မတရားမှုကိုလုံးဝလက်မခံတဲ့ CDM အမျိုးသမီးတရားသူကြီး ဒေါ်သဥ္ဇာမြ

June 16th, 2024  •  Author:   Honest Information  •  1 minute read
Featured image

ခင်ဘုန်းမို့

“ရင်းနှီးတဲ့ဆရာသမားတချို့က တရားသူကြီးအဖြစ်ပြည်သူတွေကို ကူညီလို့ရတာအများကြီးရှိတယ်။ တော်လှန် ရေးတိုင်းက မအောင်တာချည်းပဲ။ စကစ ချခိုင်းတဲ့အမိန့်ပြည်သူအတွက်ချပေးလိုက် အလုပ်ဆက်လုပ်ပါလို့အကြံ ပေးပါတယ်။သူတို့လည်းအဲ့စိတ်နဲ့မချချင်တဲ့အမိန့်တွေချခဲ့တာလို့ပြောပါတယ်။ ကျွန်မကတော့ပြည်သူ အတွက် ဆို ရင် CDM ထက်ကောင်းတာမရှိတော့လို့ ခံယူလိုက်တာပါ”လို့ သူ့ခံယူချက်ကို ပြောပါတယ်။

သူကအသက်(၄၂)နှစ်အရွယ်ဒေါ်သဥ္ဇာမြဖြစ်ပါတယ်။မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်တရားသူကြီးဒေါ်သဥ္ဇာမြဟာ လုပ်သက်(၁၅)နှစ်ရှိတဲ့တရားသူကြီးတစ်ဦးဖြစ်ကာ CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ အမျိုးသမီး တရားသူကြီး တစ်ဦး ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်မှာဒေါ်သဥ္ဇာမြဟာ ပဲခူးမှာ မီးဖွားခွင့်(၆)လသွားနေပြီး ညောင်ဦးကိုရုံးတက်ဖို့အပြန် ကို ဗစ်ဖြစ်တော့  ကွာရာတင်းစင်တာမှာ မိသားစု‌လိုက်ရောက်နေကြတာဖြစ်တယ်။ ကွာရာတင်းစင်တာကနေ ထွက်ဖို့ နှစ်ရက်အလိုမှာပဲမနက်လင်းအားကြီးချိန် ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေပျောက်ကုန်တယ်။ အာဏာသိမ်းမယ်လို့ ဒေါ်သဥ္ဇာမြတစ်ယောက်လုံးဝမတွေးထင်ထားခဲ့ဘူး။ စင်တာကပရဟိတလုပ်သူတွေမြို့ထဲကပြန်လာတော့အာဏာ သိမ်းခံ ရတဲ့သတင်းအမှန်ဆိုတာသိရတော့ သတင်းကြားရချိန်မှာ ချုံးပွဲချ ငိုခဲ့မိတယ်လို့ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ရက်တွေမှာCDMလုပ်ဖို့စာရေးတင်ပေမယ့်ရုံးတက်ရမယ့်အခြေအနေနဲ့သာရင်ဆိုင်ခဲ့ရတယ်။ မဖြစ်မနေရုံးတက်နေရပေမယ့်လည်း  ဘောပင်ကိုင်စာရေးဖို့ လက်ချောင်းတွေ အားမရှိတာ၊ တရားခွင်ပေါ် တက် ဖို့ ခြေထောက်တွေလှုပ်မရတာ စတဲ့ခံစားမှုတွေနဲ့ရင်ဆိုင်ခဲ့ရတာပါပဲ။

