက်လက်ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုများကြောင့် အစုလိုက် အပြုံလိုက် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှုနှင့် အတိဒုက္ခများသည် နိုင်ငံ၏ နယ်နိမိတ်ကိုကျော်လွန်၍ အိမ်နီးချင်းနိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံများအထိ ပိုမိုပြင်းထန်လာနေပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် တရားမဝင်အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ စစ်အုပ်စု၏ ဆိုးရွားလှသော အကြမ်းဖက်မှုများကြောင့် နိုင်ငံတစ်ဝန်းတွင် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရသူဦးရေ ၂.၈ သန်းကျော်ရှိလာနေပြီး ယင်းပမာဏသည် ပြီးခဲ့သောနှစ်တွင် ရှိခဲ့သည့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရသူဦးရေ ၁.၅ သန်းနှင့် နှိုင်းယှဥ်လျှင် ၈၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်း ဖြစ်သည်။ အာဏာသိမ်းရန် ကြိုးပမ်းမှုမတိုင်မီကလည်း မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများကြောင့် အထူးသဖြင့် ရခိုင်၊ ကချင်၊ ချင်း၊ ရှမ်းနှင့် မွန်ပြည်နယ်တို့တွင် ကာလရှည်ကြာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ဦးရေ ၃၂၈,၀၀၀ ဦးခန့်  ရှိနေခဲ့ပြီး ဖြစ်သည်။ အမှန်တကယ် အရေအတွက်သည် သက်ရောက်မှုဒဏ်ခံရသည့် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ လုပ်ဆောင်နေသော မြေပြင်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်သူများ၏ တင်ပြချက်များအရ ထို့ထက်ပို၍များစွာ များနိုင်သည်။

၂၀၂၄ ခုနှစ် ဧပြီလအထိ ရရှိသောအချက်အလက်များအရ စစ်အုပ်စုသည် ကျရှုံးနေသည့် အာဏာသိမ်းရေး ကြိုးပမ်းချိန်မှစ၍ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၂,၄၇၁ ကြိမ် လုပ်ဆောင်ခဲ့ပြီး ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ (IDP) စခန်းများ၊ စာသင်ကျောင်းများ၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများ၊ သာသနိကနယ်မြေများ၊ နှင့် IDP များ ခိုလှုံရန်ကြိုးပမ်းနေသည့် အခြားနေရာများကို ပစ်မှတ်ထားလုပ်ဆောင်ခဲ့သည်။ ရက်စက်ကြမ်းကြုတ်သော စစ်အုပ်ချုပ်ရေးစနစ် အဆုံးသတ်ရန် ရည်ရွယ်လုပ်ဆောင်သည့် ပြည်သူ့ဒီမိုကရေစီ ခုခံတော်လှန်လှုပ်ရှားမှုအပေါ် စုပေါင်းအပြစ်ပေးသည့် အနေဖြင့် စစ်အုပ်စုသည် ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှစတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် IDP များအပါအဝင် အရပ်သားပြည်သူများအပေါ် တရားလက်လွတ် အရမ်းကာရောပစ်ခတ်သည့် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကို အဆမတန် တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ ဤလုပ်ဆောင်မှုနှင့်အတူ စစ်အုပ်စုသည် ပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ နှင့် မြို့ပေါင်းများစွာအား မြို့လုံးကျွတ်ဖျက်ဆီးခြင်းသာမက လူထုအသိုင်းအဝိုင်းများကို ရွာလုံးကျွတ် နေရပ်စွန့်ခွာထွက်ပြေးစေခဲ့သည့် အရပ်သားနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းတို့ ပါဝင်သည့် ဆိုးရွားသော မြေပြင်ထိုးစစ်ဆင်းမှုများကိုလည်း ပြုလုပ်နေသည်။ ထိုတိုက်ခိုက်ထိုးစစ်ဆင်မှုများဖြစ်ပြီးနောက် ၎င်းတို့၏ အိုးအိမ်များသို့ ပြန်ရန်ကြိုးစားကြသော IDP များမှာလည်း စစ်အုပ်စုထောင်ခဲ့သည့် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် လက်နက်ကြီးဗုံးဆန်များ၏ ကြီးမားသောအန္တရာယ်နှင့် ကြုံတွေ့နေကြရသည်။

