၁၇ နှစ်သား ကိုဗစ်လုပ်အားပေးကို မြေမြှုပ်ပြီး ထုရိုက်စစ်ဆေးခြင်း

July 18th, 2021  •  Author:   Zeya (Yangon)  •  1 minute read
Featured image

ဇေယျ

အသက်မပြည့်သေးသူ ကိုဗစ်လုပ်အားပေးလူငယ်သည် စစ်ကြောရေးငရဲခန်းကို ၁၀ ရက်ကြာ ဖြတ်သန်းခဲ့ရပြီးနောက်တွင် PPE ဝတ်စုံအစား ပြောက်ကျားဝတ်စုံကိုသာ ရွေးချယ်လိုက်သည်

By Myanmar Now

အာဏာသိမ်းစစ်ကောင်စီ၏ ရန်ကုန်ရှိ စစ်ကြောရေးစခန်းတစ်ခုတွင် ၁၀ ရက်ကြာ ကမ္ဘာပျက်မတတ် ခံစားခဲ့ရသည့် ၁၇ နှစ်အရွယ် ဇေယျ၏ စကားသံများသည် မုန်းတီးမှုဖြင့် ပြည့်နှက်နေသည်။

ဇေယျကို မေလဆန်းတွင် အကြမ်းဖက်ဖမ်းဆီးခဲ့ကြသည်။ ထို့ထက် ပိုမိုဆိုးရွားသည်မှာ မျက်လုံးကို အဝတ်စည်းပြီး ၁၀ ရက်ကြာ နှိပ်စက်ညှဉ်းပန်းခဲ့ခြင်းဖြစ်သည်။

“ဘယ်မှာ ဖောက်ခွဲရေးသင်တန်းတက်ခဲ့သလဲ” ဟူသည့် မေးခွန်းကို အထပ်ထပ်မေးပြီး နေ့စဉ် နှိပ်စက်ညှဉ်းပန်းကြသည်ဟု ဇေယျက ပြောသည်။

“အချိန်ပေါင်းများစွာ၊ အချက်ပေါင်းများစွာ ညှင်းပန်းနှိပ်စက်ခံနေရတော့ သေရမှာကို ကျွန်တော် မကြောက်တော့ဘူး”

ဖေဖော်၀ါရီ ၁ တွင် အာဏာသိမ်းသည့် စစ်ကောင်စီသည် ၎င်းတို့ကို ကန့်ကွက်သည့် တက်ကြွလှုပ်ရှားသူအများအပြားကို ဖမ်းဆီးနေသည်၊ စစ်ကြောရေးစခန်းများတွင် နှိပ်စက်ညှဉ်းပန်းမှုကို လက်နက်သဖွယ် အသုံးပြုကြသည်။

ထိုသို့ နှိပ်စက်ညှဉ်းပန်းပြီး အတင်းအကြပ် ဝန်ခံခိုင်းသည့် လုပ်ရပ်မှာ စစ်အာဏာရှင်များအတွက် အသစ်အဆန်းတော့မဟုတ်ပေ။ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် နိုင်ငံရေးသမားများ၊ ကျောင်းသားများနှင့် သူတို့၏ မိသားစုဝင်များအပေါ် စနစ်တကျ ကျင့်သုံးသည့် နည်းလမ်းဟောင်းပင်။

ထိုအချက်ကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ဝေသည့် “မြန်မာပြည်အာဏာရှင်တို့လက်ထက် စနစ်တကျ နှိပ်စက်ညှင်းပန်းမှုများကို အသုံးပြုပုံနှင့် နိုင်ငံရေးအကျဉ်းသားများ၏ အတွေ့အကြုံ” သုတေသနစာတမ်းတွင်လည်း အကျယ်တဝင့်ရေးသားထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်ကောင်စီ၏ လူမဆန်သည့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသူ ၂၂ ဦးထက်မနည်း ရှိနေပြီး ၃ ဦးမှာ မိသားစုက အလောင်းပြန်လည်မရရှိခဲ့ကြောင်း AAPP က ဇွန် ၁၁ တွင် ထုတ်ပြန်ထားသည်။