“ရုံးတက်တယ်ဆိုတဲ့ လက်မှတ်ပဲထိုးပါ။အမှုတွေမစစ်ပါနဲ့လို့ ခရိုင်တရားသူကြီးကချော့ပြောပါတယ်။အိပ်ယာထဲက မထပဲနေရင် အိမ်အထိလာခေါ်ပါတယ်။ရုံးတက်လက်မှတ်ထိုးစားအုပ်ကို အိမ်အထိလာပို့ပြီးထိုး ခိုင်းလို့ထိုးပေးခဲ့ရတယ်။ ရုံးတက်နေရလို့ငိုချည်းနေရပါတယ်”လို့ဒေါ်သဥ္ဇာမြကအဲ့တုန်းကအဖြစ်အပျက်တွေကိုပြန်ပြောပြပါတယ်

စစ်ကောင်စီကိုမကြိုက်ကြောင်း လူမှုကွန်ရက်မှာ နေတိုင်းရေးလို့ ခင်ပွန်းကဖုန်းရိုက်ခွဲပြီးကွာရှင်းပေးဖို့ ပြောတာတွေလည်းကြုံတွေ့ရတယ်။ တချို့မိတ်တွေတွေ က လူမှုကွန်ရက်မှာ CDM တယ်ပြောပြီး ရုံးခိုးတက် တယ်လို့ စွပ်စွဲ ကြပါတယ်။

“ကျွန်မရဲ့ထွက်ပေါက်ကတော့ တော်လှန်ရေးမှုတွေကို လွှတ်တယ်။ စကစကိုဆန့်ကျင်ကြောင်းရေးတယ်။ ပြည်သူ့ ဘက်ကရပ်ကြောင်းသမိုင်းကြောင်းကျန်ကိုကျန်ရမယ်ပေါ့”လို့ဒေါ်သဥ္ဇာမြကဆိုပါတယ်။ ရုံးတက်နေတဲ့ကာလအတွင်းလုပ်ငန်းခွင်ထဲကလူတွေကို CDM လုပ်ဖို့တိုက်တွန်းပေမယ့် အများစုကစစ်ကောင်စီဘက်ကရပ်တည်သူများကြပါတယ်။

ဖေဖော်ဝါရီလလယ်လောက်မှာ သံပုံးတီးသူတွေကို ရဲအက်ပုဒ်မ ၄၇ (မူးယစ်ရမ်းကား)ခေါင်းစဉ်တပ်ဖမ်းခံရသူတွေ တရားရုံး‌ရောက်လာကြတယ်။ ဒဏ်ရိုက်ရင်ရိုက် မရိုက်ရင် ထောင်ချရတဲ့ပုဒ်မတွေဖြစ်လို့ ဒဏ်ငွေ၅၀ကျပ် ရိုက်ခဲ့ ပါတယ်။ မန္တလေးတိုင်းတရားရုံးက ဒီအမှုတွေကို ထောင်ခုနှစ်ရက်ချခိုင်းတာ တစ်တိုင်းလုံးချကြပါတယ်။ သူတစ် ဦးတည်းဒီအမှုတွေကိုဒဏ်ရိုက်ခဲ့တယ်။

“ထောင်ချဖို့အထက်က ညွှန်ကြားပေမယ့်ထောင်မချခဲ့ဘူး။ သံပုံးတီးမှုတွေဖမ်းလာတော့ ပထမအကြိမ် ဒဏ်ငွေ(၅၀ )ရိုက်မိပေမယ့် ဒုတိယအကြိမ်ဖမ်းလာတော့ပျော်ရွှင်လို့၊ဝမ်းနည်းလို့ မကျေနပ်လို့ဖော်ထုတ်တာမျိုးကလူတိုင်းလုပ်ခွင့်ရှိတယ်။ ပြစ်မှုမဟုတ်လို့အမှုမှအပြီးအပြတ်လွှတ်သည်လို့ စီရင်ချက်ရေးပြီးလွှတ်ခဲ့တယ်”လို့ဒေါ်သဥ္ဇာမြကပြော ပါတယ်။