ယင်းအခြေအနေကို လူငယ်များအား လမ်းပေါ်တွင် အကြမ်းဖက်ပြန်ပြေးဆွဲခြင်း အပါအဝင် ယခုနှစ် ဖေဖော်ဝါရီလမှစ၍ စစ်ဘက်အင်အား ဖြည့်တင်းရန် အသည်းအသန်ကြိုးစားနေသည့် စစ်အုပ်စု၏ အတင်း အဓမ္မ စစ်မှုထမ်းခိုင်းစေရေးက ပိုမိုဆိုးရွားလာစေခဲ့သည်။ မြောက်များလှသည့် လူငယ်ပေါင်းများသည် စစ်အုပ်စုအတွက် အဓမ္မလက်နက်ကိုင်ခိုင်းခံရမည့် အရေးမှ ရှောင်တိမ်းနိုင်ရန်အတွက် ၎င်းတို့၏ အသက်များကို စွန့်စား၍ တော်လှန်ရေးတပ် ထိန်းချုပ်ထားသည့် ဒေသများ သို့မဟုတ် နိုင်ငံတကာနယ်စပ်များ တစ်လျှောက်သို့ ထွက်ပြေးတိမ်း​ရှောင်နေကြရသည်။

အိမ်နီးချင်းနိုင်ငံများရှိ မြန်မာဒုက္ခသည်များသည် အကာအကွယ်ကင်းမဲ့နေပြီး ဆိုးရွားသော အခြေအနေများ နှင့် ကြုံတွေ့နေကြရ

နိုင်ငံတကာနယ်စပ်များကို ဖြတ်ကျော်၍ စစ်အုပ်စု၏ အကြမ်းဖက်မှုမှ ကင်းလွန်ရန် ကြိုးပမ်းနေသူ ထောင်ပေါင်းများစွာအတွက် အကာအကွယ်ရရှိနိုင်ရေး အာမခံမှုမှာ များစွာဝေးကွာနေလျက်ရှိသေးသည်။ မြန်မာပြည်သူများစွာသည် တရားလက်လွတ် ဖမ်းဆီးခြင်းနှင့် ချုပ်နှောင်ခြင်းတို့ကို ရင်ဆိုင်နေရရုံသာမက ဘင်္ဂလားဒေ့ရှ်၊​ တရုတ်၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား နှင့် ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံများမှ  ​နှင်ထုတ်ခြင်း သို့မဟုတ် မြန်မာနိုင်ငံသို့ အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ခြင်းများနှင့် ကြုံတွေ့နေကြရသည်။ ယင်းကဲ့သို့ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပို့ဆောင်ခံရသည့် မည်သူမဆိုသည်  မြန်မာစစ်အုပ်စု၏ လက်ထဲတွင် ဖော်ပြ၍မရနိုင်သည့် အန္တရာယ်များနှင့် ရင်ဆိုင်နေကြရမည်မှာ မလွှဲဧကန်ဖြစ်နေသည့်တိုင် အတင်းအကျပ် ပြန်ပို့ခံရသည့်ဖြစ်စဥ်များသည် ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။

