“အဖွဲ့အစည်းအလိုက် ဦးဆောင်တဲ့ အမျိုးသားတွေသည် အဖွဲ့အစည်းမှာ အလုပ်လုပ်တဲ့ အမျိုးသမီးတွေအပေါ်မှာ သားကောင်လို သဘောထားပြီး ဘယ်အချိန်၊ ဘာလုပ်လို့ရမလဲ ချောင်းနေကြတဲ့ပုံစံမျိုးနဲ့ မြန်မာ့လူ့အဖွဲ့အစည်းက အကြာကြီးသွားခဲ့ပြီးပြီ…”
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၈ ရက်
ယနေ့ မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများနေ့ ဖြစ်ပြီး ၂၀၂၄ ခုနှစ် နိုင်ငံတကာ အမျိုးသမီးများနေ့အတွက် ဆောင်ပုဒ်ကတော့ “အမျိုးသမီးတွေအတွက် ရင်းနှီးမြှုပ်နှံပြီး တိုးတက်ရေးအတွက် အရှိန်မြှင့်လုပ်ဆောင်ပါ” ဆိုပြီး တိုက်တွန်းထားပါတယ်။
မြန်မာ့အမျိုးသမီးတွေရဲ့ အသံ ကို နိုင်ငံတကာသိအောင် လှုပ်ရှားဆောင်ရွက်နေတဲ့ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice Myanmar) တည်ထောင်သူ ဒေါ်ခင်ဥမ္မာကို နိုင်ငံတကာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းမ် သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။
ဧရာဝတီတိုင်းမ်။ ။ ဒီနေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ဖြစ်တာကြောင့် ရှေ့ပြေးအသံအဖွဲ့ တည်ထောင်သူ အမျိုးသမီးတစ်ဦးအနေနဲ့ကော အဖွဲ့အနေနဲ့ပါ ဘာတွေ ဘယ်လို ဆောင်ရွက် နေတယ်ဆိုတာ ပြောပြပေးပါ။
ဒေါ်ခင်ဥမ္မာ။ ။ ဟုတ်ကဲ့။ ကျွန်မတို့ ရှေ့ပြေးအသံအဖွဲ့အနေနဲ့ကတော့ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့အစည်းအသီးသီးကနေ ဖော်ထုတ်လာမယ့် သူတို့ရဲ့ အသံတွေကို ကျွန်မတို့က နိုင်ငံတကာဆီရောက်အောင် ပို့ဆောင်မှုတွေ ပိုပြီးတော့ လုပ်ဖို့ရှိတယ်။ အဲဒါတွေက ကျွန်မတို့ ပုံမှန်လုပ်နေကြ ဖြစ်တယ်။ နောက် ရှေ့ပြေးအသံ အဖွဲ့က မြန်မာနိုင်ငံရဲ့ မြေပြင်အခြေအနေ၊ ဖြစ်နေတဲ့အနေအထား၊ ထူးခြားချက်၊ အရေးကြီးတဲ့ အကြောင်းအရာတွေကိုလည်း အပတ်စဉ် တင်ပြပေးလေ့ ရှိပါတယ်။
ကျွန်မတစ်ယောက်တည်း အနေနဲ့ကတော့ အခုမြန်မာနိုင်ငံမှာ ရှိနေကြတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ အားလုံး ပေါ့နော်။ သူတို့နဲ့ တွေ့ဆုံဆွေးနွေးမှု၊ စကားပြောပွဲတွေမှာ တတ်နိုင်သမျှ ပါဝင်တယ်။ ပြီးသွားလို့ရှိရင် နိုင်ငံတကာမှာ မြန်မာနဲ့ ပတ်သက်ပြီး တုံ့ပြန်တဲ့အခြေအနေတွေ၊ စည်းရုံးနှိုးဆော်မှုလုပ်တဲ့ အခြေအနေတွေ၊ ပြီးသွားလို့ရှိရင် အမျိုးသမီးတွေအားလုံးရဲ့ စုစည်းမှုတွေ၊ အားတွေနဲ့ အကြမ်းဖက် စစ်အုပ်စုကို ဖယ်ရှားနိုင်ရေး၊ အမျိုးသမီးတွေရဲ့ ကျား/မတန်းတူမှု ဖော်ဆောင်ရေးတွေ၊ ခွဲခြားဆက်ဆံမှု ပပျောက်ရေး ဒါတွေနဲ့ ပတ်သက်လို့ ကျွန်မဘက်ကနေပြီး တော့ သတင်းအချက်၊ အတွေ့အကြုံ ဖလှယ်မှုတွေ လုပ်တာလည်းရှိပါတယ်။
ဧရာဝတီတိုင်းမ်။ ။ ဆရာမအပေါ် တွန်းအားဖြစ်အောင် လှုံ့ဆော်မှုပေးနိုင်တဲ့ အမျိုးသမီး (ဒါမှမဟုတ်) ဩဇာလွှမ်းမိုးထားတဲ့ အမျိုးသမီးတွေ ရှိရင်လည်း ပြောပြပါလား။ ဘာကြောင့်လဲ။
