ကန္တာရဝတီတိုင်း(မ်)
“ကျမတို့ လုပ်ခဲ့တာတွေကို မမေ့သင့်ဘူးလေ။ ကျမတို့ ဘယ်လောက်ထိ လုပ်ခဲ့လဲ ဆိုတာ ဘယ်သူမှ အသိအမှတ်မပြုဘူး အခုချိန်ထိ။ ကျမ တို့က ကံကောင်းလို့ မသေတာ သား၊ သမီးတွေနဲ့ ပြန်တွေ့ခွင့်ရတာ။ ဘာမှမဖြစ်ပါဘူး။ ကိစ္စမရှိပါဘူး။ ကျမတို့က တိုင်းပြည်အတွက်ဘဲ လုပ်ခဲ့တာ၊ လူတွေ မသိ၊ မမြင်ရင်လည်း ဘုရားသိတယ်။ ဒါပေမဲ့ ခံစားချက်က အပြည့်ရှိတယ်လေ ပြောလို့မနိုင်ဘူး ပြောရင်လည်း မပြောထွက်ဘူး။”
လက်ထဲမှာ ပါဝါလေးတထည်ကို ကျစ်ကျစ်ပါအောင် ဆုပ်လျှက် ပါးပြင်ထက်က စီးကျလာတဲ့ မျက်ရည်တွေကို သုတ်ရင်း အထက်ပါ စကားကို ရင်ဖွင့်ပြောဆိုလာသူက အသက် ၅၁ နှစ်အရွယ် မော်ကူးမိုဘဲ ဖြစ်ပါတယ်။ သူမ ရဲ့ ငယ်ဘဝအကြောင်းတွေ၊ တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ အချိန်က သူမဖြတ်သန်းခဲ့ရတာတွေကို ပုံပြင်လေးသဖွယ် ပြောပြရင်း နာကျည်းဖွယ်ရာ အချက်တွေပါဝင်ပေမဲ့ သူမ ပါးပြင်ထက်မှာ မျက်ရည်တွေ စီးကျမလာအောင် ထိန်းရင်း၊ ပြောပြရင်းနဲ့ဘဲ အထက်ပါ စကားကို ပြောထွက်နေတဲ့အချိန်မှာတော့ သူမ ထိန်းထားသမျှ မျက်ရည်တွေဟာ ပွင့်ထွက်စီးကျလာပါတော့တယ်။
မော်ကူးမိုဟာ ကရင်နီတပ်မတော် KA မှာ အချိန်ကာလကြာမြင့်စွာ ရဲမေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေကြောင့် အနားယူလိုက်ရတာပါ။
သူမဟာ သား၊ သမီး ခြောက်ယောက်ရဲ့ မိခင်ဖြစ်သူပါ။ ဒါပေမယ့် ခြောက်ယောက်ထဲမှာမှ သူမ ဝမ်းနဲ့လွယ်ပြီး မွေးခဲ့တာ သားယောကျာ်းလေး တဦးတည်းသာ ပါဝင်တာပါ။ ကျန်သူတွေကတော့ ဝမ်းမနာ သား၊ သမီးတွေ ဖြစ်ပါတယ်။ မေတ္တာတရားတွေပြည့်နက်နေတဲ့ မော်ကူးမို ဟာ တိုင်းပြည်အပေါ် မေတ္တာရှိတာ သာမကဘဲ သား၊ သမီးတွေ ပိုင်ဆိုင်ချင်သူမို့ ကျန်းမာရေး အခြေအနေကြောင့် ကိုယ်ဝန်ဆောင်ဖို့ခက်ခဲလာတဲ့ သူမအဖို့ ဝမ်းနဲ့မလွယ်ရပေမဲ့ ခက်ခဲတဲ့သူတွေကို သား၊ သမီးသဖွယ် မေတ္တာထားပြီး ကျွေးမွေးပြုစုနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူမ မှာ ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့ သားတဦးအပါအဝင် သား၊ သမီး ခြောက်ယောက်ကို ပိုင်ဆိုင်ထားတာပါ။
သူမရဲ့ ဇာတိဟာ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက ဝမ်ငေါ့ကျေးရွာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် ၈ လေးလုံးအရေးတော်ပုံ ပေါ်ပေါက်ပြီးတဲ့နောက် ၁၉၈၈ ခုနှစ် ၁၂ လ ပိုင်းမှစတင်ကာ တော်လှန်ရေးမှာ ပါဝင်ဖို့ ခြေစုန်ပစ်ခဲ့ပါတယ်။ သူမမှာ ညီအစ်မ လေးဦးရှိပြီး အကြီးဆုံးသမီးဖြစ်သလို မိသားစုကို ရှာဖွေကျွေးမွေးခဲ့ရသူပါ။ ဒါပေမဲ့လည်း အရေးအခင်းတွေကြောင့် ဇာတိမြို့မှာ ပညာသင်ယူဖို့ ခက်ခဲလာတဲ့အတွက် မိသားစုကို စွန့်ခွာပြီး နယ်စပ်ဒေသကို ထွက်ခွာလာခဲ့ပါတယ်။
