By Myanmar Now
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းရွာတွင် ကဗျာဆရာကေဇဝင်း၏ အရိုးပြာကို မတ် ၅ တွင် အုတ်ဂူသွင်းလိုက်ကြသည်။
အသက် ၃၉ နှစ်အရွယ်တွင် ကွယ်လွန်သည့် ကဗျာဆရာ၏ ဇာတိ လက်ပံတောင်းရွာသည် နာမည်ကျော် ကြေးနီတောင်အနီးနားမှ ရွာဖြစ်သည်။
မုံရွာမြို့အခြေစိုက် ကဗျာဆရာတစ်ဦးဖြစ်သူ ကိုကေဇဝင်း(ခ)ချမ်းသာဆွေသည် ပြီးခဲ့သည့် မတ် ၃ တွင် မုံရွာမြို့ ၊ ပြည်ထောင်စုလမ်း၊ ဘုရားနီအနီး ဆန္ဒပြလူအုပ်ကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့ရာ ၎င်းသည် ဦးခေါင်း၌ ကျည်ထိမှန်ကာ သေဆုံးခဲ့သည်။
သူ၏ရုပ်အလောင်းကို မုံရွာမြို့၊ မြို့မသုဿန်တွင် မေ ၄ ၌ မီးသင်္ဂြိုဟ်ခဲ့ပြီး ကြွင်းကျန်ရစ်သော အရိုးပြာကို သူ၏ဇာတိမြေ၊ လက်ပံတောင်းရွာရှိ မိသားစုပိုင်ယာခင်းထဲတွင် အုတ်ဂူသွင်းလိုက်ကြသည်။
၎င်း၏ နောက်ဆုံးခရီးအတွက် မုံရွာအခြေစိုက်ကဗျာဆရာများ၊ ကြေးနီတောင်စီမံကိန်းမှ ဝန်ထမ်းများနှင့် ဒေသခံများလည်း ၎င်းယာခင်းအတွင်း စုဝေးရောက်ရှိနေကြသည်။ မုံရွာအခြေစိုက်ကဗျာဆရာ ကိုခက်သီသည် သူငယ်ချင်းဖြစ်သူ ကိုကေဇဝင်း၏ အုတ်ဂူရှေ့တွင် အမှတ်တရ ဂုဏ်ပြုစကားများပြောပြီး ကေဇဝင်း၏ ကဗျာတချို့ကို ရွတ်ဆိုသည်။
ထို့နောက် စစ်တပ်၏ အကြမ်းဖက်ပစ်သတ်ခြင်းခံရသော သူငယ်ချင်းဖြစ်သူအတွက် ကဗျာတိုတစ်ပုဒ်ကို မခြောက်သေးသော အုတ်ဂူရှေ့မှာ သူက ရွတ်ဆိုလိုက်သည်။
“ကေဇရေ…
သူတို့က ခေါင်းကို ပစ်တယ်
တော်လှန်ရေးက နှလုံးသားမှာရှိတာ
သူတို့ မသိကြဘူး” ဟူ၍ ဖြစ်သည်။
ထိုကဗျာကို ကိုကေဇဝင်း၏ နာရေးတွင် ဖြန့်ဝေသော လက်ကမ်းကဗျာစာစောင်တွင်လည်း ထည့်သွင်းခဲ့သည်။
သူ၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာတွင်လည်း တင်ခဲ့သည်။
ကဗျာဆရာကေဇဝင်းကို ပစ်ခတ်ပြီး ဒဏ်ရာများဖြင့် တရွတ်တိုက်ဆွဲယူသွားခဲ့သော ရုပ်သံလည်း လူမှုကွန်ရက်ပေါ်၌ ထွက်ပေါ်ခဲ့သောကြောင့် စစ်တပ်၏ အကြမ်းဖက်မှုကို လူအများက ဒေါသဖြစ်ခဲ့ရသည်။
ထိုကဗျာတိုကို သူငယ်ချင်းအတွက် ကြေကြေကွဲကွဲ သူ ရွတ်ဆိုခဲ့သည်။
ထို့နောက် မေ ၈ ရက်တွင် အသက် ၄၄ နှစ်အရွယ် ကဗျာဆရာ ကိုခက်သီသည်လည်း စစ်တပ်၏ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ၂၄ နာရီ မပြည့်ခင် သေဆုံးခဲ့သည်။
