မကြာသေးမီကအထိ မြန်မာနိုင်ငံသည် ဘွဲတင်ပါအတွက် သေးငယ်ပြီး ဝေးကွာသော အမှတ်သညာတခုသာ ဖြစ်ခဲ့သည်။ အသက် ၂၆ နှစ်ရှိပြီဖြစ်သော ဘွဲတင်ပါရ်သည် သူမ အသက် ကိုးနှစ်အရွယ်တွင် ဇာတိ ချင်းပြည်နယ်မှ ထွက်ခွာလာပြီး အမေရိကန် ပြည်ထောင်စု၊ အင်ဒီယားနားပိုလစ်တွင် ဒုက္ခသည်အဖြစ် နေရာချထားပေးခံရသည်။
ထို့နောက် ၁၇ နှစ်အတွင်း သူနှင့်မြန်မာနိုင်ငံ ဆက်စပ်မှုသည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာသော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် မြန်မာနိုင်ငံအကျပ်အတည်း ကျရောက်သောအခါ တစုံတရာ လုပ်ဆောင်ရန် လိုသည်ဟု ခံစားလာရသည်။
ထို့ကြောင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် သူပြန်သွားခဲ့သည်။
သူ၏ တလကြာခရီးစဉ်အတွင်း လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုများနှင့် စစ်ဘေးရှောင်စခန်းများသို့ သွားရောက် လည်ပတ်ရင်း သူ၏ ဘဝနှင့် မြန်မာတွင် ကျန်ရစ်ခဲ့သူ ဘဝတူများအကြား လွန်စွာ ကွဲပြားခြားနားနေကြောင်း ထင်ထင်ရှားရှား သိလာသည်။
“ကျမတို့မိဘတွေက ကျမတို့တွေဟာ ကိုယ့်ရဲ့ဇာတိကို ဂရုစိုက်ဖို့ လိုတယ်လို့ အမြဲတမ်း သင်ကြားခဲ့တယ်” ဟု သူက ပြောသည်။ “ကိုယ်လာခဲ့တဲ့နေရာကနေ အဝေးမှာနေရင် အဲဒီနေရာကို ဂရုမစိုက်တော့ဘူး။ အခုတော့ အခြေအနေမှန်ကို သဘောပေါက်သွားပြီ” ဟု သူကပြောသည်။
သူ၏ တလကြာခရီးစဉ်အတွင်း လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုများနှင့် စစ်ဘေးရှောင်စခန်းများသို့ သွားရောက် လည်ပတ်ရင်း သူ၏ ဘဝနှင့် မြန်မာတွင် ကျန်ရစ်ခဲ့သူ ဘဝတူများအကြား လွန်စွာ ကွဲပြားခြားနားနေကြောင်း ထင်ထင်ရှားရှား သိလာသည်။
ဘွဲတင်ပါရ်သည် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် နိုင်ငံတကာထောက်ခံမှု အကန့်အသတ်ဖြင့်သာ ရနေသည့် ဒီမိုကရေစီလှုပ်ရှားမှုကို ဆက်လက် ထိန်းသိမ်းထားရန် လှုပ်ရှားနေသည့် အဝေးရောက် မြန်မာများတွင် ပါဝင်သည်။
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် အခြေစိုက် သုတေသနအဖွဲ့တခုဖြစ်သည့် နိုင်ငံတကာ အကျပ်အတည်း လေ့လာရေးအဖွဲ့ (ICG) က လွန်ခဲ့သော ဒီဇင်ဘာလက ထုတ်ပြန်သည့် သုတေတနတခုတွင် အဝေးရောက် မြန်မာများ၏ ထည့်ဝင်မှုများသည် မြန်မာမှ စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတော်လှန်မှုအတွက် တခုတည်းသော အရေးအပါဆုံး ရင်းမြစ်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
