Statement 148 Views

မြန်မာ့အနောက်တံခါးဝက စစ်မီး၊ ရခိုင်-ရိုဟင်ဂျာပဋိပက္ခကို ရှောင်ရှားခြင်း

May 17th, 2024  •  Author:   Crisis Group  •  1 minute read
Featured image

ရက္ခိုင့်တပ်တော်သည် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ရခိုင်ပြည်နယ်အတွင်း ၎င်း၏ထိန်းချုပ်နယ်မြေကို အကြီးအကျယ် ချဲ့ထွင်လျက်ရှိသည်။ ထိုသို့ချဲ့ထွင်ရာတွင် ရိုဟင်ဂျာမွတ်ဆလင်များ နေထိုင်ရာ ဒေသများလည်းပါဝင်သည်။ လတ်တလောတွင် စစ်ကောင်စီက လူ့အသိုင်းအဝိုင်းနှစ်ခုအကြား တင်းမာမှုများ ဖန်တီးနေရာ ရခိုင်နှင့် ရိုဟင်ဂျာခေါင်းဆောင်များ လက်တွဲ၍ ပဋိပက္ခအန္တရာယ်ကို လျှော့ချရန် ကြိုးပမ်းသင့်ပါသည်။

မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်သည့် ရက္ခိုင့်တပ်တော်သည် လွန်ခဲ့သည့် ခြောက်လအတွင်း နိုင်ငံ့အနောက်နယ်နိမိတ်ရှိ ရခိုင်ပြည်နယ်အတွင်း နေရာအများအပြားတွင် ကြီးမားသောထိုးစစ်တစ်ရပ် ဆင်နွှဲခဲ့သည်။ ထိုးစစ်အတွင်း မြို့ကြီးများ၊ စစ်စခန်းပေါင်းများစွာကို သိမ်းပိုက်ခဲ့ပြီး မြန်မာစစ်တပ်ကို ထိုဒေသများမှ မောင်းထုတ်နိုင်ခဲ့သည်။ သို့သော် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်မူ ရိုဟင်ဂျာမွတ်ဆလင်အသိုင်းအဝိုင်းပါ ဆွဲသွင်းခံရသည့် အလွန်ရှုပ်ထွေးသော သုံးပွင့်ဆိုင်ပဋိပက္ခတွင် ရက္ခိုင့်တပ်တော် (အေအေအဖွဲ့)လည်း ပါဝင်ပတ်သက်လာရသည်။ ရခိုင်မြောက်ပိုင်းရှိ ထိန်းချုပ်နယ်မြေများ ဆုံးရှုံးရမည့်အရေး ကြုံလာရသောအခါ စစ်ကောင်စီသည် အသိုင်းအဝိုင်းနှစ်ခုအကြား လူမျိုးရေးတင်းမာမှုမြင့်တက်လာအောင် ပြဿနာမီးမွှေးလာသည်။ စစ်ကောင်စီက အချို့ဒေသရှိ ရိုဟင်ဂျာများကို မက်လုံးပေး၍တစ်နည်း၊ ခြောက်လှန့်၍တစ်ဖုံ ၎င်းဘက်သို့ပါလာစေရန် စည်းရုံးသိမ်းသွင်းလာသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထူထောင်ရန် ရည်မှန်းထားသည့် ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်နယ်အတွင်းက လူ့အသိုင်းအဝိုင်းအားလုံးကို ကျောသားရင်သားမခွဲခြားဘဲ အုပ်ချုပ်မည်ဟု ကြွေးကြော်ခဲ့သည်။ သို့သော် မကြာသေးမီက ထွက်ပေါ်လာသော ၎င်းတို့၏ ပြောဆို၊ ရေးသားချက် အာဘော်နှင့် လုပ်ဆောင်ချက်များသည် ရိုဟင်ဂျာများကို ဒေါသထွက်စေခဲ့သည်။ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခအတွင်း လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုများ မြင့်တက်လာသည်။ ဗုဒ္ဓဘာသာဝင်ရခိုင်များနှင့် မွတ်ဆလင်ရိုဟင်ဂျာများအကြား ပဋိပက္ခဖြစ်ပွားလာပါက အသိုင်းအဝိုင်းနှစ်ဘက်လုံးအတွက် အရင်းအနှီးကြီးသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်။ ယခုကဲ့သို့ အတိမ်းအဆောင်းမခံသည့် အရေးကြီးလမ်းဆုံ၊ လမ်းခွအရောက်တွင် နှစ်ဘက်အသိုင်းအဝိုင်း ခေါင်းဆောင်များအနေဖြင့် ရေရှည်အတွက် အမြော်အမြင်ရှိစွာ ပြုမူဆောင်ရွက်သင့်ပါသည်။ မီးလောင်ရာလေပင့်စေသည့် သဘောထား၊ အပြုအမူ၊ အပြောအဆိုများကို ရှောင်ရှားပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ရုံမက သမိုင်းနှင့်ချီသည့် ရန်ကြွေးများအပေါ်တွင်သာ အာရုံစိုက်မနေဘဲ အသိုင်းအဝိုင်းနှစ်ခုကို ရန်တိုက်ပေးနေသည့် စစ်ကောင်စီ၏ ကျော့ကွင်းများကို သတိကြီးစွာဖြင့် ရှောင်လွှဲသင့်ပါသည်။