ထို့အပြင် မြန်မာပြည်သူများသည် အိမ်နီးချင်းနိုင်ငံများစွာ၌ ဥပဒေအကာအကွယ်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ၊ အလုပ်အကိုင်၊​ တရားဝင်ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြား အခြေခံကျသော ဝန်ဆောင်မှုများ ရယူလက်လှမ်းမီနိုင်မှု ကင်းမဲ့နေသည်။ ဒေသတွင်း၌ ခိုလှုံရာ ရှာဖွေနေကြသည့် အလွန်များပြားသော ပြည်သူများသည် အမှောင်ရိပ်တွင် နေထိုင်နေကြရပြီး ၎င်းတို့၏ လူ့ဂုဏ်သိက္ခာများ ငြင်းပယ်ခံနေရကာ ဥပဒေဆိုင်ရာ ကုစားမှုရနိုင်ရေး နည်းလမ်းမရှိဘဲ ခေါင်းပုံဖြတ်မှု၊​ အကြမ်းဖက်မှုနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ကြုံတွေ့နေကြရသည့် အခြေအနေတွင် ရှိနေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း ဆိုးရွားလှသည့် အခြေအနေအတွင်း နေထိုင်နေကြရသည့် ရိုဟင်ဂျာဦးရေ ၁ သန်းနီးပါးအတွက် ပို၍ပင် ဆိုးရွားလာနေလျက်ရှိသည်။ ရိုဟင်ဂျာများသည် နေထိုင်၍ပင်မရနိုင်သည့် အခြေအနေများအတွင်း လူပြည့်သိပ်ကျပ်မှု၊ မီးဘေး၊ အစားအစာပြတ်တောက်မှု၊ လုံလောက်မှုမရှိသော ကျန်းမာရေးစောင့်ရှောက်မှု၊ အကြမ်းဖက်မှု၊ နှင့် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်အပေါ် ကြီးမားသောကန့်သတ်မှုများကို ကြုံတွေ့နေကြရသည်။ ရိုဟင်ဂျာဒုက္ခသည်များစွာသည် ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရပြတ်လပ်မှုတို့ကို ခံစားနေကြရပြီး ၂၀၂၄ ခုနှစ် ဇွန်လထိ အချက်အလက်များအရ​ လူတစ်ဦးလျှင် လစဥ် အမေရိကန် ၁၁ ဒေါ်လာသာ ရိက္ခာရရှိနေသည်။ ထောင်နှင့်ချီသည့် ရိုဟင်ဂျာများသည် အဆိုပါ ကြောက်မက်ဖွယ် အခြေအနေများမှ လွတ်မြောက်ရန် အန္တရာယ်များသော ပင်လယ်ပြင်ကို နှစ်စဥ် ကူးဖြတ်နေကြသည်။ ၂၀၂၃ ခုနှစ်သည် ကိုးနှစ်တာကာလအတွင်း ရိုဟင်ဂျာများအတွက် ပင်လယ်ပြင်ဖြတ်ကျော်စဥ် သေကြေပျက်စီးမှု အများဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့သည်။ အန္တရာယ်များသည့် ပင်လယ်ပြင်ခရီးကြမ်းမှ အသက်ရှင်လျက် ကျော်ဖြတ်နိုင်ခဲ့သူများမှာလည်း ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် အမုန်းစကား အပါအဝင် အလွန်ပင်ဆိုးရွားလှသည် ဒေသခံများ၏ ရန်လိုမုန်းထားသော တုံ့ပြန်မှုနှင့် ကြုံတွေ့ကြရသည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်း ကိုးခုတို့တွင် ဒုက္ခသည်ပေါင်း ၉၀,၀၀၀ ကျော်သည် နေထိုင်နေကြသည်။ ယခုအချိန်တွင် အဆိုပါ လူထုအသိုင်းအဝိုင်းများသည် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးအတွက် ရန်ပုံငွေဖြတ်တောက်မှုဒဏ်ကို ခံနေရပြီး ရိက္ခာအတွက် လူတစ်ဦးလျှင် လစဥ် ထိုင်းဘတ်ငွေ ၃၀၀ (အမေရိကန် ၈ ဒေါ်လာ) ကိုသာ ရရှိကြသည်။ အဆိုပါစခန်းများတွင် ဒုက္ခသည် များသည် အသက်ကယ်ဆေးများ၊ ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုများ၊ ရာသီဥတုနှင့်လိုက်ဖက်သော အဝတ်အစားများ၊ ပညာရေးဆိုင်ရာအခွင့်အလမ်များ၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဒေသခံများနှင့်ပေါင်းစည်းနေထိုင်ခြင်း တို့အပါအဝင် အခြား မရှိမဖြစ်သော အခြေခံလိုအပ်ချက်အရာများကို အရေးတကြီး လိုအပ်နေလျက်ရှိသည်။ ထို့အပြင် အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ထိုင်းနိုင်ငံတွင် ခိုလှုံရန် ထွက်ပြေးလာသည့် သူများသည် အကာအကွယ် ရရှိရေးအတွက် ကြီးမားသောစိုးရိမ်ပူပန်မှုများ အပါအဝင် ရေတွက်၍ မရနိုင်သော စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေကြရပြီး နေရပ်ပြန်ခြင်းသည်လည်း ရွေးချယ်စရာ မဟုတ်ပေ။

အထူးသဖြင့် အလွန်ပင် ကန့်သတ်ခံထားရသည့် မြန်မာဒုက္ခသည်များ၏ ပညာရေး အခွင့်အလမ်းသည် မြန်မာနိုင်ငံ၏ အသက်အငယ်ဆုံး မျိုးဆက်များအပေါ် လွန်စွာမှ ဆိုးရွားသော သက်ရောက်မှုများကို ဆက်လက်၍​ ဖြစ်ပေါ်နေစေသည်။ မြန်မာနိုင်ငံလူငယ်များအတွက် ပိုမိုတောက်ပသော အနာဂတ်ရရှိစေရေး သေချာစေရန် သာမက မြန်မာနိုင်ငံကို အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်လာေစရန်  ပြည်သူများ၏ အသွင်ကူးပြောင်းရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အထောက်အပံ့ဖြစ်စေရန် အတွက် တိုင်းရင်းသား ပညာရေးလမ်းကြောင်းများအား တရားဝင် အသိအမှတ်ပြုခြင်း အပါအဝင် မြန်မာဒုက္ခသည်များအတွက် တရားဝင်ပညာရေးကို ဦးစားပေးလုပ်ဆောင် ရမည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ IDP များ၏ အရေးပေါ်လိုအပ်ချက်များက နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများမှတစ်ဆင့် ဒေသခံ ဦးဆောင်သော အကူအညီများကို တောင်းဆိုနေလျက်ရှိ