ဖေ‌ဖော်ဝါရီလကုန်ခါနီးမှာတော့  တရားသူကြီးတွေနဲ့အစည်းအဝေးတက်ရာမှာ တရားသူကြီးတွေအနေနဲ့ စစ်တပ်ကိုကူညီရမယ်၊ အမှုတွေကိုအမိန့်ချရာမှာလည်း စစ်တပ်ဘက်ကိုအသာချပေးရမယ်ဆိုတာတွေ ပြောလာချိန်မှာတော့ အထက်လူကြီးတွေအပေါ်မှာ ကျန်ရှိနေတဲ့အထင်ကြီးစိတ်၊ မျှော်လင့်ချက်တွေ ကုန်ခမ်းသွားခဲ့တယ်လို့ ဆိုပါ တယ်။ အဲ့ဒီနောက်CDM အသေအချာလုပ်ဖို့ဆုံးဖြတ်ချပိုခိုင်မာလာခဲ့တယ်။

မိခင်ဖြစ်သူနဲ့တိုင်ပင်ကာ ပစ္စည်းတွေသယ်ရင်အဖမ်းခံရမှာစိုးတဲ့အတွက် အဝတ်တထည်ကိုယ်တစ်ခုနဲ့ ဈေးသွားချင် ယောင်ဆောင်ပြီး ဇာတိမြို့ကနေထွက်လာခဲ့တယ်။ ရှောင်တိမ်းနေစဉ်မှာပဲ CDM ပြုလုပ်ကြောင်း လူမှုကွန်ရက်ကနေ Live  လွှင့်ပြောကြားခဲ့တယ်။ အန္တရာယ်များပေမယ့်လည်းပြည်သူတွေသိရှိစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါ။

အဲ့ဒီနောက် တစ်ရွာမှတစ်ရွာကူးရှောင်တိမ်းနေထိုင်ဖို့ ကြိုးစားပေမယ့်ရွာတွေက လက်မခံ‌တော့ပါဘူး။ အတူနေ ဆွေမျိုးတွေကလည်း စစ်တပ်ဘက်နားယောင်လာတာကြောင့် အဲ့ဒီနယ်ကနေ ရန်ကုန်ကို မိခင်ဖြစ်သူ၊ သားသမီး တွေနဲ့အတူထွက်လာခဲ့တော့တယ်။

ရန်ကုန်ရောက်ခါစမှာ  ဒေါ်သဥ္ဇာမြတို့သားအမိတွေဟာ  မောင်ဖြစ်သူစီစဉ် ပေးမှုနဲ့ မြစ်သဲကျောက်တင် သဘော်ပေါ်မှာ လနဲ့ချီနေထိုင်ခဲ့ကြတယ်။ သဘော်ပေါ်မှာ ကျောက်ချနေ ထိုင်တာကြာလာတဲ့အခါ က‌လေးတွေ ရေထဲကျမယ့်အဖြစ်မျိုး ခဏခဏကြုံတွေ့ရတဲ့အတွက် ရန်ကုန်ကဆင်ခြေဖုံး ရပ်ကွက်ကိုပြောင်းပြီးအိမ်ငှားနေခဲ့ကြတယ်။

ရန်ကုန်မှာနေထိုင်ရင်း ခင်ပွန်းဖြစ်သူက နိုင်ငံရေးမပြော၊ မရေးရင် သူနဲ့အတူလာနေဖို့ခေါ်ခဲ့ပေမယ့် သူက လက်မခံတဲ့အတွက် တတိယကလေးကိုယ်ဝန်(၆)လမှာ ခင်ပွန်းဖြစ်သူနဲ့ တရားဝင်ကွာရှင်းပြတ်စဲခဲ့ပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်ကိုစီဆန့်ကျင်တဲ့အကြောင်းတွေ လူမှုကွန်ရက်မှာနေသားနေတဲ့သူ့ကို စစ်ကောင်စီဘက်တော်သားတယ်လီဂရမ်ချန်နယ်မှာ ခြိမ်းခြောက်ခံရတာတွေရှိလာတာကြောင့် လုံခြုံရေးစိုးရိမ် လာရ တဲ့အတွက် တိမ်းရှောင်ရပြန်ပါတယ်။ ဒီလိုရှောင်တိမ်းရင်းနဲ့နောက်ဆုံးတော့ မဲဆောက်ကို ရောက်လာခဲ့တယ်လို့ ဆိုပါ တယ်။

