၄၄ လမ်းဖြစ်စဉ်တွင် ခုန်ချ ဒဏ်ရာရသူ ရဲမင်းဦးကို စစ်ကြောရေးသို့ပို့

August 20th, 2021  •  Author:   Ye Min Oo (aka) Ye Gyi (Botataung Township)  •  1 minute read
Featured image

ကိုရဲမင်းဦး(ခ)ရဲကြီး။ (ဓာတ်ပုံ-ပေးပို့)  

ကိုရဲမင်းဦးနှင့်အတူ ဒဏ်ရာများဖြင့် စစ်ဆေးရုံရောက်နေသူ နှစ်ဦး၏ အခြေအနေကိုမူ စုံစမ်း၍ မရသေးပေ

By Myanmar Now

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြမ်းဖက်စီးနင်းခဲ့သည့် ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းဖြစ်စဉ်အတွင်း တိုက်ပေါ်မှကျသည့် ဒဏ်ဖြင့် မင်္ဂလာဒုံစစ်ဆေးရုံ (ကုတင် ၁၀၀၀)၌ ကုသမှုခံယူနေရသူ ကိုရဲမင်းဦး(ခ)ရဲကြီးကို ၁၀ ရက် အကြာ ယမန်နေ့ (ဩဂုတ် ၁၉) တွင် စစ်ကြောရေးသို့ ပို့ဆောင်လိုက်သည်။

အသက် ၂၇ နှစ်အရွယ် ကိုရဲမင်းဦးကို ဩဂုတ် ၁၈ မွန်းလွဲပိုင်းတွင် စစ်ဆေးရုံမှ ဗိုလ်တထောင်ရဲစခန်းသို့ ပို့ကာ ရမန် (ချုပ်နှောင်ခွင့်) ယူပြီးနောက် ယနေ့ ညနေ ၆ နာရီခွဲတွင် ရွှေပြည်သာရှိ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။

“ကျန်းမာရေးကောင်းတယ်။ ခြေထောက်ကတော့ လမ်းလျှောက်ရာမှာ အခက်အခဲရှိတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ကိုရဲမင်းဦးရှိနေသည့် ၄၄ လမ်း တိုက်ခန်းတစ်ခုကို စစ်ကောင်စီဝင်စီးသည့် ဩဂုတ် ၁၀ ရက် ဖြစ်စဉ်အတွင်း ခုန်ချခဲ့၍ ဦးခေါင်းထိခိုက်သည်ဟု ကြားသိရသော်လည်း ကာယကံရှင်နှင့် လူချင်းတွေ့ခွင့်ကို စစ်ကောင်စီက မပေး၍ ဒဏ်ရာအခြေအနေ အသေးစိတ်ကို မသိရဟု ထိုသူက ဆက်ပြောသည်။

မင်္ဂလာဒုံစစ်ဆေးရုံ တာဝန်ကျအရာရှိတစ်ဦးကလည်း ကိုရဲမင်းဦး၏ အခြေအနေ အတိအကျကို အတည်မပြုပေးနိုင်သော်လည်း ကျန်းမာရေးကောင်းမွန်ပြီဖြစ်၍ ဆေးရုံဆင်းခွင့်ရတော့မည်ကို လွန်ခဲ့သည့် နှစ်ရက် ဩဂုတ် ၁၇ ကတည်းက သိရှိထားကြောင်း ပြောသည်။

၄၄ ဖြစ်စဉ်အတွင်း ကိုရဲမင်းဦးနှင့်အတူ တိုက်ပေါ်မှ ခုန်ချခဲ့ပြီး ဒဏ်ရာများဖြင့် မင်္ဂလာဒုံစစ်ဆေးရုံ၌ပင် ရောက်နေသည့် ကိုဝေယံထက်နှင့် ကိုမင်းသစ္စာမောင်(ခ)ဗလ တို့၏ အခြေအနေကိုမူ စုံစမ်း၍ မရသေးပေ။

စစ်ကောင်စီက အကြမ်းဖက်စီးနင်းစဉ် အတူခုန်ချခဲ့သည့် မဝေဝေမြင့်နှင့် ကိုဝေဇော်ထက်တို့မှာမူ သေဆုံးခဲ့ရသည်။ အဆိုပါ ဖြစ်စဉ်တွင် အမိုးပေါ်တက်၍ ပုန်းခိုနိုင်ခဲ့သည့် ကိုကောင်းမင်းသန့်တစ်ဦးသာ ကံကောင်းထောက်မစွာ အသက်ဘေးနှင့် စစ်ကောင်စီ၏ အန္တရာယ်မှ လွတ်မြောက်ခဲ့သည်။


Original Post: Myanmar Now