စစ်ကောင်စီတပ်က ခုခံတော်လှန်ရေး အင်အားစုများကို မီးရှို့ခြင်းနှင့် ဗုံးကြဲခြင်းတို့ဖြင့် တိုက်ခိုက်နေချိန်တွင် အဝေးရောက်များသည် လူသားချင်းစာနာမှု အကူအညီ တုံ့ပြန်ရာတွင် အရေးပါသည်။ ထိုကဲ့သို့သော အုပ်စုများသည် ရောက်ရှိရန် ခက်ခဲသူများထံသို့ သွားရောက်နိုင်သည်။ ဗျူရိုကရေစီ လုပ်ထုံးလုပ်နည်း ကန့်သတ်ချက် မရှိဘဲ နှိုင်းယှဉ်ချက်အားဖြင့် ပိုမိုလျင်မြန် တုံ့ပြန်နိုင်သည်။ “နိုင်ငံတကာအသိုက်အဝန်းက ဖြေရှင်းပေးရန် မဖြစ်နိုင်သည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည်” ဟု ဒိန်းမတ်နိုင်ငံမှ အကျိုးအမြတ် မယူသော အဖွဲ့အစည်းဖြစ်သည့် Diaspora Emergency Action and Coordination က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တွေ့ရှိခဲ့သည်။
အချို့သူများအတွက် စစ်အာဏာသိမ်းမှုကို တုံ့ပြန်ခြင်းသည် လေးနက်သော ပုဂ္ဂလိက ရိုက်ခတ်မှု ရှိသည်။
“ကျမတို့ ဦးစားပေးခဲ့တဲ့အရာတွေ ပြောင်းလဲသွားတယ်” ဟု အဝေးရောက်အဖွဲ့အစည်း နှစ်ခုတွင် စေတနာ့ဝန်ထမ်း လုပ်နေသော ဘွဲတင်ပါရ်က ပြောသည်။ “ကျမတို့ စိတ်ပူခဲ့ဖူးတဲ့ကိစ္စတွေ အားလုံးက ကျမတို့ထင်ခဲ့သလောက် အရေးမကြီးတော့ဘူး” ဟု ပြောသည်။
လူဦးရေ ၃ သန်းခန့်ရှိသော အဝေးရောက် မြန်မာများသည် မျိုးဆက်ပေါင်းများစွာနှင့် ကမ္ဘာ့တိုက်ကြီးများတွင် ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်။
လူဦးရေ ၃ သန်းခန့်ရှိသော အဝေးရောက် မြန်မာများသည် မျိုးဆက်ပေါင်းများစွာနှင့် ကမ္ဘာ့တိုက်ကြီးများတွင် ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်။ အများအပြားမှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုကို စစ်တပ်က အကြမ်းဖက်ဖိနှိပ်သောကြောင့် ထွက်လာသူများဖြစ်ပြီး ကျန်သူများမှာ နောက်ပိုင်းဆယ်စုနှစ် နှစ်ခုအတွင်း ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် ဂျပန်တို့တွင် ရွှေ့ပြောင်းလုပ်သားများအဖြစ် လုပ်ကိုင်သူ၊ အနောက်နိုင်ငံများတွင် ဒုက္ခသည်အဖြစ် ပြန်လည်နေရာချထားပေး ခံရသူများဖြစ်သည်။
အနာဂတ်အတွက် ရုန်းကန်ခြင်း
