စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံရေးအားလုံး ရပ်ဖို့ အာဆီယံကို အရပ်ဘက်အဖွဲ့တွေတောင်းဆို

September 25th, 2024  •  Author:   Radio Free Asia  •  1 minute read
Featured image

အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို ကျော်လွန်ပြီး စစ်ကောင်စီနဲ့ ပူးတွဲဆောင်ရွက်နေတာတွေ ရပ်တန့်ဖို့ မြန်မာအရပ်ဘက်လူမှုအဖွဲ့အစည်းတွေက အာဆီယံကို စက်တင်ဘာ ၂၅ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) ၊ သွေးစွန်းငွေဖြတ်တောက်ရေး (Blood Money Campaign) ၊ Generation Wave (GW) ၊ Equality Myanmar (EQMM) ၊ ဉာဏ်လင်းသစ်အဖွဲ့ အပါအဝင် အဖွဲ့ပေါင်း နှစ်ဆယ်နီးပါးက တောင်းဆိုလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေတာတွေကို အာဆီယံအနေနဲ့ နှုတ်ဆိတ်နေတာဟာ မြန်မာနိုင်ငံရဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ထုတ်ပြန်ချက်ထဲမှာ မြန်မာစစ်ကောင်စီနဲ့ စီးပွားရေးဆက်ဆံမှု၊ စစ်ကောင်စီ ကျင်းပမဲ့ ရွေးကောက်ပွဲအစီအစဉ်ကို ထောက်ခံမှုအပါအဝင် ထိတွေ့ဆက်ဆံမှုအားလုံးကို အဆုံးသတ်ဖို့ အာဆီယံကို တိုက်တွန်းထားပါတယ်။

စစ်ကောင်စီကို ကိုယ်စားပြုတဲ့ စစ်ဘက်-အရပ်ဘက်ကိုယ်စားလှယ်အားလုံးကို အာဆီယံပလက်ဖောင်းအားလုံးကနေ ဖယ်ရှားဖို့၊ မြန်မာပြည်သူတွေအသိအမှတ်ပြုထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို နိုင်ငံရေးအရ အထောက်အပံ့ပေးဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သဘာဝဘေးအကူအညီတွေအတွက် စစ်ကောင်စီနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာကိုရပ်တန့်ပြီး နယ်စပ်လမ်းကြောင်းကနေ လူသားချင်စာနာထောက်ထားမှုအကူအညီတွေပေးနိုင်ရေး တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ စစ်ကောင်စီကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်နေတာတွေရပ်တန့်နိုင်ဖို့နဲ့ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် ကျူးလွန်နေတာအတွက် အရေးယူဆောင်ရွက်ပေးဖို့ကိုလည်း အာဆီယံကို တောင်းဆိုထားပါတယ်။

အာဆီယံဘုံသဘောတူညီချက် ငါးချက်ကတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ ငြိမ်းချမ်းတဲ့အဖြေတစ်ခုရဖို့ သက်ဆိုင်သူတွေ ဆွေးနွေးကြဖို့၊ အာဆီယံဥက္ကဋ္ဌနဲ့ အထူးကိုယ်စားလှယ်က ဆွေးနွေးမှုတွေမှာ ကြားဝင်ဆောင်ရွက်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့၊ အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့နဲ့ သက်ဆိုင်သူတွေ တွေ့ဆုံဖို့ စတဲ့အချက်တွေ ဖြစ်ပါတယ်။


မူရင်းပို့စ်မှာဖတ်ရန်