ထိုရွာသို့ ဒီဇင်ဘာ ၁၇ နံနက်ပိုင်းတွင် စစ်သား ၁၀၀ ခန့် သေနတ်ပစ်ဖောက် ဝင်ရောက် စီးနင်း ကတည်းက ဆုံကုန်းဒေသခံ ၂၅၀၀ ကျော်မှာ တောတိုက်၊ ယာခင်းများရှိရာဆီသို့ တိမ်းရှောင်နေခဲ့ရ ကြောင်း အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။
နောက်တစ်ရက် (ဒီဇင်ဘာ ၁၈)တွင် စစ်သား အင်အား ၁၀၀ ခန့် ထပ်မံရောက်ရှိလာပြီး စစ်ကြောင်းနှစ်ခု ပေါင်းကာ ဆုံကုန်းရွာ၌ ၄ရက်ကြာ တပ်စွဲခဲ့ကြောင်း နှောဒေသ PDF ခေါင်းဆောင်ကလည်း အတည်ပြုသည်။
စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲသွားစဉ် အထက်ပါ ဒေသခံ ၃ဦး သတ်ခံရသည့် အပြင် မော်တော်ယာဉ် ၂စီး၊ နေအိမ် ၁ လုံးကို မီးရှို့ကြောင်း၊ ကြက်၊ ဝက်၊ ကျွဲ၊ နွားများ အပါအဝင် တန်ဖိုးရှိ ပစ္စည်းများကို မွေနှောက် ယူဆောင်သွားကြောင်း အထက်ပါ သတင်းရင်းမြစ် ၂ဦးက ပြောသည်။
ဒီပဲယင်းနယ် အနောက်ခြမ်းရှိ ဒေသခံများကိုးကွယ်ရာ နှောဘိုးတော် နတ်နန်းကို အစွဲပြုခေါ်ဝေါ်ကြသည့် နှောဒေသတွင် ကျေးရွာအုပ်စု ၅ စုရှိပြီး ကျေးရွာပေါင်း ၁၈ ရွာရှိသည်။
စစ်တပ်က နိုဝင်ဘာ ၈ က စတင်ကာ ရဟတ်ယာဉ် ၆ စီး နှင့် မြေပြင်တပ်များ ပါ၀င်သည့် စစ်ကြောင်း ၂ ကြောင်းက ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ခြမ်းခွဲကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည်ဟု PDF ထံမှ သိရသည်။
ထိုကာလအတွင်း ဒေသခံ ကာကွယ်ရေးတပ်များက လက်လုပ် သေနတ်များ၊ လက်လုပ်မိုင်းများဖြင့် ပြန်လည် ခုခံနေကြသည်။
ဆုံကုန်းကျေးရွာတွင် ပေါင်းဆုံခဲ့သည့် စစ်အင်အား ၂၀၀ ခန့်မှာ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများသို့ ဝင်ရောက်မွှေနှောက်နေသည့် စစ်ကြောင်းဖြစ်ပြီး ဒီဇင်ဘာ ၂၀ တွင် ရဟတ်ယာဉ် ၄ စီးဖြင့် ရေဦးမြို့နယ်၊ ဝက်ဖြူကျေးရွာသို့ ထွက်သွားသည်ဟု ဗိုလ်တစ္ဆေက ပြောသည်။
“ပြည်သူတွေအနေနဲ့ ကြိုတင်ရှောင်ရှားကြဖို့ပေါ့။ သူတို့မှာက လူစိတ်မရှိတော့ တွေ့တဲ့သူကို သတ်ချင်သတ်မယ်။ ရိုက်ချင်၊ ရိုက်မယ်။ နှက်ချင်၊ နှက်မယ်။ ဘာပဲဖြစ်နေဖြစ်နေ စစ်ကြောင်းလာရင် ကြိုတင်ရှောင်ရှားကြဖို့ပေါ့လေ” ဟု ၎င်းက ပြောသည်။
စစ်သားများက ဒီပဲယင်း၀န်းကျင်တွင် ဖမ်းဆီး၊ သတ်ဖြတ်၊ ပစ္စည်းလုယူသည် ဟူသော ဒေသခံတို့၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုန့်ပြန်ချက် မရသေးပေ။ ပြီးခဲ့သည့် ၆ လ အတွင်း ဒီပဲယင်း ဒေသ စစ်ကောင်စီတပ်၏ လုပ်ရပ်များနှင့် ပတ်သက်ပြီးလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ဒေသခံ PDF များအားကောင်းသည့် စစ်ကိုင်းတိုင်း ဒီပဲယင်း၊ ဆားလင်းကြီး၊ ကနီ၊ တန့်ဆည်နှင့် ယောဒေသများတွင် ကျေးရွာများကို မီးရှို့မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို စစ်တပ်က အကြိမ်ပေါင်းများစွာ ကျူးလွန် နေပြီး ယင်းကိုခုခံပိုင်ခွင့်အဖြစ် စစ်ကောင်စီက ပြောဆိုလေ့ရှိသည်။
စစ်ကောင်စီ၏ ထိုသို့ သတ်ဖြတ်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ထံ ဩဂုတ်လဆန်းပိုင်း ကတည်းက အစီရင်ခံထားသော်လည်း ကုလ၏ အရေးယူမှုများ နှောင့်နှေးနေဆဲဖြစ်သည်။
Original Post: Myanmar Now