ပြီးခဲ့သည့် မေ ၈ တွင် ကဗျာဆရာ ကိုခက်သီနှင့် ဇနီးကို ရွှေဘိုမြို့ နေအိမ်မှ ရွှေဘိုရဲစခန်းသို့ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး ကိုခက်သီကိုမူ စစ်ကြောရေးစခန်းသို့ ပို့လိုက်သည်။ ထို့နောက် ကိုခက်သီသည် ဒဏ်ရာများဖြင့် သေဆုံးသွားသည်။
ကိုခက်သီ၏ ရုပ်အလောင်းတွင် ရင်ဘတ်၊ လက်ဆစ်နှင့် နံကြားတစ်လျှောက် ညိုမည်းဒဏ်ရာများ တွေ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။
ဇနီးဖြစ်သူ မချောစုကိုမူ ရွှေဘိုရဲတပ်ဖွဲ့က ကိုခက်သီသေဆုံးသွားကြောင်းမပြောဘဲ မုံရွာဆေးရုံသို့ လိုက်သွားရန် ညွန်ကြားပြီးနောက် မုံရွာရဲစခန်းမှတဆင့် မေ ၉ မွန်းလွဲပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
ကိုခက်သီကို မည်သည့်အကြောင်းဖြင့် ဖမ်းဆီးသည်၊ မည်သို့သေဆုံးသွားခဲ့သည်ကိုမူ မိသားစုက မသိရှိရဘဲ ၎င်း၏ ရုပ်အလောင်းကို ဇာတိ ပုလဲမြို့သို့ မိသားစုက ပြန်လည်သယ်ဆောင်သွားခဲ့ရသည်။
မုံရွာအခြေစိုက်ကဗျာဆရာ သူငယ်ချင်း ၂ ဦးသည် စစ်အာဏာရှင်တော်လှန်ရင်း စစ်တပ်၏ အကြမ်းဖက်မှုကြောင့် ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားကြပြီဖြစ်သည်။
“သူတို့နှစ်ယောက်က အယူအဆမတူတာတွေ ရှိခဲ့ပေမယ့် အာဏာရှင်စနစ်ကို မကြိုက်တာခြင်းမှာတော့တူတယ်” ဟု ကဗျာဆရာကိုကေဇဝင်း၏ ညီမဖြစ်သူ မဥမ္မာမြင့်က ပြောသည်။
ကဗျာဆရာကိုကေဇဝင်းသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၂၀၀၈ အခြေခံဥပဒေအောက်မှ NLD ပါတီ ရွေးကောက်ပွဲဝင်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် ဒေါ်အောင်ဆန်းစုကြည်က စစ်ဗိုလ်ချုပ်များဘက်မှ ကာကွယ်ပေးခဲ့ခြင်းတို့ကို သဘောမကျ၍ မဲမပေးခဲ့ပေ။ ကိုခက်သီကတော့ လွှတ်တော်တွင်းက ခြေဥပြင်ဆင်ရေးကို မျှော်လင့်ပြီး သူက မဲပေးသည်။ ထိုကိစ္စနှင့် သူတို့နှစ်ဦး ငြင်းခုံဖူးသည်။
သို့သော် ကိုကေဇဝင်းမဆုံးခင် သူ၏ဖေ့ဘုတ်စာမျက်နှာတွင် နောက်ဆုံးရေးသွားသည့် စာက
“ခင်ဗျားတို့နဲ့ ကွဲလွဲခဲ့ရင်လဲ
ခင်ဗျားတို့အတွက်
ကျနော်အသက်ပေးမှာပါ” ဟူ၍ပင်။
တော်လှန်ကဗျာ၊ တော်လှန်ကဗျာဆရာ
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ရက် ၁၀၀ အတွင်း မုံရွာအခြေစိုက် ကဗျာဆရာ ၂ ဦးအပါအဝင် ဆန္ဒပြပွဲတွင် ပါဝင်ဆန္ဒပြနေသူ အသက် ၃၆ နှစ်အရွယ် စာရေးဆရာမ ဒေါ်မြင့်မြင့်ဇင်(ခ) ကြည်လင်အေးလည်း စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ရင်ဝတွင် ကျည်ထိမှန်ကာ မတ် ၃ တွင် သေဆုံးခဲ့ရသည်။
