Press Release 690 Views

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် MNHRC အပေါ် အထူးသုံးသပ်ချက် မပြုလုပ်မီ အရပ်ဘက်လူထု အဖွဲ့အစည်းများမှ GANHRI-SCA ထံသို့ တင်ပြလွှာတစ်စောင် ပေးပို့တင်သွင်း

Featured image

၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်

သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် MNHRC အပေါ် အထူးသုံးသပ်ချက် မပြုလုပ်မီ အရပ်ဘက်လူထု အဖွဲ့အစည်းများမှ GANHRI-SCA ထံသို့ တင်ပြလွှာတစ်စောင် ပေးပို့တင်သွင်း

ဤအထူးသုံးသပ်ချက်မှသည် MNHRC ကို အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားခြင်း (သို့) ဖယ်ရှားခြင်းသို့ ဦးတည်ရမည်

ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့၏ အရည်အသွေးသတ်မှတ်ရေး ဆပ်ကော်မတီ (GANHRI-SCA) မှ မြန်မာစစ်အုပ်စု၏ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အပေါ် မကြာမီတွင်ပြုလုပ်မည့် အထူးသုံးသပ်ချက် မတိုင်မီတွင် လွတ်လပ်သောနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) (“အလုပ်အဖွဲ့”) နှင့် အာရှဒေသနိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများကွန်ရက် (ANNI) တို့က ပူးတွဲတင်ပြလွှာတစ်စောင်ကို ယနေ့တွင် GANHRI-SCA ထံသို့ တင်သွင်းလိုက်သည်။

အဆိုပါ အထူးသုံးသပ်ချက်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြုလုပ် သွားမည့် GANHRI-SCA ၏ အရည်အသွေးအဆင့်သတ်မှတ်သည့် အစီအစဥ်အောက်တွင် ပြုလုပ်သွားမည် ဖြစ်သည်။

အလုပ်အဖွဲ့နှင့် ANNI တို့သည် GANHRI-SCA ကို GANHRI ၏ ဥပဒေအပိုဒ် ၁၈ အရ MNHRC အား သတ်မှတ်ပေးထားသော အဆင့်သတ်မှတ်ချက်ကို ချက်ချင်း ဆိုင်းငံ့ရန် သို့မဟုတ် ဖယ်ရှားရန် အကြံပြု တိုက်တွန်းခဲ့သည်။

စစ်အုပ်စု၏ တရားမဝင် အာဏာသိမ်းရေး ကြိုးပမ်းမှုကာလအတောအတွင်းရှိ MNHRC ၏ လွတ်လပ်အမှီအခိုကင်းမှု ကင်းမဲ့နေခြင်း၊ စွမ်းဆောင်နိုင်ရည် ကင်းမဲ့နေခြင်းနှင့် လူ့အခွင့်အရေးကို မြှင့်တင်၊ ကာကွယ်ပေးရမည့် ၎င်း၏လုပ်ပိုင်ခွင့်အာဏာကို ကျင့်သုံးရန် အမှန်တကယ် ပျက်ကွက်ခဲ့ပုံတို့ကို ထိုတင်သွင်းထားသည့် တင်ပြလွှာတွင် မီးမောင်းထိုးဖော်ပြထားသည်။

ရှေ့ပြေးအသံအဖွဲ့မှ ဒေါ်ခင်ဥမ္မာက “GANHRI-SCA ဟာ  ဥပဒေအပိုဒ် ၁၈ မှာ ပြဌာန်းထားတဲ့အတိုင်း သူတို့ရဲ့ အာဏာကိုကျင့်သုံးပြီး အထူးသုံးသပ်ချက်အစီအစဥ်မှာ MNHRC အပေါ် ထားရှိတဲ့အဆင့် သတ်မှတ်ချက်ကို ဆိုင်းငံ့တာ ဒါမှမဟုတ် ဖယ်ရှားတာ လုပ်ရပါမယ်။ လူ့အခွင့်အရေးကို ကာကွယ်၊ မြှင့်တင် ပေးနေတဲ့ အများယုံကြည်လေးစားရတဲ့ လူ့အခွင့်အရေးကွန်ရက်ကြီးထဲမှာ MNHRC က အဖွဲ့ဝင်အဖြစ် ဆက်ရှိနေတာကို အသုံးချပြီး သူတို့ရဲ့တရားဝင်မှု ရရှိလာဖို့အတွက် စစ်အုပ်စုက လုပ်နေတာကို ဆက်လက် ခွင့်ပြုနေလို့ မရတော့ပါဘူး။” ဟု ပြောသည်။

အလုပ်အဖွဲ့မှ မသဥ္ဇာရွှန်းလဲ့ရည်ကလည်း “စစ်အုပ်စုက ထိန်းချုပ်ထားတဲ့ MNHRC ကို ကမ္ဘာ့ထိပ်တန်း လူ့အခွင့်အရေးကွန်ရက်ကနေ ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့ ကျွန်မတို့ရဲ့အသံနဲ့ အကြံပြုချက်တွေကို GANHRI-SCA က အရေးလုပ်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လာမယ့်အောက်တိုဘာလမှာ ပြုလုပ်မယ့် သူတို့ရဲ့ အရည်အသွေးအဆင့်သတ်မှတ်ရေးအစီအစဉ် မတိုင်ခင်မှာ ဒီတင်ပြလွှာကို ကြိုတင်တင်သွင်း လိုက်တာ ဖြစ်ပါတယ်။” ဟု ဆိုသည်။