ဇာတိမှာ လေးတန်းအထိ ပညာသင်ကြားခဲ့ပေမဲ့ လေးတန်းတက်ရောက်ချိန်မှာ အစိုးရစစ်တဲ့ စနစ်နဲ့ တိုးခဲ့တာကြောင့် စာမေးပွဲကျခဲ့တယ်လို့ ဆိုပါတယ်။ သူမ လေးတန်းနှစ်မှာ တိုင်းရင်းသားတွေ အားလုံး စာမေးပွဲကျပြီး ဗမာလူမျိုးတွေသာ စာမေးပွဲအောင်တဲ့အတွက် စိတ်နာပြီး ပညာဆက်လက်မသင်တော့ဘဲ နယ်စပ်ဒေသမှာ ပညာသင်ယူလိုစိတ်နဲ့ ထွက်ခွာလာခဲ့တာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။
မော်ကူးမိုဟာ အသက် ၁၃ နှစ်အရွယ်မှာကတည်းက သံလွင်အရှေ့ဘက်ကမ်းက ထိုင်း – ကရင်နီ နယ်စပ်ကို ထွက်ခွာလာခဲ့ပြီး၊ ပညာသင်ယူဖို့ ကြိုးစားခဲ့ပေမဲ့ အခြေအနေ အမျိုးမျိုးကြောင့် ကျောင်းဆက်တက်ဖို့ ခက်ခဲနေခဲ့ပြီး ကရင်နီတပ်မတော် KA တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်မိခဲ့ပြီး ရဲမေသင်တန်းတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ သူမဟာ KA ရဲ့ အပတ်စဉ် ၂၃ စစ်သင်တန်းကို တက်ရောက်ခဲ့သူဖြစ်ပြီး ၂၁ နှစ်နီးပါး တပ်ကြပ်ကြီးရာထူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူမ တာဝန်ထမ်းဆောင်နေစဉ်ကာလတလျောက် ရှေ့တန်းစစ်မြေပြင်မှာဘဲ အချိန်တွေကို အများဆုံး ကုန်ဆုံးသွားခဲ့ရတဲ့အတွက် မိသားစုဝင်တွေနဲ့ အချိန်မပေးနိုင်ခဲ့ဘူးလို့ သိရပါတယ်။ တာဝန်ထမ်းဆောင်ရင်းနဲ့ KA ဗိုလ်အဆင့်ရှိသူတဦးနဲ့ အိမ်ထောင်ကျခဲ့ပြီး သားလေးတဦးကို ပိုင်ဆိုင်ခဲ့ပေမဲ့၊ သူမရော သူမရဲ့ အမျိုးသားပါ တိုင်းပြည်တာဝန်ကိုသာ ထမ်းဆောင်ရင်း အချိန်တွေ ကုန်ဆုံးရတဲ့အတွက် သူမတို့ရဲ့ သားလေးဟာ တခြားသော ဆွေမျိုးတော်စပ်သူတွေရဲ့ လက်ထဲမှာသာ ကြီးပြင်းလာခဲ့ရပါတယ်။ မော်ကူးမို ဟာ နောက်ထပ် ရင်သွေးတွေကို ပိုင်ဆိုင်ချင်ပေမဲ့ ထပ်မံမရရှိနိုင်တော့ပါဘူး။ အလေးအပင် အလွန်ထမ်းခဲ့ခြင်းကြောင့် ကိုယ်တွင်းဒဏ်ရရှိခဲ့ပြီး ကိုယ်ဝန်ဆောင်လို့ မရနိုင်တော့တာဖြစ်ပါတယ်။