“မဲဆောက်‌ရောက်ချိန်ကစပြီး ခွေးဟောင်သံကြားတိုင်း အိပ်မပျော်တဲ့ညတွေကင်းဝေးခဲ့ပါတော့တယ်။ အရင်က ရဲမြင်ရင် အလေးပြုခံရတဲ့ဘဝကနေ ရဲမြင်ရင်ပုန်းနေရတဲ့ဘဝကိုရောက်သွားပါတယ်”လို့ ဒေါ်သဥ္ဇာမြကပြောပါတယ်။

မဲဆောက်ရောက်တဲ့အခါ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ မဲဆောက် ရောက်တဲ့အခါမှာလည်း ပြည်တွင်းက CDM တွေအတွက်အပိုငွေထွက်အောင် အတက်နိုင်ဆုံးချွေ တာ နေထိုင်ခဲ့ပါတယ်။CDM တွေအတွက်အပိုဝင်ငွေထွက်အောင်  MOJ ကငှားပေးတဲ့အိမ်အကောင်းမှာမနေပဲ ဈေး သက်သာတဲ့အိမ်မှာပြောင်းနေတာ၊ ခရီးစရိတ်မယူတာမျိုးတွေပါ။

“သူ့အနေနဲ့ အိမ်ကောင်းကောင်းငှားနေဖို့ စီစဉ်ပေးပေမယ့် CDM တွေကူညီချင်လို့  ဈေးပေါတဲ့ အိမ်ပဲငှား နေခဲ့ တယ်။ကလေးမီးဖွားပြီးနှစ်ရက်နဲ့ မီးတွင်းအဝတ်တွေကိုကိုယ်တိုင်လျှော်တာပါ။လူမငှားခဲ့ပါဘူး”လို့ဆိုပါတယ်။

တဖက်ကနိုင်ရာ ဝန်တွေထမ်းနေသလို တဖက်မှာလည်း ကလေးတွေအတွက် တာဝန်ကျေတဲ့ မိခင်အဖြစ် ရပ် တည် နေပါတယ်။ဒါပေမယ့်တခါတလေတော့ကလေးတစ်ဖက်နဲ့အလုပ်တွေလုပ်ချင်သလောက်မပြီးတဲ့အခါစိတ်ဓာတ် ကျတယ်လို့ဆိုပါတယ်။ CDM ချင်းတူရင်တောင် အမျိုးသမီးလည်းဖြစ် က‌လေးအမေလည်း ဖြစ်တဲ့အတွက် ပိုပြီးချီး မွမ်းခံရတာမျိုးတော့ရှိတယ်လို့ဆိုပါတယ်။

ဖြတ်သန်းလာရတဲ့ငယ်ဘဝမှာလည်းမိဘ အကိုမောင်တွေက မိန်းကလေးဖြစ်လို့ခွဲခြားတာမျိုးတွေ မလုပ်ခဲ့ကြသလို မိခင်ဖြစ်သူရဲ့ သွန်သင်ဆုံးမမှုကြောင့် သူတပါးသားသမီးတွေကို ကဲ့ရဲ့ပြစ်တင်တာမျိုးမလုပ်တက်သလိုသူတို့ မောင်နှမတွေကလည်း မိန်းကလေးတွေကို ခွဲခြားတာမျိုးတွေမရှိခဲ့ပါဘူး။