၎င်းနေ့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသူ မုံရွာဒေသခံများကို အာဏာသိမ်းစစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်းခဲ့ရာ မတ် ၃ တွင် ၅ ဦး သေဆုံးခဲ့ရသည်။ ထိုအထဲတွင် ကိုကေဇဝင်းနှင့် မကြည်လင်အေးသည်လည်း အပါအဝင်ဖြစ်သည်။
မုံရွာအခြေစိုက် ကဗျာဆရာနှစ်ဦးစလုံးသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချီတက်သည့် စစ်ကြောင်းများတွင် ရှေ့ဆုံးမှ ပါဝင်ခဲ့ပြီး တခါတရံ လူထုကို ဟောပြောခဲ့ကြသူများဖြစ်သည်။
“သူက (ကေဇ၀င်းက) တော်လှန်ရေးသမားစစ်စစ်ပဲ။ တော်လှန်တဲ့အချိန်မှာ ထိပ်ဆုံးကရှိမယ်၊ တကယ်တည်ဆောက်တဲ့အခါမှာ နောက်ကွယ်မှာ သွားနေမယ်ဆိုတဲ့လူစားမျိုးပဲ။ အခြေခံဥပဒေဖျက်သိမ်းရေးတို့ ဖက်ဒရယ်အရေးတို့ကို အမြဲပြောနေတဲ့လူ” ဟု ကေဇဝင်း၏ မိတ်ဆွေတစ်ဦးဖြစ်သော ကဗျာဆရာမင်းဘုန်းနိုင်က မှတ်ချက်ပြုသည်။
ကိုကေဇဝင်းသည် ယခင်ကလည်း လက်ပံတောင်းတောင်အရေး၊ ကျောင်းသားအရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ်က အမျိုးသားပညာရေးသပိတ်(လက်ပံတန်းအရေးအခင်း)တွင် ပါဝင်ခဲ့သောကြောင့် သာယာဝတီထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
ကဗျာဆရာခက်သီသည်လည်း ၁၉၉၆ ကျောင်းသားအရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတို့တွင် ပါဝင်လှုပ်ရှားခဲ့ပြီး ယခု စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့တွင် ဆန္ဒပြခေါင်းဆောင်အဖြစ် လှုပ်ရှားဆောင်ရွက်ခဲ့သည်။ ကိုခက်သီသည် ပြည်သူ့အရေး ဦးထိပ်ထားသူဖြစ်သည်ဟု ကဗျာဆရာ ကိုမင်းသန့်စင်က မှတ်ချက်ပြုသည်။
“ပရဟိတအလုပ်တွေလည်း သူ (ကိုခက်သီ) လုပ်ထားတာတွေ အများကြီးပဲ။ ဒါပေမယ့် ထင်ပေါ်ကျော်ကြားလိုစိတ် မရှိဘူး။ ယုံကြည်ချက်ရှိတယ်။ သူ လုပ်စရာရှိတာ လုပ်သွားမယ်၊ ပြည်သူ့ဘက်မှာ အမြဲရပ်တည်မယ်လို့ သန္နိဋ္ဌာန်ထားတဲ့ ကဗျာဆရာတစ်ယောက်ပဲ” ဟု ကိုမင်းသန့်စင်က ပြောသည်။
ဖေဖော်ဝါရီ ၁ နောက်ပိုင်း ဖမ်းဆီးခံရမှုများထဲတွင် စာပေလောကသား ၃၀ ကျော် ပါဝင်နေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂတို့၏ စာရင်းများအရ သိရသည်။
