စစ်မီးလျှံတွေကြား မရပ်မနား ပြေးလွှားနေရသူတွေ

August 16th, 2023  •  Author:   Honest Information  •  1 minute read
Featured image

ရှင်ငြိမ်း။ ။

“ကျမဘဝတစ်လျောက်လုံး ဒီစစ်ပွဲတွေထဲမှာကြီးပြင်းရင်းနဲ့ စစ်ကြောင့်ပဲ ကျမဘဝမှာဆုံးရှုံးနစ်နာခဲ့တာအများကြီး။ နေရပ် ပြန်လာတာမကြာသေးဘူး။ ခုစစ်ပြန်ပြေးရမယ်ဆိုတော့ ငရဲရောက်သလိုပါပဲ။” လို့ ဆိုလာသူကတော့ ကချင်အမျိုးသမီး တစ်ဦးဖြစ်တဲ့ဒေါ်ဆိုင်ထွယ်ပါ။

အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ဒေါ်ဆိုင်ထွယ်ဟာ မွေးကတည်းက အကြိမ်ကြိမ်စစ်ရှောင်ခဲ့ရတဲ့အပြင် အခုလည်း မိမိနေအိမ်ပြန် ရောက်ပြီး နေသားတကျ ဖြစ်တော့မယ်ဆိုမှ နောက်တစ်ကြိမ်စစ်ပြန်ပြေးရတဲ့အပေါ် စိတ်နာကျည်းပြီး အခုလိုရင်ဖွင့်ပြော ဆိုလာတာဖြစ်တယ်။

ဒေါ်ဆိုင်ထွယ်ဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ကချင်စစ်ပွဲတွေကြောင့် စစ်ပြေးရင်းက ၂၀၁၉ ခုနှစ်မှာ မိမိနေရပ်ကို ပြန်လည် အခြေ ကျနေထိုင်လာတာ မကြာသေးတဲ့စစ်ရှောင်အမျိုးသမီးတစ်ဦးပါ။

နေရပ်ပြန်လာပြီး သုံးနှစ်ကျော်အတွင်း ရုန်းကန်ထူထောင်ထားတာတွေ နေသားတကျဖြစ်တော့မယ့်အချိန်မှ စစ်တပ် အာဏာ သိမ်းမှုကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်ကြားတိုက်ပွဲတွေ ပြန်ဖြစ်လာပြီး ထပ်မံစစ်ပြေးရတဲ့အပေါ် စိတ်နာကျည်းနေတာဖြစ်တယ်။

“ အမေ့ဗိုက်ထဲကနေ အသက် ၆၀ ကျော်တဲ့အထိ စစ်ပွဲတွေ၊ ထိတ်လန့်စရာတွေအများကြီးကြုံခဲ့တယ်။ ဘဝတစ်လျောက်လုံး မအေးချမ်းခဲ့ဘူး။ အပစ်ရပ်မယ်ပြောလိုက် တိုက်ပွဲဖြစ်လိုက်နဲ့။ ကျမတို့လည်း စစ်ပြေးလိုက်၊ ပြန်လာလိုက် အခြေကျမယ် ဆိုထပ်ပြေးလိုက်နဲ့ သံသရာလည်နေတယ်။” လို့  ဒေါ်ဆိုင်ထွယ်က ဘာသာပြန်ကနေတစ်ဆင့် ကချင်လို ပြောပါတယ်။

ဒေါ်ဆိုင်ထွယ်နေထိုင်တဲ့ နန်ဆန်ယန်ကျေးရွာဟာ အိမ်ခြေ ၂၀၀ လောက်သာရှိပေမယ့် ခရီးသွားတွေ၊ ရွှေမှော်သွားတဲ့ အလုပ် သမားတွေ တစ်ထောက်ဝင်နားလေ့ရှိတဲ့ မြစ်ကြီးနား – ဗန်းမော်လမ်းမရဲ့အရေးပါတဲ့ကျေးရွာတစ်ခုဖြစ်တယ်။ နန်ဆန်ယန် ကျေးရွာဟာ မန္တလေး-မြစ်ကြီးနား လမ်းမကြီးပေါ်မှာရှိပြီး လိုင်ဇာနဲ့ဆို ၁၀ မိုင်ဝန်းကျင်နဲ့ မြစ်ကြီးနားနဲ့ဆို ၇၅ မိုင်ခန့်ရှိပါတယ်။