“အိမ်ထောင်ကျချိန် အမျိုးးသားဘက်အသိုင်းအဝိုင်းက စိုးမိုးခြယ်လှယ်ချင်တာကိုကြုံရပါတယ်။ ပညာတက် အရာရှိဖြစ်တာတောင်အိမ်ထောင်ရေးမှာမိန်းကလေးဘက်ကိုအထင်သေးချင်ကြတယ်”လို့ဒေါ်သဥ္ဇာမြကသူ့အတွေ့အကြုံကိုပြောပြပါတယ်။

မဲဆောက်မှာ နေထိုင်ရင်း ထိမ်းမြားလက်ထက် အရာရှိအဖြစ်ဆောင်ရွက်ရာမှာလည်း ဂါရဝတရားအရပေးတဲ့ မည့် သည့်လက်ဆောင်၊ ငွေကြေးကိုမျှ လက်မခံပဲလက်ဆောင်မယူတဲ့ဝန်ထမ်းအဖြစ်ကျင့်ကြံခဲ့တယ်လို့ CDM တရားသူ ကြီးဖြစ်သူဒေါ်သဥ္ဇာမြကဆိုပါတယ်။ ထိမ်းမြားမှုပေါင်း (၅၀)‌ကျော်ဆောင်ရွက်ပေးခဲ့ပါတယ်။

“အရင်တုန်းက အလုပ်တွေပင်ပန်းအောင်၊ အမှန်တရားတွေပေါ်ပေါက်အောင် ဘယ်လောက်လုပ်လုပ် တရားရေးလောကကို လူတွေအထင်မကြီးခဲ့ပါ။ အခုက အလုပ်မလုပ်ဘဲနေပေးလို့ကို လူတွေရဲ့  ထင်ကြီးလေးစားမှု ကိုရနေပါတယ်။ကိုယ်လိုချင်တဲ့စနစ်အတွက် ကိုယ်တိုင်လမ်းဖောက်နေရလို့ ကျေနပ်နေပါတယ်”လို့ ဆိုပါတယ်။

တချို့မြင်သလိုစစ်တပ်ကအစကတည်းကမကောင်းမှန်းသိလျက်နဲ့ ဘာလို့တရားသူကြီးလုပ်ခဲ့လဲဆို စစ်တပ်အကြောင်းအပေါ်ယံလောက်ပဲသိခဲ့ပြီး မဲပေးခွင့်ရနေတာကို ဒီမိုကရေစီရတယ်လို့ထင်ခဲ့လို့ တရားသူကြီး လုပ်ခဲ့တာလို့ဆိုတယ်။

“လစာနည်းမှန်းသိပေမယ့် ကိုယ်လောဘမကြီးပဲ ပြည်သူကို အလုပ်အကျွေးပြုမယ်ဆိုတဲ့စိတ်နဲ့တရားသူကြီး လုပ်ခဲ့တာပါ”လို့ဆိုတယ်။

အာဏာမသိမ်းခင်ကစစ်ဆေးစီရင်ခဲ့ရတဲ့အမှုတွေထဲမှာ ရာဇသတ်ကြီးပုဒ်မ ၃၅၄ ကာအိန္နြေပျက်ပြားစေမှု၊ ၃၇၆ မုဒိမ်းမှု၊ ၄၅၆ ညအချိန်အိမ်ကျော်နင်းမှု၊ ၄၁၇ ကာမလိမ်လည်မှု၊ ၃၂၃ ၊၃၂၄၊ ၃၂၅၊ ၃၂၆ နာကျင်စေမှု တလင် တမယားမှုစတဲ့  အမျိုးသမီးတွေအပေါ်ကျူးလွန်တဲ့အမှုမျိုးတွေစစ်ခဲ့ဖူးပါတယ်။ လုပ်သက်(၁၅)နှစ်အတွင်း အိမ် တစ်လုံး၊ ကားတစ်စီးမပိုင်ခဲ့သလို ရှာရင်သိန်းရာချီရနိုင်ပေမယ့် မရှာခဲ့တဲ့အတွက် ဘာမှမရခဲ့ဘူးလို့ပြောပါတယ်။

