အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ပြောက်ကျားစနစ်သို့ ပြောင်းလဲသွားသော စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြမှုသည် လူထုအတွက် ခွန်အားဖြစ်စေရန်လည်း ရည်ရွယ်သည်
By Myanmar Now
လူစည်ကားသည့် ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ယုဇနပလာဇာရှေ့လမ်းမပေါ်တွင် “လူမျိုးကြီးဝါဒဖယ်ရှားကြ၊ အာဇာနည်ဟာ ကိုးဦးမက” စာတန်းပါ နဖူးစည်းနှင့် အလံကိုင်ဆောင်ထားသည့် လူငယ် ၄ ဦးခန့် ရုတ်တရက်ထွက်ပေါ်လာပြီး “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ဟု အသံကုန် ကြွေးကြော်လိုက်ကြသည်။
အသင့်ရောက်ရှိနေကြသည့် လူငယ်များက ပလာဇာရှေ့သို့ အလျှိုလျှိုထွက်ပေါ်လာပြီး လူငယ် ၄ ဦးနှင့် ပေါင်းစည်းလိုက်ရာ ကြွေးကြော်သံများက ပိုမိုကျယ်လောင်သွားပြီး ငြိမ်သက်နေသည့် ထိုနေရာတဝိုက် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
ထိုအချိန်တွင် စစ်ကောင်စီတပ်သားများက ကားအကြီးတစ်စီး၊ အသေးတစ်စီးနှင့် ရုတ်တရက်ရောက်ချလာပြီး သေနတ်သံတစ်ချက် ထွက်ပေါ်လာရာ ကြွေးကြော်အော်ဟစ်နေကြသူတို့လည်း လူစုခွဲလိုက်ပြီး ပြန်လည်ပျောက်ကွယ်သွားခဲ့ကြသည်။
ထိုအဖြစ်အပျက်သည် အချိန်အားဖြင့် စုစုပေါင်း တစ်မိနစ်သာကြာမြင့်ခဲ့သည်။
ဇူလိုင် ၁၆ နံနက် ၉ နာရီကျော်က တွေ့ရသည့် လူငယ်တစ်စု၏ အာဇာနည်နေ့အကြို ပြောက်ကျားဆန္ဒပြပွဲ မြင်ကွင်းတစ်ခုဖြစ်သည်။
စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် လှုပ်ရှားမှုအားကောင်းရာ ဖေဖော်ဝါရီနှင့် မတ်လအတွင်း ရန်ကုန်လူထုသည် လမ်းမများပေါ်တွင် နေရာယူထားပြီး စစ်ကောင်စီတပ်က အကြမ်းဖက်နှိပ်ကွပ်ချိန်တွင် ထိုလမ်းမများ တိတ်ဆိတ်ခြောက်ကပ်သွားခဲ့ရာမှ ပြောက်ကျားဆန္ဒပြပွဲများအဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။
အကြမ်းမဖက်လူထုလှုပ်ရှားမှု ဆက်လက်ပေါ်ပေါက်ရန်လိုအပ်နေသည့်အတွက် ပြောက်ကျားဆန္ဒပြနေကြရခြင်းဖြစ်သည်ဟု အထွေထွေသပိတ်ကော်မတီ (GSC) မှ တာ၀န်ရှိသူတစ်ဦးဖြစ်သည့် လီယိုက ပြောသည်။