ထိုအခြေအနေကို သိရှိထားသဖြင့် ဖမ်းဆီးခံရချိန်ကတည်းကပင် သူ့ကိုယ်သူ သေလူဟု သတ်မှတ်ထားသည်ဟု ဇေယျက ပြောသည်။

“ကြိုးတုပ်ထားတယ်၊ မျက်စိမှိတ်ထားတယ်၊ သူတို့ ရိုက်ချင်သလို ရိုက်နေတာပဲ။ ထပ်ပြီးတော့ အဖမ်းမခံနိုင်တော့ဘူး။ ထပ်ပြီးတော့ အဖမ်းခံရရင်လည်း ကျွန်တော့်အလောင်းလာယူတာမျိုးပဲ ရှိတော့မယ်” ဟု ဇေယျက ပြောသည်။

စိတ်ပျက်လက်ပျက် ထိုနံနက်

ဆယ်ကျော်သက်အရွယ် ဇေယျသည် နိုင်ငံရေးစိတ်ဝင်စားသည့် တက်ကြွလှုပ်ရှားသူမဟုတ်ပေ။ ရန်ကင်းမြို့နယ်ရှိ ကိုဗစ်စင်တာတစ်ခုတွင် လူနာများကို ၃ လကြာ အနီးကပ် ပြုစုစောင့်ရှောက်ခဲ့သူ စေတနာ့ဝန်ထမ်းတစ်ဦးသာ ဖြစ်သည်။

သို့သော်လည်း စစ်အာဏာသိမ်းမှုက စီးပွားရေးပညာရှင်ဖြစ်လိုသော သူ့အိပ်မက်ကို နင်းခြေသွားသည်။

“ကိုဗစ်က ပျောက်ခါနီးဆိုတော့ ဝမ်းသာရတယ်။ ဒါပေမယ့် ဒီအာဏာကြီး သိမ်းလိုက်တော့ ကျွန်တော်တို့တွေ ဘာမှ လုပ်လို့မရတော့ဘူး” ဟု ဇေယျက ပြောပြသည်။

စေတနာ့ဝန်ထမ်းများသည် တဖြည်းဖြည်းနှင့် လမ်းပေါ်တွင်သာ အချိန်ကုန်လာသည်။

သူပုံမှန်ဝတ်ဆင်နေကြ PPE ဝတ်စုံနှင့် နှာခေါင်းစည်းများနေရာတွင် လုံခြုံရေးခမောက်နှင့် ဓာတ်ငွေ့ကာ မျက်နှာဖုံးများက နေရာယူလာခဲ့သည်။ သူရင်ဆိုင်နေရသည့် ရန်သူမှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးထက် အဆပေါင်းများစွာ ရက်စက်ကြမ်းကြုတ်သည့် စစ်ကောင်စီ၏ လက်နက်ကိုင်များ ဖြစ်လာခဲ့သည်။

စစ်ကြောရေး ငရဲခန်း

မိုးဖွဲဖွဲကျနေသည့် မေလဆန်း ညတစ်ညတွင် ဇေယျနှင့် သူ့သူငယ်ချင်းများနေထိုင်ရာ အထပ်မြင့်တိုက်ကို စစ်ကောင်စီလက်နက်ကိုင်များက ဝိုင်းလိုက်သည်။ သူတို့အခန်းဝင်ပေါက်သော့ကို သေနတ်ဖြင့် ပစ်ခတ်ပြီး အခန်းအတွင်းဝင်လာကြသည်။

မည်သူက သတင်းမှားပေးလိုက်သည်မသိ၊ စစ်ကောင်စီလက်နက်ကိုင်များက ထိုတိုက်ခန်းတွင် လွတ်မြောက်နယ်မြေမှ ပြန်လာသူ စစ်သင်တန်းဆင်းများရှိနေပြီး လက်နက်များ သိုဝှက်ထားကြသည်ဟု ယူဆကြသည်။ အိမ်ထဲရှိသမျှ လူငယ်တိုင်းကို ရိုက်နှက်ဖမ်းဆီးပြီး တွေ့သမျှ အရာဝတ္ထုများကို ဖျက်ဆီးကြသည်။