သေဆုံးသွားသော ကဗျာဆရာနှစ်ဦး၊ ဖမ်းဆီးထိန်းသိမ်းခံရသော ကဗျာဆရာများအတွက် ထိုက်တန်သည့် ဂုဏ်ပြုပွဲတစ်ခုကို အခြေအနေပေးသည်နှင့် ပြုလုပ်နိုင်ရန် စီစဉ်နေသည်ဟု ဝါရင့်ကဗျာဆရာကြီးတစ်ဦးက ပြောသည်။
“ပြည်သူတွေက တော်လှန်ရေးနဲ့ပတ်သက်လို့ ရင်ဆိုင်နေရတဲ့အခြေအနေမှာ ကိုယ်စီဝေစုတွေ ရှိကြတယ်။ ကိုယ့်ဝေစုနဲ့ ကိုယ်ပေါ့။ အဲဒီထဲမှာ သူတို့ကတော့ တန်ဖိုးအကြီးဆုံး၊ အများဆုံးဝေစုကို ယူသွားနိုင်တယ်လို့ ယူဆတယ်။ အသက်နဲ့ရင်းပြီးမှ ယူသွားတဲ့ဝေစု၊ ကြီးမြတ်တဲ့ဝေစုကို ယူသွားတဲ့သူတို့ကို လေးလေးစားစား အမြဲအမှတ်ရနေမှာပါ”
ကဗျာများကို ဖိနှိပ်မရ
စစ်တပ်က အာဏာသိမ်းပြီး ပထမဆုံး ဖမ်းဆီးထိန်းသိမ်းသူများထဲတွင် ဒေါ်သန်းမြင့်အောင်၊ မောင်သာချို၊ ထင်လင်းဦး၊ မင်းထင်ကိုကိုကြီးနှင့် စေဖိုးခွားစသည့် အများလေးစားသည့် အနုပညာသမားများ ပါဝင်ခဲ့သည်။
ကဗျာဆရာ၊ စာရေးဆရာများသည် လွတ်လပ်ရေးမရခင်ခေတ်မှသည် ခေတ်အဆက်ဆက် ပြည်သူများနှင့် တစ်သားတည်း ရပ်တည်ခဲ့၍ ဖိနှိပ်ချုပ်ခြယ်မှုများခံခဲ့ကြရသည်မှာ အစဉ်အလာဖြစ်နေသည်။
ယခု အာဏာသိမ်းပြီးနောက်တွင်လည်း အနုပညာအလုပ်တူရာစု၍သော်လည်းကောင်း၊ ကဗျာဆရာသမဂ္ဂ၊ စာရေးဆရာသမဂ္ဂများ၏ သပိတ်စစ်ကြောင်းအနေဖြင့်သော်လည်းကောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးကို တက်ကြွစွာပါဝင်ဆန္ဒပြခဲ့ကြကြောင်း မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂမှ ကဗျာဆရာတစ်ဦးကပြောသည်။
တစ်ဖက်တွင်လည်း အနုပညာသမားများက အကြမ်းဖက်သည့်စစ်တပ်ကို ၎င်းတို့တတ်ကျွမ်းသည့် ကဗျာ၊ စာပေ၊ ကာတွန်းစသည့် အနုပညာလက်ရာများဖြင့် စနစ်ဆိုးကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသခဲ့ကြသည်။
လူကိုယ်တိုင်လည်း ပြီးခဲ့သည့် မတ်လ ၂၇ ၌ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ ပန်းဆိုးတန်းလမ်းမပေါ်တွင် ကဗျာဆရာများအပါအဝင် အနုပညာသမားများစုပေါင်း၍ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြကြသည်။
ထိုနေ့က ကဗျာဆရာ ၁၂ ဦး အဖမ်းခံရပြီး ၎င်းတို့ထဲမှ အမျိုးသမီး ၄ ဦး ပြန်လွတ်မြောက်ခဲ့သည်။