ရခိုင်ထဲက အသေးစားပြည်နယ်တစ်ခု

ရခိုင်ပြည်နယ်တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ရက္ခိုင့်တပ်တော် (အေအေအဖွဲ့)နှင့် မြန်မာစစ်တပ်တို့အကြား တတိယအကြိမ် စစ်မက်ဖြစ်ပွားခြင်းဖြစ်သည်။ ပထမအကြိမ် ပစ်ခတ်တိုက်ခိုက်မှုများသည် နှစ်နှစ်တာကြာပြီး ၂၀၂၀၊ နိုဝင်ဘာတွင် အပစ်ခတ်ရပ်စဲမှု တစ်ခုဖြင့် ပြီးဆုံးခဲ့သည်။ ဒုတိယအကြိမ် တိုက်ပွဲများမှာ ၂၀၂၂၊ နှစ်လယ်ခန့်တွင် စတင်ခဲ့ပြီး ကာလတိုတောင်းသော်လည်း  အလွန်တရာ ရက်စက်ကြမ်းကြုတ်ခဲ့သည်။ ၂၀၂၁အာဏာသိမ်းချိန်ကစ၍ မြန်မာစစ်တပ်သည် နိုင်ငံတစ်ဝန်း အခြားစစ်မျက်နှာပြင်များကို အာရုံစိုက်နေချိန်တွင် အေအေအဖွဲ့သည် မိမိထိန်းချုပ်နယ်မြေများတွင် ဩဇာအာဏာ အခိုင်အမာတည်ဆောက်ခဲ့သည်။ ကိုယ်ပိုင်အုပ်ချုပ်မှုယန္တရားကို ပီပြင်စွာအကောင်အထည်ဖော်ခဲ့ရုံမက လက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ရည်ခိုက်ရည် စွမ်းအင်ကို မြှင့်တင်ခဲ့သည်။ အေအေအဖွဲ့သည် လွန်ခဲ့သည့် ခြောက်လခန့်က အလွန်ကြီးမားသည့် ထိုးစစ်တစ်ရပ်ဆင်နွှဲခဲ့ပြီး ၎င်း၏ထိန်းချုပ်နယ်မြေကို ချဲ့ထွင်ခဲ့သည်။ လက်ရှိတွင် ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်က နယ်မြေအများစုပါဝင်သော ပြည်နယ်မြောက်ပိုင်းတို့တွင် မြို့နယ်ကိုးခုကို အေအေအဖွဲ့က အပြည့်အဝ သိမ်းပိုက်၊ ထိန်းချုပ်ထားသည်။ အေအေအဖွဲ့သည် မကြာမီ မြို့တော် စစ်တွေကိုပင် သိမ်းပိုက်ရန် နီးစပ်နေပြီး ပြည်နယ်တောင်ပိုင်းရှိ တိုင်းစစ်ဌာနချုပ်ကိုပင် ခြိမ်းခြောက်လျက်ရှိသည်။

ဤသို့ဖြင့် ရက္ခိုင့်တပ်တော်သည် လူတစ်သန်းကျော်နေထိုင်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများအနက် အကြီးဆုံးဖြစ်သော ကိုယ်ပိုင်ထိန်းချုပ်သော အသေးစားပြည်နယ်တစ်ခုကို အံ့အားသင့်ဖွယ် အလျင်အမြန် တည်ဆောက်နိုင်ခဲ့သည်။ ၎င်းတို့ထံမှ သယံဇာတများကို ထုတ်ယူသော်လည်း ပြည်နယ်ဖွံ့ဖြိုးရေးကို လျစ်လျူရှုသဖြင့် ဗဟိုအစိုးရအဆက်ဆက်သည် ၎င်းတို့အပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်သည်ဟု ရခိုင်များက ရှုမြင်ကြသည်။ သို့နှင့် ရခိုင်လူ့အဖွဲ့အစည်းက ရက္ခိုင့်တပ်တော်ကို ဗဟိုဖိနှိပ်ချုပ်ကိုင်မှုမှ လွတ်မြောက်ရာသို့ ဆောင်ကြဉ်းပေးသူများအဖြစ် မှတ်ယူကြသည်။ သို့သော် အလျင်အမြန် နယ်မြေချဲ့ထွင်မှုသည် တစ်ဘက်တွင်လည်း ဘက်ကန်ဆိုးကျိုးများဖြစ်စေနိုင်ပြီး လူများစုရခိုင်နှင့် လူနည်းစုရိုဟင်ဂျာများအကြား ဆက်ဆံရေးကို တစ်နည်းတစ်ဖုံ ပြောင်းလဲစေနိုင်သည်။

၂၀၂၃၊ နိုဝင်ဘာမတိုင်မီကဆိုလျှင် လူ့အသိုင်းအဝိုင်းနှစ်ခုအကြား ဆက်ဆံရေးတွင် တိုးတက်မှုအချို့ရှိခဲ့သည်။ ရခိုင်ပြည်နယ်ကို စစ်ကောင်စီနှင့် အေအေအဖွဲ့တို့ စင်ပြိုင်အုပ်ချုပ်ခဲ့ကြသည်။ ပြည်နယ်အလယ်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျေးလက်ဒေသ နေရာအများအပြားကို အေအေက ထိန်းချုပ်ပြီး စစ်တပ်ကမူ ၎င်းတို့အထိုင်ချရာ စစ်စခန်းများတွင်သာနေ၍ မြို့များကို အုပ်ချုပ်သည်။ အေအေခေါင်းဆောင်များသည် ရိုဟင်ဂျာအသိုင်းအဝိုင်းနှင့် ၎င်းတို့အကြား ကောင်းမွန်သောဆက်ဆံရေးတစ်ရပ် တည်ဆောက်ရန် ကြိုးပမ်းခဲ့သည်။ ရိုဟင်ဂျာများကို လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်ပြုပြီး အခြားကန့်သတ်ချက်များကို ပယ်ဖျက်ပေးခဲ့သည့်အပြင် ရက္ခိုင့်တပ်တော်၏ အုပ်ချုပ်ရေးယန္တရား အောက်ခြေရာထူးအချို့တွင် ခန့်အပ်ခဲ့သည်။ ထို့ပြင် ရိုဟင်ဂျာများကို လူများစုရခိုင်များနှင့်ပါ ပြောဆိုဆက်ဆံ၊ ဝင်ထွက်သွားလာရန် တွန်းအားပေးခဲ့သည်။ ရခိုင်ပြည်သူများ၏ အထွေထွေ အကျပ်အတည်းသည် ရိုဟင်ဂျာများထက်စာလျှင် တိုင်းပြည်လွတ်လပ်ရေးရကတည်းက ဗဟိုအစိုးရနှင့် စစ်တပ်ကို လွှမ်းမိုးထားသည့် လူများစုဗမာတို့ကြောင့်ဖြစ်ကြောင်း ရခိုင်လူထုက တစ်ခဲနက်ထောက်ခံသော အေအေအဖွဲ့က စည်းရုံးခဲ့သည်။