ဒေါ်ခင်ဥမ္မာ။ ။ ကျွန်မအတွက်ကတော့ အများကြီးရှိတယ်ရှင့်။ ဘယ်သူတွေလည်းဆိုတော့ မြန်မာနိုင်ငံမှာ စနစ်ကနေပြီး ဖိနှိပ်မှုခံထားရတဲ့ အမျိုးသမီးတွေ။ အမျိုးသားတွေရဲ့ ဖိုလ်ဝါဒကြီးစိုးမှု ဒါတွေကို ဆန့်ကျင်တွန်းလှန်နေတဲ့၊ ကျား/မတန်းတူရေး ဖော်ဆောင်နိုင်ဖို့ ကြိုးစားနေတဲ့ မြေပြင်က တိုင်းရင်းသားအသီးသီး၊ ဒေသအသီးသီးက အမျိုးသမီးတွေ။ ပြီးသွားရင် အမျိုးသမီးတွေရဲ့ ဘဝကို မြှင်တင်ဖို့၊ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို တတ်နိုင်သမျှ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကုစားမှုတွေ လုပ်ပေးနေတာ၊ တရားမျှတမှုတွေရဖို့ ဖော်ဆောင်ပေးနေတာ။ အဲလိုမျိုး အမျိုးသမီးတွေက ကျွန်မအတွက် ခွန်အားဖြစ်စေတယ်။
သူတို့ဟာ သတိပေးမှုကို အမြဲတမ်းဖြစ်စေတဲ့ ခွန်းအားတွေဖြစ်တယ်။ အထူးသဖြင့် ကျွန်မအတွက် ခွန်အားဖြစ်စေဆုံး အမျိူး သမီးတွေက ဒီမြန်မာစစ်တပ် အကြမ်းဖက်စစ်အုပ်စုရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စော်ကားခံလိုက်ရတဲ့၊ စော်ကားခံရပြီးတော့မှ အသက်ရှင်ကျန်ရှိတဲ့ အမျိုး သမီးတွေဟာ ကျွန်မဘဝမှာ ခွန်အားအဖြစ်စေဆုံး အမျိုး သမီးတွေ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်ကတည်းက ကျွန်မအများကြီး တွေ့ဖူးတယ်။ သူတို့တွေနဲ့ စကားတွေ ပြောဖူး တယ်။ သူတို့ရဲ့ဘဝတွေ အင်မတန်မှ နာကျင်စရာကောင်းတဲ့ ဘဝအကြောင်းတွေ၊ စစ်အုပ်စုအကြမ်းဖက်မှုတွေ ကျွန်မ သုတေသန လုပ်ခဲ့တာတွေ အများကြီးရှိတယ်။
ပြီးသွားတော့ ၂၀၁၇ ခုနှစ်က ဆိုလို့ရှိရင် ရိုဟင်ဂျာအမျိုးသမီးတွေ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်သတ်ဖြတ်ခံရတယ်။ တချို့ဆိုလို့ရှိရင် အသက်ရှင်သန် ကျန်ပြီးတော့မှ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ထွက်ပြေးသွားရတယ်။ အဲဒါ ဆိုလည်း ကျွန်မ ၂၀၁၈ ခုနှစ်မှာ ဘင်္ဂလားဒေ့နယ်စပ်က ဒုက္ခသည်စခန်းတွေကိုသွားပြီးတော့မှ ဒီလိုမျိုးအဖြစ်ဆိုး ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ အများကြီးတွေ့တယ်။ သူတို့ရဲ့ ပြောပြချက်တွေကို နားထောင်ခဲ့ဖူးတယ်။ အဲဒီ အမျိုးသမီးတွေဟာ ကျွန်မအတွက် ခွန်အားအရဆုံး အမျိုးသမီးတွေ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းမ်။ ။ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေအနေ၊ အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက် ပိုင်း အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိတယ်လို့ရော မြင်မိပါသလဲ။
ဒေါ်ခင်ဥမ္မာ။ ။ ကျွန်မမြင်တာကတော့ နွေဦးတော်လှန်ရေးမှာ လူငယ်တွေ ထိပ်ဆုံးက ဦးဆောင်တယ်။ G-Z တွေ ဦးဆောင်တယ်။ CDM တွေ ဦးဆောင်တယ်။ ထိုနည်းလည်းကောင်းပဲ၊ အလွှာအသီးသီး၊ ကဏ္ဍအသီးသီးက အမျိုးသမီးတွေ လူကြီးလူငယ်ပါဝင်မှုက ထိပ်ဆုံးအခန်းကဏ္ဍမှာ ရှိတယ်ပေါ့နော်။ သူတို့ရဲ့ ဦးဆောင်မှုတွေနဲ့ ဒီနွေဦးတော်လှန်ရေးဆိုတာ စခဲ့တယ်။ အခုသုံးနှစ်မြောက်လာတဲ့ အခါမှာလည်း ကျွန်မတို့ တွေ့နေရတာက တော်လှန်ရေးရဲ့ ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေရဲ့ မလျှော့တမ်းဇွဲနဲ့ တက်တက်ကြွကြွ အင်တိုက်အားတိုက် ပါဝင်မှုတွေကတော့ ရှိနေတယ်။