“တချို့ကဗျာဆရာတွေလည်း အဖမ်းခံရတဲ့အခါ ရိုက်နှက်ခံရတယ်။ တိုက်ခန်းတွေမှာ တက်ပုန်းကြတဲ့အခါ တက်ဆွဲတော့ အမျိုးသမီးကဗျာဆရာမတွေလည်းပါကြတယ်။ တချို့လည်း အမျိုးသမီးတွေငဲ့ပြီး ပါသွားတဲ့ကဗျာဆရာတွေလည်း ရှိတယ်” ဟု ထိုနေ့ကဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် ကဗျာဆရာ A မွန်က ပြောသည်။
စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ မှ ယနေ့ မေ ၁၄ အထိ စစ်အာဏာရှင်ကို ဆန့်ကျင်သောကြောင့် နိုင်ငံတဝှမ်းမှ ကဗျာဆရာနှင့် စာရေးဆရာ ၃၀ ကျော်သည် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲဆိုမှုများကို ရင်ဆိုင်နေရသည်။
စစ်ကောင်စီ၏ ပစ်မှတ်ထားဖမ်းဆီးအရေးယူမှုများတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ ပါဝင်သော ဝန်ထမ်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ဆန္ဒပြသပိတ်ခေါင်းဆောင်များ၊ သတင်းမီဒီယာသမားများအပြင် ကဗျာဆရာ၊ စာရေးဆရာများလည်း ပါဝင်နေသည်။
ဆန္ဒပြပွဲများတွင် ပါဝင်သည့် ကဗျာဆရာ၊ စာရေးဆရာများအနေဖြင့် လုံခြုံရေးအရ စိုးရိမ်ရ၍ ကြိုတင် တိမ်းရှောင်နေရသည်များရှိသည်ဟု ကဗျာဆရာ A မွန်က ဆက်ပြောသည်။
“အချင်းချင်း ဖေးကူနေရတာပေါ့။ ဒီမြို့နယ်မှာ သူမလုံခြုံဘူးဆိုရင်၊ တကယ်လည်းလိုက်နေတယ်ဆိုရင် နီးစပ်ရာ လူတွေနဲ့ ပြောင်းနေရတာမျိုးပေါ့” ဟု ဆိုသည်။
ကဗျာဆရာမင်းဘုန်းနိုင်ကလည်း “မြို့ငယ်လေးတွေ ဥပမာ ပခုက္ကူလိုမြို့မှာဆိုရင် ကဗျာဆရာတစ်ယောက်မှကို မရှိသလောက်ဖြစ်သွားပြီ။ အကုန်လုံး ပြေးနေရတာရှိတယ်။ ကဗျာဆရာသမဂ္ဂတို့က လူတွေလည်း လွတ်ရာကျွတ်ရာ ရှောင်နေရတယ်။ တစ်နိုင်ငံလုံးလိုလိုပါပဲ” ဟု ပြောသည်။
သို့သော်လည်း ယခုလို ဖမ်းလိုက်သတ်လိုက်ရုံနှင့် စစ်ကောင်စီ၏ ရည်ရွက်ချက် အောင်မြင်မည်မဟုတ်ဟု ကိုမင်းဘုန်းနိုင်က ဆက်ပြောသည်။
“လူတွေရဲ့နှလုံးသားထဲ ပိုပြီးတောင် ရောက်သွားသေးတယ်။ အခုဆို ကိုကေဇကဗျာဖြစ်ဖြစ်၊ ကိုခက်သီကဗျာဖြစ်ဖြစ် လူတန်းစားမရွေးပေါ့။ အရင်က ကဗျာမဖတ်တဲ့လူတွေတောင်မှ သူတို့ကဗျာတွေကို မြတ်နိုးလာတယ်။ နှစ်ခြိုက်လာတယ်။ သူတို့ဖိနှိပ်လေလေ ကဗျာတွေက ပိုရုန်းကြွလေလေပဲ”