မြန်မာနိုင်ငံရှိ IDP များအတွက် လူသားချင်းစာနာထောက်ထားမှု အခြေအနေများသည် အလွန်ဆိုးရွားနေပြီး သန်းနှင့်ချီသောပြည်သူများမှာ စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အလွန်အမင်း လိုအပ်နေလျက်ရှိသည်။ အထူးသဖြင့် အခြေခံစားသောက်ကုန်အတွက် ငွေကြေးဖောင်းပွမှု တစ်ဟုန်ထိုးမြင့်တက်လာနေခြင်းကြောင့် နိုင်ငံတစ်ဝန်းရှိ IDP များ ရင်ဆိုင်နေရသော စားနပ်ရိက္ခာမလုံခြုံမှုမှာ သိသိသာသာ မြင့်တက်လာနေသည်။ စစ်အုပ်စုက မြှုပ်ထားသည့် ဖောက်ခွဲရေး ပစ္စည်းများ သို့မဟုတ် စစ်အုပ်စု၏ တိုက်ခိုက်မှုများ အန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားမှုကြောင့် ပြည်သူအများအပြားမှာ ၎င်းတို့၏သီးနှံများ စိုက်ပျိုးရန် သို့မဟုတ် ရိတ်သိမ်းရန် အိမ်သို့မပြန်နိုင်ကြပေ။ နိုင်ငံတစ်ဝန်းရှိ  IDP များသည် ဆိုးရွားသော ရာသီဥတုအခြေအနေ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းမှု လက်လှမ်းမီမှု လုံးဝမရှိလုနီးပါး အခြေအနေနှင့် ကျန်းမာရေးဆိုင်ရာ သန့်ရှင်းမှု အခြေအနေ ဆိုးရွားမှုများကြောင့် ကျန်းမာရေးရလဒ်ဆိုးများကို ဖြစ်ပေါ်စေရုံသာမက အသက်ရှင်ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများလည်း ရှားပါးလာနေသည်။

ပြည်သူ့ဒီမိုကရေစီရေးခုခံတော်လှန်ရေးလှုပ်ရှားမှု ခိုင်မာအားကောင်းသော ဒေသတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်အုပ်စုသည် ရွာများ၊ ဘုန်းကြီးကျောင်းများနှင့် စစ်ဘေးရှောင်များခိုလှုံသည့် အခြားသော အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများအပေါ် အကြိမ်ကြိမ်နှင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသည့်အတွက် စစ်ဘေးရှောင် ၁ သန်းကျော် ရှိလာနေပြီ ဖြစ်သည်။

မေလလယ်အတွင်း ရခိုင်ပြည်နယ်တွင် မြန်မာစစ်အုပ်စုနှင့် အာရက္ခတပ်တော်တို့၏ မီးရှို့ ဖျက်ဆီးမှုနှင့် အခြားသော ကြီးလေးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်ပြီးနောက်ပိုင်း ရိုဟင်ဂျာများသည် ၎င်းတို့၏ မြို့၊ ရွာများမှ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည့်အတွက် ထပ်တိုးရိုဟင်ဂျာ IDP ၂၀၀,၀၀၀ သည် ကြီးမားသော ငတ်မွတ်ခေါင်းပါးမှုနှင့် ကြုံတွေ့နေကြရသည်။ တစ်ချိန်တည်းတွင် စစ်အုပ်စု၏ ရခိုင်တိုင်းရင်းသားများအပေါ် ရက်စက်ကြမ်းကြုတ်သော မီးကုန်ယမ်းကုန် တိုက်ခိုက်မှု များကြောင့် ပြီးခဲ့သော သီတင်းပတ်များအတွင်း ရွာလုံးကျွတ် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှုများ ရှိခဲ့သည်။ စစ်အုပ်စုသည် ရခိုင်ပြည်နယ်အတွင်းရှိ လူထုအသိုင်းအဝိုင်း အားလုံးအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လုံးဝနီးပါး ပြတ်လပ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် နေသည်။