“သူတို့ ဖိနှိပ်လာတဲ့ ပုံစံပေါ်မူတည်ပြီးတော့ အကြမ်းမဖက်လှုပ်ရှားမှုတွေကလည်း ပုံစံတစ်မျိုး ပြောင်းလာရတယ်ပေါ့။ ဖိနှိပ်တဲ့အခြေအနေပေါ် မူတည်ပြီး ပြောက်ကျားဆိုတဲ့ပုံစံက ပေါ်ပေါက်လာခဲ့တာ” ဟု ပြောက်ကျားဆန္ဒပြပွဲဦးဆောင်နေသူတစ်ဦးဖြစ်သည့် ၂၃ နှစ် အရွယ် လီယိုက Myanmar Now ကို ပြောသည်။
CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှု၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များ၏ လက်နက်ကိုင်တော်လှန်မှုနှင့် အကြမ်းမဖက်လမ်းပေါ်ထွက်ဆန္ဒပြမှု စသည့် လှုပ်ရှားမှု ၃ ခုလုံး ဟန်ချက်ညီညီဖြင့် လှုပ်ရှားနိုင်မှသာ ပိုမိုထိရောက်မည်ဖြစ်ကြောင်း တကသကျောင်းသားဟောင်းများအင်အားစုမှ ကိုနန်းလင်းက ယူဆသည်။
“ နွေဦးတော်လှန်ရေးမှာ ရှိနေတဲ့ တိုက်ပွဲနည်းနာတွေအကုန် ဟန်ချက်ညီညီရှိနေမှ ဒီတိုက်ပွဲက ရှေ့မြန်မြန်ရောက်မယ်လို့ ကျွန်တော်တို့ယုံကြည်တယ်” ဟု ကိုနန်းလင်းက ပြောသည်။
မြို့ပြပြောက်ကျားဆန္ဒပြမှုများကြောင့် CDM လှုပ်ရှားနေသူများကို အားတက်စေသလို PDF များက စစ်ကောင်စီတပ်သားများကို တိုက်ခိုက်နေခြင်းကြောင့် မြို့ပေါ်ဆန္ဒပြနေသူတို့ အားတက်လာစေသည်ဟု ကိုနန်းလင်းက ယူဆသည်။
သတ်ကွင်းထဲက ပြောက်ကျား
ရန်ကုန်မြို့၏ ရှင်းလင်းနေသည့် လမ်းမပေါ်သို့ ပြောက်ကျားဆန္ဒပြပွဲဖြင့် ပြန်လည်သက်ဝင်လှုပ်ရှားလာစေရန် ဧပြီလထဲတွင် လီယိုက ဆုံးဖြတ်လိုက်သည်။
အာဏာသိမ်းပြီး ဖေဖော်ဝါရီလအစ လူထုလှုပ်ရှားမှုများနှင့် ပြောက်ကျားဆန္ဒပြပွဲသည် ကွဲပြားခြားခြင်းများစွာရှိပြီး မမြင်နိုင်သည့် အန္တရာယ်များရှိသည့် သတ်ကွင်းထဲသို့ ဝင်ရောက်လှုပ်ရှားရခြင်းဖြစ်သည့်အတွက် ၎င်းအနေနှင့် ကြိုတင်ပြင်ဆင်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။
စစ်ကောင်စီတပ်များကလဲ လူထုကို လမ်းပေါ် ထပ်မံထွက်မလာစေရန် ပိုမိုဖိနှိပ်လာသည့်နည်းတူ အဖမ်းအဆီး၊ အစစ်အဆေးများပြားနေသလို ပြောက်ကျားဆန္ဒပြစဉ် အကြမ်းဖက်၊ ပစ်သတ်ခံရနိုင်သည်ဟုလည်း နားလည်ထားကြောင်း သူက ပြောသည်။
“တစ်ယောက်မှ အဖမ်းမခံရလေကောင်းလေပဲ…..မြင်တာနဲ့ကို ဖမ်းတာ။ ကိုယ်လမ်းပေါ်ထွက်တဲ့ ဒီနေ့ထွက်တဲ့နေ့ဟာ ကိုယ်ကျဆုံးသွားတဲ့နေ့လည်း ဖြစ်နိုင်သလို ကိုယ်အဖမ်းခံရတဲ့နေ့လည်း ဖြစ်သွားနိုင်တယ်”