ရုတ်တရက် ကြံရာမရဘဲ ရေကန်ထဲ ဝင်ပုန်းသော ဇေယျကို ရေချိုးခန်းထဲဝင်လာသည့် လက်နက်ကိုင်တစ်ယောက်က တွေ့သွားပြီး  ဦးခေါင်းနှင့် နောက်စေ့ကို သေနတ်ဒင်ဖြင့် ရိုက်လိုက်သည်။

သူတို့ကို မျက်နှာအဝတ်စည်းခေါ်သွားကာ စစ်ကြောရေးစခန်းတစ်ခုသို့ ရောက်လျှင် ကားပေါ်မှဆင်းသည်နှင့် အသင့်စောင့်နေသည့် စစ်ကောင်စီ၏ လက်ကိုင်တုတ်များက ဝိုင်းဝန်း ထိုးကြိတ် ရိုက်နှက် ကြိုဆိုကြသည်။

သေနတ်ဒင်ဖြင့် ထုနှက်ခံထားရသည့် ခေါင်းမှဒဏ်ရာ သွေးထွက်လွန်ပြီး မေ့မြောသွားခဲ့သေးသည်။ သူတို့တွင် ဖိနပ်ချုပ်သည့်အပ်သာရှိသည်ဟုဆိုကာ ခေါင်းမှဒဏ်ရာကို ထိုအပ်ဖြင့် ချုပ်ပေးခဲ့သည်ဟု ဇေယျက ပြောသည်။

“အိပ်မက်မက်နေတဲ့အတိုင်းပဲ။ သူတို့မေးတာကို မဖြေနိုင်ဖြစ်သွားတာလည်း ရှိမယ်။ ဘေးက တစ်ယောက်ကလည်း ကျွန်တော့်ကို ထိုးနေတယ်။ နောက်က (ဒဏ်ရာကို) ချုပ်နေတယ်။ ရှေ့ကလည်း မေးနေတယ်” ဟု သူက  ပြန်ပြောပြသည်။

မျက်နှာကို အဝတ်ဖြင့်စည်းထားပြီး ၁၀ရက်ကြာ နေ့ညမပြတ် ရိုက်နှက်ကာ သူမသိသော ဖောက်ခွဲရေးသင်တန်းအကြောင်းနှင့် ဆန္ဒပြပွဲတွင် ပါဝင်သူများအကြောင်းကို အဓိကမေးမြန်းသည်။

ရေတောင်းသည့်အခါ ဝိုင်းဝန်းထိုးကြိတ်ကြပြီး အိမ်သာခန်း ရေကန်ထဲမှ ရယူသည်ဟု ယူဆရသည့် ရေဖြင့် မျက်နှာကို ပက်ခံရသည်၊ နှုတ်ခမ်းဝန်းကျင်ရှိနေသော ရေစက်အနည်းငယ်ကို ကြိုးစားဆွဲယူမျိုချရသည်။

“ခဏခဏ ရေတောင်းသောက်နေရင် ခဏခဏ အထိုးခံနေရမှာ၊ ဝအောင်လည်း သောက်ရမှာ မဟုတ်ဘူး။ အိမ်သာတက်ချင်လို့ပါလို့ လိမ်လိုက်တော့ အထိုးခံရတယ်။ အိမ်သာထဲရောက်သွားတော့မှ အိမ်သာရေကို မြိန်ရေယှက်ရေ သောက်ခဲ့ရပါတယ်” ဟု သူက ပြောသည်။

“ကျွန်တော်တို့က လာသတ်မယ့်နေ့ကိုပဲ စောင့်နေရသလိုပဲ။ လာသတ်တော့မှာမို့လို့ အစာမကြွေးဘဲ ထားတယ်လို့ပဲ ထင်နေခဲ့တယ်”