၂၀၁၁ ကချင်စစ်ပွဲပြီးကတည်းက အေးချမ်းတည်ငြိမ်လာတဲ့ဒီရွာလေးဟာ အာဏာသိမ်းပြီးနောက်မှာတော့ ပစ်ခတ် တိုက်ခိုက် သံတွေပြန်ကြားရပြီး ဒေသခံတွေကလည်း လိုင်ဇာ၊ ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့တွေမှာ တစ်ကျော့ပြန် စစ်ရှောင်နေကြရတယ်။

ဇူလိုင်လ ၂ ရက်နေ့က စတင်ပြီး KIA ဌာနချုပ်လိုင်ဇာအနီးက နမ်ဆန်ယန်ရွာဘက်ကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာ တာကြောင့် တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး မြစ်ကြီးနား – ဗန်းမော်လမ်းကိုလည်း နှစ်ဖက်စလုံး ပိတ်ထားတာပါ။  စစ်တပ်က လိုင်ဇာ ဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် KAI နဲ့လည်း တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။

နမ်ဆန်ယန်ရွာကို စစ်အင်အားသုံးပြီး အခုလိုထိုးစစ်ဆင်လာတာက KIA ဌာနချုပ်နဲ့ နီးကပ်နေတဲ့ရွာဖြစ်တာကြောင့် စစ်ရေး လှုပ်ရှားမှုကို ထိန်းချုပ်ဖို့ကြိုးစားနေတာလို့ ကချင်အရေးလေ့လာသုံးသပ်တဲ့အမျိုးသားတစ်ဦးက ပြောပါတယ်။

 နန်ဆန်ယန်ကျေးရွာကို Google Map ကနေ တွေ့မြင်ရစဉ်

ဒေါ်ဆိုင်ထွယ်ဟာ ငယ်စဉ်ကတည်းက သူရဲ့မွေးရပ်ဇာတိဖြစ်တဲ့ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာကနေ မိဘတွေနဲ့အတူစစ်ပြေးခဲ့ရသူဖြစ်တယ်။ သူ့မှာမွေးချင်း လေးယောက်ရှိပေမယ့် သူတစ်ယောက်သာအဖတ်တင်ခဲ့တယ်။

သူ့မွေးချင်းမောင်နှမတွေကလည်း စစ်ပြေးရင်း မီးတွင်းထဲမှာသေဆုံးရတာရှိသလို အဟာရချို့တဲ့ကာ သေဆုံးရတာဖြစ်တယ်။ စစ်ပဋိပက္ခရှိတဲ့နယ်မြေမှာ ကြီးပြင်းလာရသူပီပီ ဒေါ်ဆိုင်ထွယ်ဟာ အတန်းပညာကိုလည်း ကောင်းစွာမသင်ယူခဲ့ရသလို ဘဝ ရည်မှန်းချက်ဆိုတာလည်း ဘာမှန်းမသိခဲ့ရသူပါ။

သူ့အသက် ၁၅ နှစ်လောက်မှာ မိဘတွေက တောင်ယာသွားရင်း မိုင်းထိကာ သေဆုံးခဲ့ရလို့ တစ်ကိုယ်ထဲရုန်းကန်ရပ်တည်ခဲ့ ရတယ်။အသက် ၂၀ လောက်မှာတော့ ရွာထဲစစ်ကြောင်းဝင်လို့ ပြေးရင်းက တစ်ရွာထဲနေအမျိုးသားနဲ့ အိမ်ထောင်ကျပါတယ်။

သူတို့ဇနီးမောင်နှံ မှီခိုစားသောက်နေရတဲ့လယ်ကလည်း စစ်ကြောင့်ပစ်ထားခဲ့ရတာများလို့ ဆင်းဆင်းရဲရဲရုန်းကန်ရတယ်လို့ ဒေါ်ဆိုင်ထွယ်က ပြောပါတယ်။

ဒါ့အပြင် ကလေးသုံးယောက်မွေးတော့လည်း စစ်ရှောင်ရင်းမွေးခဲ့ရလို့ နောက်ဆုံးသမီးငယ်လေးမွေးတဲ့အချိန်က စစ်ပြေးတဲ့ လမ်းမှာမွေးရင်း သွေးများစွာဆင်းပြီး သေမလိုအထိဖြစ်ခဲ့ရဖူးကြောင်း သူက အခုလိုရှင်းပြပါတယ်။

“ ကျမတို့ဆီမှာ စစ်ရှောင်ရင်းကလေးမွေးကြတာပဲ။ ဆရာဝန်၊ ဆရာမနဲ့မွေးတာနည်းတယ်။ ရပ်ကွက်ထဲက အသက်ကြီးတဲ့ အမျိုးသမီးတွေမွေးပေးတာများတယ်။ စစ်ပြေးရင်း ကလေးမွေးရတော့ မွေးလိုက် သေလိုက်ဖြစ်တာလည်းအများကြီးပဲ။”