အေအေအဖွဲ့သည် နယ်မြေအချို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ရာ မကြာမီကာလတွင် ရိုဟင်ဂျာများ အများစုနေထိုင်ရာ ဒေသအားလုံးကို သိမ်းပိုက်နိုင်တော့မည် ဖြစ်သည်။ ၂၀၁၇က စစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် ရိုဟင်ဂျာတစ်သန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထိုဒေသများမှ ထွက်ပြေးခဲ့ကြသည်။ ရိုဟင်ဂျာ အချို့ပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်ပြီး ထိုဒေသများတွင် ပြန်လည်အခြေချနေထိုင်ရန် ပြင်ဆင်နေပြီဖြစ်သည်။ မြေပြင်ပေါ်က အပြောင်းအလဲများသည် နှစ်ဘက်အသိုင်းအဝိုင်းအကြား လူ့ပယောဂမပါသည့် အန္တရာယ်ရှိသော ပွတ်တိုက်မှုများဖြစ်ပေါ်စေနိုင်သည်ဟု ကြိုတင်၍ အတပ်မပြောနိုင်ပေ။ ရိုဟင်ဂျာအချို့က ထိုအပြောင်းအလဲများကို သတိကြီးကြီး စောင့်ကြည့်နေသည်။ သို့သော် လွန်ခဲ့သော နှစ်အချို့ခန့်က လူမျိုးရေးပဋိပက္ခမျိုး ရခိုင်ပြည်နယ်တွင် ထပ်မံဖြစ်ပွားလာခြင်း မရှိသေးပေ။ အထူးသဖြင့် ၂၀၁၂က အသိုင်းအဝိုင်းနှစ်ခုအကြား လူမျိုးရေးပဋိပက္ခကြောင့် လူရာချီသေဆုံး၍ လူဦးရေတစ်သိန်းခွဲခန့် အိုးမဲ့၊ အိမ်မဲ့ဖြစ်ခဲ့ရသည်။ သို့တိုင် လွန်ခဲ့သည့် နှစ်များအတွင်း အသိုင်းအဝိုင်းနှစ်ခုအကြား ဆက်ဆံရေး ပိုမိုကောင်မွန်ရေးအတွက် အေအေအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုများသည် အခက်အခဲများ ကြုံတွေ့လာရသည်။