“ကျမ Equipment (စစ်သုံးပစ္စည်းများ) တအားပတ်ရလို့လေ။ 45 အသီးတွေဆို အကြီးကြီးဘဲလေနော။ ခါးမှာ တချို့ပတ်တယ်။ တချို့ကို စလွယ်တိုင်း လွယ်တယ်။ ပခုံးပေါ်တင်ထမ်းတယ်။ ကျမ အဲ့လိုတအားပတ်တော့ ကျမ ကလေးမရနိုင်တော့ဘူးလေ။ ကျမ ကိုယ်တွင်းဒဏ်ရာ ရသွားတယ်။ ကျမ အူက ညိုပုတ်တာတွေ ဖြစ်လာတယ်လေ။ ဓာတ်မှန်သွားရိုက်တော့ ကိုယ်တွင်းပိုင်း ထိသွားပြီ ဆိုပြီးပြောတယ်။” လို့ မော်ကူးမို တယောက် သူမ ဆက်လက်ကိုယ်ဝန်ဆောင်လို့ မရနိုင်တော့တဲ့အကြောင်းကို ပြန်ပြောင်းပြောပြတာဖြစ်ပါတယ်။
သူမ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်းမှာ အမျိုးသားရဲဘော်တွေနဲ့တန်းတူ ရှေ့တန်းကို သွားပြီး တိုက်ပွဲတွေမှာလည်း ရှေ့ဆုံးကနေ ဦးဆောင်ပစ်ခတ်ခဲ့တယ်လို့လည်း သူမရဲ့ တာဝန်ထမ်းဆောင်စဉ်ကာလအကြောင်းကို ပြန်ပြောင်းပြောပြပါတယ်။ သူမ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၁ နှစ်အတွင်းမှာ အမျိုးသားရဲဘော်တွေနဲ့တန်းတူ ရှေ့တန်းစစ်မြေပြင်ကို စစ်ကြောင်းထွက်ခြင်း အမျိုးသမီးတစ်ဦးတည်းသောအမျိုးသမီးဖြစ်ပါတယ်။
ဒါ့အပြင် သူမဟာ ကရင်နီစာပေသင်ကြားတဲ့ ကျောင်းဆရာမ၊ ဆေးတာဝန်ခံ၊ လူထုစည်းရုံးရေး စတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
မော်ကူးမိုဟာ ဘာသာစကား ရှစ်မျိုး ကို တတ်ကျွမ်းသူဖြစ်ပြီး သူမတာဝန်ထမ်းဆောင်စဉ်က အရပ်သားလို ဝတ်ဆင်ကာ လူထုတွေကြားမှာ ရောထွေးနေထိုင်ရင်း မိခင်အဖွဲ့အစည်းကို သစ္စာဖောက်သူတွေကိုလည်း သူမ ကိုယ်တိုင် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာတွေ ရှိတယ်လို့ ရုပ်ရှင်သဖွယ် ပြန်ပြောင်းပြောပြခဲ့ပါတယ်။ အခုကဲ့သို့ လုပ်ဆောင်နိုင်ခဲ့ခြင်းဟာ ဘာသာစကားတွေ တတ်ကျွမ်းအောင် ကြိုးစားလေ့လာခဲ့ခြင်းကြောင့်ဖြစ်တယ်လို့ သူမက ပြောပါတယ်။
သူမ တတ်ကျွမ်းတဲ့ ဘာသာစကားတွေကို ဘာကြောင့်လေ့လာခဲ့သလဲလို့ မေးကြည့်ရာမှာတော့ “သူများအတင်းတုတ်ရင် သိအောင်လို့လေ” လို့ ရယ်လျှက် ပြန်ပြောခဲ့ပေမဲ့ သူမရဲ့ ဘာသာစကားတတ်ကျွမ်းခြင်းတွေကြောင့် သူမထမ်းဆောင်နေရတဲ့ တော်လှန်ရေးတာဝန်တွေအပေါ် များစွာအကျိုးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလိုအန္တာရယ်များလှတဲ့ အလုပ်ကို လုပ်ဆောင်ခဲ့တဲ့ မော်ကူးမို ရဲ့ လုပ်ဆောင်ချက်တွေဟာ
ကျမတို့ ယနေ့ခေတ် လူငယ်တွေအဖို့တော့ ရုပ်ရှင်သဖွယ် ထိတ်လန့်စရာကောင်းလွန်းလှပါတယ်။ ဒါတွေကို ကယား၊ ရှမ်း ကပြားသူလေး မော်ကူးမို က တိုင်းပြည်နဲ့ လူမျိုးအတွက် သူမ အမှန်တကယ် လုပ်ဆောင်ခဲ့ခြင်းပင်။
မော်ကူးမို ရဲ့ တာဝန်ထမ်းဆောင်စဉ်က သမိုင်းကြောင်းကို သိရှိထားသူ အသက် ၆၀ အရွယ် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားခဲ့သူ ဒေါ်ဘွီးဖောကလည်း မော်ကူးမို ရဲ့ လုပ်ဆောင်ချက်တွေဟာ မယုံကြည်နိုင်အောင်ဖြစ်ရကြောင်း ပြန်ပြောပါတယ်။