အပြင်းထန်ဆုံး နှိပ်စက်မှု

နေ့ညမပြတ်ရိုက်နှက်စစ်ဆေးမှုသည် ၃ ရက်မြောက်နေ့တွင် ပုံစံပြောင်းသွားသည်။ ဖြေကြားသည့် အဖြေများကို ကျေနပ်မှုမရှိ၍ နေပူထဲတွင် အချိန်အတန်ကြာ မတ်တပ်ရပ်ခိုင်းခဲ့ပြီး ညနေပိုင်းတွင် သစ်ပင်များရှိသည့်နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။

“ကျင်းတူးထားတဲ့ အထဲကို ကျွန်တော့်ကိုထည့်လိုက်တယ်။ လက်နောက်ပြန်ကြိုးတုပ်ထားတယ်။ မမြင်ရဘူး၊ ဘယ်သူတွေ ရိုက်လို့ရိုက်နေမှန်းလည်း မသိရဘူး။ မှောက်ခုံကြီး၊ ကျွန်တော် အဲ့ဒီအထဲကို ရောက်သွားတယ်။ သူတို့ကလည်း ကျွန်တော့်ကို မြေတွေဖို့ကြပြီး ခေါင်းလေးပဲ ဖော်ထားတယ်” ဟု ဇေယျက  ပြန်ပြောပြသည်။

ထို့နောက် သူ့လည်ပင်းနေရာကို ပေါက်တူးဖြင့် ချိန်ရွယ်ထားပြီး ဆုတောင်းခိုင်းကြောင်း သူက ဆက်ပြောသည်။

“သေရင်တောင်မှ တစ်ချက်တည်း ပြီးသွားမယ်ဆိုပြီး ကျွန်တော်ခံစားရတယ်။ ကျွန်တော့်မိဘတွေဆီမှာပဲ ကျွန်တော် ပြန်ဝင်စားမယ်၊ လူပြန်ဖြစ်ခွင့်ရပါစေဆိုပြီးတော့ အဲဒါပဲဆုတောင်းမိတာ” ဟု သူက ပြောသည်။

ထိုအချိန်တွင် စစ်ဆေးစရာများ ကျန်ရှိနေသေးသည်ဟုဆိုကာ သူ့ကို မြေကြီးထဲမှ ဆွဲထုတ်ကြသည်။

မြေမြှုပ်ခံရပြီးနောက်တွင်မူ ထုနှက်ခြင်း၊ ခန္တာကိုယ်အောက်ပိုင်း ခြေသလုံးနှင့် ပေါင်များကို အင်္ဂတေလောင်းထားသည့် ပိုက်လုံးဖြင့် ကြိတ်ခြင်းများ ရှိနေသေးသော်လည်း ရေနှင့် အစာကိုတော့ ရရှိခဲ့သည်။

“ကျွန်တော်တို့ကို သေနတ်နဲ့ ပစ်လိုက်ရင်တောင်မှ ဒီလောက်ခံစားရမှာ မဟုတ်ဘူး၊ လူတစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်တာပေါ့ဗျာ။ အဲဒါကြီးကို လုံးဝ အမုန်းဆုံးနဲ့ အရွံရှာဆုံး ဖြစ်သွားတာ” ဟု ဇေယျက ပြောသည်။

၇ ရက်မြောက်သည့်နေ့တွင် ခေါင်းမှ ချုပ်ရိုးများကို ဖြည်ပေးသည်၊ ၁၀ ရက်မြောက်သည့်နေ့တွင် အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်သည်။

အသက်မပြည့်သေးသည့်သူ့ကို အင်းစိန်အကျဉ်းထောင်က လက်မခံပေ။ နောက်ဆုံးတွင်  လူငယ်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်လိုက်ပြီး အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်ဟု ဇေယျက ပြောသည်။

သူနှင့်အတူ ဖမ်းဆီးခံရသူများ မည်သည့်အခြေအနေနှင့် ရင်ဆိုင်နေရမှန်းမသိဟု ဆိုသည်။ ပြန်လွတ်လာပြီးဖြစ်လျှင်လည်း တယ်လီဖုန်းများ လုယူသိမ်းဆည်းခံထားကြရသောကြောင့် ဆက်သွယ်ရန် ခက်ခဲနေကြမည်ဖြစ်သည်။ ပြန်မလွတ်သေးလျှင်လည်း အဖမ်းခံရသည့် မည်သူမဆို မိသားစုနှင့် တွေ့ဆုံခွင့် မရနိုင်ပေ။