အချို့သည် ၂၀၁၁ ခုနှစ်တွင် စတင်သည့် နိုင်ငံ၏ နိုင်ငံရေးတံခါးဖွင့် ကာလတွင် ပြန်သွားကြသော်လည်း ယခုတကြိမ် အာဏာသိမ်းမှုကြောင့် လူအများအပြား အလုံးအရင်းနှင့် နိုင်ငံမှ ထွက်ခွာကြပြန်သည်။ မည်သို့ဆိုစေ ပြည်ပတွင် နေထိုင်နေကြသော မြန်မာနိုင်ငံသားများသည် ယခုအခါ နိုင်ငံ၏ အနာဂတ်အတွက် အဆုံးသတ်တိုက်ပွဲဟု ယူဆသော တိုက်ပွဲအတွက် ထောက်ခံပံ့ပိုးရန် ကြိုးစားနေကြသည်။
“ကျမတို့ တခုခုလုပ်ရမယ် ဒါမှမဟုတ်ရင် ကျမတို့မှာ အိမ်လို့ခေါ်စရာ နေရာရှိတော့မှာ မဟုတ်ဘူး” ဟု ဘွဲတင်ပါရ်က ပြောသည်။
၎င်းတို့သည် စတင်ကတည်းက အချိုးအစား မမျှတသည့် တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသော လူထုလှုပ်ရှားမှုကို အကျိုးဆောင်နေကြသည်။ စစ်အာဏာသိမ်းမှု ဖြစ်လျှင်ဖြစ်ခြင်း ပြည်သူ သန်းပေါင်းများစွာတို့ ငြိမ်းချမ်းစွာ ဆန္ဒပြကြသော်လည်း စစ်တပ်က သတ်ဖြတ်နှိမ်နင်းမှုသည် လက်နက်ကိုင်ပုန်ကန်မှုကို ဖြစ်စေသည်။
တူမီးသေနတ်များနှင့် လက်လုပ်ဖောက်ခွဲပစ္စည်းများ ကိုင်ဆောင်ထားသည့် အသစ်ပေါ်ပေါက်လာသော ခုခံတော်လှန်ရေး အုပ်စုများသည် လက်နက် ဒေါ်လာ ၂ ဘီလီဖိုးခန့် ပိုင်ဆိုင်သည့် စစ်တပ်ကို ရင်ဆိုင် တိုက်ခိုက်ကြသည်။
စစ်တပ်သည် ထို့နောက်တွင် အဓိကအားဖြင့် ရုရှားနှင့်တရုတ်ထံမှ စစ်လက်နက်ပစ္စည်း နောက်ထပ် ဒေါ်လာ ၁ ဘီလီယံဖိုး ထပ်မံရရှိထားသော်လည်း ခုခံတော်လှန်ရေး အုပ်စုများသည် စစ်တပ်ထံမှ သိမ်းယူရရှိသော လက်နက်များအပြင် လုပ်သေနတ်များနှင့် မှောင်ခိုသွင်းထားသည့် လက်နက်များကိုသာ ဆက်လက် ကိုင်ဆောင်နေရသည်။
သို့တိုင် ၎င်းတို့အတွက် အထောက်အပံ့ကို သိသိသာသာ အဆင့်မြှင့်တင်နိုင်ပြီး ကျန်းမာရေးနှင့် ပညာရေးကဲ့သို့သော အများပြည်သူ ဝန်ဆောင်မှုများ ပေးရာတွင်လည်း အရှိန်မြှင့်တင်လာနိုင်သည်။
ထိုတိုးတက်မှုများနှင့် ဆက်လက် ဖြစ်ပွားနေသည့် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) အတွက် အထောက်အပံ့နှင့် နေရပ်စွန့်ခွာသူအသစ် ၁ ဒသမ ၆ သန်းအတွက် အကူအညီများကို ဒေါ်လာသန်း ဆယ်ပေါင်းများစွာရှိသည့် အဝေးရောက်များ၏ ထည့်ဝင်မှုဖြင့် ငွေကြေးပံ့ပိုးထားကြောင်း Al Jazeera က ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုများနှင့် ထုတ်ဝေထားသော အချက်အလက်များကို လေ့လာမှုအရ သိရသည်။
