Statement 134 Views

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလမှ CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံသို့ ပေးပို့သည့် သဝဏ်လွှာ

January 19th, 2024  •  Author:   National Unity Government of Myanmar  •  1 minute read
Featured image

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

နိုင်ငံတော်သမ္မတရုံး

“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလမှ CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံသို့ ပေးပို့သည့် သဝဏ်လွှာ”

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်

နွေဦးတော်လှန်ရေးနှင့်အတူ အရှိန်အဟုန်ပြင်းပြင်းဖြင့် စတင်ခဲ့သည့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement) တွင် CDM နိုင်ငံ့ဝန်ထမ်းထုသည် အရေးကြီးသော ထောက်တိုင်ကြီးတစ်ခုအဖြစ် ပါဝင်ခဲ့ပြီး ယနေ့တော်လှန်ရေးတွင်လည်း အရေးပါသော အခန်းကဏ္ဍတွင် တည်ရှိနေသည်မှာ အထင်အရှားပင်ဖြစ်သည်။

CDM နိုင်ငံ့ဝန်ထမ်းများ၏ အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ ဒီမိုကရေစီအရေးနှင့် နိုင်ငံသားများ၏ လွတ်လပ်ခွင့်အတွက် စွန့်လွှတ် အနစ်နာခံ ပေးဆပ်မှုများသည် မြန်မာ့တော်လှန်ရေးသမိုင်းတွင် မှတ်ကျောက် တင်နေပြီဖြစ်သည်။

တော်လှန်ရေးအလွန် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရာတွင်လည်း CDM နိုင်ငံ့ဝန်ထမ်းထု ကြီး၏ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်မှုပညာရပ်များ၊ အတွေ့အကြုံများနှင့် အင်အားသည် အရေးကြီးသော ထောက်တိုင်အဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်သည်။

ယနေ့ကာလသည် တော်လှန်ရေး အရှိန်အမြင့်ဆုံး အချိန်ကာလဖြစ်ပြီး တော်လှန်ရေး အလှည့်အပြောင်းကို စတင် မြင်တွေ့လာရချိန်ဖြစ်သည်။ CDM နိုင်ငံ့ဝန်ထမ်းထုအပါအဝင် တော်လှန်ရေးတွင် ပါဝင်နေသူ အားလုံး၏ ဆောင်ရွက်ချက်များသည် တော်လှန်ရေးအောင်မြင်မှုအတွက် ရှေ့ရှုရမည်ဖြစ်ပြီး အင်အားစု အားလုံး ညီညွတ်မှုနှင့် ဟန်ချက်ညီ မဟာဗျူမြောက် ဆောင်ရွက်ကြရန် အထူးလိုအပ်ပါသည်။

ယနေ့ ရောက်ရှိနေသည့် တော်လှန်ရေးနှင့် တော်လှန်ရေးအလွန် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ကို မျှော်ရည်၍ သက်ဆိုင်သူအားလုံး စုစည်းဆွေးနွေးနိုင်ရန်ဆိုသည့် ညီလာခံ၏ ရည်ရွယ်ချက်ကို ဝမ်းမြောက်စွာ ကြိုဆိုပါသည်။ ယခုကျင်းပသော ညီလာခံမှ CDM နိုင်ငံ့ဝန်ထမ်းများအတွက် ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်ပြီး အားလုံး စုစည်းညီညွတ်စွာ တော်လှန်ရေးခရီး အောင်မြင်သည်အထိ ရှေ့ဆက်နိုင်ပါစေကြောင်း လေးနက်စွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ဒူဝါလရှီးလ

နိုင်ငံတော် ယာယီသမ္မတ

အမျိုးသားညီညွတ်ရေးအစိုးရ


View the original