ANNI အတွင်းရေးမှူးအဖွဲ့ဖြစ်သော လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အာရှဖိုရမ် (FORUM-ASIA) အမှုဆောင်ဒါရိုက်တာဖြစ်သူ Mary Aileen D. Bacalso က “မကြာခင်ပြုလုပ်မယ့် GANHRI-SCA ရဲ့ အရည်အသွေးအဆင့်သတ်မှတ်ရေး အစီအစဥ်အောက်မှာ MNHRC ကို အထူးသုံးသပ်မယ့် ကိစ္စဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့အချိန်ကစပြီး ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နေပါလျက် MNHRC ဟာ သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကို ကျင့်သုံးဆောင်ရွက်ဖို့ အလေးမထားတာ၊ ပျက်ကွက်နေတာကို ဖြေရှင်းဖို့နဲ့ အဲဒါတွေကို အသိအမှတ်ပြုဖို့ အခွင့်အလမ်းတစ်ရပ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ANNI နဲ့ မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းတွေ တစ်လျှောက်လုံး တောင်းဆိုလာခဲ့တာ တွေကို  ဒီတင်ပြလွှာကနေတစ်ဆင့် ကျမတို့ ထပ်မံတောင်းဆိုလိုက်သလို GANHRI-SCA ကိုလည်း သူတို့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသဖို့အတွက် မူအပေါ်မှာရပ်တည်ပြီး MNHRC ကို ကွန်ရက်ရဲ့အဖွဲ့ဝင်အဖြစ် ကနေ ဆိုင်းငံ့တာ ဒါမှမဟုတ် ထုတ်ပယ်တာ လုပ်ဖို့လိုတယ်ဆိုတာ ထပ်မံသတိပေးချင်ပါတယ်။” ဟု ဆိုသည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

  • လွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ)၊ [email protected]
  • အာရှဒေသ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများကွန်ရက် (ANNI) ၏ အတွင်းရေးမှူးအဖွဲ့၊ FORUM-ASIA၊ [email protected]

ANNI အကြောင်း

အာရှဒေသ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများကွန်ရက် (ANNI) ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့သည်။ ၎င်းသည် နိုင်ငံအဆင့်လူ့အခွင့်အရေး ဌာန (NHRI) များနှင့် ဆက်စပ်သည့်ကိစ္စများအရေးကို လုပ်ဆောင်နေသည့် အာရှဒေသရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ပါဝင်သော ကွန်ရက်တစ်ခု ဖြစ်သည်။ လက်ရှိအချိန်၌ ANNI တွင် နိုင်ငံ သို့မဟုတ် နယ်မြေဒေသ ၂၁ ခုမှ အဖွဲ့ဝင် အဖွဲ့အစည်း ၃၃ ခု ပါဝင်သည်။ ANNI အဖွဲ့ဝင်များသည် အာရှဒေသရှိ NHRI များမှ လူ့အခွင့်အရေးကို ပိုမိုကောင်းမွန်စွာ ကာကွယ် မြှင့်တင်နိုင်ရန်အတွက် ထို NHRI များ၏ အလုပ်နှင့် လုပ်ငန်းဆောင်တာများ ပိုမိုခိုင်မာအားကောင်း လာစေရေးကို အလေးထားလုပ်ဆောင်နေကြသူများ ဖြစ်သကဲ့သို့ ထို NHRI များမှ ပါရီအခြေခံမူများနှင့် ကမ္ဘာလုံးဆိုင်ရာ GANHR-SCA ၏ အထွေထွေ လေ့လာဆန်းစစ်ချက် အပါအဝင် နိုင်ငံတကာစံနှုန်းများကို ပို၍ကောင်းမွန်စွာ လိုက်နာစေရေးအတွက်လည်း စည်းရုံးလှုံ့ဆော်လျက်ရှိသည်။ ANNI ကွန်ရက်ကို ၎င်းတည်ထောင်စဥ် ၂၀၀၆ ခုနှစ်ကတည်းကပင် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အာရှဖိုရမ် (FORUM-ASIA) မှ အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးထားသည်။

Website: http://l.forum-asia.org/ANNI

အလုပ်အဖွဲ့ အကြောင်း

လွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) (“အလုပ်အဖွဲ့”) က တရားမဝင် မြန်မာစစ်အုပ်စု၏ လက်အောက်ခံဖြစ်သော မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) ကို သီးခြားလွတ်လပ်သော နိုင်ငံအဆင့်လူ့အခွင့်အရေးဌာန အသစ်တစ်ခုဖြင့် အစားထိုးတည်ထောင်နိုင်ရန်အတွက် စည်းရုံးလှုံ့ဆော်နေသော ကွန်ရက်တစ်ခုဖြစ်ပါသည်။ အလုပ်အဖွဲ့ကို ယခင်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ အလုပ်အဖွဲ့ ဟုလည်းသိကြပြီး လောလောဆယ်တွင် အဖွဲ့ဝင် ၂၀ ဖွဲ့ ပါရှိပါသည်။ အလုပ်အဖွဲ့သည် ၎င်း၏တည်ထောင်ချိန် ၂၀၁၉ ခုနှစ်မှစ၍ တရားမဝင်စစ်အုပ်စု၏ အာဏာလုယူရေး ကြိုးပမ်းမှုနောက်ပိုင်းအထိ MNHRC ကို နိုင်ငံတကာစံသတ်မှတ်ချက်များဖြစ်သည့် ပါရီအခြေခံမူများနှင့်အညီ ထိရောက်သော ကော်မရှင် ဖြစ်လာစေရန်အတွက် တစိုက်မတ်မတ် လုပ်ဆောင် လာခဲ့သည်။

Facebook: https://www.facebook.com/WGonNHRIBurma

Twitter: https://twitter.com/WG_MMNHRI


PDF ဖိုင်ရယူရန် မြန်မာဘာသာ I အင်္ဂလိပ်ဘာသာ

Read in English