လေပင့်သည့် ပဋိပက္ခမီးစ

ထိုအခက်အခဲများ၏ လက်သည်တရားခံမှာ မြန်မာစစ်တပ်ဖြစ်ပြီး အထူးသဖြင့် စစ်တပ်၏ စစ်မှုထမ်းမူဝါဒကြောင့်ဖြစ်သည်။ ဖေဖော်ဝါရီ၁၀ရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းကြောင်း ကြေညာခဲ့သည်။ ယခင်ပြဋ္ဌာန်းခဲ့သော်လည်း အကောင်အထည် မဖော်ဖြစ်သော ထိုဥပဒေအရ လူငယ် အမျိုးသား၊ အမျိုးသမီးများသည် မဖြစ်မနေစစ်မှုထမ်းရမည် ဖြစ်သည်။ မြန်မာပြည်တစ်ဝန်း သိန်းနှင့်ချီသော လူငယ်အမျိုးသားများသည် အကြီးအကျယ် လူမုန်းများသည့် စစ်တပ်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိသဖြင့် နိုင်ငံခြားတိုင်းပြည်များနှင့် စစ်တပ်ထိန်းချုပ်မှုပြင်ပရှိ နယ်မြေဒေသများသို့ ထွက်ပြေးတိမ်းရှောင်ကြသည်။ ရိုဟင်ဂျာများအတွက်မူ ပြေးပေါက်မရှိပေ။ အစိုးရအဆက်ဆက်က ရိုဟင်ဂျာများကို နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ခြင်း၊ လွတ်လပ်စွာသွားလာမှုပိတ်ပင်ခြင်း စသည့် ကန့်သတ်ချက်အမျိုးမျိုးဖြင့် ကာလရှည်ကြာ ဖိနှိပ်ချုပ်ချယ်လာခဲ့သော်လည်း မြန်မာစစ်တပ်သည် အေအေနှင့် စစ်မက်ဖြစ်ပွားချိန်တွင် ၎င်းတို့ကို လူသားဒိုင်းအဖြစ် အသုံးချရန် ဝန်မလေးပေ။ ရခိုင်မြောက်ပိုင်းတွင် ထိန်းချုပ်နယ်မြေ ပိုမိုဆုံးရှုံးရမည့်အရေး ကြုံလာချိန်တွင် စစ်တပ်သည် ပြည်နယ်မြောက်ပိုင်းရှိ ကျေးလက်ဒေသတွင်သာမက မြို့တော်စစ်တွေအနီးက ဒုက္ခသည်စခန်းများမှပါ ရိုဟင်ဂျာအမျိုးသားများကို အတင်းအဓမ္မ လူသစ်စုဆောင်းတော့သည်။ ရခိုင်မြောက်ပိုင်းတွင် ရိုဟင်ဂျာများသည် လူများစုဖြစ်နေသေးပြီး မြို့တော်စစ်တွေအနီးက ဒုက္ခသည်စခန်းများတွင်မူ ၂၀၁၂က လူမျိုးရေးပဋိပက္ခကြောင့် အိုးမဲ့၊ အိမ်မဲ့ဖြစ်ရသည့် ရိုဟင်ဂျာပေါင်း ၁၃၀,၀၀၀ခန့် နေထိုင်လျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မွတ်ဆလင်အများစုနေထိုင်ရာ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် ရက္ခိုင့်တပ်တော်က စစ်ရှိန်မြှင့်လိုက်သောအခါ မြန်မာစစ်တပ်ကလည်း အလုံးအရင်းဖြင့် တပ်သားစုဆောင်းလာသည်။ တိုက်ပွဲများပြန်စချိန်မှစ၍ ပြည်နယ်တစ်ဝန်းတွင် အင်တာနက် ဖြတ်တောက်ခံထားရသဖြင့် မြန်မာစစ်တပ် စုဆောင်းသော ရိုဟင်ဂျာအရေအတွက်ကို အတိအကျ မသိရပေ။ သို့တိုင် ရိုဟင်ဂျာ ထောင်ပေါင်းများစွာကို စစ်တပ်က တပ်သားသစ်အဖြစ် စုဆောင်းပြီးဖြစ်သည်ဟု ခန့်မှန်းရသည်။ မြန်မာစစ်တပ်သည် အများအားဖြင့် အတင်းအဓမ္မ လူသစ်စုဆောင်းလေ့ရှိသည်။ သို့သော် ရိုဟင်ဂျာအချို့ကမူ ၂၀၁၇တွင် ၎င်းတို့လူမျိုး ခုနှစ်သိန်းခွဲခန့်ကို ဘင်္ဂလားဒေ့ရှ်သို့ မောင်းထုတ်ခဲ့သော လက်သည်တရားခံဖြစ်သည့်တိုင် ထိုစစ်တပ်တွင် တာဝန်ထမ်းဆောင်ရန် မိမိဆန္ဒအလျောက် စာရင်းပေးသွင်းကြသည်။ ထိုနယ်မြေရှင်းလင်းရေးကို အမေရိကန်အစိုးရက လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင်သတ်မှတ်ခဲ့သည်။ အေအေတပ်ဖွဲ့ အင်အားကြီးမားလာမှုကို စိုးရိမ်ခြင်းနှင့် ၎င်းကို မကျေနပ်မှုတို့မှာ ထိုရိုဟင်ဂျာများ မြန်မာစစ်တပ်သို့ ဝင်ရောက်ခြင်း၏ အကြောင်းရင်းခံဖြစ်နိုင်သည်။ တစ်ဘက်တွင်လည်း စစ်မှုထမ်းပါက ပုံမှန်လစာရရှိမည်ဟု စစ်ကောင်စီက စည်းရုံးသည့်အပြင် အချို့ရိုဟင်ဂျာများကို စစ်မှုထမ်းလျှင် နိုင်ငံသားဖြစ်ခွင့်ပေးမည်ဟုပင် မက်လုံးပေး ဆွဲဆောင်ခဲ့သည်။ စစ်တပ်နှင့် နီးစပ်ပြီး လူသိများထင်ရှားသည့် ရိုဟင်ဂျာခေါင်းဆောင်အချို့က လူငယ်များကို စစ်မှုထမ်းရန်လည်း တိုက်တွန်းလျက်ရှိသည်။

လူမျိုးရေးတင်းမာမှုများဖန်တီးရန်နှင့် ၎င်း၏ ရန်ဘက် (အေအေအဖွဲ့)အတွင်း တည်ငြိမ်မှုပျက်ယွင်းစေရန် စစ်ကောင်စီသည် ရိုဟင်ဂျာများကို ဖိအားပေး၍ အေအေဆန့်ကျင်ရေး ဆန္ဒပြပွဲများ ကျင်းပစေခဲ့သည်။ အထူးသဖြင့် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်ကဲ့သို့ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့များနှင့်လည်း စစ်တပ်က အချိတ်အဆက်ပြုလုပ်ခဲ့သည်။ အာဆာအဖွဲ့ဟုလည်း လူသိများသည် ထိုအဖွဲ့သည် ၂၀၁၇တွင် ရခိုင်ပြည်နယ်အတွင်း စစ်တပ်၏ တပ်စခန်းအများအပြားကို တိုက်ခိုက်ခဲ့ရာ စစ်တပ်က နယ်မြေရှင်းလင်းစစ်ဆင်ရေးဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် စစ်တပ်က အာဆာအဖွဲ့ကို “အကြမ်းဖက် အဖွဲ့အစည်း“အဖြစ် သတ်မှတ်ခဲ့သည်။