ဆန္ဒပြမည့် နယ်မြေအနေအထားကို လေ့လာခြင်း၊ သတင်းမပေါက်ကြားစေရန် လုံခြုံရေးဂရုစိုက်ခြင်း၊ အရန်အစီအစဉ်တစ်ခုပြင်ဆင်ခြင်း၊ အထိအခိုက် အဖမ်းအဆီးမကြုံရမီ လူစုခွဲခြင်းတို့အတွက် ကြိုတင်တိုင်ပင် စီစဉ်ထားရသည်ဟု ၎င်းက ဆက်ပြောသည်။
ပြောက်ကျားဆန္ဒပြမှုကို ဖြိုခွင်းသည့် စစ်ကောင်စီတပ်သားများက အရပ်သားပမာ ဟန်ဆောင်ချည်းကပ်လာပြီးမှ ဖမ်းဆီးခြင်း၊ ဆန္ဒပြသူများအတွင်း သတင်းပေး(ဒလန်)များ ထည့်သွင်းနိုင်ခြင်းတို့ကြောင့် လုံခြုံရေးက များစွာ အရေးကြီးလာသည်ဟု ကိုနန်းလင်းက ဆိုသည်။
တကသကျောင်းသားဟောင်းများအင်အားစုမှ ကိုစောလွင်ကမူ သတင်းပေါက်ကြားပါက အဖမ်းအဆီးအထိအခိုက်မရှိစေရန် အစီအစဉ်ဖျက်လိုက်ရခြင်းများနှင့် ကြုံတွေ့ရကြောင်း ပြောသည်။
“စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိနဲ့ဖြစ်ဖြစ်၊ တော်လှန်ရေးမှာပါဝင်နေတဲ့သူတွေကပဲ မသိလိုက်တဲ့၊ မသိဘဲပြုမူမိတဲ့ ပုံစံမျိုးနဲ့ဖြစ်ဖြစ် သတင်းပေါက်တဲ့ ပုံစံမျိုးတွေက အများကြီး ကြုံရပြုရတာတွေ တွေ့လိမ့်မယ်”
ထိုသို့သတင်းယိုစိမ့်ခဲ့ဖူးသည့်အတွက် နောက်ပိုင်းတွင် မြို့ပြပြောက်ကျားဆန္ဒပြနေကြသည့် အဖွဲ့အစည်းများကြား ကျစ်လစ်စွာ ချိတ်ဆက်ဆောင်ရွက်နေရသည်ဟု ၎င်းကဆိုသည်။
ပြောက်ကျားဆန္ဒပြပွဲများတွင် အောင်မြင်စွာ လူစုခွဲနိုင်ခြင်းများရှိခဲ့သလို ပြီးခဲ့သည် ဇူလိုင် ၁၆ ရက်နေ့ တာမွေမြို့နယ်တွင် ပြုလုပ်ခဲ့သည့် GSC ၏ အာဇာနည်နေ့အကြို ပြောက်ကျားဆန္ဒပြလှုပ်ရှားမှု ပစ်ခတ်ဖြိုခွင်းခံရပြီး ပိတ်မိသူ၊ ဖမ်းဆီးခံရသူတချို့ ရှိခဲ့သည်။
အလားတူ ဇူလိုင် ၃၀ ရက်နေ့ တာမွေမြို့နယ်ကျောက်မြောင်းရပ်ကွက် သတိပဌာန်လမ်းတွင် ပြုလုပ်ခဲ့သည့် တကသကျောင်းသားများ၏ ပြောက်ကျားဆန္ဒပြလှုပ်ရှားမှုကို စစ်ကောင်စီတပ်များက အရပ်သားများအဖြစ် ဟန်ဆောင်ချည်းကပ်ကာ ဖြိုခွဲဖမ်းဆီးခဲ့သည်။
ရန်ကုန်မြို့ ၄၄ လမ်းဖြစ်စဉ်တွင် ပြုတ်ကျ/ခုန်ချ သေဆုံးခဲ့ရသည့် မဝေဝေမြင့်သည် ဧပြီလအတွင်းက ပြောက်ကျားဆန္ဒပြပွဲတစ်ခုတွင် ဖမ်းဆီးခံရပြီး နေ့တွင်းချင်း ပြန်လွတ်ခဲ့သည်။ ဖမ်းဆီးစဉ်တွင် မဝေဝေမြင့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆဲဆိုပြီး ပါးရိုက် ကန်ကျောက် ရိုက်နှက်ခဲ့ရာ ခါးရိုးထိခိုက်ခဲ့ရသည်ဟု ၎င်း၏ ခင်ပွန်းဖြစ်သူ ဒေါက်တာ စိုးမြတ်သူက Myanmar Now နှင့် အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။