“မြန်မာ့နွေဦးတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်တယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇောက ပြောသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဖွဲ့စည်းထားသည့် စင်ပြိုင်အစိုးရသည် လွန်ခဲ့သော နှစ်နှစ်အတွင်းတွင် ရန်ပုံငွေ ဒေါ်လာ ၁၅၆ သန်း ရှာနိုင်ခဲ့ပြီး ထိုငွေအများစုသည် ပြည်ပတွင် နေထိုင်သော မြန်မာနိုင်ငံသားများထံမှ လာခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“မြန်မာ့နွေဦးတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်တယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇောက ပြောသည်။
ရန်ပုံငွေရှာရန်အတွက် NUG သည် အတိုးနှုန်း လုံးဝမပေးသော ငွေတိုက်စာချုပ်များ၊ အွန်လိုင်းထီများ၊ ဗိုလ်ချုပ်များအပေါ် အနာဂတ်အောင်ပွဲကို ရည်မျှော်သည့် စစ်တပ်ပိုင် အိမ်ခြံမြေ ရှယ်ယာများနှင့် သတ္တုတူးဖော်ရေး လုပ်ကွက်များကိုလည်း ရောင်းချသည်။
ထိုသို့ လုပ်ဆောင်ရာတွင် တသီးပုဂ္ဂလများ၏ လှူဒါန်းမှုမှ ဒေါ်လာ သန်းပေါင်းများစွာ ရရှိသည်။
“မြန်မာနိုင်ငံသား တယောက်အနေနဲ့ တော်လှန်ရေးအတွက် တာဝန်ရှိတယ်လို့ ကျနော်ထင်တယ်။ ဒါကြောင့်မို့လို့ NUG အစိုးရကို အခွန်ဆောင်တယ်” ဟု စစ်တပ်က သူ၏ဆွေမျိုးများကို လက်စားချေမည်ကို စိုးရိမ်သောကြောင့် အမေရိကန် ပြည်ထောင်စုရောက် အမည်မဖော်လိုသည့် မြန်မာနိုင်ငံသားတဦးက ပြောသည်။ သူ၏ဝင်ငွေမှ မိသားစုထံ ငွေပြန်ပို့သည့်အပြင် NUG သို့ လစဉ် ဒေါ်လာရာပေါင်းများစွာ လှူကြောင်း Al Jazeera သို့ ပြောသည်။
အခြား ခုခံတော်လှန်ရေး တပ်ဖွဲ့များသည်လည်း ကျည်ဆံဝယ်ရန် အိမ်မွေးနွားကို မဲဖောက်ခြင်းနှင့် M-16 ရိုင်ဖယ်များဝယ်ရန် လူမှုကွန်ရက်တွင် အလှူခံခြင်းစသည့် တီထွင်ဆန်းသစ်သော နည်းလမ်းများဖြင့် ရန်ပုံငွေ ရှာကြသည်။
ရန်ပုံငွေရှာသည့် အစီအစဉ် အများအပြားသည် အဝေးရောက် လူမှုအသိုက်အဝန်းများဖြင့် စတင်ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ၊ ဟီတိုဆုဘာရှီမြို့တွင် တက္ကသိုလ်ကျောင်းသူ မနှင်းထက်ထက်အောင်သည် အခြား မြန်မာနိုင်ငံသားများနှင့်အတူ ဘူတာရုံပြင်ပတွင် အလှူခံပုံးဖြင့် အလှူခံပြီး လူသားချင်းစာနာမှု အရေးများအတွက် ရန်ပုံငွေရှာသည်။
“လူက ဂျပန်ကို ရောက်နေပေမယ့် ကျမစိတ်နဲ့ ဝိညာဉ်က ကျမရဲ့ နိုင်ငံမှာ ကျမ မိသားစုနဲ့အတူ၊ ကျမတို့ ပြည်သူတွေနဲ့ အတူပဲ ရှိတယ်။ ကျမ နိုင်ငံအတွက် ဘာလုပ်ပေးနိုင်မလဲ၊ ဘာလုပ်ပေးသင့်သလဲလို့ အမြဲ စဉ်းစားတယ်” ဟု သူက ပြောသည်။