ထိုလုပ်ရပ်များကြောင့် အေအေတပ်ဖွဲ့ခေါင်းဆောင်များ ဒေါသူပုန်ထခဲ့သည်။ မြန်မာစစ်တပ် လူသစ်စုထားသည့် “ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများ“ကို စစ်ကောင်စီဘက်တော်သားများအဖြစ် သတ်မှတ်ပြီး “တိုက်ခိုက်သွားမည်“ဟု အေအေအဖွဲ့က မတ်လနှောင်းပိုင်းတွင် ကြေညာခဲ့သည်။ “ဘင်္ဂါလီ“ဟု သုံးနှုန်းသဖြင့် ဝေဖန်ခံရသည့်အခါ အေအေအဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင်သည် ပိုမိုဆိုးရွားစွာ တုံ့ပြန်ခဲ့သည်။ “ဘင်္ဂါလီများကို ဘင်္ဂါလီဟုခေါ်ခြင်းက ဘာမှပြဿနာမရှိ“ဟု အဓိပ္ပာယ်ရသည့် စာသားများ လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ ၎င်းတို့ကို နှိမ်ချသည့် အဓိပ္ပာယ်သက်ရောက်သဖြင့် “ဘင်္ဂါလီ“ဟူသည့် အသုံးအနှုန်းကို ရိုဟင်ဂျာများက မနှစ်မြို့ပေ။ ထို့ပြင် ထိုအသုံးအနှုန်းသည် မကြာသေးမီက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသူများအဖြစ် အဓိပ္ပာယ်သက်ရောက်စေပြီး အစိုးရအဆက်ဆက်က ရိုဟင်ဂျာများကို နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ရာတွင် နှိမ်ချသုံးနှုန်းသော အခေါ်အဝေါ်ဖြစ်သည်။ ထိုအချိန်မှစ၍ အေအေအဖွဲ့သည် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များကို “ဘင်္ဂါလီမွတ်ဆလင် အကြမ်းဖက်အဖွဲ့များ“အဖြစ် စတင်ရည်ညွှန်းခေါ်ဆိုလာသည်။ ဤသို့ဖြင့် အေအေအဖွဲ့သည် ၂၀၁၇တွင် ရိုဟင်ဂျာများအပေါ် စစ်ကြေညာခဲ့သည့် နေပြည်တော်အစိုးရ လေသံပေါက်လာပြီး လွန်ခဲ့သည့် နှစ်အချို့ခန့်က စတင်ခဲ့သော ရိုဟင်ဂျာများနှင့် သင့်မြတ်ရေးလမ်းကြောင်းမှ သွေဖည်လာသည်။ ထို့ပြင် ထွန်းမြတ်နိုင်က ဘူးသီးတောင်မြို့နယ်တွင် စစ်သုံ့ပန်းများအဖြစ် အေအေက ဖမ်းဆီးရမိသည့် ရိုဟင်ဂျာစစ်သားများကို လှောင်ပြောင်ခဲ့သေးသည်။ အေအေအဖွဲ့ပြောရေးဆိုခွင့်ရှိသူကလည်း ရိုဟင်ဂျာများ စစ်တပ်သို့ ဝင်ရောက်စစ်မှုထမ်းခြင်းသည် “လူမျိုးတုံးသတ်ဖြတ်မှု၏ သားကောင်များနှင့် အာဏာရှင်စနစ်တိုက်ဖျက်ရေးတွင် ပါဝင်နေသူများကို အဆိုးရွားဆုံး နည်းလမ်းဖြင့် သစ္စာဖောက်ခြင်း“ဖြစ်ကြောင်း ပြောသည်။

ထိုသို့ ထိလွယ်ရှလွယ်အခြေအနေတွင် အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များ ထွက်ပေါ်လာပြီး လူ့အဖွဲ့အစည်း နှစ်ခုအကြားက အဖုအထစ်များ ပြန်လည်ကြီးထွားလာသည်။ ဧပြီ၁၁ရက်တွင် လည်ပင်းလှီးဖြတ်၍ အသတ်ခံထားရသော ရခိုင်အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများကို ဘူးသီးတောင်မြို့နယ်အတွင်း ဒေသခံများက ရှာဖွေတွေ့ရှိခဲ့သည်။ နောက်ပိုင်းရက်များတွင် ဘူးသီးတောင်မြို့မှ ထွက်ပြေးတိမ်းရှောင်နေသည့် ရာနှင့်ချီသော ရခိုင်လူမျိုးများ၏ နေအိမ်များကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ၎င်းတို့သည် စစ်တပ်၏ အမိန့်ပေးမှုဖြင့် ထိုလုပ်ရပ်များ ကျူးလွန်သည်ဟု ယူဆရသည်။ ဧပြီ၁၇ရက်တွင် အေအေအဖွဲ့ထိန်းချုပ်ထားသော မောင်တောမြို့အနောက်ဘက်ခြမ်းရှိ ရွာတစ်ရွာမှ ရိုဟင်ဂျာ အမျိုးသားငါးဦး ပျောက်ခြင်းမလှ ပျောက်ဆုံးသွားသည်။ ရွာခံများကမူ ထိုအမျိုးသားများကို အေအေတပ်ဖွဲ့ဝင်များနှင့် နောက်ဆုံး တွေ့ရှိခဲ့ကြောင်း ဆိုသည်။ သို့သော် ၎င်းတို့၏ သေဆုံးနေသော ရုပ်အလောင်းများကို ငါးရက်အကြာတွင် ရှာဖွေတွေ့ရှိခဲ့သည်။ အေအေအဖွဲ့ကမူ ၎င်းတို့ကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များက သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။ မေလဆန်းပိုင်းတွင် မြန်မာစစ်တပ်နှင့် ပူးပေါင်းသော ရိုဟင်ဂျာစစ်သားများသည် မောင်တောမြို့အနောက်ဘက်ခြမ်းရှိ ရွာနှစ်ရွာကို ဝင်ရောက်စီးနင်းခဲ့သည်။ လူနေအိမ်ဒါဇင်ပေါင်းများစွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသမီးငယ်၊ သားသည်မိခင်တစ်ဦးကို သတ်ဖြတ်ခဲ့သည်။ မြန်မာစစ်တပ်လောက် အရေအတွက်မများသည့်တိုင် အေအေအဖွဲ့ ကိုယ်၌ကလည်း ၎င်းထိန်းချုပ်ရာ ဒေသများတွင် ရိုဟင်ဂျာများကို အတင်းအဓမ္မလူသစ်စုဆောင်းသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာသည်။ ရခိုင်မြောက်ပိုင်းတွင် အင်တာနက် ဖြတ်တောက်ခံထားရသဖြင့် ထိုလူသစ်စုဆောင်းမှုနှင့် အတည်ပြုရန်ခက်သော အခြားလူ့အခွင့်အရေးချိုးဖောက်မှုများ အေအေက ကျူးလွန်ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာသည်။ ထိုအခါ ရက္ခိုင့်တပ်တော်သည် စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်းနှင့် ၂၀၁၇က စစ်တပ်ကျူးလွန်သကဲ့သို့ “ဒုတိယအကြိမ် လူမျိုးတုံးသတ်ဖြတ်မှု” ဖြစ်လာနိုင်ကြောင်း ရိုဟင်ဂျာခေါင်းဆောင်အချို့က သတိပေးလာကြသည်။ ထို့ပြင် လူမှုကွန်ရက်စာမျက်နှာများတွင် ရိုဟင်ဂျာများက အေအေအဖွဲ့ကို “မော့ဂ်အကြမ်းဖက်အဖွဲ့“ဟု စတင်ခေါ်ဆို သုံးနှုန်းလာကြသည်။ “မော့ဂ် (Mogh)“ဟူသည့် စကားလုံးသည် ရခိုင်လူမျိုးများကို နှိမ်ချခေါ်ဆိုသည့် အသုံးအနှုန်းဖြစ်သည်။

