အင်းစိန်ဗဟိုအကျဉ်းထောင်တွင်း ဝမ်းရောဂါဖြစ်ပွား၍ နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူများအပါအဝင် အခြားအကျဉ်းသား/အကျဉ်းသူများ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေမှုနှင့်ပက်သက်၍ အသိပေးထုတ်ပြန်ခြင်း

July 27th, 2024  •  Author:   Political Prisoners Network – Myanmar  •  1 minute read
Featured image

၂၇၊ဇူလိုင်၊၂၀၂၄၊ရန်ကုန်။

အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း၌ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် ဖက်ဆစ်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်မွေးနေ့အဖြစ် အင်းစိန်ထောင်ပိုင် ဇော်လင်းအောင်နှင့် ထောင်အာဏာပိုင်များမှ ကြက်သားနှင့်ပဲဟင်းကို ကျွေးခဲ့ပြီး အိမ်မှပို့သည့် အစားအသောက်များကို စားသုံးခွင့်မပြုကြောင်း ဖိအားပေး၍ ထောင်တွင်းအမိန့်ထုတ်ပြန်ခဲ့ပါသည်။

စားသောက်ရချိန်တွင် စားရသည့် ပဲဟင်းနှင့်ကြက်သားမှာလက်ဆတ်ခြင်းမရှိပဲ သိုးသည့်အနံထွက်နေခဲ့သဖြင့် အကျဉ်းထောင်ရှိ အကျဉ်းဦးစီးဝန်ထမ်းများကို နိုင်ငံရေးအကျဉ်းသားများမှတင်ပြပြောဆိုခဲ့သော်လည်း လက်မခံပဲ ထောင်မှကျွေးသည့် အစားအသောက်ကိုသာ စားသောက်ရမည်ဟု ပြောဆိုခဲ့ပါသည်။

ထို့ကြောင့် အဆိုပါနေ့တွင် အင်းစိန်ဗဟိုအကျဥ်းထောင်အတွင်း မတရားအကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူများအပါအဝင် အခြားအကျဉ်းသား/အကျဉ်းသူများသည် ထောင်မှကျွေးသည့် ပဲဟင်းနှင့်ကြက်သားဟင်းများကို စားသောက်ခဲ့ရပါသည်။

ထောင်မှကျွေးသော စားသောက်ရသည့် အစားအသောက်များ(ပဲဟင်း)အသိုးများကို ဖိအားပေး၍ စားသောက်ခဲ့ကြရသူ နိုင်ငံရေးအကျဉ်းသားများနှင့် အခြားအကျဥ်းသားများသည် ဇူလိုင်လ(၄)ရက်နေ့မှစ၍ အကျဉ်းသား/အကျဉ်းသူ(၁၀၀)ကျော် ဝမ်းပျက်ဝမ်းလျှောရောဂါကို ခံစားခဲ့ရပြီး ထောင်တွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးဆက်မှုများဖြစ်ပေါ်ခဲ့ပါသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားရသူများအပေါ်တွင်လည်း လုံလောက်သည့် ဆေးဝါးများပေးနိုင်ခြင်းမရှိခဲ့သည့်အတွက် ဇူလိုင်လ(၂၀)ရက်နေ့အထိ နေ့စဉ် အကျဉ်းသား(၅)ဦးမှ(၁၀)ဦး အထိ ကူးဆက်ရောဂါခံစားခဲ့ရပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားရသူ အနည်းဆုံး(၁၅၀) ဝန်းကျင်ခန့် ရှိခဲ့ပါသည်။

ထိုသို့ဖြစ်ပေါ်သည့်သတင်းကို အင်းစိန်ထောင်အာဏာပိုင်များမှ သတင်းဖုံးထားသည့်အပြင် မိသားစုဝင်များပို့သည့် အစားအသောက်များကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်သယောင် ပြောဆို၍ မိသားစုပို့သည့်ထောင်ဝင်စာများကို ကန့်သတ်ခြင်းများကို ပြုလုပ်လာနေသည်ကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)

Telegram Channel – https://t.me/ppnmyanmar2023


Original post.