ဒီလီမြို့ တီမောလက်စတေနိုင်ငံ – ၂၀၂၄ ခုနှစ် မေလ ၂၇ ရက်နေ့တွင် တီမောလက်စတေ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနကြီး (the Provedor for Human Rights and Justice – PDHJ) က မြန်မာပြည်သူများနှင့်အတူ သွေးစည်းညီညွတ်စွာ ရပ်တည်ကြောင်း ပြသသောအနေဖြင့် “မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအကျပ်အတည်းနှင့်ပတ်သက်သော လူထုကြားနာပွဲ” ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခဲ့သည်။
ထိုလူထုကြားနာပွဲက မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းအကြောင်းကို အများအား ပိုမိုသိရှိစေခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံမှ နောက်ခံစုံလင် ကွဲပြားသည့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအတွက် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို ၎င်းတို့ကိုယ်ပိုင်စကားလုံးများဖြင့် ဖော်ထုတ်ပြောကြားရန် ဘေးကင်းလုံခြုံသော ရပ်ဝန်းတစ်ခုကိုလည်း ဖန်တီးပေးနိုင်ခဲ့သည်။ ယင်းတို့၏ သက်သေထွက်ဆိုချက်များက မြန်မာနိုင်ငံအနာဂတ်အတွက်ထားရှိသော ၎င်းတို့၏ မျှော်လင့်ချက်များကိုသာမက တီမောလက်စတေအစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့ထံ ၎င်းတို့၏ တောင်းဆိုချက်များကိုလည်း ထုတ်ဖော်ပြသခဲ့သည်။
PDHJ သည် တီမောလက်စတေနိုင်ငံ၏ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာန (NHRI) တစ်ခုဖြစ်သည်။ NHRI များကို နိုင်ငံတစ်နိုင်ငံ၏ ဥပဒေ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားကြပြီး ပါရီအခြေခံမူ များနှင့်အညီ လူ့အခွင့်အရေးကို မြှင့်တင်၊ ကာကွယ်ပေးရန် လုပ်ပိုင်ခွင့်အာဏာရှိသော လွတ်လပ်အမှီအခို ကင်းသည့် အဖွဲ့အစည်းများ ဖြစ်ကြသည်။
လူထုကြားနာပွဲကို PDHJ ကော်မရှင်ဥက္ကဌ Virgilio da Silva Guterres နှင့် ဒု-ဥက္ကဌ Maria Marilia X. C. de O. da Costa တို့က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် Centro Nacional Chega (CNC) ၏ အမှုဆောင်အရာရှိချုပ် Hugo Fernandes ကလည်း ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
မြေပြင်မှ သတ္တိပြောင်မြောက်သော အသံများ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ မြန်မာနိုင်ငံသည် စစ်အုပ်စုအား ဆန့်ကျင်တော်လှန်သည့် နိုင်ငံ့သမိုင်းတွင် အကြီးမားဆုံးသော ပြည်သူလူထု၏ ခုခံတော်လှန်မှုတစ်ခု ဖြစ်လာခဲ့သည်မှာ သုံးနှစ်ကျော်လာခဲ့ပြီး ဖြစ်သည်။
စစ်အုပ်စု အင်အားကျဆင်းလာနေချိန်တွင် ပြည်သူ့တော်လှန်ရေးလှုပ်ရှားမှုက မြေပြင်စိုးမိုးမှုများကို ပိုမိုရရှိလာနေသည်။ ဤကဲ့သို့ အရေးကြီးသော အခင်းအကျင်းတွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူလူထု၏ အသံများကို ထင်ဟပ်သည့် သွေးစည်းညီညွတ်မှုနှင့် ခိုင်မာသော လုပ်ကိုင်ဆောင်ရွက်မှု များဖြင့် ပိုမိုပံ့ပိုးကူညီပေးရမည် ဖြစ်သည်။ မြန်မာပြည်သူလူထု၏ အသံများဟုဆိုရာတွင် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှုနှင့် တာဝန်ခံယူမှု၊ တာဝန်ခံမှု ရှိလာစေရေး ဆောင်ရွက်ပေးရန်၊ နှင့် မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီကို အောင်အောင်မြင်မြင် အသွင်ကူးပြောင်းနိုင်ရေး နှင့် ပြန်လည်တည်ဆောက်ရေးတို့အတွက် သတ္တိပြောင်မြောက်သော တောင်းဆို ထားသည့် အချက်များပင် ဖြစ်သည်။
