လတ်တလောကာလ မြန်မာ့အရေးနှင့်ပတ်သက်လျှင် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သောအစိုးရ၏ အနာဂတ်တို့ အပေါ်သာ အာရုံစိုက်မှုများနေပြီး အလွန်နက်နဲသော လူသားချင်းစာနာမှု အကျပ်အတည်း နှင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှ တိုင်းရင်းသားလူနည်းစု အသိုင်းအဝိုင်းတို့၏ ဆက်လက်စိုးရိမ်ပူပန်နေရမှုများအား အများအားဖြင့် လျစ်လျူရှုထားကြသည်။ လက်ရှိ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုအခြေအနေတွင် ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်ရသူ IDP လူထုများ၏ လက်ငင်းရုန်းကန်ရင်ဆိုင်နေရမှုများအား လုံလုံလောက်လောက် ကိုင်တွယ်ဖော်ပြနေခြင်းမရှိပေ။ ၎င်း IDP လူထုများသည် လူစိတ်ဝင်စားမှုပိုများသည့် ပြုပြင်ပြောင်းလဲရေး ဇာတ်ထုပ်ကြီးအောက်တွင် ဖုံးကွယ်ခံနေရသည့် ကသိကအောက် အမှန်တရား ဖြစ်လာခဲ့သည်။
နှစ်ပေါင်း၇၀နီးပါးကြာ ဖြစ်ပွားနေသည့် တိုင်းရင်းသားအရေး ပဋိပက္ခများကြောင့် တိုင်းရင်းသားအများစုနေထိုင်သောဒေသများမှ IDP ၆၄၄,၀၀၀ ကျော်နှင့် ဒုက္ခသည် ၄၇၉,၀၀၀ ကျော်တို့ နိုင်ငံမှ ထွက်ပြေးခဲ့ရသော နေရပ်စွန့်ခွာတိမ်းရှောင်ရမှု အကျပ်အတည်းကြီးကို ဖြစ်ပေါ်စေခဲ့သည်။ လောလောဆယ်တွင် ဒုက္ခသည် ၁၀၀,၀၀၀ ကျော်မှာ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြပြီး IDP လူထု ၄၀၀,၀၀၀ ခန့်မှာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းတွင် ကာလရှည်ကြာ ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများဖြစ်နေကြသည်။ မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသည့် နိုင်ငံရေး၊ လူမှုရေး အသွင်ကူးပြောင်းမှုများနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိခဲ့ခြင်းတို့သည် မြန်မာနိုင်ငံသားများကိုသာမက ကမ္ဘာတစ်လွှားမှ နိုင်ငံခြားအကဲခတ်များကို ဖမ်းစားနေရာ မကြာခင်တွင် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရသူများ မြန်မာနိုင်ငံသို့ ပြန်ပြောင်းရွှေ့လာကြလိမ့်မည်ဟူသော အကောင်းမြင်ဝါဒနှင့် ကူးစက်လွယ် အတွေးအမြင်တို့က ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အလှူရှင်တို့၏ထောက်ပံ့မှုအား ထပ်မံကျဆင်းစေခဲ့သည်။
အစီရင်ခံစာ အပြည့်အစုံကို ဤနေရာတွင် ရယူနိုင်သည်။