စစ်ရှောင်ရတယ်ဆိုတာကလည်း ရွာထဲစစ်ကြောင်းဖြတ်လို့၊ စစ်ကြောင်းထိုးလို့စတဲ့အခြေအနေတွေကြောင့် ခေတ္တတိမ်း ရှောင် ရတာရှိသလို တခါတရံ သုံးလေးရက်၊တစ်ပတ်လောက်ကြာအောင် စစ်ရှောင်ခဲ့ရတာတွေလည်းရှိနေတာဖြစ်တယ်။

ဒီထဲမှာ ၂၀၁၁ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ စစ်တပ်နဲ့ KIA တစ်ကျော့ပြန်စစ်ပွဲကတော့ ဒေါ်ဆိုင်ထွယ်အတွက် စစ်ရှောင်ရတာအကြာဆုံးနဲ့ ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့တယ်လို့ ဒေါ်ဆိုင်ထွယ်က ပြောပါတယ်။

ဘာလို့ဆို ဒီစစ်ပွဲမှာ ဗုံးကျဲတိုက်ခိုက်ခံရလို့ နေအိမ်တွေ၊ ပစ္စည်းဥစ္စာတွေဆုံးရှုံးပျက်စီးခဲ့ရသလို ခင်ပွန်းသည်လည်း မိုင်းထိကာ ခြေတစ်ဖက်ဖြတ်ရပြီး သားအကြီးပါ ကျည်စထိမှန်ကာ လက်တစ်ဖက်ဖြတ်ပစ်ခဲ့ရလို့ မသန်စွမ်းတွေဖြစ်ခဲ့ကြရတယ်။

ဒီလိုသူတို့စစ်ရှောင်နေတဲ့အချိန် KIA က အစိုးရ၊ စစ်တပ်နဲ့ ပဏာမအပစ်ရပ်စာချုပ်(Bilateral) တစ်စောင်ချုပ်ဆိုဖို့ ညှိနှိုင်းနေ စဉ်ကာလ ၂၀၁၈ ဒီဇင်ဘာမှ အာဏာမသိမ်းခင်အထိ အပစ်ရပ်ထားခဲ့ပါတယ်။

စစ်အာဏာမသိမ်းခင်အထိတော့ ကချင်ပြည်နယ်မှာ ကြီးမားပြင်းထန်တဲ့တိုက်ပွဲတွေမဖြစ်ခဲ့ပါဘူး။ အပစ်ရပ်ထားတဲ့အချိန် မှာ ဒေါ်ဆိုင်ထွယ်တို့အပါအဝင် စစ်ရှောင်အများစုက နေရပ်ပြန်ခွင့်ရခဲ့တာဖြစ်တယ်။

စစ်ဘေးရှောင်ရန်ပြင်ဆင်နေကြသည့် နန်ဆန်ယန်ကျေးရွာမှ ဒေသခံများ 

ရှစ်နှစ်လုံးလုံးပစ်ထားခဲ့လို့ သစ်ပင်ခြုံနွယ်တွေနဲ့ တောအုပ်ကြီးလိုဖြစ်နေတဲ့သူတို့ရွာလေးကို အခက်အခဲတွေကြားကနေ ရုန်း ကန်ထူထောင်ခဲ့ပြီးနောက်မှာ ရွှေမှော်သွားတဲ့အလုပ်သမားတွေ၊ ဈေးသည်တွေနဲ့ ပြန်လည်စည်ကားလာတာ တစ်နှစ်ကျော်သာ ရှိပါသေးတယ်။

အာဏာမသိမ်းမီကာလက နမ်ဆန်ယန်ကျေးရွာကို စစ်တပ်က စခန်းချတပ်စွဲထားပေမယ့် အာဏာသိမ်းတဲ့အချိန်မှာတော့ တပ် တွေနောက်ဆုတ်သွားလို့ KIA က ပြန်လည်စိုးမိုးထားတာဖြစ်တယ်။

တပ်ပြန်ဆုတ်သွားပြီးနောက် ၂၀၂၃ ဇူလိုင်လ ၂ ရက်က စလို့ စစ်တပ်က အင်အားအပြည့်နဲ့ အရပ်သားထောင်ကျော်ရှိတဲ့ နမ်ဆန်ယန်ရွာကို စစ်ကြောင်းထိုးလာလို့ နေရပ်ပြန်ဒေသခံတွေ နောက်တစ်ကြိမ်စစ်ပြေးကြရတာဖြစ်တယ်။