အင်အားချွေတာသော၊ ထိခိုက်ဖမ်းဆီးခံရမှု လျှော့ချရန် ရည်ရွယ်သော ပြောက်ကျားဆန္ဒပြပွဲများသည် တိုင်ပင်မထားရဘဲ ထား၀ယ်၊ လောင်းလုံး၊ ပေါင် စသည့် အောက်မြန်မာပြည် မြို့များ၊ ကလေးကဲ့သို့ မြန်မာပြည်အထက်ပိုင်း မြို့နယ်များတွင်လည်း တစ်ပြိုင်နက်ဖြစ်ပေါ်နေသည်။ မုံရွာ၊ မန္တလေးမြို့ကြီးများရှိ ပြောက်ကျားဆန္ဒပြသူတို့မှာ ကားဖြင့် ဝင်တိုက် ဖမ်းဆီးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။
ပြောက်ကျားဆန္ဒပြပွဲများတွင် ဖမ်းဆီးခံရသူအရေအတွက်မှာ ၃၃၀ ဦးထက်မနည်း ရှိသည်ဟု AAPP ဟု ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီတပ်များ၏ လက်ချက်ဖြင့် အရပ်သား ၁၀၀၆ ဦးထက်မနည်း သေဆုံးခဲ့သည်၊ ၇၃၃၈ ဦး အနည်းဆုံး ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံနေရသည်ဟု ထိုဖြစ်ရပ်များကို စုံစမ်းဖော်ထုတ်မှတ်တမ်းတင်သည့် AAPP က ထုတ်ပြန်ထားသည်။
ထိုလုပ်ရပ်များ၊ ကိန်းဂဏန်းများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်သို့ မေးမြန်းရန် ကြိုးပမ်းသော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။ ယခင်ကမူ စစ်ကောင်စီက ထိုကိန်းဂဏန်းများမှာ ချဲ့ကားထားခြင်းဖြစ်ကြောင်း၊ သေဆုံးသူများထဲတွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်တချို့လည်း ပါဝင်ကြောင်း ပြောဖူးသည်။
သို့သော်လည်း AAPP စာရင်းတွင် စစ်ကောင်စီတပ်သားတို့ကို မှတ်တမ်းတင်ထည့်သွင်းခြင်း မရှိပေ။
လူထုကြားက ပြောက်ကျား
ပြောက်ကျားဆန္ဒပြပွဲများအတွက် လိုအပ်သည့် အဓိကအချက်တစ်ချက်သည် လူထု၏ ပူးပေါင်းပါဝင်မှုဖြစ်သည်၊ စစ်ကောင်စီတပ်သားတို့၏ ဖြိုခွင်းသည့်အခါ လျှင်မြန်စွာ ခြေရာဖျောက်ရန်၊ ယာယီရှောင်ပုန်းနိုင်ရန်တို့အတွက် လူထု၏ အကူအညီလိုအပ်သည်ဟု သူက ဆိုသည်။
“လူငယ်တွေက ကိုယ့်အိမ်ကိုယ့်ရာမှာ မနေရတော့ဘူး။ စိတ်မလုံခြုံမှုခံစားနေရတာကတော့ အချိန်နဲ့အမျှပဲ။ ကိုယ့်ဘက်ကို ဘယ်အချိန်မှာ အလှည့်ကျမလဲဆိုတာကိုပဲ စောင့်နေရတဲ့အခါမျိုး ဖြစ်နေတယ်” ဟု လီယိုက ပြောသည်။
