ခြေတစ်ဖက်မရှိတော့ပေမယ့် စစ်ကောင်စီကို ဆက်လက်တိုက်ပွဲဝင်နေသူ

October 12th, 2024  •  Author:   Radio Free Asia  •  1 minute read
Featured image

ရဲဘော် ကျီးကန်းဟာ အသက် ၃၀ အရွယ် ရန်ကုန်ဇာတိဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက် လမ်းပေါ်ထွက်ဆန္ဒပြခဲ့ရာကနေ လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ညီဖြစ်သူနဲ့အတူ ကရင်ပြည်နယ်ထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) မှာ စစ်သင်တန်းတက်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်တွေအဖြစ် ဂဠုန်စစ်ကြောင်းကနေ တိုက်ပွဲဝင်ခဲ့ကြတာပါ။

စစ်တပ်အာဏာမသိမ်းခင်က ရန်ကုန်မှာရုပ်သံရိုက်ကူးရေးလုပ်ငန်းကို ညီဖြစ်သူနဲ့အတူ လုပ်ကိုင်ကြရင်း မိသားစုဘဝရပ်တည်ရေး အဆင်ပြေနေခဲ့တယ်လို့ ပြောပါတယ်။

“ကျွန်တော့်နာမည်ကတော့ ရဲဘော် ကျီးကန်းပါ၊ မတရားသဖြင့် စစ်အာဏာသိမ်းမှု မတိုင်ခင်က ကျွန်တော်က ပရော်ဖက်ရှင်နယ် ဗွီဒီယိုသမားတစ်ယောက်ပါ၊ ဒီရိုက်ကူးရေးလုပ်ငန်းက ရှစ်တန်းနှစ်ကတည်းက စ လုပ်ခဲ့တာ၊ ဒီလုပ်ငန်းနဲ့ပဲ ကျောင်းတက်ခဲ့တယ်၊ ဒီလုပ်ငန်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းအနေနဲ့ ရပ်တည်နေခဲ့တယ်၊ ဒီဟာ စစ်အာဏာသိမ်းမှု မတိုင်ခင်အထိပေါ့နော်

အဲဒီအချိန်က အသည်းကင်ဆာရောဂါခံစားနေရတဲ့ မိခင်ကိုပြုစုဖို့ဆိုပေမဲ့ နိုင်ငံနဲ့ပြည်သူအတွက် အရေးကြီးတဲ့အချိန်ဖြစ်လို့ လက်နက်ကိုင်တော်လှန်ရေးကို ဦးစားပေးခဲ့တယ်လို့ ဆိုပါတယ်။

“တော်လှန်ရေးဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့က ဒါထက် ပိုအရေးကြီးတဲ့အရာတွေကို လုပ်ကို လုပ်ရမယ်ဆိုပြီး ဆုံးဖြတ်တဲ့အခါမှာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး၊ ဒါပေမဲ့ အမေကလည်း ခွင့်ပြုခဲ့တယ်၊ ဒီအဆင်ပြေတဲ့ဘဝကြီးကိုလည်း ကျွန်တော်တို့က ထားခဲ့ရတယ်၊ အဲဒါတင်မဟုတ်ဘူး ကိုယ့်ရဲ့အမေ အချိန်အကန့်အသတ်ရှိနေတဲ့အမေကိုလည်း ထားခဲ့ရတယ်၊ ရန်ကုန်ကထွက်လာကတည်းက ကိုယ့်အပေါ် ကျေးဇူးရှိခဲ့ဖူးတဲ့သူတွေဆိုရင် တစ်ခါတည်း လိုက်ကန်တော့တယ်၊ ဘယ်သီတင်းကျွတ်မှာမှ ကျွန်တော်တို့ ကြုံနိုင်တော့မှာမဟုတ်ဘူး၊ မသေရင်တော့ ပြန်ဆုံရင်ဆုံကြမယ်၊ ဒါပေမဲ့ အခုတည်းက တစ်ခါတည်းအပြီးကန်တော့ခဲ့တယ်ဆိုပြီး နှုတ်ဆက်ပြီးတော့မှ ဆိုလိုချင်တာကဗျာ စိတ်ပိုင်းဖြတ်ပြီးသားပေါ”

၂၀၂၂ ခုနှစ် ဧပြီလမှာတော့ PDF တပ်ဖွဲ့ဝင် ၁၁ ယောက် ရှေ့တန်းမှာမိုင်းပေါက်ကွဲခဲ့လို့ ညီဖြစ်သူ အပါအဝင် ခြောက်ယောက် ကျဆုံးခဲ့ရပြီး ငါးယောက်က ဒဏ်ရာတွေရကုန်ပါတယ်။ ရဲဘော် ကျီးကန်းလည်း သူ့ရဲ့ညာဖက်ခြေထောက်မိုင်းထိပြီး ဒူးအောက်ကနေဖြတ်လိုက်ရသလို ခုချိန်ထိသူ့ခေါင်းထဲမှာ မိုင်းစတွေရှိနေတုန်းပဲလို့ ပြောပြပါတယ်။

သူ့ထက် ငါးနှစ်ပဲငယ်တဲ့ ညီဖြစ်သူကို ဆုံးရှုံးလိုက်ရသလို ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ မိခင်ကပါ ဆုံးသွားခဲ့လို့ မိခင်အတွက်ဘာမှလုပ်မပေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

“ကျွန်တော်က ၂၀၂၂ ခုနှစ် လေးလပိုင်းမှာ ပေါက်ကွဲမှုဖြစ်ကြတယ်၊ ကျွန်တော့်ညီ ဆုံးသွားတယ်ပေါ့၊ ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာပဲ ကျွန်တော်မျက်စိရှေ့မှာ ကျသွားတယ်၊ အောက်တိုဘာလ ကျွန်တော် မွေးနေ့ရှိတယ်ပေါ့၊ ကျွန်တော်မွေးနေ့အမှီ သူထပ်စောင့်သေးတယ်၊ ကျွန်တော့်မွေးနေ့ကို ဟက်ပီဘက်ဒေးပါသားရေ ပြောပြီးတော့ တစ်ပတ်အတွင်းမှာပဲ အမေဆုံးသွားတယ်၊ ဒါပေမဲ့ အမေမဆုံးခင်မှာ ကျွန်တော်လည်းသွားချင်တယ်၊ ကျွန်တော်လည်း သွားလို့မရဘူး၊ အမေကလည်း နောက်ဆုံးအခြေ အနေဖြစ်နေပြီ အမေလည်းလာလို့မရဘူး၊ အဲတော့ သားအမိနှစ်ယောက်က ဘယ်လိုမှတွေ့လို့မရတဲ့ ဘဝပေါ့၊ ပြီးရင် ဗွီဒီယိုကောလ်နဲ့ပြောရင်ဆို အမေက တစ်မိနစ်နှစ်မိနစ်ထက်ပိုမပြောနိုင်ဘူး၊ ပြောတုန်းကတော့ အကောင်း၊ ပြီးရင် အမေက ငိုရော၊ ငိုရင်ကိုယ်က ဘယ်လိုမှဖြေလို့မရဘူး၊ ဘာဖြစ်လို့လဲဆို အဲဒီအချိန်က ကျွန်တော်က ခြေထောက်ဖြတ်ထားရတာဆိုတော့”

သူ့ဘဝကို တော်လှန်ရေးထဲမှာပဲ ဆက်လက်မြှုပ်နှံရင်း တိုက်ပွဲတွေကြားထဲမှာ ခြေတုတပ်ထားရင်းကနေ ဒရုန်းစစ်ဆင်ရေးတွေ၊ လက်လုပ်မိုင်းထုတ်လုပ်ရေးတွေမှာ ပါဝင်နေသလို ရုပ်သံမှတ်တမ်းရိုက်ကူးပေးနေသူ ဖြစ်ပါတယ်။

ခြေတစ်ဖက်မရှိဘဲ တောထဲမှာရှေ့တန်းကရဲဘော်တွေနဲ့အတူ စွန့်စွန့်စားစား တိုက်ပွဲဝင်နေတာကိုလည်း သူက ပြောပြပါသေးတယ်။

“တောထဲသွားတယ် ကျွန်တော်တိုက်တယ်၊ ဒီခြေတုနဲ့ပဲသွားတယ်၊ လမ်းလျှောက်တယ်၊ မှတ်မှတ်ရရ ကျွန်တော်တို့ ကော့ဘိန်းစခန်းသိမ်းတော့ ကျွန်တော် ဒရုန်းလွှတ်တဲ့နေရာကို ကျွန်တော်တို့ခေါင်းပေါ်ကနေ Y 12 ရော၊ Mi 35 ရောက လာထုတယ်၊ Y 12 လာတဲ့အချိန်မှာ ရှင်းရှင်းပြောရရင်ဗျာ ကျွန်တော်ပြေးရမယ့်လမ်းကြီးက အဝေးကြီး၊ ပြီးတော့ ကျွန်တော်က မစ်ရှင်ကဒရုန်းတပ်ထားတာ၊ ချက်ချင်းပြန်ခေါ်လို့မရဘူး၊ ဘာဖြစ်လို့လည်းဆို ရှေ့မှာရဲဘော်တွေက တိုက်နေတာ ကျွန်တော် စကောက်လုပ်ပေးဖို့လိုအပ်တယ်၊ ပြန်မဆင်းဘူး ပြေးလို့လည်းမရဘူး၊ အဲအချိန်မှာ တွေ့တဲ့အမှိုက်ကျင်းထဲ ကျွန်တော်ဝပ်နေရတယ်”