စစ်ပြေးခဲ့ရတဲ့ ဒေသခံတစ်ဦးဖြစ်တဲ့ဒေါ်ဂျာထောင်က “အဲ့နေ့ မနက်ပိုင်းက စစ်သားတွေရွာထဲပစ်ခတ်ဝင်လာတော့ ဘယ်သူမှ အပြင်မထွက်ရဲဘဲ ပုန်းနေရတယ်။ အရင်ကလည်း ဒီလိုဝင်လာပြီး ပစ္စည်းတွေယူ ကြက်၊ ဝက်တွေသတ်သွားတော့ ကြောက်လို့ ရွာထဲဘယ်သူမှမနေရဲတော့ဘူး။” လို့ ပြောပါတယ်။

အသက် ၇၀ နီးပါးရှိပြီဖြစ်တဲ့ဒေါ်ဂျာထောင်က စပါး၊ ပြောင်းစတာတွေစိုက်ပျိုးထားတဲ့အချိန်မှ အခုလိုတိုက်ပွဲပြန်ဖြစ်လာ တော့ စပါးတွေအပြင် ကြက်၊ ဝက်တွေပါ အကုန်ထားခဲ့ရလို့ ၂၀၁၁ ခုနှစ်ကလို ထပ်ဖြစ်ရပြန်တယ်လို့ ဆိုပါတယ်။

ပစ္စည်းတွေကုန်မှာကြောက်လို့ ရွာထဲနေခဲ့မယ်ဆိုတော့ ပေါ်တာဆွဲမှာကြောက်ရ၊ သတ်ဖြတ်သွားမှာကြောက်ရနဲ့ ပင်ပင် ပန်းပန်းလုပ်ကိုင်စုဆောင်းပြီး ဝယ်ထားတဲ့လယ်တွေ၊ နွားတွေထားခဲ့ဖို့ကလည်း သူ့အတွက် ခက်ခဲလွန်းလှပါတယ်။

တကယ်လို့ချက်ခြင်း ရွာကိုပြန်လာရမယ်ဆိုရင်တော့ စပါးတို့၊ ပြောင်းတို့ကိုခူးဆွတ်နိုင်လို့ အပိုဝင်ငွေရနိုင်ပေမယ့် အရင်လို နှစ်ချီစစ်ရှောင်ရရင်တော့ အသက်ကြီးမှ အစကပြန်စလုပ်ဖို့မလွယ်တော့ဘူးလို့လည်း သူက ညည်းညူနေပါတယ်။

ယခင်စစ်ပြေးရစဉ်တုန်းက ရုတ်တရက်ထပြေးရတာဖြစ်သလို ကြာမယ်မှန်းလည်းမသိတာကြောင့် အဝတ်အစားအနည်းငယ်နဲ့ ငွေကြေးတချို့သာပါသွားခဲ့လို့ များစွာအခက်အခဲတွေ့ခဲ့ရတယ်လို့ ဒေါ်ဂျာထောင်က ရှင်းပြပါတယ်။

နမ်ဆန်ယန်ကနေ မြစ်ကြီးနားမြို့ပေါ်စစ်ရှောင်လာတဲ့ဒေါ်ခွန်ရှောင်ကလည်း “အရင်က စစ်ရှောင်တွေကိုကူညီပေးသူတွေရှိ တယ်။ ခုသူတို့မရှိတော့ နေစားဖို့အဆင်ပြေပါ့မလားလို့ စိတ်ပူတယ်။ တရုတ်ဘက်သွားဖို့ကလည်း စစ်တပ်က သွားလာခွင့် ကန့်သတ်ထားတော့ အဆင်မပြေဘူး။”လို့ ပြောပါတယ်။

လက်ရှိမှာတော့ ပါလာတဲ့ရိက္ခာအဆင်ပြေပေမယ့် သတင်းစကားတွေအရ စစ်ပွဲကကြာဦးမယ်ဆိုရင် ရေရှည်မှာဝမ်းရေး အတွက် အခက်အခဲတွေကြုံလာနိုင်တယ်လို့ သူက သုံးသပ်နေပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၁ တကျော့ပြန်စစ်ပွဲတုန်းကလည်း ဒီရွာလေးထဲစစ်ကြောင်းထိုးလာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ တိုက်ပွဲတွေဖြစ်လို့ ဒေသခံ ၁,၀၀၀ ကျော်ဟာ ထွက်ပြေးခဲ့ရပြီးပါပြီ။ အခုလည်း အာဏာသိမ်းပြီးနောက် တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်လာလို့ ပြေးရပြန်ပါပြီ။

