၂၀၂၁ ခုနှစ် ဇွန်လ ၂၀ ရက်
ဒေသခံ အရပ်ဘက်လူထုအဖွဲ့အစည်းနှင့် လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းများမှတစ်ဆင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ပေးပို့ခြင်းကို ဦးစားပေးဆောင်ရွက်ပါ။
ကမ္ဘာ့ဒုက္ခသည်များနေ့ အခါသမယတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား မြန်မာပြည်သူများအပေါ် စစ်အုပ်စုက လုပ်ဆောင်နေသည့် အကြမ်းဖက်သော လှုပ်ရှားမှုများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်သဖွယ် အသုံးပြုနိုင်ခြင်း မရှိစေရေး လုပ်ဆောင်ပေးရန် အရပ်ဘက်လူထုအဖွဲ့အစည်း ၄၈၈ ဖွဲ့မှ တောင်းဆိုလိုက်သည်။ ယင်းကို ရှောင်ရှားရန် ကုလသမဂ္ဂ အေဂျင်စီများ၊ နိုင်ငံတကာ အလှူရှင်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့ တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှု၏ တိုက်ရိုက်ရလဒ်အဖြစ် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာ ဘေးအန္တရာယ် သက်ရောက်မှုခံရသူများကို အကောင်းဆုံး ကူညီပေးနိုင်ရန်အတွက် နယ်စပ်ဖြတ်ကျော် အကူအညီအပါအဝင် ဒေသခံ အရပ်ဘက်လူထုအသိုင်းအဝိုင်းများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများ၊ တိုင်းရင်းသားဝန်ဆောင်မှုပေးသူများမှတစ်ဆင့် အကူအညီများ ပေးအပ်ခြင်းကို ဦးစားပေးလုပ်ဆောင်ရမည်။ မြန်မာ့အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း စစ်တပ်၏ အကြမ်းဖက်မှုမှ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များ၏ အခွင့်အရေးများကို ကာကွယ်ပေးရန်လည်း ထိုအဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။
မြန်မာစစ်တပ်၏ အာဏာသိမ်းခြင်းကြိုးပမ်းမှု မအောင်မြင်သည့်အချိန်မှစ၍ တိုင်းရင်းသားဒေသများတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ နှစ်သိန်းခွဲ ကျော် ရှိသွားပြီဖြစ်သည်။ စစ်အုပ်စုသည် လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်သူများထံ အကူအညီပို့ဆောင်မှုများကို အကြိမ်ကြိမ် ဟန့်တားနှောင့်ယှက်မှုများ လုပ်ဆောင်ခဲ့သည်။ ယင်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူများ ကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေ ဆိုးရွားနေမှုအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို ၎င်းတို့၏ အကြမ်းဖက်လုပ်ဆောင်မှုများတွင် လက်နက်သဖွယ် အသုံးပြုနေခြင်းဖြစ်သည်။
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေအောက်တွင် ပဋိပက္ခနှင့် ပါဝင်သက်ဆိုင်သူများအားလုံးသည် “လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် လမ်းကြောင်းဖွင့်ရေး လုပ်ဆောင်” ရမည် ဖြစ်သည်။ ဤအချက်နှင့် ဆန့်ကျင်စွာပင် စစ်တပ်သည် တိုင်းရင်းသားဒေသများသို့ ပို့ဆောင်ပေးနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပိတ်ဆို့ခဲ့ပြီး တစ်ချိန်တည်းမှာပင် ကရင်၊ ကချင်၊ ကရင်နီ၊ ချင်းနှင့် ရှမ်းပြည်နယ်များအပါအဝင် တိုင်းရင်းသားဒေသများတွင် ပြည်သူများ သိုလှောင်ထားသော အစားအစာများကို တမင်သက်သက် ဖျက်ဆီးပစ်ခဲ့သည်။ အထင်ရှားဆုံး ဖြစ်ရပ်မှာ ဇွန်လ ၈ ရက်နေ့တွင် ကရင်နီ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ တစ်သိန်းခန့်ခိုလှုံနေသည့် ဖယ်ခုံမြို့နယ်သို့ သယ်ဆောင်သွားသည့် ဆန်၊ ဆေးနှင့် အခြား မရှိမဖြစ် လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့်အတူ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် ကားများကိုပါ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ “ကယ်ဆယ်ရေးပစ္စည်းများကို တမင်သက်သက် တားဆီးပိတ်ပင်ခြင်း” ဖြင့် ငတ်မွတ်မှုကို အသုံးချပြီး စစ်ပွဲ နည်းနားတစ်ခုအဖြစ် အသုံးပြုခြင်းသည် စစ်ရာဇဝတ်မှု ဖြစ်သည်။ ထို့အပြင် စစ်တပ်က လူသားချင်းစာနာထောက်ထားမှုအကူအညီပေးသည့် လုပ်သားများနှင့် စေတနာ့ဝန်ထမ်းများကို ပစ်မှတ်ထား အနှောင့်အယှက်ပေးနေပြီး ရှေ့တန်းတွင် လုပ်ကိုင်နေသူများအား သတ်ဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိစေခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးခြင်းနှင့် ညှင်းပမ်းနှိပ်စက်ခြင်းများ လုပ်ဆောင်ခဲ့သည်။
ယိုယွင်းပျက်စီးနေပြီးသား လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းအတွင်း COVID-19 ကြောင့် ရောဂါပိုးတွေ့ လူနာအရေအတွက် မြင့်တက်လာပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့များကို ကန့်သတ်ပိတ်ဆို့လိုက်ခြင်းက နောက်ထပ် မလုံခြုံမှုကို ဖြစ်ပေါ်စေသည်။ စစ်တပ်သည် အာဏာသိမ်းရန်ကြိုးပမ်းမှု မတိုင်မီကတည်းက ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် သတင်းထောက်များကို ဖြိုခွင်းရန် COVID-19 ကို လက်နက်သဖွယ် အသုံးချနေခဲ့သည်။ စစ်အုပ်စုက ကာကွယ်ဆေး ထိုးပေးခြင်းကို အခွင့်ကောင်းယူပြီး လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) ကို ဖြိုခွင်းရန် ယင်းပုံစံကို ဆက်လက် အသုံးချလျက်ရှိသည်။ COVID-19 ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေ ဆိုးရွားလာနေချိန်တွင် ကရင်ပြည်နယ် ဖားအံမြို့ရှိ အငယ်တန်းဆရာဝန်များကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန်အတွက် CDM မှ ထွက်ရန် တိုက်တွန်းခဲ့သည်။ ၎င်းတို့မှာ အာဏာ မသိမ်းမီက ပထမအကြိမ် ကာကွယ်ဆေး ထိုးထားခဲ့ပြီ ဖြစ်သော်လည်း ယခု လက်ရှိအခြေအနေများအောက်တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန် ငြင်းပယ်ထားကြသည်။
တစ်ချိန်တည်းမှာပင် နွေဦးတော်လှန်ရေး၏ တက်ကြွလှုပ်ရှားသူများနှင့် ထောက်ခံပံ့ပိုးသူများနှင့်အတူ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်ခြိမ်းခြောက်မှုအောက်တွင် ရှိနေသော တိုင်းရင်းသားပြည်သူများမှာ စစ်တပ်၏ အကြမ်းဖက်မှုများမှ လွတ်မြောက်ရန် ကြိုးပမ်းကြသော်လည်း အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံများတွင် ခိုလှုံခွင့် မရဘဲ ရှိနေကြသည်။ ထိုင်းနိုင်ငံအတွင်းသို့ ခေတ္တဝင်ရောက်တိမ်းရှောင်ကြသော ဒုက္ခသည်များမှာလည်း UNHCR နှင့် INGO များ၏ အကူအညီများကို လက်လှမ်းမမီနိုင်ဘဲ ဖြစ်နေသည်။ ထိုအစား မြန်မာစစ်တပ်၏ တိုက်ခိုက်မှု ဘေးအန္တရာယ်ကို ဆက်လက်ရင်ဆိုင်ရမည့် ကရင်ပြည်နယ်အတွင်းသို့ ပြန်မောင်းထုတ်ခြင်း ခံကြရသည်။