“ရှေ့တန်းမှာ သွားတဲ့အချိန် ဒီလိုဒီလို လုပ်တယ် သူပြောတယ်။ ကြောက်စရာကြီးဘဲ။ သူ့အကြောင်းကြားရင် အိုး… သူ အဲ့လောက်တောင် လုပ်နိုင်ခဲ့လားပေါ့နော။” လို့ ဒေါ်ဘွီးဖောက ပြောပါတယ်။
မော်ကူးမိုဟာ လက်ရှိမှာ သာမန်အရပ်သားမိခင်တဦးလိုဘဲ နေထိုင်တာကြောင့် သူမကို ကြည့်ရုံအားဖြင့် သူမဟာ ရှေ့တန်းစစ်မြေပြင်မှာ တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တဲ့အပြင် ရန်သူတွေကို သူမကိုယ်တိုင်ချေမှုန်းခဲ့သူဖြစ်တယ်ဆိုတာကို မယုံကြည်နိုင် ဖြစ်ရပါတယ်။
ဒါပေမဲ့လည်း သူမဟာ အမှန်တကယ် တိုင်းပြည်နဲ့ လူမျိုးအတွက် သူမရဲ့ အချိန်၊ သူမရဲ့ စိတ်ဓတ်တွေအပြင် အမျိုးသမီးတဦးအတွက် တန်ဖိုးထားရဆုံးတွေထဲက တခုဖြစ်တဲ့ ကိုယ်ဝန်ဆောင်ခြင်းကိုပါ ဆုံးရှုံးလိုက်ရတဲ့ လူမသိသူမသိ ပေးဆပ်ခဲ့တဲ့ အညတရ အမျိုးသမီးတဦးပါ။ သူမ ဟာ သူမ လုပ်ဆောင်ခဲ့သမျှ တာဝန်တွေကို သိသူရှိသလို မသိသူများလည်း ရှိတာကြောင့် သူမရဲ့ပေးဆပ်မှုတွေအတွက် အသိအမှတ်ပြုမှုကို မျှော်လင့်ခြင်းထက် နှုတ်အားဖြင့်သာ အားပေးစကား တခွန်းမျှကိုသာ တမ်းတမိတဲ့ အညတရ သူရဲကောင်းအမျိုးသမီးဖြစ်သူပါ။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးဟာ မော်ကူးမို တို့ ခေတ်က တော်လှန်ရေးနဲ့ ကွာခြားပြီး လူငယ်တွေဟာ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကနေ လွတ်မြောက်ဖို့ စိတ်အားထက်သန်သလို ပေးဆပ်လိုတဲ့ ရဲစွမ်းသတ္တိတွေအပြင် စည်းလုံးညီညွတ်မှုတွေ ရှိနေတာကြောင့် သူမ အနေနဲ့ လေးစားအားကျရပြီး လူငယ်တွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ချင်ပေမဲ့ မပါဝင်နိုင်တော့တာကြောင့် စည်းလုံးညီညွတ်မှုကို ဆက်လက်စွဲကိုင်ပြီး အဆုံးအထိ လျှောက်လှမ်းကြဖို့ တိုက်တွန်းအားပေးသွားပါတယ်။
၂၀၂၁ ခုနှစ် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်မှာ လူငယ်အများစုဟာလည်း အကြောင်းအမျိုးမျိုးကြောင့် မော်ကူးမို လိုဘဲ လက်နက်ကိုင်တဲ့ နည်းလမ်းနဲ့ စစ်အာဏာရှင်ကို တော်လှန်နေကြရပြီး၊ ထိုထဲမှာမှ အမျိုးသမီးတွေဟာလည်း လက်နက်ကိုင်တော်လှန်ရေးမှာ အများအပြားပါဝင်လာကြသလို ကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။
