ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား(၅)ဦး ရိုက်နှက်တိုက်ပိတ်ခံထားရပြီး ထောင်တွင်းပုဒ်မ များစွာဖြင့် အမှုရင်ဆိုင်နေရကြောင်း အသိပေးထုတ်ပြန်ခြင်း

July 16th, 2024  •  Author:   Political Prisoners Network – Myanmar  •  1 minute read
Featured image

၁၆ ဇူလိုင်၊ ၂၀၂၄၊ ရန်ကုန်

မွန်ပြည်နယ် ညွန်ကြားရေးမှူး ဇော်မင်းအောင်၏ ညွှန်ကြားချက်ဖြင့် ဇွန်လ(၁၅)ရက်နေ့တွင် ကျိုက်မရောအကျဉ်းထောင်မှ နိုင်ကျဉ်းများကို ဒိုက်ဦးအကျဉ်းထောင်နှင့်သာယာဝတီအကျဉ်းထောင်များသို့ ထောင်ပြောင်းပို့ဆောင်ခဲ့သည်။ ထို့နောက် ထောင်ပိုင်နှင့်ထောင်တာဝန်ရှိသူများကို အပြောင်းအလဲများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။

ထောင်ပိုင်အဖြစ် အကျဉ်းသားများအပေါ်ဖိနှိပ်ခြင်းနှင့်လာဘ်စားရာတွင် နာမည်ကြီးသည့် *ချမ်းအေးကျော်* သည် ကျိုက်မရောထောင်၏ ထောင်ပိုင်ဖြစ်လာပြီး ထောင်ပိုင်လေးအဖြစ် *ကျော်ကျော်ဦး၊ ဦးစီးမှူးအဖြစ် *ကျော်ဇင်အောင် မှ တာဝန်ယူ၍ နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်လျက်ရှိပါသည်။

ဇွန်လ(၂၅)ရက်နေ့ ညနေတန်းပိတ်ထားချိန်တွင် ဦးစီးမှူး ကျော်ဇင်အောင်ဦးဆောင်သည့် ဝန်ထမ်းအင်အား(၂၀)ခန့်သည် နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုလွမ်းဝေအောင်(၁၉-စ)၊ ကိုအောင်ဇော်မင်း(၅၂က)၊ ညီညီ (၅၂က)၊ ကိုဇာနည်အောင် (၅၂က)၊ ကိုနန္ဒအောင်လင်း(၅၀ည)တို့အား အင်အားသုံး၍ လာရောက်ခေါ်ဆောင်ခဲ့ပါသည်။

လာ‌ရောက်ခေါ်ဆောင်ချိန်တွင် အကျဉ်းဦးစီးဘက်မှ ခိုင်မာသည့် အကြောင်းပြချက်မပေးပဲ အတင်းဆွဲခေါ်ထုတ်ခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသားများမှ ပြန်လည်ရုန်းထွက်သဖြင့် လေးခွများ၊နံပါတ်တုတ်များနှင့် ရိုက်နှက်၍ အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ပါသည်။

ယခုလက်ရှိအချိန်ထိ ခေါ်ဆောင်ရိုက်နှက်၍ တိုက်ပိတ်ခြင်း ခံထားရသည့် နိုင်ကျဉ်း(၅)ဦးအား ထောင်အာဏာပိုင်များမှ ထောင်ဝင်စာဧည့်တွေ့ခွင့်နှင့် ပါဆယ်ပို့ခွင့်ကို ပိတ်ပင်ထားဆဲဖြစ်ပါသည်။

ထို့အပြင် အဆိုပါ နိုင်ကျဉ်း(၅)ဦးအား ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ၆(၁)/လာရောက်ခေါ်ဆောင်ချိန်တွင် အသာတကြည်မလိုက်ပဲ ခုခံသည်ဟုဆိုကာ ပုဒ်မ(၂၂၄)နှင့်တရားစွဲဆိုထားပြီး အခြား ပုဒ်မများဖြင့်လည်း မတရားအမှုဖွင့်ထားကြောင်း မိဘပြည်သူများအားအသိပေးအပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)


Original post.