Statement 35 Views

ဆေးဝါးကုသမှုကို အချိန်နှင့်တပြေးညီမရရှိခဲ့သဖြင့် သရက်အကျဥ်းထောင်တွင်း၌ နိုင်ငံရေးအကျဉ်းသား ကိုညီညီ ကျဆုံး

July 28th, 2024  •  Author:   Political Prisoners Network – Myanmar  •  1 minute read
Featured image

ဇူလှိုင်(၂၈)၊၂၀၂၄၊ရန်ကုန်။

အကြမ်းဖက်ပုဒ်မ ၅၂(က)/၅၁(ဂ)တို့ဖြင့် (၁၆.၁၁.၂၀၂၂) ရက်နေ့တွင် ထောင်ဒဏ်(၁၁) နှစ်ဖြင့် မတရားအပြစ်ပေးခြင်းခံထားရသည့် အသက်(၃၉)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုညီညီသည် ၂၇ရက်နေ့ မနက်ခင်းအစောပိုင်းအချိန်၌ သရက်ထောင်တွင်း၌ သွေးတိုးရောဂါဝေဒနာကို ခံစားခဲ့ရ၍ ကျဆုံးသွားခဲ့ပါသည်။

မကျဆုံးခင် ဇူလှိုင်လ(၂၆)ရက် ညခင်းအချိန်တွင် ကိုညီညီ သွေးတိုးရောဂါခံစားရ၍ အရေးပေါ်ဆေးဝါးကုသပေးရန် ထောင်တာဝန်ခံများထံ နိုင်ငံရေးအကျဉ်းသားများမှ အကူအညီတောင်းခံခဲ့ကြပါသည်။သို့သော် တစ်နာရီကျော်အကြာမှသာ အကျဉ်းဦးစီးဝန်ထမ်းများမှ အကျဉ်းသားဆေးမှူးတစ်ဦးကို လာရောက်ပို့‌ဆောင်၍ ကြည့်ရှု့စစ်ဆေးခိုင်းရာ သွေးပေါင်ချိန်မှာ အပေါ်သွေး(၂၄၀) အောက်သွေး (၁၄၀)အထိ ရှိခဲ့ကြောင်း သိရှိရပါသည်။

ယခုကဲ့သို့ သွေးပေါင်ချိန် အရမ်းတက်လာချိန်တွင် ပြင်ပဆေးရုံသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးစောင့်ရှောက်မှုများ ပေးရမည်ဖြစ်သော်လည်း ညအချိန်ဖြစ်သည်ကို အကြောင်းပြပြီး အဆင့်ဆင့်သတင်းပေးပို့နေရသည်ဟုဆိုကာ အပြင်သို့ လာရောက်ခေါ်ထုတ်ချိန် အချိန်တစ်နာရီခွဲကျော် ကြာမြင့်ခဲ့ပါသည်။ထို့သို့လာ‌ရောက်ကြည့်ရှုချိန်နှင့်ပြင်ပသို့ခေါ်ဆောင်ချိန် နောက်ကျသည့် အတွက်ကြောင့်နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုညီညီ ကျဆုံးခဲ့ခြင်းဖြစ်ပါသည်။

လက်ရှိသရက်ထောင်တွင် ‌ထောင်ဆရာဝန် ငြိမ်းချမ်းကျော် တာဝန်ထမ်းဆောင်နေလျက်ရှိပြီး ကိုညီညီ နေထိုင်ရသည့် အဆောင်ကို အဆောင်မှူး နိုင်လင်း အုပ်ချုပ်၍ ထောင်ပိုင် ညွန့်ဘိုဝင်း မှ ဦးဆောင်ကွပ်ကဲလျက်ရှိကြောင်း သိရှိထားရသည့်အတွက် နိုင်ငံရေးအကျဉ်းသား ကိုညီညီ၏ ထောင်တွင်း အချိန်နှင့်တပြေးညီဆေးဝါးကုသစောင့်ရှောက်ခွင့်မရ၍ ကျဆုံးခဲ့ရမှုအပေါ် ပြည်သူ့အစိုးရ တက်ရောက်လာချိန်တွင် သေချာပေါက် တာဝန်ခံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM) အနေဖြင့် အသိပေးအပ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)

Telegram Channel

https://t.me/ppnmyanmar2023


Original post.