ထိုလူထုကြားနာပွဲတွင် (၁) မြန်မာနိုင်ငံအရှေ့ပိုင်း ကရင်ပြည်နယ်မှ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ အမျိုးသမီးတစ်ဦး၊ (၂) နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦး၊ (၃) မြန်မာနိုင်ငံ အနောက်ပိုင်း အိန္ဒိယနယ်စပ်ရှိ ချင်းပြည်နယ်မှ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ အမျိုးသမီးတစ်ဦး၊ (၄) မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှ ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦး၊ (၅) မြန်မာနိုင်ငံအရှေ့ပိုင်း ကရင်နီပြည်နယ်မှ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦး၊ (၆) လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ရိုဟင်ဂျာလူငယ်တစ်ဦး၊ နှင့် (၇) တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် တရားမျှတမှု ရရှိရေး ရိုဟင်ဂျာ လူ့အခွင့်အရေး စည်းရုံးလှုံ့ဆော်သူ တစ်ဦးတို့ ပါဝင်သည့် မြန်မာ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူ ခုနစ်ဦးတို့၏ သက်သေထွက်ဆိုချက်များကို ဖော်ပြခဲ့သည်။
အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်း ဒေသခံလူမှုအသိုင်းအဝိုင်းများ၊ အမျိုးသမီးများ၊ လူငယ်များ၊ သတင်းသမားများ၊ နိုင်ငံရေးအကျဥ်းသားများနှင့် ရိုဟင်ဂျာကဲ့သို့သော လူနည်းစုတိုင်းရင်းသားများ၏ အခြေအနေများကို လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများက ၎င်းတို့၏ ကိုယ်ပိုင်စကားလုံး (နှင့် ဘာသာစကား) ဖြင့် တင်ပြခဲ့ကြသည်။
လူ ၅,၀၀၀ ကျော်ကို သတ်ဖြတ်ပြီး အမျိုးသမီးနှင့်ကလေးများ အပါအဝင် နိုင်ငံရေးအကျဥ်းသား ၂၆,၀၀၀ ကျော်ကို မတရားဖမ်းဆီးချုပ်နှောင်ထားသည့် စစ်အုပ်စုက ကျူးလွန်းခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ၎င်းတို့က အသေးစိတ်တင်ပြခဲ့ကြသည်။ ယင်းချိုးဖောက်မှုများထဲတွင် သေဒဏ်ချမှတ်ခြင်း၊ တရားလက်လွတ်သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ အဓမ္မဖမ်းဆီးခေါ်ဆောင် သွားခြင်း၊ နှိပ်စက်ခြင်း၊ စော်ကားနှောင့်ယှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းနှင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၂.၇ သန်းကျော်ကို လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ မရရှိစေရန် စစ်အုပ်စုမှ ပိတ်ဆို့တားဆီးခြင်းတို့ ပါဝင်သည်။
စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများသည် ပြည်သူများ၏ အသက်ရှင်ခွင့်၊ ကျန်းမာရေးဆိုင်ရာ ရပိုင်ခွင့်၊ ပညာသင်ခွင့်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများအပြင် အခြေခံကျသော လွတ်လပ်ခွင့်များအပေါ် မည်ကဲ့သို့ ချိုးဖောက်နေကြောင်းကို လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ အားလုံးက အလေးထား တင်ပြခဲ့ကြသည်။
ထို့အပြင် ၎င်းတို့၏ လူ့အခွင့်အရေးလုပ်ငန်းများနှင့် ငြိမ်းချမ်းစွာဆန္ဒပြပွဲများတွင် ပါဝင်မှုတို့ကြောင့် ၎င်းတို့လုပ်ဖော်ကိုင်ဖက်များနှင့်အတူ စစ်အုပ်စု၏ ပစ်မှတ်ထားခြင်းခံရနေသည့်အကြောင်းကိုလည်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများက ထွက်ဆိုပြောကြားခဲ့သည်။ ဤချိုးဖောက်မှုများကို ပိုမို၍ ဆိုးရွားပြင်းထန်လာစေသည်မှာ စစ်အုပ်စုမှ အတင်းအဓမ္မလုပ်ဆောင်နေသော စစ်မှုထမ်းဥပဒေက သောင်းနှင့်ချီသော လူငယ်များကို နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ရစေရန် သို့မဟုတ် ၎င်းတို့ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းရန် တွန်းပို့နေသည်။
ယင်းထွက်ဆိုပြောကြားချက်များအနက် ခွန်အားများ၊ ပြင်းပြသောမျှော်မှန်းချက်များ၊ ခုခံတော်လှန်မှု များနှင့် ပတ်သက်သည့် အကြောင်းအရာများပါဝင်သည့် တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ၌ လွတ်လပ်မှု၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုတို့ ပြန်လည်အောင်ပန်းဆင်နိုင်မည် ဟူသော မျှော်လင့်ချက်တို့လည်း ပါဝင်သည်။
လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများသည် မြန်မာပြည်သူများအတွက် အရေးတကြီး လိုအပ်နေသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အပါအဝင် အကူအညီများ ပိုမိုပံ့ပိုးပေးရန်နှင့် စစ်အုပ်စုအပေါ် ခိုင်မာသောအရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တောင်းဆိုခဲ့သည်။ ထို့အပြင် မြန်မာပြည်သူများ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲတွင် တီမောလက်စတေအစိုးရနှင့် ၎င်းပြည်သူများ၏ မဆုတ်မနစ်သော အားပေးထောက်ခံမှုနှင့် သွေးစည်း ညီညွတ်မှုတို့အတွက် အထူးကျေးဇူးတင်ကြောင်းကိုလည်း ပြောကြားခဲ့သည်။
PDHJ ထံမှ တုံ့ပြန်မှုများ
PDHJ ကော်မရှင်ဥက္ကဌ Mr. Da Silva Guterres ၏ မှတ်ချက်တွင် မြန်မာပြည်သူများ အပါအဝင် အဖိနှိပ်ခံပြည်သူများ၏ လူ့အခွင့်အရေးကို ကာကွယ်ပေးရန်နှင့် ကြိုးစားရုန်းကန်မှုများကို အားပေး ထောက်ခံရန်မှာ တီမောပြည်သူများ၏ ‘အခြေခံကျသော သမိုင်းပေးတာဝန်ဝတ္တရား’ ဖြစ်ကြောင်း အဓိကထား ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် PDHJ သည် အရှေ့တောင်အာရှ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများဖိုရမ် (Southeast Asia National Human Rights Institution Forum – SEANF) ၏ လက်ရှိဥက္ကဌအနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရေးအတွက် အခြားသော NHRI များနှင့် ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်သွားမည့် မဟာဗျူဟာကျသော ၎င်း၏အခန်းကဏ္ဍကိုလည်း ထပ်လောင်း ပြောကြားခဲ့သည်။
ထိုပွင့်လင်းသည့် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများသည် မြန်မာနိုင်ငံ၏ အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရေးတွင် PDHJ ၏ တိကျသောအခန်းကဏ္ဍမှသည် အာဆီယံဒေသတွင်း လူ့အခွင့်အရေး ယန္တရားများ၊ အထူးသဖြင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအစိုးရများအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (ASEAN Intergovernmental Commission on Human Rights – AICHR) ၏ ထိရောက်မှုတို့အထိ သက်ဆိုင်သည့် မေးခွန်းများကို မေးမြန်းခဲ့ကြသည်။
AICHR သည် မြန်မာနိုင်ငံ၏ ဆယ်စုနှစ်များစွာကြာမြင့်သည့် အထူးသဖြင့် အာဏာသိမ်းရန်ကြိုးပမ်းမှု နောက်ပိုင်း သုံးနှစ်တာကာလအတွင်း ဖြစ်ပွားနေသည့် ဆိုးရွားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် လူသိရှင်ကြား နှုတ်ဆိတ်နေခဲ့သည်။
PDHJ ကော်မရှင်ဥက္ကဌ Mr. Da Silva Guterres က “တီမောလက်စတေ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနနဲ့ SEANF ဥက္ကဌအနေနဲ့ ကျနော်တို့ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ ကိုယ့်နိုင်ငံအတွင်းမှာရော အာဆီယံဒေသအတွင်းမှာပါ လွှတ်တော်၊ အစိုးရတာဝန်ရှိသူ တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်နိုင်ပါတယ်။ ထိတွေ့ဆက်ဆံမှုတွေမှာ ဦးစားပေး ဆောင်ရွက်ရမယ့် အချက်တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအကြောင်း မီးမောင်းထိုးတင်ပြသွားမှာ ဖြစ်ပါတယ်။ တီမောလက်စတေနိုင်ငံဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့အတွက် စိတ်အားထက်သန်နေတဲ့ တစ်ချိန်တည်းမှာပဲ ဒါဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကို လျစ်လျူရှုမယ့် အကြောင်းရင်း မဖြစ်သင့်ဘူး။” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
PDHJ ၏ လူထုကြားနာပွဲကို CNC၊ ရှေ့ပြေးအသံအဖွဲ့၊ the Asian Forum for Human Rights and Development (FORUM-ASIA)၊ Alternative ASEAN Network on Burma (ALTSEAN-Burma) နှင့် Initiatives for International Dialogue (IID) တို့က ပံ့ပိုးကူညီထားသည်။
သတင်းမီဒီယာများ စုံစမ်းမေးမြန်းလိုပါက ဆက်သွယ်ရန်
PDF ဖိုင်ကိုရယူရန် မြန်မာဘာသာ ၊ အင်္ဂလိပ်ဘာသာ။