စစ်ရေးပိုင်း ဆိုင်ရာမှာလဲ အမျိုးသားတွေနဲ့ တန်းတူပါဝင်မှုတွေ၊ ဦးဆောင်မှုတွေကိုပါ တွေ့ရတာရှိတယ်။ ဒါပေမယ့် ကျွန်မတို့ မတွေ့ချင်တဲ့ကိစ္စတွေ ဖြစ်နေတာတွေလဲ ရှိတယ်ပေါ့နော်။ အဲ့ဒီတော့ မတွေ့ချင်တဲ့ကိစ္စတွေက ဘာတွေပါလဲဆိုလို့ရှိရင် အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာအရ စော်ကားနှောင့်ယှက် အကြမ်းဖက်မှုတွေကို တော်လှန်ရေးနယ်မြေမှာပါ တော်လှန်ရေးအင်အားစုတွေထဲက အမျိုးသားတွေကိုယ်တိုင်က လုပ်လာတာတွေကိုလည်း ကျွန်မတို့ ကြားနေရတယ်။ ဒါဟာ တော်တော်ကြီးကိုမှ တော်လှန်ရေးရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်။
ကိုယ့်ရဲ့ တပ်ထဲမှာ ရှိရှိ/မရှိရှိ၊ ရွာထဲမှာပဲရှိရှိ၊ နောက်ဆုံး စစ်အုပ်စုဘက်က အမျိုးသမီးဖြစ်ပါစေ ကာကွယ်စောင့် ရှောက်မှုပေးရမယ်။ ဒီလိုမျိုး လူ့ကျင့်ဝတ်နဲ့အညီ နေတဲ့ဟာမျိုးကို ကျွန်မတို့တွေ့ရဖို့ လိုနေသေးတယ်လို့ မြင်တယ်။ နောက်တစ်ခုက အခုချိန်မှာ နိုင်ငံရေးရဲ့ မူဝါဒပိုင်းဆိုင်ရာ၊ နိုင်ငံရေးပိုင်းဆိုင်ရာ၊ ထိပ်ပိုင်းဦးဆောင်မှုတွေမှာ ဒီထက်ပိုပြီးတော့မှ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာ အမျိုး သမီးတွေ တင်းပြည့်ကျပ်ပြည့်ပါဝင်မှုတွေ အများကြီး လိုအပ်နေသေးတယ်။ လောလောဆယ် တွေ့ရတာကတော့ အားရစရာ မရှိသေးဘူး။
ကဏ္ဍအသီးသီးတိုင်းမှာ အမျိုးသမီး တွေရဲ့ ဦးဆောင်မှုကို အမျိုးသားနိုင်ငံရေး ဦးဆောင်သူတွေကိုယ်တိုင်က သေချာလမ်းဖွင့်ပေးဖို့လိုတယ်။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံအသစ်ကို တည်ထောင်မယ်၊ တည်ဆောက်မယ် ဆိုလို့ရှိရင် ထက်ဝက်ကျော်သော အမျိုးသမီးထုသည် ထက်ဝက်မဟုတ်ရင်တောင်မှ အနည်းဆုံး ၃၀ ရာခိုင်နှုန်းက နေရာတိုင်းရဲ့ ဦးဆောင်မှုတိုင်းမှာ အဆင့်ဆင့်ရှိဖို့လိုတယ်။ ထက်ဝက်ကျော်သော အမျိုးသမီးထုဟာ တိုင်းပြည်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍမှာ တစ်ကယ်တမ်း တန်းတူညီတူအရ ထက်ဝက်လောက် ပိုပြီးရှိသင့်တာပေါ့နော်။ သို့သော်လည်းပဲ အနည်းဆုံးတော့ ၃၀ ရာခိုင်နှုန်း ပါဝင်မှုဆိုတာကို နိုင်ငံရေးလုပ်နေတဲ့ အမျိုးသားတွေက နှလုံးသားရော၊ ဦးနှောက်ကရော လက်ခံနိုင်ရင် အကောင်းဆုံးပဲ။ နှလုံးသားက လက်မခံနိုင်သေးဘူး ဆိုရင်တောင်မှ ဦးနှောက်အသိတရားအရတော့ လက်ခံဖို့ လိုပြီဆိုတာမျိုး မြင်ပါတယ်။
ဧရာဝတီတိုင်းမ်။ ။ စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပိုမိုများပြားလာတာတွေ့ရှိလို့ ဒီအတွက် လှုပ်ရှားဆောင်ရွက်မှုအနေနဲ့ ဘာများပြောလိုပါသလဲ။
ဒေါ်ခင်ဥမ္မာ။ ။ အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုတွေ ပိုမိုပြီး များပြားလာတာက တစ်နိုင်ငံလုံးအနှံ့ အခုချိန်မှာ စစ်အုပ်စု အကြမ်းဖက်မှုကလည်း အရမ်းကြီးနေတယ်။ ပြီးသွားတော့ ရွေးကောက်ခံ အစိုးရ၊ သူ့ဒေသအလိုက် တိုင်းရင်းသားအစိုးရတွေ အနေနဲ့လည်း တော်လှန်ရေးလုပ်နေရတဲ့အချိန်မှာ တရားဥပဒေ စိုးမိုးရေးအရမှာ လုပ်သင့်သလောက် လုပ်လို့မရသေးတဲ့ အနေအထားမျိုးတွေကလည်း ရှိနေတယ်လေ။ လိင်ပိုင်းဆိုင်ရာ စော်ကားမှုက ဟိုအရင်ကတည်းက ရှိနေပြီးသား။ အခုမှစဖြစ်တဲ့ ကိစ္စတွေမဟုတ်ဘူး။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဟိုးအရင်ကတည်းက ဖိုဝါဒကြီးစိုးမှု ရှိနေတဲ့အခါကျတော့ အိမ်ထဲမှာနေလို့ရှိရင် မိသားစုထဲမှာတောင်မှ ကိုယ့်အဖေ၊ ကိုယ့်အစ်ကို၊ ကိုယ့်ဦးလေး စော်ကားခံရတဲ့ ဘဝမျိုးတွေကိုတောင် ဘယ်သူမှ မပြောရဲဘဲနဲ့ နေခဲ့ရတဲ့ လူ့အသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်ထားကြတာကိုး။