မြန်မာစစ်တပ်သာမက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များကပါ ပွဲဆူစေသည့် အဆိုပါအသုံးအနှုန်းကို တွင်တွင်ကျယ်ကျယ်သုံးစွဲ၍ ရခိုင်ပြည်နယ်အတွင်းနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် လူသစ်စုဆောင်းလာကြသည်။ အထူးသဖြင့် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့က ဒုက္ခသည်စခန်းများတွင် လက်ရှိအချိန်သည် ရခိုင်မြောက်ပိုင်းကို “လွတ်‌မြောက်ရန်“အကောင်းဆုံးအချိန်ဟု စည်းရုံးသိမ်းသွင်း လှုံ့ဆော်ပြီး လူသစ်စုသည်။ လွန်ခဲ့သည့် လများတွင် အသက်၁၄နှစ်အရွယ် ကလေးသူငယ်များအပါအဝင် လူသစ်စုဆောင်းခံရသူ ရိုဟင်ဂျာအများအပြားသည် နယ်စပ်ကိုဖြတ်၍ မြန်မာပြည်အတွင်းသို့ ဝင်ရောက်သွားကြောင်း ဒုက္ခသည်စခန်းများရှိ သတင်းရင်းမြစ်များက Crisis Group သို့ ပြောသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်များတွင် လူသစ်စုဆောင်းမှုမှာ တစ်ဟုန်ထိုးမြင့်တက်လာပြီး လက်နက်ကိုင်အဖွဲ့များသို့ ဝင်ရောက်ရန် စာရင်းပေးထားသူ ၅၀၀ခန့်ရှိကြောင်း ၎င်းတို့က ဆိုသည်။ အချို့ရိုဟင်ဂျာများသည် မိမိကိုယ်ပိုင်နယ်မြေလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရန် ဆန္ဒအလျောက် လက်နက်စွဲကိုင်ကြသူများ ဖြစ်သော်လည်း အများစုသည် ၎င်းတို့၏ဆန္ဒနှင့် ဆန့်ကျင်၍ လူသစ်စုဆောင်းခံရသူများပင်ဖြစ်သည်။ ယင်းသို့ လက်နက်ကိုင်အဖွဲ့များက ဒုက္ခသည်စခန်းများတွင် ပေါ်ပေါ်ထင်ထင် လူသစ်စုဆောင်းလျက်ရှိရာ ရိုဟင်ဂျာဒုက္ခသည်အများအပြားသည် အပြင်ထွက်ရန်ပင် ကြောက်လန့်နေရသည်။ သို့တိုင် ဘင်္ဂလားဒေ့ရှ်အစိုးရက တရားလက်လွတ် လူသစ်စုဆောင်းနေသည့်အဖွဲ့များကို တားဆီးခြင်း အလျှင်းမရှိပေ။