စစ်အုပ်စုသည် နိုင်ငံတစ်ဝန်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဆက်လက်၍ လက်နက်သဖွယ်အသုံးချခြင်းနှင့် လွှမ်းမိုးချုပ်ကိုင်မှုများ လုပ်ဆောင်ခြင်း၊  အကူအညီပေးရေး အေဂျင်စီများ လည်ပတ်ရန် “လက်လှမ်းမီမှု” ကိုလျှော့ချခြင်း၊ လမ်းများနှင့် ရေလမ်းများကို ပိတ်ဆို့ခြင်း၊ အကူအညီများ သိမ်းယူခြင်းနှင့် အကူအညီပေးနေသည့် ဝန်ထမ်းများကို ပစ်မှတ်ထားခြင်းတို့ဖြင့် အကူအညီများပေးပို့မှုကို ပိတ်ပင်တားဆီးမှုများ လုပ်ဆောင်နေလျက်ရှိသည်။ သို့ဖြင့် စစ်အုပ်စုမှတစ်ဆင့် ပေးပိုမည့် မည်သည့်လူသားချင်းစာနာထောက်ထားမှု အကူအညီမဆိုသည် အလိုအပ်ဆုံးဖြစ်နေသော IDP များထံသို့ မရောက်နိုင်သကဲ့သို့ ရောက်ရှိမည်လည်း မဟုတ်ပေ။

ယင်းအခြေအနေဖြစ်နေသည့်တိုင် ကုလသမဂ္ဂအေဂျင်စီများနှင့် ကြီးမားသော အကူအညီပေးရေး အဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းသည် အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (National Unity Government – NUG) နှင့် တိုင်းရင်းသားတော် လှန်ရေးအဖွဲ့အစည်းများ (Ethnic Resistance Organizations – EROs) တို့နှင် ပူးပေါင်းဆောင်ရွက်ပြီး ဒေသခံဦးဆောင်သည့် နယ်စပ် ဖြတ်ကျော်လမ်းကြောင်းများမှတစ်ဆင့် IDP များကို တိုက်ရိုက်ထောက်ပံ့ရမည့်အစား စစ်အုပ်စုနှင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်နေသည်။ မတ်လနှောင်းပိုင်းတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီများအတွက် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်ရေး စင်တာ (AHA စင်တာ) ၏ အထောက်အပံ့ဖြင့် မြန်မာစစ်အုပ်စု၏ အရန်အင်အားနှင့် လုံခြုံရေးအစွယ်အပွား ဖြစ်သော မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည့် ထိုင်းနိုင်ငံ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး လုပ်ငန်းစဥ်သည် အကူအညီအလိုအပ်ဆုံးသော IDP များထံ မရောက်ရှိရုံမျှမက အကူအညီလက်ခံရရှိခဲ့သူများ၏ လိုအပ်ချက်များနှင့်လည်း မပြည့်မီဘဲ ဒေသခံ အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်ရန်လည်း ပျက်ကွက်ခဲ့သည်။ စစ်အုပ်စုမှ အကူအညီများကို လက်နက်သဖွယ် စနစ်တကျ အသုံးချနေခြင်းကို သေချာစွာ ထည့်သွင်းစဥ်းစားလျှင် စစ်အုပ်စုနှင့်ဖြစ်စေ စစ်အုပ်စု၏ အရန်အင်အား လက်ဝေခံများနှင့်ဖြစ်စေ ပူးပေါင်းဆောင်ရွက်သည့် ဤလုပ်ငန်းစဥ်နှင့် အခြားမည်သည့်လုပ်ငန်းစဥ်မဆိုသည် အကူအညီများ ပေးအပ်ရန် ရည်ရွယ်ထားေသာ လူထုအသိုင်းအဝိုင်းများ၏ လူသားလုံခြုံရေးအတွက် အလွန်ပင်ကြီးမားသော အန္တရာယ်ကို ဖြစ်ပေါ်စေလိမ့်မည် ဖြစ်သည်။