အဖွဲ့အစည်းဆိုလည်း အဖွဲ့အစည်းအလိုက် ဦးဆောင်တဲ့ အမျိုးသားတွေသည် အဖွဲ့အစည်းမှာ အလုပ်လုပ်တဲ့ အမျိုးသမီးတွေအပေါ်မှာ သားကောင်လို သဘောထားပြီး ဘယ်အချိန်၊ ဘာလုပ်လို့ရမလဲ ချောင်းနေကြတဲ့ ဟာမျိုးနဲ့ မြန်မာ့လူ့အဖွဲ့အစည်းက အကြာကြီးသွားခဲ့ပြီးပြီ။ ဒီလိုမျိုး အမျိုး သမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ သားကောင် အနေနဲ့ မြင်ပြီးတော့မှ ရရင်ရသလို လက်ကလေးပဲ ဆွဲလိုက်ရ၊ ပါးလေးပဲ ဆွဲလိုက်ရ၊ ဆွဲလိုက်ရဆိုတဲ့ စိတ်ဓာတ် တွေနဲ့ ဖြတ်သန်းလာတဲ့ လူ့အသိုင်း အဝိုင်းက သိပ်ကြာသွားတဲ့ အခါကျတော့ ကျူးလွန်ခံလိုက်ရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးဖို့ ကောင်းမွန်တဲ့၊ တကယ်ရသင့်တဲ့ တရားမျှတမှုကို ဖော်ဆောင်နိုင် တဲ့ဟာမျိုးက ရမှမရခဲ့တာ။မတရားမှုကို မခံနိုင်လို့ တင်ပြတယ် ဆိုရင်တောင်မှ အဲဒီတင်ပြတဲ့ အမျိုးသမီးက အရှက်နှစ်ခါ ပြန်ရသလို ဖြစ်ပြီးတော့မှ မျက်နှာမဖော်ရဲတဲ့ ဘဝမျိုးတွေနဲ့ တုံ့ပြန်ခံရတဲ့ လူ့အသိုင်းအဝိုင်းတစ်ခု ဖြစ်နေတာကိုး။ ဆိုတော့ ဒီဟာ တွေက အများကြီး ဖြေရှင်းရဦးမယ်၊ လုပ်ရဦးမယ်။
အဲ့သည်လိုလုပ်တဲ့ နေရာတွေမှာ အမျိုးသမီးတွေရဲ့ ဘဝက မလုံခြုံ တော့ဘူးဆိုရင် အဲဒီလူ့အသိုင်းအဝိုင်းတစ်ခု အဲ့ဒီတိုင်းပြည်၊ အဲဒီလူမျိုး ဘယ်လိုမှ မလုံခြုံနိုင်တော့ဘူး။ အထူးသဖြင့် လူသားမျိုးနွယ်၊ မျိုးဆက်ကို အဓိကဦးဆောင်ပြီးမှ သယ်ဆောင်ရတဲ့၊ ဖော်ဆောင်တဲ့ အမျိုးသမီးထုသည် သူတို့ရဲ့ဘဝ၊ ဝန်းကျင်က လုံခြုံမှု၊ တရားမျှတမှု မရှိတဲ့ အဝန်းအဝိုင်း ဖြစ်သွားပြီးဆိုရင် အဲဒီလူ့အသိုင်း အဝိုင်းဟာ ဘယ်တော့မှလည်း ငြိမ်းချမ်းမှု မရနိုင်ဘူး၊ လုံခြုံတဲ့ လူ့အသိုင်းအဝိုင်းကို မတည်ဆောက်နိုင်ဘူး။ အဲဒါတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်ဟာ အဲဒီလူ့အသိုင်းအဝိုင်းသည် ဘယ်တော့မှ မတိုးတက်တော့ဘူး။ ထိခိုက် နစ်နာမှုက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားခံလိုက်ရတဲ့ အမျိုးသမီးတစ်ယောက်တည်း ဖြစ်တယ်ဆိုရင် တောင်မှ အဲဒီနောက်ဆက်တွဲ ဆိုးကျိုးဟာ လူ့အသိုင်းအဝိုင်းကြီး တစ်ခုလုံးကို ထိတယ်ဆိုတဲ့ဥစ္စာ ပိုပြီးတော့မှ နားလည်ဖို့ လိုသလို ပြည်သူတွေထဲကြားမှာ ပိုပြီးအသိပေးမှုတွေ လုပ်ရမယ်။
ပြည်သူတွေကြားမှာ အသိပေးမှု လုပ်နိုင်ဖို့ဆိုတဲ့ ဥစ္စာမှာလည်း အထူးသဖြင့် နိုင်ငံရေးကို ငါတို့ဦးဆောင်မယ်လို့ အခုချိန်ထိ ပုံသေကားချပ် တွက်နေတဲ့ နိုင်ငံရေးကို ဦးဆောင်သော အမျိုးသားများကိုယ်တိုင်က အတွေးအခေါ် ပြောင်းဖို့လိုမယ်ပေါ့နော်။ အဲဒါက ပိုပြီးအရေးကြီးတယ်လို့ ကျွန်မထင်တယ်။ သူတို့ရဲ့ အတွေးအခေါ်တွေ ပြောင်းတယ်ဆိုရင် မူဝါဒတွေ၊ ဥပဒေတွေကို အမျိုးသမီးတွေပါ ဦးဆောင်မှုမှာ တန်းတူပါဝင်ပြီး ပြောင်းနိုင်တယ် ဆိုရင် ပြည်သူတွေကို ပညာပေးပြီးတော့မှ လူမှုဘဝ၊ လူ့အသိုင်းအဝိုင်းတစ်ခုလုံး ယဉ်ကျေးနိုင်မယ်။ အဲဒီလို