ရန်ပုံငွေ ဂီတပွဲတော်များသည်လည်း လူကြိုက်များသည့် အထူးသဖြင့် ချင်းလူမျိုးများအကြား ရေပန်းစားသော ရန်ပုံငွေရှာသည့် နည်းလမ်းတမျိုး ဖြစ်သည်။ အင်ဒီယားနားပိုလစ် အခြေစိုက် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း တခုဖြစ်သော ChinTube သည် အမေရိကန်နိုင်ငံတဝန်းတွင် အဓိကအားဖြင့် ချင်းဒုက္ခသည်များ တက်ရောက်သည့် ဂီတပွဲများပြုလုပ်ပြီး ရန်ပုံငွေဒေါ်လာ ၁၅၀,၀၀၀ နီးပါး ရှာနိုင်ခဲ့သည်။
“ချင်းလူမျိုးတွေက သိပ်မချမ်းသာကြဘူး။ ဒါပေမယ့် ဒါကိုလုပ်ဖို့ လိုအပ်လို့ သူတို့မှာ ရှိတာကို ထည့်ဝင်ကြတယ်” ဟု ChinTube ကို တည်ထောင်သူနှင့် ဒုတိယ မျိုးဆက် ချင်းနွယ်ဖွား အမေရိကန်နိုင်ငံသူ ရိုစီ ဘွဲတာပါရ်က ပြောသည်။
အင်ဒီယားနားပိုလစ် အခြေစိုက် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း တခုဖြစ်သော ChinTube သည် အမေရိကန်နိုင်ငံတဝန်းတွင် အဓိကအားဖြင့် ချင်းဒုက္ခသည်များ တက်ရောက်သည့် ဂီတပွဲများပြုလုပ်ပြီး ရန်ပုံငွေဒေါ်လာ ၁၅၀,၀၀၀ နီးပါး ရှာနိုင်ခဲ့သည်။
ဖေဖော်ဝါရီလတွင် ထိုအဖွဲ့သည် လူထုထောက်ခံမှု ဦးစားပေး ဂီတဗီဒီယို We Are the World ကို ထုတ်ဝေခဲ့ပြီး ထိုဗီဒီယို ထုတ်ဝေသည့်အချိန် နောက်ပိုင်းတွင် ကြည့်ရှုမှု ၄ သန်း ရှိသည်ဟု သိရသည်။ “ကျမတို့က ပြည်သူတွေ ဒီတော်လှန်ရေးမှာ စိတ်ဝင်စားအောင်၊ မြှုပ်နှံအောင်နဲ့ စိတ်အားထက်သန်မှု ရှိအောင် ကြိုးစားနေတယ်” ဟု ရိုစီက ပြောသည်။ “အောင်ပွဲအတွက် တော်လှန်ရေးမှာ အသက်တွေ စတေးခဲ့တဲ့ ရဲရင့်တဲ့ ခုခံတော်လှန်ရေးသမားတွေအတွက် ပေးဆပ်စရာတွေ ရှိနေတယ်” ဟု ပြောသည်။
သွေးစည်းချစ်ကြည်မှု စိတ်ဓာတ်
အချိန်ကြာလာသောအခါ လက်ရှိထောက်ခံမှုအဆင့်အား ဆက်လက် မထိန်းသိမ်းထားနိုင်မည်ကို အချို့ အဝေးရောက်များက စိုးရိမ်သည်။
“အဝေးရောက်ပြည်သူတွေက ဆက်လက် ရှင်သန်ဖို့ ရုန်းကန်နေပေမယ့် ကျနော်တို့မှာ အကန့်အသတ်ရှိတယ်” ဟု Chin Baptist Churches USA ဒါရိုက်တာဘုတ်အဖွဲ့ဝင် ချင်း-အမေရိကန် လူမှုအသိုက်အဝန်း ခေါင်းဆောင်တဦးဖြစ်သူ ဗန်စီအပ်ခန်လွတ်က ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စုမှ ထိုချင်းဘုရားကျောင်းများနှင့် အခြား ဘုရားကျောင်းများသည် ဒီမိုကရေစီလှုပ်ရှားမှုနှင့် လူသားချင်းစာနာမှု တုံ့ပြန်မှုအတွက် ဒေါ်လာ ၁၀ သန်းကျော် ရန်ပုံငွေ ရှာခဲ့သော်လည်း အသုံးစရိတ် ပိုမိုကျပ်တည်းလာကြောင်း ၎င်းကပြောသည်။