ယနေ့ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ကြီးမားကျယ်ပြန့်သည့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကြပ်အတည်းသည် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှု၊ မငြိမ်သက်မှုများ၊ သတ်ဖြတ်မှုများနှင့် ဖိနှိပ်ချုပ်ခြယ်မှုများကြောင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်ကို ယနေ့အခါသမယတွင် မိမိတို့အနေဖြင့် သတိရနေသင့်ပေသည်။ ဤသည်မှာ ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ပြီး တိုင်းရင်းသားဒေသများတွင် ဆယ်စုနှစ်ပေါင်းများစွာ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်သော ရာဇဝတ်မှုများကို ကျူးလွန်လာနေခဲ့သည့် တစ်ခုတည်းသောစစ်တပ်ပင် ဖြစ်သည်။ အစွန်းရောက်ပြီး စက်ရှုပ်ဖွယ်ကောင်းသော အကြမ်းဖက်မှုများကို တစ်ဖက်သတ် ကျူးလွန်နေခဲ့ပြီး ယင်းကို ဦးဆောင်သူသည် ဆိုးရွားလှသည့် နိုင်ငံတကာ ရာဇဝတ်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး အရေးယူခံရမည့် ရာဇဝတ်သား ဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းအား ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းရင်းများ ကိုင်တွယ်ဖြေရှင်းရန်နှင့် ကျူးလွန်သူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး လုပ်ဆောင်ရန် ပျက်ကွက်နေမှုအား ဖုံးကာပေးရန် လူသားချင်းစာနာထောက်ထားမှုဝါဒကို အသုံးချနေခြင်းသည် လူသားဆန်မှု စံတန်ဖိုးများနှင့် အခြေခံမူများကို ကာကွယ်မြှင့်တင်ရန်အတွက် ကြီးမားသော စွန့်လွှတ်အနစ်နာခံမှု လုပ်ဆောင်နေသူများအတွက် စိတ်ပျက်အားလျော့စေသည်။ စစ်အုပ်စုကို တရားဝင်မှုရစေခြင်းသည် ဤလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း အဆုံးသတ်ရေးတွင် ဆိုးကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေခြင်းနှင့် ခုခံမှုအတွက် စွန့်လွှတ်အနစ်နာခံနေသူများ၏ ဆန္ဒကို ဆန့်ကျင်နေခြင်း ဖြစ်ပြီး စစ်အုပ်စုကို ပိုမိုအားကောင်းစေကာ ၎င်းတို့၏ အကြမ်းဖက်မှုလုပ်ရပ်များကို ဆက်လက် လုပ်ဆောင်စေနိုင်လိမ့်မည် ဖြစ်သည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများအနေဖြင့် လက်ရှိ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကြပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် ဒေသခံ CSO များ အထူးသဖြင့် တိုင်းရင်းသား ဝန်ဆောင်မှုပေးသူများအား ကူညီပံ့ပိုးရေးကို အလေးပေးလုပ်ဆောင်ရမည်။ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံတို့သည် ခိုလှုံခွင့် ရှာရန် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများကို အကာအကွယ်ပေးရမည်ဖြစ်ပြီး ကုလသမဂ္ဂ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရမည်။ ဒေသတွင်း CSO များ၏ ပံ့ပိုးကူညီမှုနှင့် သွေးစည်းညီညွတ်မှုများသည် ဤရုန်းကန်လှုပ်ရှားမှုအတွက် အလွန်အရေးပါပြီး ရက်စက်ကြမ်းကြုတ်သော စစ်အုပ်စုကို ဆက်လက်ခုခံတွန်းလှန်ရေး ဆုံးဖြတ်ချက်ကို အင်အားဖြစ်စေသည်။