သံသယလွင်ပြင်ကို ကျော်ဖြတ်ခြင်း

လွန်ခဲ့သည့် ရက်သတ္တပတ်များတွင် အေအေအဖွဲ့သည် ရခိုင်မြောက်ပိုင်းတွင် ထိုးစစ်ကို အရှိန်မြှင့်တင်လိုက်ပြီး စစ်တပ်၏ အရေးပါသော တပ်စခန်း အများအပြားကို သိမ်းပိုက်ခဲ့သည်။ ရှေ့လာမည့် ရက်သတ္တပတ်နှင့်လအနည်းငယ်အတွင်း အေအေအဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာအများစုနေထိုင်ရာ မြို့နယ်နှစ်ခုဖြစ်သော ဘူးသီးတောင်နှင့် မောင်တောတို့ကို သိမ်းပိုက်ရန် အလွန်နီးစပ်နေပြီဖြစ်သည်။ အေအေအဖွဲ့သည် စစ်မျက်နှာပြင်တွင် အောင်မြင်ဖွယ်ရှိသည်။ သို့သော် စစ်ပွဲအလွန်ကာလတွင် ၎င်း၏ထိန်းချုပ်နယ်မြေကို တည်ငြိမ်အေးချမ်းစေလိုပါက အေအေအနေဖြင့် ယခုကတည်းက လိုအပ်သည့် ရေခံမြေခံများကို ဂရုတစိုက် စတင်ဖန်တီးသင့်နေပြီဖြစ်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူမျိုးရေးပဋိပက္ခဖြစ်အောင် တင်းမာမှုများ ဖန်တီးသည့်လက်သည်တရားခံက မြန်မာစစ်တပ်ဖြစ်သည်မှာ အငြင်းပွားဖွယ်မရှိပေ။ ထိုစစ်တပ်ကပင် တင်းမာမှုများ ပြေလျော့သွားအောင် စွမ်းဆောင်နိုင်သော်လည်း ထိုသို့လုပ်ဆောင်ဖွယ်မရှိပေ။ အေအေတပ်ဖွဲ့၏ မီးလောင်ရာလေပင့် ထုတ်ပြန်ချက်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များက နဂိုကတင်းမာပြီးဖြစ်သော အခြေအနေကို ပိုမိုဆိုးရွားလာစေသည်။ အေအေအဖွဲ့သည် ယခုကတည်းက ရိုဟင်ဂျာအသိုင်းအဝိုင်းနှင့် ယုံကြည်မှုပြန်လည်တည်ဆောက်ရန် အထူးလိုအပ်သည်။ အကယ်၍ ရခိုင်မြောက်ပိုင်းသည် စစ်တပ်ကင်းစင် နယ်မြေအဖြစ် ထွက်ပေါ်လာပါက အေအေအဖွဲ့သည် ရိုဟင်ဂျာများ၏ ပုန်ကုန်မှုမခံရရန် အလွန်အရေးကြီးပါသည်။ ရိုဟင်ဂျာများ၏ ပုန်ကန်ထကြွမှု တစ်ရပ်ရပ်သာ ပေါ်ပေါက်လာပါက အပြီးတိုင် ချေမှုန်း၍ သုတ်သင်ရှင်းလင်းရန် မဖြစ်နိုင်ပေ။ ထို့ပြင် ရခိုင်ပြည်နယ်တစ်ဝန်း လူမျိုးရေးတင်းမာမှုများသည် သွေးထွက်သံယိုပဋိပက္ခအဖြစ်သို့ နောက်ထပ်တစ်ဖန် ပေါက်ကွဲလောင်ကျွမ်းသွားနိုင်သည့် အန္တရာယ်လည်းရှိနေသည်။

ဦးစွာ “ဘင်္ဂါလီ” ဟူသည့် စကားလုံးသုံးစွဲမှုကို ရပ်တန့်သင့်ပြီး မြန်မာအစိုးရအဆက်ဆက် ငြင်းပယ်ခဲ့သော အခွင့်အရေးများကို ရိုဟင်ဂျာတို့အား ပြန်လည်ခံစားခွင့်ပြုမည်ဟု အာမခံသင့်သည်။ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်၊ အတားအဆီးမရှိ ကူးသန်းရောင်းဝယ် စီးပွားလုပ်ကိုင်ခွင့်နှင့် မရှိမဖြစ်လိုအပ်သော ပြည်သူ့ဝန်ဆောင်မှုများ ခံစားခွင့်တို့ကို ပေးအပ်မည်ဖြစ်ကြောင်း ကတိပြု၍ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို စတင်သင့်ပါသည်။ ရိုဟင်ဂျာကျေးရွာများကို အကာအကွယ်ယူ၍ မြန်မာစစ်တပ်ကို တိုက်ခိုက်သည့် လုပ်ရပ်မျိုးကိုလည်း ရှောင်ကြဉ်သင့်ပါသည်။ ထိုသို့ရှောင်ကြဉ်ခြင်းဖြင့် စစ်တပ်က ရိုဟင်ဂျာအရပ်သားများကို ကလဲ့စားချေခြင်းမှ ကာကွယ်ရာလည်းရောက်သည်။ ထိုမျှမက အောက်ခြေတပ်ဖွဲ့ဝင်များ လိုက်နာရမည့် စစ်သည်ကျင့်ဝတ်များကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပြီး အေအေတပ်ဖွဲ့ဝင်များက လူ့အခွင့်အရေးချိုးဖောက်ကာ ပြစ်မှုကျူးလွန်ကြောင်း ယုံကြည်ရလောက်သည့် စွပ်စွဲချက်များ ထွက်ပေါ်လာပါက မဆိုင်းမတွ စုံစမ်းစစ်ဆေးသင့်ပါသည်။ ပြစ်မှုထင်ရှားလျှင် ကျူးလွန်သူများကို ရှင်းလင်းပြတ်သား၊ ပွင့်လင်းမြင်သာစွာဖြင့် ကျူးလွန်သည့်အမှုနှင့် အချိုးကျသော ပြစ်ဒဏ်များ ချမှတ်သင့်ပါသည်။ အသိုင်းအဝိုင်း နှစ်ခုအကြား ပိုမိုကောင်းမွန်သော ဆက်ဆံရေးတစ်ရပ် မွေးမြူရန် အေအေအဖွဲ့အနေဖြင့် ရိုဟင်ဂျာများကို ၎င်း၏ အုပ်ချုပ်မှုယန္တရားအတွင်း ပိုမိုခန့်အပ်သင့်သည့်အပြင် ရာထူးအမြင့်ပိုင်းတွင်လည်း တာဝန်ပေးအပ်သင့်ပါသည်။