ဖြစ် လာဖို့အတွက် လူတစ်ဦးချင်းဆီရဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကိုပါ ကြိုးစားဖို့အတွက် ပိုပြီးတော့မှ လမ်း ကြောင်းမှန်သွားမယ်ပေါ့နော်။ အုပ်မြစ်ချဖို့သည် နိုင်ငံရေးမူဝါဒတွေ၊ ဥပဒေတွေ၊ အထူးသဖြင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ထူထောင်မယ်ဆိုရင် လာမယ့်အနာဂတ်မှာရှိမယ့် ဖွဲ့စည်းပုံတွေမှာ အမျိုးသမီးတွေရဲ့ တန်းတူညီတူအခွင့်အရေး၊ အကြမ်းဖက်မှုတွေ လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှုတွေနဲ့ ပတ်သက်ပြီး အကာအကွယ်ပြုရေး စတာတွေကို မူတွေနဲ့ သေချာထည့်သွင်း ဖော်ပြဖို့လိုမယ်။ အဲဒီလို မြင်ပါတယ်။
ဧရာဝတီတိုင်းမ်။ ။ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်း ဥပဒေကရော အမျိုးသမီးတွေအပေါ် ဘယ် လောက်ထိခိုက် နစ်နာစေလဲ။ ဘာတွေဖြစ်လာနိုင်မလဲ။
ဒေါ်ခင်ဥမ္မာ။ ။ သူတို့ကို တိုက်ရိုက်မဖြစ်မနေ စစ်မှုထမ်းရမယ် ဆိုပြီးတော့မှ ဆွဲခေါ်ပြီး အတင်း အဓမ္မ စစ်ထဲ ထည့်ပြီ ဆိုလို့ရှိရင်တော့ ထိခိုက်နစ်နာမှုတွေက အကြီးအကျယ်အများကြီး ဖြစ်လိမ့်မယ်ပေါ့နော်။ တစ်ကတော့ ကိုယ့်ဆန္ဒမပါဘဲနဲ့ အတင်းအကျပ် ဆွဲထည့်ခံရတာ၊ နှစ်ကတော့ ကိုယ့်ရဲ့ ပြည်ထဲမှာတင်ပဲ တော်လှန်ရေးလုပ်နေတဲ့ ကိုယ့်ရဲ့ပြည်သူအချင်းချင်း အထူးသဖြင့် တော်လှန် ရေး လုပ်နေတဲ့သူတွေက ကိုယ့်ရဲ့အမျိုးတွေ ဖြစ်မယ်ဆိုရင် ကိုယ့်မိသားစု အချင်းချင်းကို အကြမ်းဖက် စစ်အုပ်စုက သူ့အာဏာကို ရရှိဖို့အတွက် ကိုယ့်အသက်ကို အရှေ့မှာ သွားပြီး စတေးခံခိုင်းတဲ့ ကိစ္စကို ကြုံရမယ့်ဟာ တစ်ခုရှိတယ်။
ပြီးသွားလို့ရှိရင် မြန်မာစစ်တပ်သည် နှစ်ပေါင်းများစွာ ကုလသမဂ္ဂမှာပါ အမျိုးသမီးတွေပေါ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားတဲ့ အမဲရောင်စာရင်းမှာ ပါထားတဲ့ အကြမ်းဖက် မုဒိမ်းစစ်တပ် တစ်ခုဖြစ်တယ်။ ဒီလို အကြမ်းဖက် မုဒိမ်းစစ်တပ် တစ်ခုထဲမှာ ဝင်ပြီးတော့မှ၊ ကိုယ့်ရဲ့ဆန္ဒမပါဘဲနဲ့ ဝင်ပြီးတော့မှ သူတို့ခိုင်းတာ လုပ်ရ မယ်ဆိုတဲ့ အမျိုးသမီးတွေရဲ့ ဘဝကို ကျွန်မတို့ တွေးကြည့်လို့ရတယ်။ကိုယ့်ဆန္ဒပါပြီးတော့မှ ဝင်နေတဲ့ အမျိုးသမီးတွေတောင်မှ ဒီစစ်တပ်ထဲ ရောက်သွားလို့ရှိရင် ခုနက လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို အထက်အရာရှိအမျိုးမျိုးရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုတွေ၊ စော်ကားနှောက် ယှက်မှုတွေ အများကြီးခံရတယ်လေနော်။ ဒါပေမယ့် ဘယ်သူမှ ဘာမှဒါကို ထုတ်ဖော်ပြောရဲတဲ့ အနေအထားမျိုးမှ မရှိတာ။ အခုလိုမျိုး မဖြစ်မနေ စစ်မှုထမ်းခေါ်တဲ့ဟာမျိုး ကြုံပြီဆိုလို့ရှိရင် ပိုဆိုးမှာပေါ့နော်။ ဒီလိုမျိုး အနေ အထားတွေ ရှိတယ်။
ရှေ့တန်းကို သွားခိုင်းတဲ့ဟာ ဆိုလို့ရှိရင်လဲ စစ်သင်တန်း တက်ထားပြီးတော့မှ စစ်မတိုက်တတ်ရင်တောင်မှ ရှေ့ တန်းကို ခေါ်သွားပြီးတော့မှ ထမင်းချက်ခိုင်မှာလား။ နှိပ်နယ်ခိုင်းမှာလား။ အရှေ့ကနေပြီးတော့မှ ပစ္စည်းထမ်းခိုင်း မှာလား။ ပြီးသွားလို့ရှိရင် နောက်တန်းမှာက မုဒိမ်းကျင့်မှာလား၊ အဓမ္မအကြမ်းပြုမှာလားဆိုတဲ့ ဒီလိုမျိုး လိင်ပိုင်း ဆိုင်ရာ အကြမ်းကျူးလွန်ခံရမှုတွေကလဲ အရမ်းကိုကြောက်စရာကောင်းမယ့် ကိစ္စဖြစ်တယ်လို့ ကျွန်မမြင်တယ် ပေါ့နော်။ ဒါတွေက တစ်ခုပေါ့။