ယနေ့ကမ္ဘာ့ဒုက္ခသည်များနေ့တွင် မိမိတို့သည် ကမ္ဘာတစ်ဝှမ်းရှိ ဒုက္ခသည်များ၏ အသံများကို နားထောင်ကြရမည်ဖြစ်ပြီး ၎င်းတို့၏ အဖွဲ့အစည်းနှင့် အခန်းကဏ္ဍ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းနှင့် ပြည်ပ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူများ၏ အခန်းကဏ္ဍ၊ ဒေသခံ အိမ်ရှင်များနှင့် ၎င်းတို့အား ဆက်လက် ကူညီပံ့ပိုးပေးနေပြီး မကြာခဏဆိုသလိုပင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘေးအန္တရာယ်များကို ရင်ဆိုင်နေရသော တိုင်းရင်းသား ဝန်ဆောင်မှုပေးသူတို့၏ အခန်းကဏ္ဍများကို အသိအမှတ်ပြု အားဖြည့်ပေးရပါမည်။ မြန်မာနိုင်ငံအတွင်း လက်ရှိ ဖြစ်ပေါ်နေသော အကြပ်အတည်းသည် ၎င်းတို့ ရင်ဆိုင်ခဲ့ရသည့် အကြီးမားဆုံးသော စိန်ခေါ်မှုများအနက် တစ်ခု ဖြစ်နိုင်ပါသည်။ သို့ရာတွင် ၎င်းတို့သည် ယခင် စစ်အုပ်ချုပ်ရေး၏ တင်းကြပ်သော ချုပ်ကိုင်မှုနှင့် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သော စစ်တပ်၏ ထိုးစစ်ဆင်မှုများအောက်တွင် ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြပြီး ယခုအချိန်တွင်လည်း ဆိုးရွားလှသောဒုက္ခများ ရင်ဆိုင်နေရသည့်ကြားမှာပင် လူသားဖြစ်တည်မှု၏ တန်ဖိုး၊ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို သတ္တိရှိစွာဖြင့် ဆက်လက်ဆုပ်ကိုင်ထားကြဆဲဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများက ဒုက္ခသည်များကို လက်ခံရန် ငြင်းဆိုပြီး လုံလောက်သော အကူအညီများမပေးဘဲ နယ်စပ်မှ ပြန်လည်မောင်းထုတ်ခြင်းကြောင့် မြန်မာစစ်တပ်မှ ချမှတ်ထားသော အရင်းအမြစ်ကန့်သတ်မှုများနှင့် ကန့်သတ်တားဆီးမှုများ ရှိနေသည့်ကြားမှာပင် ဒေသခံ CSO များက လိုအပ်ချက်များကို ဝင်ရောက်ဖြေရှင်းပေးနေကြသည်။ ၎င်းတို့သည် မိမိတို့၏ အပြည့်အဝထောက်ခံပံ့ပိုးမှုနှင့် စစ်မှန်သော လက်တွဲဆောင်ရွက်မှုကို ရသင့်ပါသည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အောက်ပါတို့ကို လုပ်ဆောင်ရန် မိမိတို့မှ တောင်းဆိုသည်။
ဤထုတ်ပြန်ကြေညာချက်ကို အရပ်ဘက်လူထုအဖွဲ့အစည်း ၄၈၈ ဖွဲ့က လက်မှတ် ရေးထိုးထားသည်။
လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများ –
မှတ်ချက် – လုံခြုံရေးစိုးရိမ်ပူပန်ရမှုကြောင့် ဤထုတ်ပြန်ကြေညာချက်ကို လက်မှတ်ရေးထိုးထားသည့် အရပ်ဘက်လူထု အဖွဲ့အစည်း ၄၀၁ ဖွဲ့၏ အမည်များကို မဖော်ပြထားပါ။ ယခု လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများသည် မြန်မာနိုင်အတွင်းရှိ လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုနှင့် အခွင့်အရေးအခြေပြု ကိစ္စရပ်များကို လုပ်ဆောင်နေသည့် အရပ်ဘက်လူထုအဖွဲ့အစည်းများ ဖြစ်သည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်