၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်။
အမှတ် – ၃/၂၀။
၁။ နှစ်ပေါင်း (၇၀) ကျော် ကြာရှည်ခဲ့ပြီဖြစ်သော မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ပြဿနာသည် အခြေခံ အားဖြင့် ဗမာမဟုတ်သော တိုင်းရင်းသားများ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ဆိတ်သုဉ်းခြင်းနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရန် လမ်းစပိတ် နေခြင်းကြောင့် ဖြစ်ပေသည်။ ၂၀-ရာစု ပင်လုံတွင် ကတိကဝတ်ပြုခဲ့သော အမျိုးသားတန်းတူ ရေးနှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်အား ၂၁-ရာစု ပင်လုံတွင် ပြည့်ဝစွာ အကောင်အထည် ဖော်နိုင်ရန် အလားအလာ မှေးမှိန်နေသည်သာမက ပါဝင်သင့် ပါဝင်ထိုက်သော အဖွဲ့အစည်းများ (အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား) နည်းမျိုးစုံသုံး၍ ခွဲခြား ဆက်ဆံ ဖယ်ချန်ထားမှုများကြောင့် ရခိုင်ပြည် မြောက်ပိုင်းနှင့် ရှမ်းပြည် မြောက်ပိုင်းတို့တွင် လက်နက်ကိုင် ပဋိပက္ခအရှိန်မြင့်ခဲ့ရသည်။
၂။ သို့ရာတွင် မြန်မာအစိုးရနှင့် တပ်မတော်တို့အနေဖြင့် စစ်ဘောင်ကျဉ်း၍ နိုင်ငံရေးဘောင် ပိုမို ကျယ် ပြန့်စေရန် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများကျင်းပခြင်းဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်နိုင်သည့် အတိုင်းအတာ တစုံတရာ ရှိနေသော်လည်း ရခိုင်ပြည်နှင့် ရှမ်းပြည်ရှိ မြို့နယ်အများစုအပါအဝင် မြန်မာတနိုင်ငံလုံး၌ စုစုပေါင်း မြို့နယ် (၁၅) ခု၊ မြို့ပေါ် ရပ်ကွက် (၂၃) ခုနှင့် ကျေးရွာ အုပ်စု (၅၅၈) ခု တို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန် ကြေညာခဲ့သည်။
၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် နယ်မြေလုံခြုံရေးနှင့် ကပ်ရောဂါအခြေအနေ ကြောင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရန်မဖြစ်နိုင်ဟု အကြောင်းပြ သော်လည်း ပိတ်ပင်ခြင်းခံရသော နေရာအများစုတွင် ကပ်ရောဂါလည်း ဆိုးဆိုးဝါးဝါး ပြန့်ပွါးနေခြင်း မရှိသလို တိုက်ပွဲလည်းဖြစ်ပွါးနေခြင်းမရှိသည်ကို တွေ့ရသည်။ သာဓကအားဖြင့် ရခိုင်ပြည်ရှိ ပေါက်တောမြို့နယ်သည် ကပ်ရောဂါဘေးမှလည်းကောင်း၊ စစ်ဘေးဒဏ်မှလည်းကောင်း လုံးဝ နီးပါးကင်းဝေးနေပြီး နှစ်ရှည်လများ လက်နက်ကိုင်ပဋိပက္ခ စဉ်ဆက်မပြတ် ဖြစ်ပွါးနေသာ ပလက်ဝ မြို့နယ်နှင့် နေ့စဉ် ကပ်ရောဂါကူးစက်ပြန့်ပွါးမှုနှင့် သေဆုံးမှုနှုန်းမြင့်မားနေသော ရန်ကုန်မြို့နယ် တို့တွင်မူ ရွေးကောက်ပွဲ ပြုလုပ်ရန် ပိတ်ပင်ခြင်းမရှိသည်ကို တွေ့ရသည်။
၄။ (၂၀၂၀) ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဆိုပါ အငြင်းပွါးဖွယ်ကိစ္စမတိုင်မီ လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲတရပ်အဖြစ် ဖော်ဆောင်ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ တခြား အယုံ အကြည် ပျက်ဖွယ် ကိစ္စရပ်များကို အောက်ပါအတိုင်းတွေ့ရှိရသည်။
(က) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အာဏာရ ပါတီ၏ သမ္မတက ဖွဲ့စည်းသည့် အပြင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွါးမှုများနှင့် ပတ်သက်၍ ဖြေရှင်းရန် ခုံရုံးကို ထိုကော်မရှင်မှပင် ထပ်ဆင့် ဖွဲ့စည်းခွင့် ပေးထားခြင်း။
(ခ) ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူများအား “စောင့်ကြည့်” ဆိုသည့် စကားလုံးကို ဖြုတ်၍ လေ့လာသူများ အဖြစ်သာ ခွင့်ပြုချက်ပေးခြင်း။
(ဂ) ကိုဗစ် – ၁၉ ကပ်ရောဂါကြောင့် ရွေးကောက်ပွဲအား ရွေ့ဆိုင်းရန် အထင်ကရ နိုင်ငံရေး ပါတီများနှင့် တသီးပုဂ္ဂလများက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား စဉ်ဆက် မပြတ် တောင်းဆိုနေကြသော်လည်း လုံးဝဂရုမစိုက်ဘဲ ရန်ကုန်ကဲ့သို့ နေ့စဉ်ကူးစက်မှုနှင့် သေပျောက်မှုနှုန်း မြင့်မားသော နေရာများ တွင်ပင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေခြင်း။