အဆုံးသတ်တိုက်ပွဲအတွက်  

စစ်ကြောရေးငရဲခန်းက အပြန်တွင် ဇေယျ၏ စစ်အာဏာရှင်စနစ်ကို မုန်းတီးစိတ်မှာ ပိုမို ခိုင်မာလာသည်။

ကိုဗစ်တတိယလှိုင်းကလည်း တဖြည်းဖြည်း အစပြုလာသည်။ ရန်ကုန်တွင် အရေးပေါ်မီးဖွင့်ပြီး သွားလာနေသော လူနာတင်ယာဉ် တဖြည်းဖြည်းများလာသည်။ သို့သော်လည်း ဇေယျနှင့် လုပ်ဖော်ကိုင်ဘက်များမှာ သူတို့ လုပ်အားပေးခဲ့သော ကိုဗစ်ကွာရန်တင်းစင်တာများသို့ ပြန်သွားရန် အခြေအနေမပေးတော့ပေ။

“ကျွန်တော့်ကို လုပ်တာတွေ ပြန်ပြီးတော့ စဉ်းစားမိလေလေ၊ ကျွန်တော့်ခေါင်းက ဒဏ်ရာကို စမ်းမိလေလေ၊ ဒီကောင်တွေကို ပြန်ပြီးတော့ တော်လှန်ချင်လေလေပဲ” ဟု ဇေယျက နာကျည်းစွာ ပြောပြသည်။

လွတ်မြောက်လာပြီးနောက် ရက်ပိုင်းအကြာတွင် “ ငါ့ဘဝမှာ ဘယ်တော့မှ မေ့လို့မရတဲ့ အချိန်က ငါ့ရဲ့ မူလရုပ် ပြောင်းသွားလောက်အောင် အနှိပ်စက်ခံထားရတဲ့ အချိန်ပဲ” ဟု သူ့ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

ထိုသို့ရေးသားပြီး နောက်တစ်ရက်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်သားများက ဇေယျနေထိုင်ရာ အိမ်သို့ ထပ်မံလာရောက်ရှာဖွေကြသည်။

သို့သော်လည်း ဇေယျသည် ကာလရှည်နေထိုင်ခဲ့သော ရန်ကုန်ကို စွန့်ခွာပြီး တိုင်းရင်းသားလွတ်မြောက်နယ်မြေတစ်ခုသို့ ထွက်ခွာသွားပြီဖြစ်သည်။

ထိုအဖြစ်အပျက်များအပြီး တစ်ပတ်ခန့်အကြာတွင် သူ့ကို အွန်လိုင်းမှ ဆက်သွယ်ရာ ပစ္စတိုတစ်လက်ကို ကိုင်ဆောင်ထားပြီး စိတ်ဓာတ်တက်ကြွနေသည့် ဇေယျကို တွေ့ရသည်။ သူနှင့် အနယ်နယ်မှ လူငယ်အများအပြားသည် ပြောက်ကျားဝတ်စုံဝတ်ပြီး စစ်သင်တန်းတက်နေကြပြီဖြစ်သည်။

စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန်သာ ကျန်ရှိတော့သည်ဟု ဇေယျက ပြောသည်။

“စစ်အာဏာရှင်မှ မဟုတ်ဘူး၊ သူတို့တွေနဲ့ပတ်သက်တဲ့ သားစဉ်မြေးဆက်ပါ မကျန်စေရဘူး၊ အဆုံးထိတော်လှန်မယ်။ This is the end game ပဲ။ ကျွန်တော်တို့ အဆုံးထိ တော်လှန်သွားမှာပါ” ဟု နာကျည်းချက်ဖြင့် ပြောလိုက်သည့် ဇေယျ၏ အသံသည် စစ်ချီတေးသံများကြားက ထွက်ပေါ်လာသည်။

English version.


Original Post: Myanmar Now