Statement 71 Views

လူငယ်သင်တန်းကျောင်းအမည်ခံ လူငယ်အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများအား အသိပေးထုတ်ပြန်ခြင်း

May 30th, 2024  •  Author:   Political Prisoners Network – Myanmar  •  1 minute read
Featured image

မေလ (၃၀)၊၂၀၂၄၊ ရန်ကုန်

အသက်မပြည့်သေးသည့် ကလေး လူငယ်များကို နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးပြီးနောက် လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်း အမည်ခံ ကလေးလူငယ်အကျဉ်းထောင်များကို ပို့ဆောင်၍ မတရားဖမ်းဆီးထိန်းသိမ်းထားလျက်ရှိသည်။

လက်ရှိထုတ်ပြန်ချိန်အထိ စောင့်ကြည့်လေ့လာမှုအရ အသက်မပြည့်သေးသည့် အမျိုးသားလူငယ်များကို ရန်ကုန်တွင် သံလျင်လူငယ်သင်တန်းကျောင်း၊ ငှက်အော်စန်း လူငယ်သင်တန်းကျောင်း နှင့် မန္တလေးလူငယ်သင်တန်းကျောင်း တို့တွင် အဓိကဖမ်းဆီးထားသည်။ အသက်မပြည့်သေးသည့် လူငယ်အမျိုးသမီးများကိုမူ ရန်ကုန်တွင် ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးသင်တန်းကျောင်း၊ ကော့မှူးအမျိုးသမီးသင်တန်းကျောင်းနှင့် မန္တလေးတွင် ပုသိမ်ကြီးအမျိုးသမီး လူငယ်သင်တန်းကျောင်းတို့တွင် ဖမ်းဆီးထားလျက်ရှိသည်။

(၁)ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးကျောင်း၏ ပကတိအခြေအနေများ

ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးကျောင်းသည် အသက်မပြည့်သေးသည့် နိုင်ကျဉ်းအမျိုးသမီးငယ်များအပါအဝင် အခြားအမျိုးသမီးငယ်များအပေါ် လိင်ပိုင်ဆိုင်ရာ ဖိနှိပ်မှု ၊လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုများ ခံစားရလျက်ရှိသည်။လက်ရှိထုတ်ပြန်ချိန်အထိ အမျိုးသမီးငယ်များထားရာ အခန်းများ ရေချိုးခန်းများနှင့် အိမ်သာများအား စောင့်ကြည့်သည့် CCTV များတပ်ဆင်ထားလျက်ရှိသည်။ထို့ကြောင့် အမျိုးသမီးငယ်များ ရေချိုးချိန်နှင့် အိမ်သာသွားချိန်များတွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ ခံစားကြလျက်ရှိနေပါသည်။အချို့အကျဉ်းသူများကို အပြစ်ပေးအရေးယူရာတွင် အမျိုးသမီးငယ်များ ဝတ်ဆင်ထားသည့် အဝတ်အစားများကိုအကုန် ချွတ်ခိုင်း၍ အပြစ်ပေးသည့်အထိ ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိခဲ့ပါသည်။အပေါ့ အလေးသွားလာခွင့်ကိုလဲ သတ်မှတ်ချိန်အတွင်း၌သာ သွားရောက်ခွင့်ရှိပြီး ကျန်အချိန်များတွင် အပေါ့အလေးသွားပါက သင်တန်းကျောင်းတွင်ရှိသည့် ဝန်ထမ်းများမှ တုတ်ဖြင့်ရိုက်၍ အပြစ်ပေးလျက်ရှိနေဆဲဖြစ်သည်။ ကျောင်းအတွင်းလုပ်ငန်းဟု အကြောင်းပြ၍ နိုင်ကျဉ်းအမျိုးသမီးငယ်များကို ထင်းခွဲခိုင်းခြင်းနှင့် မြက်ပေါက်ခိုင်းခြင်းများကိုပါ လုပ်ခိုင်းနေကြောင်း စုံစမ်းသိရှိရပါသည်။ယခုကဲ့သို့ လူ့အခွင့်အရေး၊ကလေးသူငယ်အခွင့်အရေးချိုးဖောက်ခံရသူ အမျိုးသမီးငယ်များသည် ထောင်တွင်းစားသောက်ရေးအဆင်မပြေမှုနှင့် ဆေးဝါးကုသစောင့်ရှောက်မှု လုံလောက်စွာ မရရှိသည့် အခြေအနေများနှင့် ရင်ဆိုင်နေကြရသည်။