“အာဏာသိမ်းချိန်မှာတော့ ဘာမှပေးဆပ်ပြီးလုပ်စရာအကြောင်းမရှိတော့ အောင်စိတ်ကုန် သွားပါတယ်။ တရားသူ ကြီးလစာကလွဲရင်အဆိပ်ပါ”လို့ဆိုတယ်။

တရားရေးဌာနCDM အခြေအနေက တရားသူ ကြီး အယောက်(၂၀)ခန့်နဲ့စာရေးဝန်ထမ်း (၁၂၀)ခန့်ပဲရှိတယ်လို့ ဒေါ် သဥ္ဇာမြကပြောပါတယ်။

“လာဘ်ရလို့တခြားဌာနတွေထက် CDMနည်းရတဲ့အကြောင်းပဲ။အနည်းစုလေးပဲ လူတွေကို တက်နိုင်သ လောက် ကူညီဖို့ရည်ရွယ်ချက်နဲ့ CDMမလုပ်တာ တကယ်လည်းအခုချိန် ကျွန်မ မလုပ်ပေးနိုင်တဲ့ ပြစ်ဒဏ်လျှော့ ပေးတာ၊ ပုဒ်မဖြုတ်ပေးတာတွေကိုပိုက်ဆံမယူပဲသူတို့လုပ်ပေးနိုင်တယ်။ ဘောင်ထဲကနေ”လို့ဒေါ်သဥ္ဇာမြကပြောပြပါတယ်။

အပြစ်မပေးရမယ့်သူကို ပြစ်ဒဏ်လျှော့ပေးတာမျိုးကလည်းမလုပ်သင့်ပဲ အာဏာသိမ်းတာကိုဆန့်ကျင်တော်လှန်သူမှန်သမျှ အပြစ်မရှိ၍ အမှုမှအပြီးသတ်လွှတ်သည်ဆိုတဲ့ စီရင်ချက်မျိုး မရေးရဲရင် CDMလုပ်ရမှာပဲလို့ ခံယူထားပါတယ်။

ငယ်ငယ်က ကျောင်းဆရာမ၊ ပန်းချီဆရာ၊စိတ်ပညာရှင် စတာတွေဖြစ်ချင်တဲ့ အိပ်မက်တွေရှိပေမယ့် တက္ကသိုလ် ဝင်တန်းအောင်ပြီးတဲ့အခါမှာတော့ စိတ်ပညာမေဂျာလျှောက်ခဲ့တယ်။ အဲ့ဒီကနေ ဥပဒေမေဂျာပြောင်းဖြစ်ခဲ့တယ်။

“ဥပဒေမေဂျာယူကတည်းက တရားသူကြီးလုပ်မလား၊ရှေ့နေလုပ်မလား၊ဥပဒေအရာရှိလုပ်မလားရွေးရတယ်။ လူ တွေကို အကူညီ‌ပေးနိုင်ဆုံးက တရားသူကြီးပဲ။တရားသူကြီးလုပ်မယ်ဆုံးဖြတ်ခဲ့တယ်။ တရားသူကြီးဖြစ်ဖို့ ရိုးရိုး ဥပဒေဘွဲ့ထက် မဟာဥပဒေဘွဲ့ရရင်ပိုဖြစ်နိုင်တယ်ဆိုလို့ မဟာဥပဒေဘွဲ့ရအောင်ကြိုးစားခဲ့တယ်။English စာတော် ရမယ်ဆိုလို့ English စာကြိုးစားခဲ့တယ်”လို့ဆိုပါတယ်။