တစ်နေရာတည်းတွင် စုနေကြသည့်အခါ ထိုအခြေအနေကို စစ်ကောင်စီ၏ ဒလန်များ၊ လက်မရွှံ့တပ်သားများ သိမသွားစေရန် ပြောက်ကျားသမားတို့ အနေအထိုင်အသွားအလာ ဆင်ခြင်ရသည်ဟု ၎င်းက ဆိုသည်။
လမ်းပေါ်ထွက်ပြီး ကြွေးကြော်ချိန်တွင် လူထုက လက်ခုပ်တီးကြိုဆိုကြခြင်းသည် ခွန်အားတစ်ရပ်ဖြစ်စေပြီး လူထု၏ ဝိုင်းဝန်းစောင့်ရှောက်မှုသည် ပြောက်ကျားရဲဘော်များအတွက် လုံခြုံခြင်းကို ခံစားရစေသည်ဟု ကိုနန်းလင်းက ပြောသည်။
ပြောက်ကျားဆန္ဒပြပွဲများ၏ အခြားသောလုပ်ငန်းစဉ်တစ်ခုမှာ လူထုကိုပေးချင်သည့် သတင်းစကားများကို ကြွေးကြော်သံများအဖြစ် ပြောင်းလဲရခြင်းဖြစ်သည်။
“ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်”၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဒို့အရေး”၊ “ လူမျိုးကြီးဝါဒဖယ်ရှားကြ အာဇာနည်ဟာ ကိုးဦးမက”၊ “၈၈ ကသွေးကြွေးဟောင်း ၂၁ မှာ အပြီးတောင်း” စသည့်ကြွေးကြော်သံများအပြင် ကိုဗစ်တတိယလှိုင်းကာလဖြစ်သည့်အတွက် “ကပ်ကိုလဲ အတူကျော်၊ တပ်ကိုလည်း အတူဆော်” စသည့် ကြွေးကြော်သံလည်း ပါဝင်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆဲဆိုထိုးနှက်သည့် စကားလုံးများလည်း ကြားရနိုင်သည်။
ထိုကြွေးကြော်သံများနှင့် ဆန္ဒပြမှုသည် ရန်ကုန်မြို့၏ လူစည်ကားရာ နေရာတချို့တွင် မကြာခဏ ပေါ်ပေါက်လာလေ့ရှိပြီး အထွေထွေအကျပ်အတည်းကြားသို့ ရောက်ရှိနေသည့် လူထုအတွက် ခွန်အားတစ်ရပ်ဖြစ်စေကာ စိတ်ဓာတ်ပြန်လည်တက်ကြွစေရန် ရည်ရွယ်သည်ဟု လီယိုက ဆိုသည်။
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ခြေမှုန်းနိုင်ရေးအတွက် အကြမ်းမဖက် လမ်းပေါ်ထွက် ပြောက်ကျားဆန္ဒပြလှုပ်ရှားမှုများဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ၎င်းက ပြောသည်။
“ကျွန်တော်တို့က ကိုယ့်အသက်ရှင်ရေးကိုပဲ ငြိမ်ပြီးတော့ နေလိုက်မယ်ဆိုရင် ပေးဆပ်လိုက်ရတဲ့ ကျွန်တော်တို့ရဲဘော်တွေ၊ ဖမ်းဆီးခံလိုက်ရတဲ့ ကျွန်တော်တို့သူငယ်ချင်း ကျောင်းသားရဲဘော်တွေ ဒီပွဲအောင်နိုင်မှ၊ အပြင်မှာလှုပ်နေမှ သူတို့အတွက် ကျွန်တော်တို့က တစ်ခုခုလုပ်ပေးရာကျမယ်” ဟု လီယိုက ပြောလိုက်သည်။
Original Post: Myanmar Now