(၂)ကော့မှူးအမျိုးသမီးထိန်းသိမ်းရေးစခန်း၏ လက်ရှိရင်ဆိုင်နေရမှုများ

အမျိုးသမီးငယ်အချို့သည် အပျိုဖော်ဝင်ကာစ အချိန်များဖြစ်၍ ရာသီသွေး ဓမ္မတာ လာချိန်များကို အခြားအမျိုးသမီးငယ်များနည်းတူ ရင်ဆိုင်ကြရလျက်ရှိပါသည်။သို့သော် ကော့မှူးအမျိုးသမီးထိန်းသိမ်းရေးစခန်းတွင် အမျိုးသမီးလစဉ်သုံးပစ္စည်းလုံလောက်စွာ ထောက်ပံ့ပေးနိုင်ခြင်းမရှိသည့်အတွက် အမျိုးသမီးငယ်များသည် စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုများနှင့် အဆိုပါရက်များကို ဖြတ်သန်းနေကြရသည်။

ထို့အပြင် အကျဉ်းထောင်အတွင်း၌ စစ်ဆေးချိန်များတွင် ဝန်ထမ်းအမျိုးသမီးများ၏ ယောကျာ်းလေးသူငယ်ချင်းနှင့် မောင်များ၊ အကိုများပါ ဝင်ရောက်တတ်သည့်အတွက် အမျိုးသမီးငယ်များ ရေချိုးရမှုနှင့် အိမ်သာသွားချိန်များတွင် စိတ်မလုံခြုံမှုများ ရင်ဆိုင်နေရပြီး အဆိုပါအမျိုးသားများဝင်ရောက်ချိန်များတွင် အမျိုးသမီးငယ်များ အဝတ်အစားလဲချိန်များနှင့် တိုက်ဆိုင်ချိန်များလည်း ရှိသည့်အတွက် ယခုကဲ့သို့ အမျိုးသမီးထိန်းသိမ်းရေးစခန်းသို့ အမျိုးသားများ ဝင်ရောက်ခွင့်ရနေခြင်းအား ပြင်းထန်စွာ ရှုံ့ချပါသည်။

(၃)ပုသိမ်ကြီး အမျိုးသမီးသင်တန်းကျောင်းတွင်ရင်ဆိုင်ရသည့်အခက်အခဲများ

ပုသိမ်ကြီးအမျိုးသမီးသင်တန်းကျောင်းများတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော အမျိုးသမီးငယ်များထဲတွင် ကရင်နီဒေသ၊ချင်းပြည်နယ်နှင့် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းတွင် အကျဉ်းချခံထားရသူများလည်းရှိသည်။အချို့အမျိုးသမီးငယ်များသည် နယ်ဝေးမှ မိသားစုဝင်များ ပါဆယ်ပေးပို့နိုင်ခြင်းမရှိသည့်အတွက် သင်တန်းကျောင်းမှ ကျွေးသည့် ပဲဟင်းနှင့် ထမင်းကိုသာ အဓိကအားပြုစားသောက်နေထိုင်နေကြရပါသည်။တပတ်လျှင် ကြက်ဥဟင်း(၃)ရက်ကျွေးမွေးခြင်းသာ စောင့်ကြည့်လေ့လာချိန်အတွင်း အများအားဖြင့်တွေ့ရပါသည်။အသားဟင်းနှင့်အချို့အစားအသောက်များကိုမှု အလှူရှင်ရှိသည့်အချိန်များမှသာ စားသောက်ကြရပါသည်။

ယနေ့ အသိပေးထုတ်ပြန်ချက်တွင် အသက်မပြည့်သေးသည့် နိုင်ကျဉ်း လူငယ်အမျိုးသမီးများအဓိကထားရှိသည့် သင်တန်းကျောင်းအမည်ခံ(လူငယ်အကျဉ်းထောင်များအတွင်း)ဖြစ်ပေါ်နေသည့် လတ်တလောအခြေအနေများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အသက်မပြည့်သေးသည့် အမျိုးသားလူငယ်များထားရှိသည့် သင်တန်းကျောင်းအတွင်း ‌ဖြစ်ပေါ်လျက်ရှိသည့် ကိစ္စရပ်များကို သီးခြားထုတ်ပြန်သွားရန် ကြိုးစားဆောင်ရွက်သွားပါမည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)


Original post.