မွန်ပြည်နယ်အကျဉ်းဦးစီး ညွှန်ကြားရေးမှူး ဇော်မျိုးအောင်မှ ကျိုက်မရောအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ(၁၀၀)ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့မှုနှင့်ပက်သက်၍ သတင်းထုတ်ပြန်ခြင်း

June 15th, 2024  •  Author:   Political Prisoners Network – Myanmar  •  1 minute read
Featured image

ဇွန်လ(၁၅)ရက်နေ့ ၊၂၀၂၄၊ရန်ကုန်

ယနေ့ဇွန်လ(၁၅)ရက်နေ့ မနက်(၂)နာရီမှစ၍ ကျိုက်မရောအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများရှိရာ အဆောင်များကို နာမည်စာရင်းနှင့် လာရောက်ခေါ်ဆောင်၍ နိုင်ငံရေးအကျဉ်းသားများကို နှစ်ယောက်တတွဲ သံခြေကျင်းခတ်၍ ထောင်ပြောင်းမည်ဟုဆိုကာ အကျဉ်းဦးစီးဌာနနှင့် ရဲတပ်ဖွဲ့မှ လာရောက်ခေါ်ထုတ်သွားခဲ့ပါသည်။

ခေါ်ထုတ်ခံခဲ့ရသည့်သူအများစုမှာ ကျိုက်မ​ေ‌ရာအကျဉ်းထောင်တွင်း နေထိုင်စဉ် ညွန်ကြားရေးမှူး‌ ဇော်မျိုးအောင်၏ မတရားသည့် အမိန့်များကို ထောက်ပြခဲ့ကြသူများဖြစ်သည်။လက်ရှိနောက်ဆုံး စုံစမ်းကောက်ယူရရှိသည့် အချက်အလက်အရ နိုင်ငံရေးအကျဉ်းသူ ၆၀ ဦး (အခြားမှုအပါအဝင်) နိုင်ငံရေးအကျဉ်းသား ၁၀၀ ဝန်းကျင် (အခြားမှုအပါအဝင်) စုစုပေါင်း ၁၆၀ ဝန်းကျင်(ယခုအရေအတွက်သည် အပြောင်းအလဲရှိနိုင်ပါသည်) ထောင်ပြောင်းရွှေ့ခံခဲ့ရပြီး အကျဉ်းဦးစီးဘက်မှ အင်းစိန်ထောင်တွင် ခရီးတထောက်နားပြီး သာယာဝတီထောင်နှင့် ဒိုက်ဦးထောင်ကို ပြောင်းရွေ့မည်ဖြစ်ကြောင်း အကျဉ်းဦးစီအရာရှိဝန်ထမ်းများထံမှ သိရှိရပါသည်။

“ထောင်ပြောင်းမှုမတိုင်ခင်အခြေအနေ”

ဇွန်လ(၁၂)ရက်နေ့ညနေ ၅နာရီခွဲတွင် တန်းပိတ်ချိန်အတွင်း အမျိုးသားအဆောင်နှင့်အမျိုးသမီးအဆောင်ကြား အမြင့်ပေ(၂၀)ကျော်ရှိသည့် အုတ်ရိုးအထက်တွင် သွပ်ပြားကာရန် မှောင်ရိပ်ခိုမှုဖြင့် အမိန့်(၃)လချမှတ်ခံထားရပြီး လွတ်ခါနီးနေသည့် အသက်(၂၅)နှစ်အရွယ် အခြားအကျဉ်းသား ကိုအောင်ချစ်ထွေး နှင့် အခြားလွတ်နီး အကျဉ်းသားများကို ညွန်ကြားရေးမှူး၏အမိန့်ဖြင့် အလုပ်ခိုင်းစေမှူတစ်ခုရှိခဲ့ပါသည်။ ထိုသို့ အကျဉ်းသားများ နားချိန်အတွင်း မတရားအလုပ်ခိုင်းစေမှုပြုသော်လည်း အမြင့်ပေ(၂၀)အထက်တွင် အလုပ်လုပ်ရသည့်သူများအတွက် ကောင်းမွန်သည့် အစီအမံများ အန္တာရယ်ကင်းစေသည့် အသုံးအဆောင်များ စနှစ်တကျ စီစဉ်ပေးခဲ့ခြင်းမရှိခဲ့သည်ကိုစုံစမ်း တွေ့ရှိရပါသည်။

ထိုသို့စီစဉ်မှုမရှိသည့် နောက်ဆက်တွဲအနေဖြင့် အခြားအကျဉ်းသား ကိုအောင်ချစ်ထွေး ဓာတ်လိုက်၍ အမြင့်ပေ(၂၀)မှ အမျိုးသမီးအဆောင်ဘက်အခြမ်းကို ပြုတ်ကျခဲ့ပါသည်။ ထိုသို့ပြုတ်ကျခဲ့သည့် အကျဉ်းသားကို အချိန်နှင့်တပြေးညီ ပြင်ပဆေးရုံသို့ မပို့ဆောင်ပေးခဲ့သည့်အတွက် အမျိုးသမီးအဆောင်မှ ပြင်ပဆေးရုံသို့အမြန်တင်ပေးရန်နှင့် အကျဉ်းသားသေဆုံးမှုဖြစ်စဉ်ပေါ်ပါက ညွန်မှူး ဇော်မျိုးအောင် တာဝန်ယူရမည်ဖြစ်ကြောင်း ဝိုင်းဝန်းပြောဆိုသည့်အချိန်မှာ အဆိုပါပြုတ်ကျသည့် အကျဉ်းသားကို ပြင်ပရှိ မော်လမြိုင်ပြည်သူ့ဆေးရုံသို့ တစ်နှာရီခွဲအကြာမှ ပို့ဆောင်ပေးခဲ့ပါသည်။

နောက်ဆုံးရရှိထားသည့်အချက်အလက်အရ ဓာတ်လိုက်ပြီးပြုတ်ကျခဲ့သည့် အကျဉ်းသား ကိုအောင်ချစ်ထွေးသည် ဦးခေါင်းခွဲစိတ်ကုသမှုကို ခံရမည်ဟု သိရှိထားရကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)


Original post.