နောက်တစ်ခုကတော့ အမျိုးသမီးတွေ အခေါ်မခံရဘူး၊ အစုမခံရဘူးဆိုရင်တောင်မှ ကိုယ့်ယောကျ်ား၊ ကိုယ့်သား စသဖြင့် ကိုယ့်အိမ်မိသားစုက ယောင်္ကျားသားတွေ အစွဲခံရပြီ၊ ခေါ်သွားခံရပြီ ဆိုလို့ရှိရင် မိသားစုဘဝမှာ စီးပွားရေး အရချွတ်ခြုံကျတဲ့ ပြည်သူတွေရဲ့ဘဝ ငတ်မွတ်ခေါင်းပါးမှုနဲ့ နိစ္စဓူဝ စားဝတ်နေရေး ပိုပြီးတော့မှ ဆိုးရွားလာတဲ့ ဘဝတွေကို ဒီအမျိုးသမီးတွေက ခါးစီးပြီးခံရတော့မယ်။ အဲ့ဒီအခါမှာ ခုနကမလိုလားအပ်တဲ့ နောက်ဆက်တွဲ တခြား လူမှုရေး ဆိုးကျိုးတွေပါ အများကြီးတွေ့ရတော့မယ်။ အင်မတန် ဆိုးရွားစေတဲ့ အခြေအနေတွေ ဖြစ်မယ့်ဟာမျိုး လို့ မြင်ပါတယ်။
ဧရာဝတီတိုင်းမ်။ ။ အခုရက်ပိုင်းအတွင်း ထိုင်းလွှတ်တော်မှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာလည်း ပါ ဝင်တက်ရောက်ခဲ့တယ်လို့ သိရှိရလို့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး သိပါရစေ။
ဒေါ်ခင်ဥမ္မာ။ ။ ဟုတ်ကဲ့။ ထိုင်းလွှတ်တော်မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲမှာ ကျွန်မကတော့ လူ သားဆိုင်ရာ အကူအညီပေးရေးကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ဖြစ်နေတဲ့ လူသားဆိုင်ရာ အကူအညီအခြေအနေ၊ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ အကျပ်အတည်း ဒုက္ခတွေပေါ့နော်။ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ၊ စစ်ဘေးရှောင်ရ တဲ့ ကိစ္စတွေ၊ လက်နက်ကြီး ပစ်တာတွေ၊ ဗုံးကြဲခံရတဲ့ ကိစ္စတွေ၊ ဒါတွေနဲ့ ပတ်သက်လို့ ရှောင်ရတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ အဲ့ဒါတွေကို အဓိကဦးစားပေးပြီးတော့မှ ပြောဖြစ်တယ်ပေါ့နော်။ အဲ့ဒီအပေါ်မှာ ထိုင်းအစိုးရအနေနဲ့ လူသားဆန်စွာ အကူအညီပေးရေးကိစ္စကို လုပ်ဖို့အတွက် ချည်းကပ်လာတာ၊ စီစဉ်ဆောင်ရွက်ဖို့အတွက် လုပ်လာတဲ့ ဥစ္စာအပေါ်မှာတော့ ကောင်းတယ်ပေါ့နော်။
ဒါပေမယ့်လို့ သူတို့က ဒီအကူအညီကို ပြည်သူတွေ ဒုက္ခရောက်အောင် ဖန်တီးတဲ့သူလက်ထဲ ပြောချင်တာက စစ်အုပ်စုလက်ထဲ အကြမ်းဖက် စစ်အုပ်စုနဲ့ သူ့ဩဇာခံ မြန်မာ့ကြက်ခြေနီလက်ထဲကို ပေးဖို့ကိစ္စကတော့ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ ဒီလိုစဉ်းစားချက်ဟာ မှားယွင်းတယ်။ ပြီးသွားတော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးဂုဏ်သိက္ခာနဲ့ ထိုင်းကြက်ခြေနီရဲ့ သမိုင်းမှာရှိခဲ့တဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ တစ်ခုအနေနဲ့ ရပ်တည်ခဲ့တဲ့ သူ့ရဲ့ဂုဏ်သိက္ခာကိုလဲ ထိ ခိုက်တယ်၊ ထိခိုက်မှုဖြစ်လိမ့်မယ်။ အဲ့ဒါကြောင့်မို့ စစ်အုပ်စုကနေ၊ မြန်မာ့ကြက်ခြေနီကနေ ဖြတ်ပြီးတော့ ပေးမယ့်အလုပ်ကိုတော့ မလုပ်ဖို့ဆိုပြီး အဆိုပြုခဲ့တယ်။ ပြန်ပြောင်းဖို့ပေါ့နော်။