“တိုက်ပွဲဆက်ဖြစ်နေပြီး အခြေအနေက ပိုဆိုးလာနေတယ်။ ကျနော်တို့ နိုင်ငံတကာအကူအညီ အရမ်းလိုနေတယ်” ဟု ပြောသည်။
တာဝန်ခံမှုစံနှုန်းများကို ထိန်းသိမ်းရခြင်းသည်လည်း နောက်ထပ် စိန်ခေါ်မှုဖြစ်သည်။ “ကျနော့်မှာ စိတ်အားထက်သန်မှု အများကြီး ရှိပေမယ့် ကျနော် မှန်ကန်တဲ့အရာကို လုပ်နေတာဖြစ်အောင် စစ်မှန်တဲ့ ကျွမ်းကျင်မှု မရှိဘူး” ဟု အနောက်နိုင်ငံတခုတွင် ဒုက္ခသည်အဖြစ် ပြန်လည် နေရာချထားပေးခံရသည့် တက္ကသိုလ် ကျောင်းသားတဦးက ပြောသည်။
သူသည် အာဏာသိမ်းမှုဖြစ်ပွားပြီး နောက်လများတွင် အဝေးရောက်လူငယ်များ ဦးဆောင်သည့် တက်ကြွလှုပ်ရှားမှုနှင့် ရန်ပုံငွေ ရှာဖွေရေးကော်မတီတွင် ပါဝင်နေသူဖြစ်သည်။ အခြားကော်မတီဝင်များ၏ ဆန့်ကျင်မှုကို ခံရမည်စိုးရိမ်သောကြောင့် အမည်မဖော်ဘဲ ပြောကြားခြင်းဖြစ်သည်။
ကနဦးတွင် စိတ်အားထက်သန်သည့် ရန်ပုံငွေရှာသူ ဖြစ်သော်လည်း ရန်ပုံငွေများကို မည်သို့ဖြန့်ချိမည်နှင့် ပတ်သက်ပြီး အဖွဲ့ဝင်များအကြား မယုံကြည်မှုနှင့် အဖွဲ့အတွင်း ပဋိပက္ခ ဖြစ်လာသောအခါ မနိုင်ဝန်ကို ထမ်းနေရကြောင်း ခံစားရသည်ဟု Al Jazeera သို့ ၎င်းက ပြောသည်။ “ငွေကြေးတွေ ပါဝင် ပတ်သက်လာတဲ့အခါ ပြဿနာစတက်ပြီး အရာရာ မှားယွင်းကုန်တယ်” ဟု ပြောသည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ ထိခိုက်ပြည်သူများထံ ရောက်အောင် ကြိုးစားနေသည့် တချိန်တည်းတွင် အဝေးရောက် မြန်မာများသည် ခုခံတော်လှန်ရေး အင်အားစုများထံ ရန်ပုံငွေ စီးဆင်းမှု သို့မဟုတ် လူသားချင်းစာနာမှု အကူအညီ ရပ်ဆိုင်းအောင် စစ်ကောင်စီ၏ အားထုတ်မှုများကို လိုက်လျောညီထွေ တုံ့ပြန်နိုင်ခဲ့သည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ ထိခိုက်ပြည်သူများထံ ရောက်အောင် ကြိုးစားနေသည့် တချိန်တည်းတွင် အဝေးရောက် မြန်မာများသည် ခုခံတော်လှန်ရေး အင်အားစုများထံ ရန်ပုံငွေ စီးဆင်းမှု သို့မဟုတ် လူသားချင်းစာနာမှု အကူအညီ ရပ်ဆိုင်းအောင် စစ်ကောင်စီ၏ အားထုတ်မှုများကို လိုက်လျောညီထွေ တုံ့ပြန်နိုင်ခဲ့သည်။