ဒေသခံဦးဆောင်သည့် နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများသည် မြန်မာပြည်အလယ်ပိုင်းနှင့် အထက်ပိုင်း အပါအဝင် နယ်စပ်ဒေသတစ်လျှောက်နှင့် နယ်စပ်ကိုကျော်လွန်၍ မြန်မာနိုင်ငံမှ IDP များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ကြောင်း လွန်ခဲ့သောသုံးနှစ်အတွင်း ထိရောက်သောလုပ်ဆောင်မှုများက သက်သေပြခဲ့ပြီး ဖြစ်သကဲ့သို့ ယခုထိတိုင်လည်း ဖြစ်နေဆဲ​ဖြစ်သည်။ ဒေသခံ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအဖွဲ့များနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများသည် ရှေ့တန်းမြေပြင်တွင် ဆယ်စုနှစ် ပေါင်းများစွာကတည်းက ရှိနေခဲ့ပြီး  ဒေသခံလူထုအသိုင်းအဝိုင်းများနှင့် လက်ချင်းချိတ်၍ အကူအညီများကို ထိထိရောက်ရောက် ပေးပို့နိုင်စွမ်းရှိသည့် နှစ်များစွာချီသော အတွေ့အကြုံ၊ ဗဟုသုတနှင့် ယုံကြည်မှု များလည်း ၎င်းတို့တွင် ပြည့်စုံစွာ ရှိနှင့်နေပြီးဖြစ်သည်။ ထို့အပြင် ပြည်သူမှပြည်သူသို့နှင့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာခုခံတော်လှန်သော ချဥ်းကပ်မှုများဖြင့် IDP အသိုင်းအဝိုင်းများထံ အကူအညီများ ထိရောက်စွာ ပေးပို့ရန် အသင့်ဖြစ်နေသကဲ့သို့ လုပ်ကိုင်နိုင်စွမ်းလည်းရှိသော ရှေ့တန်းတွင် လုပ်ဆောင်နေသူများသည် ဝန်ဆောင်မှုပေးသူတိုင်းရင်းသားများ၊ CDM တွင်ပါဝင်သူများ၊ ERO များ၊ ပြည်သူ့စီမံအုပ်ချုပ်ရေးများနှင့် NUG တို့ဖြစ်ကြသည်။

အရေးပေါ်အကျပ်အတည်းတုံ့ပြန်မှုဆိုင်ရာ တောင်းဆိုချက်များ

မိမိတို့အားလုံးမှ ထပ်မံသတိပြုရမည်မှာ စစ်အုပ်စု၏ အကြမ်းဖက်မှုများမှ လွတ်မြောက်နိုင်ရန် မြန်မာပြည်သူများစွာသည် ၎င်းတို့နေအိမ်များကို စွန့်ခွာ၍ မြန်မာနိုင်ငံတွင်းသာမက နယ်စပ်စည်းမျဥ်းများ ဖြတ်ကျော်ကာ ယနေ့ထိတိုင် ဖြစ်ပေါ်နေသော အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ရမှု အပါအဝင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း၏ အကြောင်း ရင်းခံသည် မြန်မာစစ်တပ်ဖြစ်ကြောင်း ဆိုသည့်အချက်ကိုပင် ဖြစ်သည်။ ယခုအချိန်သည် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အလျင်အမြန် ပြင်းထန်လာနေသော မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်ရန် မြန်မာပြည်သူ များ၏ တစ်ပေါင်းတစ်စည်းတည်းသော ဆန္ဒ၊ အားထုတ်မှုနှင့် စတေးမှုများကို ပံ့ပိုးကူညီရန်အပြင် မိမိဆန္ဒ အလျောက်၊ ဘေးကင်းလုံခြုံ ဂုဏ်သိက္ခာရှိစွာဖြင့် ရေရှည်တည်တံ့သော နေရပ်ပြန်နိုင်ရေး သေချာစေရန် တို့အတွက် ဟန်ချက်ညီသော အကျပ်အတည်းတုံ့ပြန်ရေးတစ်ခုကို လုပ်ဆောင်ရမည့် အလွန်အရေးကြီးသော အချိန်ပင် ဖြစ်သည်။

ယနေ့ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံ၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့ထံ မိမိတို့မှ အောက်ပါအချက်များကို တောင်းဆိုလိုက်သည် –