တော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တို့ပူးပေါင်းပြီး မြေပြင်မှာ စစ်ရေးအရ စစ်ဘောင်ကျယ်လာပေမဲ့လည်း နိုင်ငံရေးအရ ဦးဆောင်မှုအခန်းကဏ္ဍက မျှော်လင့်သလောက် ခရီးမပေါက်သေးဘူးလို့ သူက ရှုမြင်ပါတယ်။

စစ်ကောင်စီကို တော်လှန်ရာမှာ သုံးနှစ်ကျော်ကာလအတွင်း စစ်ရေးနဲ့နိုင်ငံရေး ခြားနားနေတာတွေ့ရတယ်လို့ ဝေဖန်ထောက်ပြပါတယ်။

“တော်လှန်ရေးတစ်ခုလုံးကို ခြုံငုံပြီးကြည့်ရင် စစ်ရေးအရက အများကြီးအားရဖို့ ကောင်းတယ်၊ EAO တိုင်းရင်းသားတွေဘက်က ပိုင်ဆိုင်တဲ့နယ်မြေ၊ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေဘက်က ပိုင်ဆိုင်တဲ့နယ်မြေတွေ ကျယ်ပြန့်လာတယ်၊ နိုင်ငံရေးအရပြောရင်တော့ သုံးနှစ်ကြာခဲ့ပြီ နိုင်ငံတကာနဲ့ သဘောတူညီချက်တွေမှာ ထိရောက်တဲ့ ကျွန်တော်တို့အားရတဲ့ ပြောင်းလဲမှုရယ်လို့ မျှော်လင့်ထားသလောက် မရလာဘူး၊ သွားနေတာပဲလေနော်၊ ဥပမာ လမ်းလျှောက်ပြီးသွားတာနဲ့ ဆိုင်ကယ်စီးပြီး သွားတာနဲ့ ကားမောင်းပြီးသွားတာနဲ့ကမတူဘူး၊ ခရီးရောက်တာလေနော်၊ တော်လှန်ရေးဖက်ကနေ ပြီးတော့ ပြည်သူလူထုဖက်ကနေပြီးတော့ ဆုံးရှုံးမှုတွေက နေ့စဉ်နဲ့အမျှဖြစ်ပေါ်နေတယ်၊ များပြားတယ်၊ ဆိုလိုချင်တာက ကျွန်တော်တို့အချိန်ဆွဲလို့မရဘူး၊ ငါတို့သွားနေပါတယ်လို့ပဲ ပြောလို့မရဘူး၊ ကျွန်တော်တို့ ခရီးရောက်ဖို့လည်းလိုတယ်၊ အဲဒါလေးမြင်တယ်”

အဆင်ပြေရပ်တည်နိုင်နေပြီဖြစ်တဲ့ ရန်ကုန်ကမိသားစုစီးပွားရေးလုပ်ငန်းကို တော်လှန်ရေးအတွက် စွန့်လွှတ်ခဲ့ရပါတယ်။ ဝေဒနာရှင်မိခင်ကိုလည်း မပြုစုခဲ့ရတဲ့အပြင် နောက်ဆုံးခရီးတောင် လိုက်မပို့နိုင်ခဲ့ပါဘူး။ ညီဖြစ်သူ ကိုယ့်မျက်စိရှေ့မှာ မိုင်းထိသေဆုံးခဲ့ရပြီး ကိုယ်တိုင်လည်း ညာခြေတစ်ဖက် ဆုံးရှုံးလိုက်ရတဲ့ဖြစ်စဉ်တွေဟာ သူ့အတွက်တော့ စိတ်ထိခိုက်ကြေကွဲစရာတွေပါ။

ဒီလိုဆုံးရှုံးမှုတွေများလွန်းတဲ့အတွက်ကြောင့် ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်အမြစ်ပြတ် ရေးကို သူအသက်မသေခင်အထိ တိုက်ပွဲဝင်ဖို့အတွက် တော်လှန်ရေးခရီးလမ်းပေါ် ဆက်လျှောက်ဖို့ ဆုံးဖြတ်ပြီးသားဖြစ်တယ်လို့လည်း ပြောပြသွားပါတယ်။


Original post