“လူသားချင်းစာနာမှု ကပ်ဆိုးကို ဖန်တီးတဲ့သူတွေဆီက သဘောတူညီချက် ယူစရာ မလိုအပ်တော့ အဝေးရောက်တွေရဲ့ အကျိုးဆောင်မှုတွေက ရောက်ဖို့ခက်ခဲတဲ့ နေရာတွေနဲ့ အကျပ်အတည်းကြောင့် အပြင်းအထန် ထိခိုက်ရတဲ့ လူမှုအသိုက်အဝန်းတွေအထိ ရောက်တယ်” ဟု အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) လူသားချင်းစာနာမှု ညှိနှိုင်းရေးဌာန (AHA Centre) မှ အမှုဆောင်ဒါရိုက်တာဟောင်း ဖြစ်ခဲ့ပြီး ယခုအခါ နိုင်ငံတကာမူဝါဒချမှတ်ရေးကို အထူးပြုသည့် လွတ်လပ်သော သုတေသီနှင့် သေနင်္ဂဗျူဟာ ပညာရှင် အဒယ်လီနာ ကာမယ်လ်က ပြောသည်။
ဘုံအခက်အခဲများကို ကျော်လွှားနိုင်သည့် အဝေးရောက် အုပ်စုများ၏ သွေးစည်းခိုင်မာမှု စိတ်ဓာတ်သည် ရှေ့တန်းမှ တုံ့ပြန်ဆောင်ရွက်သူများ၊ ဒေသခံ လူမှုအသိုက်အဝန်းများနှင့် ခိုင်မာသော ချစ်ကြည်မှု၊ ယုံကြည်မှုတို့ကို တည်ဆောက်ပေးကြောင်း ၎င်းကပြောသည်။
ပြည်နယ်အတွင်း အကြီးမားဆုံး လူသားချင်းစာနာမှု အကူအညီပေးသည့် အဖွဲ့အစည်းဖြစ်သော ချင်းလူ့အခွင့်အရေး အဖွဲ့ချုပ်မှ ဆလိုင်းဗန်သန်က အဝေးရောက်အုပ်စုများသည် အချို့ လိုအပ်ချက်များကို နှိုင်းယှဉ်ချက်အားဖြင့် မြန်ဆန်စွာနှင့် လိုသလို ပြောင်းလဲတုံ့ပြန်နိုင်ကြောင်း ပြောသည်။
“ကန့်သတ်ချက် နည်းနည်းနဲ့ သူတို့ထောက်ပံ့နိုင်တဲ့ သဘောသဘာဝက သူတို့ရဲ့ တုံ့ပြန်ရေးအားထုတ်မှုကို ပိုမိုထိရောက်စေပြီး အရေးပေါ် လိုအပ်နေသူတွေအတွက် ပိုမိုအဓိပ္ပာယ် ပြည့်ဝစေတယ်” ဟု ၎င်းက ပြောသည်။
ဖိအားကို ဆက်လက် ထိန်းထားခြင်း
အဝေးရောက်အဖွဲ့ဝင်များသည် အာဏာသိမ်းမှုကို တုံ့ပြန်သည့် လှုပ်ရှားမှု၏ ရှေ့တန်းတွင်လည်း ရှိနေသည်။
မြန်မာနိုင်ငံသား ၃၅,၀၀၀ ကျော် နေထိုင်သည့် ဂျပန်တွင် အဝေးရောက်အုပ်စုများသည် ဆန္ဒပြပွဲများ ပြုလုပ်ပြီး မြန်မာစစ်တပ်ကို တရားဝင်မှု မပေးရန်နှင့် စစ်တပ်ထိန်းချုပ်သည့် အဖွဲ့အစည်းများမှတဆင့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ မပေးရန် ဂျပန်အစိုးရကို တောင်းဆိုကြသည်။
သူသည် သူ၏ ဂျပန်မိတ်ဆွေများအကြား မြန်မာနိုင်ငံအခြေအနေ သိမြင်နားလည် စာနာမှုရှိအောင် လုပ်ဆောင်ရေးကို အဓိကထားကြောင်း ဟီတိုဆုဘာရှီမှ တက္ကသိုလ်ကျောင်းသူ မနှင်းထက်ထက်အောင်က ပြောသည်။ “နိုင်ငံကို အကျိုးပြုရမှာ ကျမရဲ့တာဝန်ပဲ” ဟု သူက ပြောသည်။
အမေရိကန် ပြည်ထောင်စုတွင် အဝေးရောက်အုပ်စုများသည် Burma Act ဥပဒေ အတည်ပြုရေး လော်ဘီလုပ်ရာတွင်လည်း အရေးပါသောအခန်းမှ ပါဝင်ကြသည်။ ထိုဥပဒေသည် မြန်မာ ဒီမိုကရေစီ လှုပ်ရှားမှုအပေါ် အမေရိကန် အစိုးရ၏ ထောက်ပံ့မှုနှင့် စစ်တပ်ကို အရေးယူပိတ်ဆို့မှုများ ချမှတ်ရန် လုပ်ပိုင်ခွင့်ကို ပိုမိုကျယ်ပြန့်စေသည်။
