နိုင်ငံရေးအကျဉ်းသား(၇၀)ကျော်ကို မန္တလေးအိုးဘိုထောင်မှ မကွေးထောင်နှင့်မြင်းခြံထောင်သို့ ပြောင်းရွေ့ခဲ့မှုခဲ့နှင့်ပက်သက်၍ သတင်းထုတ်ပြန်ခြင်း

June 16th, 2024  •  Author:   Political Prisoners Network – Myanmar  •  1 minute read
Featured image

ဇွန်လ(၁၆)၊ ၂၀၂၄၊ ရန်ကုန်

ဇွန်လ(၁၅)ရက်နေ့ နံနက်(၂)နာရီဝန်းကျင်တွင် အမျိုးသားအိပ်ဆောင်များအတွင်းရှိ နိုင်ငံရေးအကျဉ်းသား(၇၀)ကျော်နှင့် မူးယစ်(၃)ဦးခန့်ကိုထောင်ပြောင်းရွေ့ရမည်ဟုဆိုကာ နှစ်ယောက်တစ်တွဲ ခြေကျင်းခတ်၍ မကွေးအကျဉ်းထောင်နှင့်မြင်းခြံအကျဉ်းထောင်သို့ ထောင်ပြောင်းပို့ခဲ့ပါသည်။

ဇွန်လ(၁၅)ရက်နေ့ နံနက် ၆နာရီဝန်းကျင်ခန့်တွင် မြင်းခြံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားအချို့ကို ပို့ဆောင်ခဲ့ပြီး နံနက် ၁၁နာရီဝန်းကျင်ခန့်တွင် မကွေးအကျဉ်းထောင်ကို ကျန်ရှိနိုင်ငံရေးအကျဉ်းသားများကို ပို့ဆောင်ခဲ့ပါသည်။

“ထောင်မပြောင်းရွေ့ခင် အခြေအနေ”

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)အနေဖြင့် ဇွန်လ(၇)ရက်နေ့ နေ့စွဲဖြင့် မန္တလေးအိုးဘိုအကျဉ်းထောင်နှင့်ပတ်သက်သည့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ထုတ်ပြန်ချက်တွင် မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများကို လူဦးရေ(၅၀)သာ ပုံမှန်ထားလေ့ရှိသည့်အခန်းများအတွင်း လူဦးရေ(၁၀၀)ကျော်ခန့် ကျပ်ညှပ်စွာ နေထိုင်နေရပြီး လူသေအလောင်းကိုထည့်သည့် ခေါင်းတလားအကျယ်အဝန်းခန့်တွင်တာ အိပ်စက်နေရကြောင်း ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါကိစ္စရပ်များအပြင် ထောင်အာဏာပိုင်များ၏ အကျဉ်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ထောင်အာဏာပိုင်များ၏ လာဘ်စားမှုများကို စောင့်ကြည့်ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါကိစ္စရပ်များအားထုတ်ပြန်ပြီး ဇွန်လ(၈)ရက်နေ့နောက်တစ်ရက်တွင် အကျဉ်းဦးစီးဝန်ထမ်းအမျိုးသမီး အိနွယ်ဦး(၁ပွင့်)၊ ဒေါ်မြင့်မြင့်လှိုင်၊ ဒေါ်ခင်ပပလှိုင် တို့အလုပ်မှထုတ်ပယ်ခြင်း နှင့် ဒေါ်သွယ်သွယ်ဦး (ဦးစီးအရာရှိ) တို့ကို ရာထူးလျှော့ချ၍ ထောင်ပြောင်းဖြင့် အပြစ်ပေးခြင်းတို့လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထောင်ပိုင် အောင်မျိုးချွန်ကို လွိုင်ကော်အကျဉ်းထောင်၏‌ထောင်ပိုင်အဖြစ် ပြောင်းရွေ့ထမ်း‌ဆောင်စေခဲ့ပြီး လက်ရှိ မန္တလေးအိုးဘိုအကျဥ်းထောင်တွင် ထောင်ပိုင်အသစ် သိန်းဇော်မင်းဆိုသူ ပြောင်းလွှဲ၍ အုပ်ချုပ်နေကြောင်းသိရှိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)


Original post.