စစ်ရှောင်ပြည်သူတွေဟာ တိုက်ပွဲတွေဖြစ်တိုင်း သူတို့ရဲ့စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအပါအဝင် အဘက်ဘက်က ထိခိုက်ဆုံးရှုံးနေရတာပါ။ အထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ ပိုလိုထိခိုက်နစ်နာဆုံးရှုံးရတာတွေဖြစ်တယ်။

စစ်ရှောင်ရပြီဆိုရင် အမျိုးသမီးတွေဟာ စစ်ပြေးရုံတစ်ခုတင်မဟုတ်ဘဲ မိသားစုရဲ့စားရေး၊ နေရေးကအစ အလုပ်အကိုင်ရရှိမှု နဲ့ လုံခြုံရေးအဆုံး စိုးရိမ်ပူပန်ရပြီး မိသားစုအတွက် ဦးဆောင်ရုန်းကန်ကြရတာများပါတယ်။

ထောက်ပံ့မှုမလောက်ငရင်လည်း မြေမြုပ်မိုင်းအန္တရာယ်တွေကြားကနေ မိသားစုစားဖို့အတွက် တောထဲသွားမှိုတို့၊ မျှစ်တို့၊ သစ်ဥ၊ သစ်ဖုတို့ထွက်ရှာရပြီဆိုလည်း ဒီအမျိုးသမီးပဲလုပ်ကိုင်ရတာများပါတယ်။ ယောက်ျားတွေဟာ စစ်ပြေးလို့ အထုပ် ထမ်း တာကိုပဲ အလုပ်လို့ထင်ပြီး ကျန်တဲ့မိသားစုစားဖို့နေဖို့၊ လုံခြုံဖို့စတာတွေကို အမျိုးသမီးတွေကပဲအရာရာဦးဆောင်ပြီး လုပ်ကြ ရတယ်လို့ စစ်ရှောင်အမျိုးသမီးတွေက ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေဟာ အခန့်မသင့်ရင် စစ်ပွဲကြားမှာ မုဒိမ်းကျင့်စော်ကားခံရတာတွေ၊ သတ်ဖြတ်ခံရတာတွေကို လည်း ကြုံရနိုင်ပါသေးတယ်။ အမျိုးသမီးတွေဟာ စစ်ရဲ့ဒဏ်ကိုလည်းခံရသလို လက်နက်ကိုင်တွေရဲ့မုဒိမ်းသတ်ဖြတ်ခြင်းကိုလည်း ခံနေကြရပါတယ်။

စစ်ရှောင်ရင်း ကြီးပြင်းလာရတဲ့ ဒေါ်ဆိုင်ထွယ်ကတော့ နမ်ဆန်ယန်ကျေးရွာကို ငြိမ်းချမ်းတဲ့နေရာဖြစ်ပါပြီ၊ အပစ်ရပ်ထားပါ တယ်ပြောပြီး တိုက်ပွဲတွေ ထပ်ခါထပ်ခါပြန်ဖြစ်နေတာ ဘယ်လိုသဘောလဲဆိုတာ နားမလည်နိုင်တော့ဘူးလို့ မေးခွန်းထုတ်နေ ပါတယ်။

သူ့အနေနဲ့ အပစ်ရပ်မယ်ပြောလိုက် ပြန်တိုက်လိုက်လုပ်နေတဲ့လက်နက်ကိုင်တွေရဲ့စကားကို မယုံကြည်ရဲတော့ဘူးလို့ လည်း ဆိုပါတယ်။ ငယ်စဉ်ကတည်းကနေ အခုထိအောင်စစ်ဒဏ်ခံရဆဲဖြစ်လို့ စစ်ကိုရွံ့မုန်းနေပြီး ငြိမ်းချမ်းရေးကို အလိုချင်ဆုံးသူထဲ မှာ  သူလည်း တစ်ယောက်အပါအဝင်ပါ။

ဒီအတွက် သူမသေခင်အချိန်လေးမှာ ငြိမ်းချမ်းရေးရပြီး သူ့ရဲ့သားသမီးမြေးမြစ်တွေ စိုးရိမ်တာမရှိဘဲ လွတ်လပ်ပေါ့ပါးစွာ နေ ထိုင်တာကို မြင်ချင်ပြီလို့ သူ့ဆန္ဒကို ယခုလို ဖွင့်ဟတယ်။

“သားသမီးမြေးမြစ်တွေကိုတော့ ကျမလိုစစ်ပွဲတွေကို ကြောက်ရွံ့ရတာတွေမဖြစ်စေချင်ဘူး။ သူတို့တွေ ငြိမ်းချမ်းရေးရပြီး လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွင်တာကိုတော့ မသေခင်မြင်သွားချင်တယ်။”


View the original