အမေရိကန် ပြည်ထောင်စုတွင် အဝေးရောက်အုပ်စုများသည် Burma Act ဥပဒေ အတည်ပြုရေး လော်ဘီလုပ်ရာတွင်လည်း အရေးပါသောအခန်းမှ ပါဝင်ကြသည်။ ထိုဥပဒေသည် မြန်မာ ဒီမိုကရေစီ လှုပ်ရှားမှုအပေါ် အမေရိကန် အစိုးရ၏ ထောက်ပံ့မှုနှင့် စစ်တပ်ကို အရေးယူပိတ်ဆို့မှုများ ချမှတ်ရန် လုပ်ပိုင်ခွင့်ကို ပိုမိုကျယ်ပြန့်စေသည်။
ထိုဥပဒေကို အတည်ပြုရန် လုပ်ဆောင်နေသည့် ကာလအတွင်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် တနိုင်ငံလုံးမှ ချင်းဘုရားကျောင်းများသည် ထိုဥပဒေ၏ အရေးပါမှုကို ရှင်းပြပြီး ကွန်ဂရက်အဖွဲ့ဝင်များထံ မည်သို့ စာရေးရမည်ကို သင်ကြားပေးသည့် ဗီဒီယိုတခုကို ထုတ်လွှင့်ခဲ့သည်။
“သူတို့တွေက Burma Act ကို အတည်ပြုဖို့ အင်အားစုတခု ဖြစ်ခဲ့တယ်” ဟု လှုပ်ရှားမှုများကို စီစဉ်သူ ချင်း-အမေရိကန် တက်ကြွလှုပ်ရှားသူနှင့် နိုင်ငံရေးသမား ရိုဒင်က ပြောသည်။
မြန်မာအဝေးရောက်များမှ အခြားအဖွဲ့ဝင်များသည် ပိုမိုကြီးမားသည့် လုပ်ဆောင်မှုများ လုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံမှ ကလေးဘဝဖြင့် ထွက်လာပြီး သက်ကျော်သက်အရွယ်တွင် ဒုက္ခသည်အဖြစ် ပြန်လည်အခြေချခဲ့သူ အမေရိကန် စစ်ပြန် ဂျိုနသန်သည် မြန်မာနိုင်ငံသို့ ပြန်သွားပြီး ဒေသခံ လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းလိုက်သည်။ သူ၏ မိသားစုကို ထိခိုက်စေနိုင်သောကြောင့် Al Jazeera က သူ၏အမည်ကို ပြောင်းလဲထားသည်။
အာဏာသိမ်းသည့်အကြောင်း သူက “အာဏာသိမ်းတာ ကျနော့်သွေးတွေကို ဆူပွက်စေတယ်” ဟု ပြောသည်။ “ဘာမှမလုပ်ဘဲနေရင် ကျနော့်စွမ်းရည်တွေ၊ ကျွမ်းကျင်မှုတွေကို ဖြုန်းတီးတာပဲ ဖြစ်မယ်” ဟု ပြောသည်။
ပြန်သွားသည့်အချိန်မှ စတင်ပြီး သူသည် မြန်မာဘာသာစကားကို ပြန်လည်လေ့လာရင်း ကြမ်းတမ်းလှသော မြေပြင်အခြေအနေ၊ အာဟာရဖြစ်သော အစားအစာရှားပါးမှုတို့နှင့် ကျင့်သားရအောင် လုပ်ခဲ့ရသည်။ သို့သော် သူသည် မြန်မာ့အရေးအတွက် သူ၏ စိတ်ပိုင်းဖြတ်မှုကို ဖော်ပြသည်။ “မြန်မာနိုင်ငံသားတွေက ကျနော့် ပြည်သူတွေပဲဖြစ်ပြီး ပြင်ပအကူအညီ သူတို့မရဘူး” ဟု ပြောသည်။
“ကျနော်လုပ်နိုင်တာ နည်းနည်းပဲရှိရင်တောင်မှ ကျနော် လုပ်ချင်တယ်” ဟု သူက ပြောသည်။
(Al Jazeera ပါ ‘Still my people’: Myanmar diaspora supports democracy struggle back home ကို ဘာသာပြန်သည်)