ဒီချည်းကပ်မှုကို ပြန်ပြောင်းဖို့ဆိုရင် တကယ်လက်တွေ့ကျတဲ့အဖြေက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြီးသွားလို့ရှိရင် တိုင်းရင်းသားဒေသတွေရဲ့ အစိုးရ၊ ဒေသခံအစိုးရတွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU) တို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)တို့ စသည်ဖြင့် ဒီလိုမျိုး တိုင်းရင်းသားဒေသ ကိုယ်ပိုင်အုပ်ချုပ်နယ်မြေတွေက အစိုးရတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာ ဖြစ်တယ်။ အရေးပေါ်အကူအညီကို အထူးအမြန် အရေးပေါ်လိုအပ်နေတဲ့ ပြည်သူဆီ ချက်ချင်းရောက်ဖို့ အဲဒီနည်းဟာ လက်တွေ့ကျပြီးတော့ ထိရောက်တယ်၊ မှန်ကန်တယ်။ ပြီးသွားတော့ ကျင့်ဝတ် သိက္ခာပိုင်းဆိုင်ရာအရလဲ မှန်ကန်တယ်။ ကျွန်မတို့ခေါ်တာတော့ ပြည်သူမှ ပြည်သူသို့ သွေးစည်းညီညွတ်စွာ အကူအညီများ ပေးရေးပေါ့နော်။
ဧရာဝတီတိုင်းမ်။ ။ ကျွန်တော်တို့နိုင်ငံမှာ အမျိုးသမီးတွေကြုံတွေ့နေရတဲ့ အဓိကပြဿနာ (ဒါမှမဟုတ်) အတားအဆီးတွေကရော ဘာတွေများဖြစ်မလဲ။
ဒေါ်ခင်ဥမ္မာ။ ။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ ဘက်ပေါင်းစုံပေါ့နော်။ အလွှာအသီးသီးက အဓိကကြုံတွေ့နေ ရတဲ့ စိန်ခေါ်ချက်တွေကတော့ အများကြီးရှိတယ်ရှင့်။ စီးပွားရေးအရ၊ လူမှုရေးအရ၊ လိုအပ်ချက်တွေကို ဖြည့်ဖို့ လိုနေတဲ့ ပြဿနာတွေရှိတယ်။ ပြီးသွားလို့ရှိရင် အထူးသဖြင့် ကိုယ့်ရဲ့အိမ်ထဲမှာတောင်မှ မလုံခြုံတဲ့ဘဝတွေနဲ့ နေနေရတာ။ ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ထိပါးတဲ့၊ ကာအိန္ဒြေကို ပျက်ပြားစေတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားထိပါး နှောက်ယှက်မှုတွေ၊ အကြမ်းဖက်ခံရမှုတွေ ဒါတွေက အများကြီး စိန်ခေါ်မှုတွေ ဖြစ်တယ်။
ဒီအခြေအနေတွေကို ကျွန်မတို့က ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်တဲ့အထိကို စောင့်စရာမလိုဘဲနဲ့ ဒီအ ချိန်မှာ ရှင်းလို့ရတယ် တစ်ချို့ကိစ္စတွေကို။ ဖြေရှင်းလို့ရတဲ့ ကိစ္စတွေကို ဖြေရှင်းဖို့လိုတယ်။ ဥပမာဆိုလို့ရှိရင် စစ် အုပ်စုက အကြမ်းဖက်တဲ့ကိစ္စကို ကျွန်မတို့က မဖြေရှင်းနိုင်သေးဘူး။ သူတို့ကို ကျွန်မတို့က ထောင်ချအရေးယူမှု တွေ မလုပ်နိုင်သေးဘူးဆိုရင်တောင်မှ တော်လှန်ရေး အင်အားစုထဲမှာရှိတဲ့ အမျိုးသားတွေက ကိုယ့်တော်လှန်ရေး၊ ကိုယ့်ရဲ့ကျင့်ဝတ် ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီးတွေ၊ ကိုယ့်အမေ၊ ကိုယ့်အစ်မ၊ ကိုယ့်နှမလို ကိုယ်ချင်းစာစိတ်နဲ့ လုံခြုံမှုပေးပြီးတော့သာ နေမယ်ဆိုရင် တစ်ချို့ကိစ္စတွေက တော်လှန် ရေးပြီးတဲ့အထိ စောင့်နေစရာမလိုဘဲနဲ့ သေသေချာချာကို ကောင်းမွန်အောင် လုပ်လို့ရတယ်။
အခုလိုကာလမှာ တော်လှန်ရေး လုပ်နေတယ်ဆိုတဲ့ အဖွဲ့တွေကိုယ်၌က အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက် စော်ကားမှုတွေ၊ အကြမ်းဖက်မှုတွေ လုပ်နေလုပ်လာပြီ။ အဲ့ဒါကို တာဝန်ရှိတဲ့သူတွေက မ တား ဆီးပေးနိုင်ဘူး၊မကာကွယ်ပေးနိုင်ဘူး၊ တရားမျှတမှု မဖော်ဆောင်ပေးနိုင်တဲ့အပြင် ရပ်တန့်သွားအောင် မလုပ်နိုင် ဘူး ဆိုလို့ရှိရင် ဘာဖြစ်သွားမလဲဆိုတော့ ဒီအကြမ်းဖက် စစ်အုပ်စုနဲ့ တော်လှန်ရေး အင်အားစုတွေဟာ ဘယ် လောက်ကွာလဲ ဆိုတဲ့ဟာမျိုးကို ကျွန်မတို့က ပြန်ပြီးဆန်းစစ်ရမယ့် ဟာမျိုးဖြစ်သွားလိမ့်မယ်။ အဲ့ဒါ ဆိုလို့ရှိရင် တော်လှန်ရေးရဲ့ သိက္ခာဟာ မကောင်းတော့ဘူး။ အဲ့တော့ ငါမလုပ်လို့ ငါနဲ့မဆိုင်ဘူး ဆိုတဲ့ဟာမျိုး လုပ်လို့မရ ဘူးလို့ မြင်တယ်။ အဲ့တော့ ကိုယ်မလုပ်လဲ ကိုယ့််အနားမှာရှိတဲ့ သူတွေက လုပ်နေတယ်ဆိုလို့ရှိရင် ရပ်တန့်သွား အောင် တာဝန်ယူပေးရမှာဟာ အားလုံးရဲ့တာဝန် ဖြစ်ပါတယ်။