မိဘကလက်လုပ်လက်စားလူတန်းစားမို့ထမင်းစားဖို့၊နေဖို့၊လိုင်းကားစီးဖို့လောက်ပဲပေးနိုင်ခဲ့တယ်။ကိုယ့် ကျောင်းစ ရိတ်ကိုယ်ဘာသာ ရှာခဲ့တယ်။ကျောင်းစရိတ်အတွက် အထည်ချုပ်စက်ရုံမှာ တလတလေဝင်လုပ်တယ်။ ကျောင်းတက်ရတဲ့ကာလဆို အချိန်ပိုင်း ဝင်ငွေရ တဲ့အလုပ်တွေဖြစ်တဲ့ ရခိုင်မုန့်တီချက်ရောင်းတာ၊‌ရေခဲရေး‌ရောင်းတာ၊ ပန်း ရံဆင်းတာ စတာတွေလုပ်ကိုင်ခဲ့ဖူးတယ်။

“မဟာဥပဒေတက်ခွင့်ရခဲ့တာ တရားသူကြီးစာမေးပွဲအောင်ခဲ့တာရော အရည်အချင်းကိုပဲအားကိုးခဲ့ရတယ်။ ငွေကြေးမပေးခဲ့ဘူး။ ပေးနိုင်လည်းမပေးဘူး။ တရားသူကြီးရေးဖြေအောင်တော့ အိမ်နီးချင်း ဥပဒေဘွဲ့ ရက ပြော တယ်။ လူတွေ့သွားဖြေမနေနဲ့ ပိုက်ဆံမပေးနိုင်ရင်ပါမှာမဟုတ်ဘူးတဲ့။ ပိုက်ဆံပေးရမှရမယ့်ဌာနဆို မဝင်ရလည်း ဝမ်း မနည်းဘူး။ ငါ့လိုရိုးသားကြိုးစားသူကို မခေါ်တဲ့ဌာနဆိုလည်း အထင်မကြီးဘူးလို့ပြောခဲ့တယ်”  လို့ဆိုပါတယ်။

တစ်နိုင်ငံလုံးကဖြေဆိုသူတွေထဲမှာ ရေးဖြေအောင်တာ (၉၆)ယောက်ရှိခဲ့တယ်။လူတွေ (၆၀)အောင်ခဲ့ပြီး လူတွေ့ မှာ(၃၆)‌ယောက်ပြုတ်ခဲ့တယ်။အောင်တဲ့အထဲမှာသူမပါခဲ့ပါတယ်။

ဒေါ်သဥ္ဇာမြဟာလက်ရှိမှာတော့  MOJ ကနေနုတ်ထွက်ထားပါတယ်။ MoJကထွက်တာက အလုပ်သစ်တခုက ကမ်း လှမ်းလာလို့ပါ။MOJ မှာတာဝန်ထမ်းဆောင်ခဲ့တာကCDM ရေးရာ ညွှန်ကြားရေး မှူးနဲ ထိမ်းမြား လက် ထပ် အရာရှိ အဖြစ်ပူးတွဲတာဝန်ယူခဲ့တာလို့ဆိုပါတယ်။

တရားစီရင်ရေးလောကထဲမှာ ထူးချွန်ပြီး ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကိုတန်ဖိုးထားတဲ့ဒေါ်သဥ္ဇာမြဟာ မတရားအာဏာသိမ်းတဲ့ဖြစ်စဥ်မှာလည်း တရားတဲ့ဘက်ကရပ်တည်ကာ နိုင်ရာဝန်တွေကိုထမ်းဆောင်နေပါတယ်။

အခက်အခဲတချို့ ဘဝစိန်ခေါ်မှုအသစ်တွေနဲ့ရင်ဆိုင်ရပေမယ့်လည်း CDM ပြုလုပ်ခဲ့တဲ့အတွက်နောင်တမရခဲ့ပါဘူး။

ရှေ့ဆက်ပြီးတော့ တရားစီရင်ရေးလောကထဲက အတွေ့အကြုံတွေကိုအခြေခံပြီး အများပြည်သူယုံကြည်ကိုးစားတဲ့ တရားစီရင်ရေးစနစ်ဖြစ်ဖို့  ကြိုးပမ်းသွားမယ်လို့ဆုံးဖြတ်ထားပါတယ်။


View the original