  • ကမ္ဘာလုံးဆိုင်ရာ လက်နက်နှင့် လေယာဥ်လောင်စာဆီ တင်ပို့ရောင်းချမှုပိတ်ဆို့ခြင်း အပါအဝင် မြန်မာစစ်အုပ်စု၏ နောက်ထပ်သော ရက်စက်ကြမ်းကြုတ်မှုများကို တားဆီးရန်အတွက် လိုအပ်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန်နှင့် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်း အားလုံးမှတစ်ဆင့် ပြစ်မှုကျူးလွန်သူများကို နိုင်ငံတကာဥပဒေအောက်တွင် တာဝန်ယူတာဝန်ခံ ခိုင်းစေရန် လက်ရှိသွားနေသည့် နိုင်ငံတကာကြိုးစား အားထုတ်မှုများတွင် ပူးပေါင်းပါဝင် အရှိန်မြှင့်လုပ်ဆောင်ရန်၊
  • မြန်မာစစ်အုပ်စုနှင့် ဆက်ဆံရေးအားလုံးကို ချက်ခြင်းဖြတ်တောက်ပြီး နိုင်ငံတကာနှင့် ဒေသတွင်းဖိုရမ်များတွင် ပါဝင်တက်ရောက်စေခြင်းမှတစ်ဆင့် အပါအဝင် စစ်အုပ်စုအား အတုအယောင် တရားဝင်မှုပေးနေများကို ရပ်တန့်ရန်၊
  • ဒေသခံဦးဆောင်သော နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများမှတစ်ဆင့် အကူအညီများ တိုက်ရိုက်ပေးပို့ရာ၌ တိုင်းရင်းသား အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ရပ်ရွာအခြေပြု အဖွဲ့အစည်းများ အပါအဝင် ယုံကြည်စိတ်ချရသော ရှေ့တန်းမှ ဒေသခံ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်သူများအား အသိအမှတ်ပြုပြီး ၎င်းတို့နှင့် တန်းတူညီမျှသော ပူပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်ရန်နှင့် ခိုင်မာမြန်ဆန်သော အကူအညီများ ပေးအပ်ရန်၊
  • နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသော လူထုအသိုင်းအဝိုင်းများထံ အကူအညီများပေးပို့ရန် ရှေ့တန်းတွင် လုပ်ဆောင်နေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ကိုင်ဆောင်ရွက် သူများအတွက် ဒေသခံဦးဆောင်သော နယ်စပ်ဖြတ်ကျော်လမ်းကြောင်းများ ခွင့်ပြု၊ စီစဥ်၊ ပံ့ပိုးကူညီရန်၊
  • အတင်းအကျပ်နေရပ်ပြန်မပို့ရေး မူဝါဒကို လေးစားလိုက်နာရန်နှင့် မြန်မာပြည်သူများကို တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်းနှင့် အတင်းအဓမ္မ နေရပ်ပြန်ပို့ခြင်းများ ရပ်တန့်ရန်၊
  • မြန်မာဒုက္ခသည်များကို ဥပဒေအကာအကွယ်အပြင် အလုပ်အကိုင်၊ တရားဝင်ပညာရေး၊ ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် အခြားမရှိမဖြစ် အခြေခံကျသော ဝန်ဆောင်မှုများ လက်လှမ်းမှီမှုရှိစေရေး ဆောင်ရွက်ပေးရန်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

  • ထွန်းခင်၊ Burmese Rohingya Organisation UK၊ [email protected]
  • ကညောဖော၊ ကရင်အမျိုးသမီးအစည်းအရုံး၊ [email protected]
  • မူလန်၊ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့၊ [email protected]
  • နော်အောင်၊ မြန်မာ့ဒီမိုကရေစီကာကွယ်မြှင့်တင်ရေး လှုပ်ရှားမှုအဖွဲ့၊ [email protected]
  • ခင်ဥမ္မာ၊ ရှေ့ပြေးအသံအဖွဲ့၊ [email protected]

 

မြန်မာနိုင်ငံအတွင်း စစ်အုပ်စု၏ ဆက်လက်ကျူးလွန်နေသော အကြမ်းဖက်မှုများကြောင့် အမည်မဖော်ပြ လိုသည့် အဖွဲ့အစည်း ၆ ဖွဲ့ အပါအဝင် အဖွဲ့အစည်း စုစုပေါင်း ၁၂၈ ဖွဲ့တို့မှ​ ထောက်ခံလက်မှတ်ရေးထိုး ထားသည်။