ပညာသင်ယူရမဲ့ အရွယ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးမှာ ခြေစုံပစ် ပါဝင်ရင်း အဆုံးထိလျှောက်ဖို့ ဆုံးဖြတ်ထားသူကတော့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း အမှတ် ၉ က ရဲမေလေး ကစ်ကစ် ဖြစ်ပါတယ်။ သူမဟာလည်း မော်ကူးမို လိုဘဲ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့သူပါ။ ရှေ့တန်းစစ်မြေပြင်ကို သွားနေရမြဲဖြစ်ပေမဲ့ မော်ကူးမိုလို တိုက်ပွဲအတွင်းတော့ ပါဝင်ဖို့အထိက ယနေ့ခေတ် အမျိုးသမီးတွေအတွက် စိန်ခေါ်ချက်ဖြစ်တယ်လို့ ရဲမေ ကစ်ကစ်က ပြောပါတယ်။
“ကစ်တို့ အမျိုးသမီးတွေကလည်း စစ်ရေးအတွေ့အကြုံပိုင်းမှာ အမျိုးသားတွေထက်စာရင် အတွေ့အကြုံအားဖြင့် ယှဉ်ရင် အများကြီး အားနည်းနေသေးတာ ဖြစ်တဲ့အတွက် မပါဝင်နိုင်သေးတဲ့ အခြေအနေမျိုးမှာ ကြုံတွေ့နေရသေးတယ်။ အကြောင်းအမျိုးမျိုးကြောင့်လည်း ပါတာပေါ့နော။ ဥပမာ အနေနဲ့ ကစ် တို့ အမျိုးသမီးတွေကို စိတ်ပူလို့ မလိုက်ခိုင်းတာမျိုးတွေ၊ ဒဏ်ရာရခဲ့သည်ရှိသော် အမျိုးသားတွေထက် အမျိုးသမီးစိတ်က နုယွနေတာ ဖြစ်တဲ့အတွက် အသက်အန္တရာယ်ပိုင်း ထိခိုက်မှာကြောက်တဲ့ စိုးရိမ်မှုတွေ၊ တိုက်ပွဲမှာ အမျိုးသမီးတယောက်ကြောင့် တာဝန်ပိုကြီးသွားတဲ့အပိုင်းတွေ ၊ တာဝန်ပိုပိသွားတဲ့အပိုင်းတွေလည်း ကြုံတွေ့လာနိုင်တယ်ပေါ့နော။ အဲ့လို စိန်ခေါ်မှုတွေကြောင့် ကစ်တို့အမျိုးသမီးတွေအနေနဲ့ မပါဝင်နိုင်တဲ့ အခြေအနေမျိုးလည်း ရှိပါတယ်။” လို့ ရဲမေလေး ကစ်ကစ် က သူမတို့ တိုက်ပွဲအတွင်း မပါဝင်နိုင်ရသေးရဲ့ အကြောင်းရင်းကို ပြောပြသွားတာ ဖြစ်ပါတယ်။
“ဒါပေမယ့် ဒီတော်လှန်ရေး အင်အားစုပေါ့နော၊ နှစ် နှစ်ကျော် လုပ်လာတဲ့အချိန်မှာဆိုလို့ရှိရင် ကစ် တို့ အမျိုးသမီးတွေက စစ်ရေးပိုင်းမှာ တော်လှန်ရေး စတုန်းကထက်စာရင် ကစ် တို့ အမျိုးသမီးတွေကို ပိုပြီးတော့ ဆွဲခေါ်လာတာ တွေ့မြင်ရတယ်ပေါ့နော။ ဒါကတော့ ဝမ်းသာစရာပေါ့။” လို့ ရဲမေလေး ကစ်ကစ် တော်လှန်ရေးမှာ အမျိုးသမီးတွေ အရင်ကထက် ပိုပြီး ပါဝင်ခွင့်ရလာတဲ့ အခြေအနေကိုလည်း ဆက်ပြောပြသွားတာပါ။
ရဲမေလေး ကစ်ကစ် အနေနဲ့ကလည်း တပ် ပိုင်းဆိုင်မှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ အမျိုးသမီးတွေ ပါဝင်လာနိုင်ဖို့က သူမအနေနဲ့ အဖြစ်ဆုံးချင်သော ဆန္ဒတခုဖြစ်တယ်လို့ ဆိုပါတယ်။ သူမ ကိုယ်တိုင်အနေနဲ့ အရည်အချင်းပြည့်မီလာတဲ့အပြင် အတွေ့အကြုံတွေ ပိုမိုများပြားလာမယ်ဆိုရင် တပ် ပိုင်းဆိုင်ရာမှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ နေရာအထိကို ပါဝင်ဖို့ အဆင်သင့်ဖြစ်လာမယ်လို့ ယုံကြည်ထားသူ ဖြစ်ပါတယ်။