ဧရာဝတီတိုင်းမ်။ ။ နောက်ဆုံး မေးလိုတာက နိုင်ငံတကာ အမျိုးသမီးများနေ့ရဲ့ အရေးပါမှုအကြောင်းနဲ့ အဲ့ဒီ အပေါ် ဆရာမရဲ့ မှတ်ချက်စကား ကြားသိပါရစေ။
ဒေါ်ခင်ဥမ္မာ။ ။ နိုင်ငံတကာ အမျိုးသမီးများနေ့ဆိုတာက ပြောရမယ်ဆိုလို့ရှိရင် ကျွန်မတို့ တကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးတွေ ဟိုးအရင် ခေတ်အဆက်ဆက်မှာထဲက တန်းတူညီတူ လူ့အခွင့်အရေးတွေကို ချိုးဖောက်ခံရတာ တွေ၊ အသိမှတ်ပြုမခံရတာတွေ စတာတွေ အပါအဝင်ပေါ့နော်။ ပြီးသွားတော့ အမျိုးသားရယ်၊ အမျိုးသမီးရယ်လို့ လူသားနှစ်ခု ဖြစ်တဲ့အပေါ်မှာ အမျိုးသားတွေက အမျိုးသမီးတွေအပေါ်မှာ တန်းတူညီတူ ပါဝင်မှုတွေမှာ ဖော် ဆောင်မှုတွေကို ပိတ်ပင်တာတွေ၊ တစ်ချို့နေရာတွေမှာဆို ပိတ်ပင်ရုံတင်မကပဲနဲ့ နေရာမပေးတာအပြင် အကြမ်း ဖက်မှုတွေနဲ့ပါ တုံ့ပြန်တာတွေ ဒါမျိုးတွေရှိတာကို။
ဒါတွေကို တစ်နိုင်ငံလုံးမှာ မတ်လ ၈ ရက်နေ့ဟာ တစ်ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာ အမျိုးသမီးများနေ့အနေနဲ့ သတ်မှတ်တယ်ဆိုတာက ရှင်းရှင်းပြောရလို့ရှိရင် ကျွန်မတို့အမျိုးသမီးတွေ အားလုံးရဲ့ အမှန်တရာနဲ့ တရားမျှတမှု အတွက်၊ တန်းတူညီတူ အခွင့်အရေးတွေအတွက် ကိုယ်တွေရဲ့ခေတ်တင်မကဘဲ နောက်လာမယ့် မျိုးဆက်တွေမှာ ရှိလာကြမယ့် အမျိုးသမီးလေးတွေ လာမယ့်ခေတ်မှာပါ ဒီလိုမျိုးကိုယ့်ခေတ်တုန်းက ကိုယ့်ကိုခွဲခြား ဖိနှိပ်ဆက်ဆံခံရသလို၊ အကြမ်းဖက်ခံရသလိုမျိုးတွေကို မခံရအောင် တန်းတူညီတူ ပါဝင်မှုတွေနဲ့ နိုင်ငံရေး ဦးဆောင်မှုတွေမှာ အတူတူပါဝင်ခွင့်ရဖို့ လိုတယ်။
ပြီးသွားရင် လူမှုအသိုင်းအဝိုင်း ငြိမ်းချမ်းသာယာ ကောင်းမွန်အောင်၊ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးတွေ မှာ စိတ်ရောကိုယ်ရော တင်းပြည့်ကျပ်ပြည့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပါဝင်နေတဲ့ အမျိုးသမီးတွေကို မှန်ကန် တဲ့နေရာမှာ မှန်မှန်ကန်ကန်နဲ့ ဦးဆောင်ခွင့်တွေ ရရေးအတွက် တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတွေက လက်ချင်း ချိတ်ပြီး ခွန်အားစုစည်းတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ ဒါအင်မတန် အရေးကြီးတဲ့ နေ့တစ်နေ့ဖြစ်တယ်။ ကျွန်မတို့နိုင် ငံက အမျိုးသမီးတွေ စုပေါင်းပြီးမှ ပါဝင်ကြသလိုပဲ အခြားနိုင်ငံအသီးသီးမှာလဲ အမျိုးသမီးတွေက ဒီလိုမျိုးနေ့မှာ အထိမ်းအမှတ် အခမ်းအနားတွေ လုပ်ပြီးတော့ မတရားလုပ်ခံရတဲ့၊ အကြမ်းဖက်ခံရတဲ့ ကိစ္စတွေကို ငြိမ်မနေဘဲနဲ့ ထုတ်ဖော်ပြောဆိုမှုတွေ လုပ်တယ်။ တရားမျှတမှု ဖော်ဆောင်ဖို့ အတူတူလက်ချင်းချိတ်ကြတယ်။ ခွန်အားတွေ ပြ ကြတယ်ပေါ့နော်။
ဧရာဝတီတိုင်းမ်။ ။ ဟုတ်ကဲ့။ ဖြည့်စွက်ပြောလိုတာများ ရှိဦးမလား။
ဒေါ်ခင်ဥမ္မာ။ ။ လုံလောက်ပြီ ထင်ပါတယ်၊ မရှိတော့ပါဘူး။
ဧရာဝတီတိုင်းမ်။ ။ အခုလိုအချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဒေါ်ခင်ဥမ္မာ။ ။ ကျေးဇူးတင်ပါတယ်။