  1. #MilkTeaAlliance Calendar Team
  2. #MilkTeaAlliance – Friends of Myanmar
  3. 8888 Generation (New Zealand)
  4. Action Committee for Democracy Development (Coalition of 14 Grassroots Networks)
  5. Ah Nah Podcast – Conversations with Myanmar
  6. All Burma Democratic Front in New Zealand
  7. ALTSEAN-Burma
  8. Arakan Rohingya National Union (ARNU)
  9. Asia Democracy Network (ADN)
  10. Asian Forum for Human Rights and Development (FORUM-ASIA)
  11. Asian Health Institute (AHI)
  12. Association of Human Rights Defenders and Promoters (HRDP)
  13. Association Suisse-Birmanie
  14. Athan – Freedom of Expression Activist Organization
  15. Auckland Kachin Community NZ
  16. Auckland Zomi Community NZ
  17. Blood Money Campaign
  18. Burma Action Ireland
  19. Burma Campaign UK
  20. Burma Human Rights Network (BHRN)
  21. Burmese Community Group (Manawatu, NZ)
  22. Burmese Rohingya Organisation UK (BROUK)
  23. Burmese Rohingya Welfare Organisation New Zealand
  24. Burmese Women’s Union (BWU)
  25. Campaign for a New Myanmar
  26. Chin Community of Auckland (NZ)
  27. Chin Human Rights Organization (CHRO)
  28. Citizen of Burma Award – New Zealand
  29. Civil Rights Defenders
  30. CRPH & NUG Supporters Ireland
  31. CRPH Funding Ireland
  32. CRPH Support Group, Norway
  33. Defend Myanmar Democracy
  34. Democracy, Peace and Women’s Organization
  35. Dunedin Myanmar Community – New Zealand
  36. Educational Initiatives Prague
  37. Equality Myanmar (EQMM)
  38. Federal Myanmar Benevolence Group (NZ)
  39. Free Burma Campaign (South Africa)
  40. Freedom and Labor Action Group
  41. From Singapore to Myanmar (FS2M)
  42. Future Light Center
  43. Future Thanlwin
  44. Generation Wave
  45. German Solidarity with Myanmar Democracy e.V.
  46. Human Rights Educators’ Network (HREN)
  47. Human Rights Foundation of Monland (HURFOM)
  48. India for Myanmar
  49. Info Birmanie
  50. Initiatives for International Dialogue (IID)
  51. International Association, Myanmar-Switzerland (IAMS)
  52. International Campaign for the Rohingya
  53. Justice For Myanmar
  54. Justice & Equality Focus (JEF)
  55. Kachin Women’s Association Thailand (KWAT)
  56. Karen Human Rights Group (KHRG)
  57. Karen Peace Support Network (KPSN)
  58. Karen Women’s Organization (KWO)
  59. Karenni Association of New Zealand Inc.
  60. Karenni Civil Society Network (KCSN)
  61. Karenni Human Rights Group
  62. Karenni National Women’s Organization (KNWO)
  63. Kayan Women’s Organization (KyWO)
  64. Keng Tung Youth
  65. KontraS
  66. Kyae Lak Myay
  67. Kyauktada Strike Committee (KSC)
  68. Magway Region Human Rights Network (MHRN)
  69. Mandalay Regional Youth Association (MRYA)
  70. Mekong Watch
  71. Metta Campaign
  72. Mon Communities New Zealand
  73. Myanmar Accountability Project (MAP)
  74. Myanmar anti-Military Coup Movement in New Zealand
  75. Myanmar Campaign Network
  76. Myanmar Community Christchurch – New Zealand
  77. Myanmar Engineers – New Zealand
  78. Myanmar Gonye (New Zealand)
  79. Myanmar Muslim Revolution Force (MMRF)
  80. Myanmar People Alliance (Shan State)
  81. Myanmar Students’ Union in New Zealand
  82. MyaYar Knowledge Tree
  83. Nelson Burmese Community New Zealand
  84. Nelson Chin Community – NZ
  85. Nelson Karenni Community New Zealand
  86. Nelson Zomi Community – NZ
  87. Network for Human Rights Documentation – Burma (ND-Burma)
  88. New Myanmar Foundation (NMF)
  89. New Zealand Campaign for Myanmar
  90. New Zealand Chin Community
  91. New Zealand Doctors for NUG
  92. New Zealand Karen Association
  93. New Zealand Zo Community Inc.
  94. No Business With Genocide
  95. Overseas Mon Association – New Zealand
  96. Palmerston North Karen Community – NZ
  97. Politics for Women Myanmar
  98. Progressive Voice
  99. Rohingya Action Ireland
  100. Rvwang Community Association New Zealand
  101. Save and Care Organization for Ethnic Women at Border Areas (SCOEWBA)
  102. Save Myanmar Fundraising Group (New Zealand)
  103. SEA Junction
  104. Shan Community (New Zealand)
  105. Shan MATA
  106. Sisters 2 Sisters
  107. Sitt Nyein Pann Foundation
  108. Southern Youth Development Organization
  109. Sujata Sisters Group (New Zealand)
  110. Thailand 4 Burma
  111. The European Rohingya Council
  112. The Ladies
  113. TRIPNET
  114. S. Campaign for Burma (USCB)
  115. Wellington Chin Community (New Zealand)
  116. Women Lead Resource Center (WLRC)
  117. Women’s League of Burma
  118. Youth Empowerment (YE)
  119. Youths for Community – YfC Myaung
  120. Zomi Innkuan Wellington Inc. (NZ)
  121. မြင်းမူလူငယ်အဖွဲ့
  122. သမိုင်းသယ်ဆောင်သူများ

ထုတ်ပြန်ချက် PDF ဖိုင်ကို အောက်ပါလင့်မှရယူရန်။

မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