လက်နက်ကိုင်တော်လှန်ရေးမှာတင်မဟုတ်ဘဲ နည်းလမ်းမျိုးစုံနဲ့ စစ်အာဏာရှင်ကို တော်လှန်ကြရာမှာ အမျိုးသမီးတွေဟာလည်း ပါဝင်လာကြပြီး နေရာတခုအထိ ရောက်ရှိလာကြတာကို တွေ့မြင်ရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဝန်ကြီးတွေမှာလည်း အမျိုးသမီးတွေ ပါဝင်ခွင့်ရလာသလို၊ အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးကောင်စီကို ပထမ ဦးဆုံး ဖွဲ့စည်းနိုင်ခဲ့တဲ့ ကရင်နီပြည်က ကြားကာလပြည်သူ့အုပ်ချုပ်ရေးကောင်စီ IEC မှာလည်း အမျိုးသမီးတွေဟာ ထိပ်ပိုင်းနေရာတခုအထိ ပါဝင်လာခွင့် ရခဲ့ပါတယ်။
နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေဟာ ပိုမိုပါဝင်လာခွင့်ရနေပေမဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာအထိ ပါဝင်ခွင့်က နည်းပါးနေဆဲဖြစ်တယ်လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက သုံးသပ်ပြောဆိုထားကြပါတယ်။ အထူးသဖြင့် တပ် ပိုင်းဆိုင်ရာမှာ အမျိုးသမီးတွေဟာ ထိပ်ပိုင်းအထိ ပါဝင်လာတာကို နည်းပါးစွာ တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။
အခုလို ကရင်နီပြည်ရဲ့ နှစ်ပေါင်း ၇၀ ကျော်မကသော တော်လှန်ရေးခေတ်အဆက်ဆက်မှာ အမျိုးသမီးတွေဟာ ခေတ်တိုင်းမှာ စိတ်အားထက်သန်သည်သာမက လုပ်နိုင်စွမ်းရှိကြပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် လူမသိ၊ သူမသိ ပေးဆပ်အနစ်နာခံခဲ့သူများ များစွာရှိနေပါတယ်။ ၂၀၂၁ ခုနှစ်မှာ စတင်ဖြစ်ပေါ်လာခဲ့တဲ့ နွေဦးတော်လှန်ရေး လို့ အမည်တွင်သမုတ်ခဲ့ကြတဲ့ ဒီတော်လှန်ရေးမှာလည်း အမျိုးသမီးတွေဟာ ကဏ္ဍအသီးသီးမှာ ကျရာတာဝန်တွေကို ကျေပွန်စွာထမ်းဆောင် ပေးဆပ်နေကြတာပါ။ ဒါကြောင့်လည်း အမျိုးသမီးတွေဟာ ကဏ္ဍအသီးသီးမှာ နေရာတွေ ရရှိဖို့ ထိုက်တန်သူများလည်း ဖြစ်ကြပါတယ်။ အထူးသဖြင့် ဆုံးဖြတ်ချက်ချရေးမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရလာမယ်ဆိုရင် ပုခက်လွဲတဲ့မိခင်တွေဟာ မှန်ကန်သော နေရာတွေမှာ မှန်ကန်စွာ နေရာရခဲ့ရင် တိုင်းပြည်ကို မှန်ကန်စွာ အုပ်ချုပ်မဲ့ မျိုးဆက်တွေကို မွေးထုတ်နိုင်ကြမှာဘဲ ဖြစ်ပါတယ်။
ကရင်နီပြည်ရဲ့ အနာဂတ်ကို မြင်ချင်တဲ့ အညတရ သူရဲကောင်းအမျိုးသမီး မော်ကူးမို ကတော့ “ကရင်နီရဲ့ အနာဂတ်က စည်းလုံးညီညွတ်မှုဘဲလိုတယ်။ လူမျိုးရေး၊ ဘာသာရေး မစွဲဖို့ဘဲ။ အေးအေးချမ်းချမ်းဘဲ မြင်ချင်တယ်။” လို့ ပြောဆိုသွားပါတယ်။