ထို့အပြင် ကဗျာဆရာများထဲတွင်လည်းအခြားသော ပြည်သူများနည်းတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်နယ်မြေသို့ သွားရောက်ကာ စစ်သင်တန်းတက်နေသည့် ကဗျာဆရာတချို့လည်း ရှိကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးသည်ပင်လျှင် ကဗျာဆရာဖြစ်နေသည်။ “ခက်သီနဲ့ ကေဇဝင်း မုံရွာကဗျာဆရာနှစ်ယောက် ကျဆုံးခဲ့ပြီ။ ဝမ်းနည်းရတယ်။ ငါတို့နိုင်သည်အထိ ဆက်တိုက်ဖို့ သစ္စာပြုပါတယ်” ဟု ဝန်ကြီး ဦးရည်မွန်၊ ကဗျာဆရာမောင်တင်သစ်က သူ၏ Facebook စာမျက်နှာတွင် မေ ၉ ရက်နေ့က ရေးလိုက်သည်။
ခေတ်အဆက်ဆက် တိုင်းပြည်ဝန်ကို ကူထမ်းခဲ့ကြသူများထဲတွင် ကဗျာဆရာများ၏ အခန်းကဏ္ဍကို မေ့ထား၍ မရပေ။ ကျစ်လစ်သောစကားလုံးများဖြင့် လူထုထံ သတင်းစကားရောက်အောင် ပို့ခဲ့ကြသည်။
စုပေါင်းရေးရမည့်ကဗျာ (သို့မဟုတ်) တော်လှန်ရေး
ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် မေ ၁၃ အထိ အရပ်သားပြည်သူ ၇၈၈ ဦး သေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ ၅၀၂၀ ဦးရှိကာ ၃၉၃၆ ဦးသည် ဆက်လက်ထိန်းသိမ်းခံနေရသည်ဟု AAPP က ထုတ်ပြန်ထားသည်။
လက်ရှိအချိန်အထိ ပြည်သူများသည် စစ်ကောင်စီ၏ အမိန့်ညွန်ကြားစာများကို မလိုက်နာခြင်း၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်များကို သပိတ်မှောက်ခြင်း၊ စစ်ကောင်စီထံ အခွန်မဆောင်ခြင်းနှင့် အချို့ဒေသများတွင် စစ်ကောင်စီတပ်ဖွဲ့များကို အမဲလိုက်တူမီးသေနတ်များဖြင့် ပြန်လည်ခုခံတွန်းလှန်နေကြသဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားသည် သုံးလကျော်လာသည်အထိ အပြည့်အဝမလည်ပတ်နိုင်ဘဲ ရှိနေသည်။ ထို့အပြင် ဝန်ထမ်းများ၊ ကျောင်းသားများ၏ CDM လှုပ်ရှားမှုမှာ အားကောင်းနေဆဲဖြစ်သည်။
“ကျွန်တော်တို့တွေပဲမှ မဟုတ်တာ။ အကုန်လုံးပြုံပြီးတော့မှ ဒီအက်ကြောင်းကို ဓားတွေလို ဝိုင်းထိုးနေကြတာ။ CDM သမားတွေဆို အခက်ခဲဆုံးရင်ဆိုင်နေတဲ့သူတွေ။ ကျွန်တော်တို့တွေကမှ စာလေးတွေ၊ ကဗျာလေးတွေရေးပြီး တိုက်တာ။ သူတို့က ဘဝနဲ့ရင်းပြီး တိုက်ကြတာ။ သူတို့က ပိုပြီး လေးစားစရာကောင်းပါတယ်” ဟု မြန်မာနိုင်ငံကဗျာသမဂ္ဂမှ ကဗျာဆရာတစ်ဦးက ပြောသည်။
စာပေလောကသားများအပါအဝင် မြန်မာပြည်သူလူထုအားလုံးသည် စစ်အာဏာရှင်များ၏ ဖိနှိပ်အကြမ်းဖက်မှုများကို ခေတ်အဆက်ဆက် ခံစားခဲ့ရသော်လည်း ကြောက်ရွံသွားမည်မဟုတ်ကြောင်း ဝါရင့်ကဗျာဆရာတစ်ဦးက ပြောသည်။
“ပိုတောင်မာကျောလာသေးတယ်။ မီးပေးလိုက်တဲ့သံလို ဖြစ်သွားတာပဲ” ဟု သူက ပြောလိုက်သည်။
Original Post: Myanmar Now