(ဃ) ကျောင်းသားသမဂ္ဂများ၏ ပြည်တွင်းစစ် ရပ်စဲရေး၊ 4G အင်တာနက် ပြန်လည်ဖွင့်ပေးရေး တောင်းဆို လှုပ်ရှားမှုများအား အစိုးရက ပြင်းပြင်းထန်ထန် အရေးယူ နှိပ်ကွပ်ခဲ့သော် လည်း အခြားတဖက်တွင် ကိုဗစ် – ၁၉ ကာလ၌ပင် NLD နှင့် USDP ပါတီများအနေဖြင့် မြို့နယ်အချို့တွင် လူစုလူဝေးဖြင့် အင်အားပြ မဲဆွယ် စည်းရုံးမှုများ ဆောင်ရွက် နေကြခြင်း။
(င) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲဆိုင်ရာ ဟောပြောချက်များတွင်ပါရှိသည့် စကားလုံးနှင့် ဝါကျများကိုပင် ဆင်ဆာ ဖြတ်တောက် နေခြင်း။
၅။ NLD အစိုးရအနေဖြင့် အထက်ပါ ပြုမူဆောင်ရွက်ချက်များအား (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အကြောင်းပြလိုက ပြနိုင်သော်လည်း အဆိုပါ ဆောင်ရွက်ချက်များအား မဖြစ်မနေ၊ ဤသည်မလွဲ အကောင်အထည် ဖော်ဆောင်ရမည်ဟု (၂၀၀၈) ဖွဲ့စည်းပုံ တွင်ပင် ပြဋ္ဌာန်းထားခြင်း မရှိချေ။ ထို့ပြင် ယခု ရွေးကောက်ပွဲ ကျင်းပရန် အပိတ်ခံထားရသည့် နယ်မြေများ၌ NLD အနေဖြင့် (၂၀၁၅) ခုနှစ်တွင် မဲအပြတ်အသတ်ကွာ၍ ရှုံးနိမ့်ခဲ့ရသလို (၂၀၂၀) တွင်လည်း လုံးဝနိုင်ခြေမရှိသည့် နယ်မြေများ ဖြစ်နေသည့်အတွက် အကျိုးအကြောင်း လျော်ကန်သင့်မြတ်မှု မရှိဘဲ NLD နိုင်ခြေရှိသည့် နယ်မြေများ၌သာ ကွက်ကျား ရွေးကောက်ပွဲ ကျင်းပရန် စီစဉ် ဆောင်ရွက် နေခြင်းမှာ NLD ပါတီတခုလုံးသာမက နိုဘယ်(လ်) ငြိမ်းချမ်းရေး ဆုရှင်၊ ဒီမိုကရေစီ ခေါင်းဆောင်ဟုဆိုသော ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး ကျင့်ဝတ် သိက္ခာနှင့်ပတ်သက်၍ပင် မေးခွန်းထုတ်စရာ ဖြစ်နေပေသည်။
၆။ မြန်မာတနိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူများအနေဖြင့် NLD အစိုးရလက်ထက်တွင် ဒီမိုကရေစီ အခွင့်အရေး၊ အခြေခံ လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့် ပိုမိုကိုက်ညီသော၊ ဗမာမဟုတ်သော တိုင်းရင်းသားများနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပိုမိုအလေးထားသော အစိုးရသစ်တရပ် ဖြစ်မည်ဟု မျှော်မှန်းခဲ့ကြသော်လည်း NLD အစိုးရ၏ လက်တွေ့လုပ်ရပ်များက အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် ရေးကို ဦးတည်ခြင်းမရှိဘဲ (၂၀၀၈) ဖွဲ့စည်းပုံပါ တပါတီအာဏာရှင်စနစ် တည်မြဲရေးအား ကျားကန်ထားသည့် ပုဒ်မများကို လိုသလိုအသုံးချပြီး ပြည်ထောင်စု ပြိုကွဲသည်ဖြစ်စေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲသည်ဖြစ်စေ NLD တပါတီတည်းမှ နိုင်ငံတော်အာဏာကို လက်ဝါးကြီး အုပ်ရန် ကြံစည်ကြိုးစားနေသည့် သဘောဖြစ်ကြောင်း ပေါ်လွင်စေပေသည်။
၇။ အထက်ဖော်ပြပါ ကိစ္စရပ်များကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၎င်း၏ ရွေးကောက်ပွဲ ကျင်းပခြင်း မပြုနိုင်သည့် နယ်မြေများနှင့် ပတ်သက်သည့် ကြေညာချက်များကို ပြန်လည် သုံးသပ်သင့်ကြောင်းနှင့် ထိုသို့သုံးသပ်ပြင်ဆင်ခြင်းမပြုပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား ကြိုးကိုင်အမိန့်ပေးနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရသည် ဗမာမဟုတ်သော တိုင်းရင်းသား တို့၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ကံကြမ္မာကိုယ်ဖန်တီးခွင့်ကို ငြင်းပယ်၍ ပြည်တွင်းစစ်ကို သက်ဆိုး ရှည်အောင် တမင်တကာ အခြေအနေဖန်တီးခဲ့သည့် သမိုင်းတရားခံများအဖြစ် မော်ကွန်းတင်သွားလိမ့်မည်ဖြစ်ကြောင်းကို မိမိတို့ ရခိုင်ပြည်အမျိုးသား ကောင်စီ (ANC) မှ အပြုသဘောဖြင့် သတိပေး ထုတ်ပြန်အပ်သည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)