၂၀၁၇တွင် ရိုဟင်ဂျာများအပေါ် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်လာလျှင် မျက်စိဒေါက်ထောက် စောင့်ကြည့်နေပြီး တင်းတင်းကျပ်ကျပ် အရေးတယူဆောင်ရွက်နေကြောင်းကို အေအေအဖွဲ့က သတိပြုသင့်ပါသည်။ ထိုဆောင်ရွက်ချက်များတွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ရှေ့မှောက် မြန်မာကိုစွဲဆိုထားသော အမှုနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ဖွဲ့စည်းခြင်းကဲ့သို့ အပြည်ပြည်ဆိုင်ရာတာဝန်ခံမှုစနစ် ထူထောင်ခြင်းတို့ ပါဝင်သည်။ လက်ရှိရင်ဆိုင်နေရဆဲအမှုတွင် အပြည်ပြည်ဆိုင်ရာတရားရုံးက မြန်မာနိုင်ငံက ရိုဟင်ဂျာများကို အကာအကွယ်ပေးရမည်ဟု ကြားဖြတ်တားဆီးမိန့် ထုတ်ပြန်ခဲ့သည်။ လွတ်လပ်စုံစမ်းယန္တရား (IIMM)သည် မြန်မာနိုင်ငံအတွင်း ကျူးလွန်သူ၏ ပတ်သက်ဆက်နွယ်မှု သို့မဟုတ် ရာထူးအဆင့်အတန်း မခွဲခြားဘဲ နိုင်ငံတကာရာဇဝတ်မှုမြောက်သော လူ့အခွင့်အရေးချိုးဖောက်မှုမှန်သမျှကို သက်သေ၊ အထောက်အထားများ စုဆောင်းရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တာဝန်ပေးအပ်ထားသည့် အဖွဲ့တစ်ခုဖြစ်သည်။ ထိုနိုင်ငံတကာရာဇဝတ်မှုမြောက်သည့် ပြစ်မှုများတွင် ၎င်း၏တပ်ဖွဲ့ဝင်များ ပါဝင်ကျူးလွန်ကြောင်း ပေါ်ပေါက်ပါက အေအေအဖွဲ့သည် ၎င်းထိန်းချုပ်နယ်မြေအတွင်းက ရိုဟင်ဂျာအသိုင်းအဝိုင်းနှင့်သာမက အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်ပါ မျက်နှာပျက်ကိန်း ကြုံတွေ့ရနိုင်သည်။

အေအေအဖွဲ့နှင့် ထင်ရှားသော ရိုဟင်ဂျာခေါင်းဆောင်များအကြား ပုံမှန်ထိတွေ့ဆွေးနွေးခြင်းက ပြဿနာ၏ အဖြေတစ်ခုဖြစ်နိုင်သည်။ တစ်သံတည်းထွက်သည့် ခေါင်းဆောင်မှုမျိုး ရိုဟင်ဂျာအသိုင်းအဝိုင်းတွင် ရှိမနေခြင်းက အခြေအနေကို ပိုမိုရှုပ်ထွေးစေနိုင်သော်လည်း အေအေအဖွဲ့ အနေဖြင့် ပြည်ပရောက်ရိုဟင်ဂျာခေါင်းဆောင်များနှင့် ပုံမှန်ဆက်သွယ်ပြောဆိုပြီး ရခိုင်ပြည်နယ်ရှိ လူ့အသိုင်းအဝိုင်းနှစ်ခုအကြားက ကြီးထွားလာသည့် မယုံကြည်မှုကို ကျော်လွှားရန် ကြိုးပမ်းသင့်ပါသည်။ ဆိုခဲ့ပါ နှစ်ဘက်ခေါင်းဆောင်များအကြား ဆွေးနွေးပွဲများပေါ်ပေါက်လာရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ကူညီပံ့ပိုးပေးသင့်သည်။ တစ်ချိန်ချိန်တွင် ၎င်းတို့လက်ခံထားရသည့် ရိုဟင်ဂျာတစ်သန်းကျော် ရခိုင်ပြည်နယ်သို့ နေရပ်ပြန်နိုင်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရက အထူးဆန္ဒရှိသဖြင့် ထိုသို့ပံ့ပိုးမှုများက ကျိုးကြောင်းဆီလျော်ပေသည်။ အေအေအဖွဲ့သည် ရခိုင်ပြည်နယ်ကို လာမည့်အနာဂတ် အချိန်ကာလအတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်ခြေအလားအလာ အလွန်ကောင်းမွန်လျက်ရှိရာ ထိုသို့ပံ့ပိုးကူညီခြင်းဖြင့် ဒုက္ခသည်အရေးကိစ္စ တစ်ဘက်တစ်လမ်းက ဖြေရှင်းရာလည်း ရောက်သည်။ ဒါကာအစိုးရအာဏာပိုင်များအနေဖြင့် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ၏ ဒုက္ခသည်စခန်းများမှ လူသစ်စုဆောင်းခြင်းကို တားမြစ်သင့်ပါသည်။ ထိုသို့တားမြစ်ရာတွင် ထိုအဖွဲ့များ၏ ဘဏ္ဍာရေးနှင့် လက်နက်များရရှိရာ အရင်းအမြစ်များကို ဖြိုခွင်းသင့်ပါသည်။ ရိုဟင်ဂျာများ၏ လက်နက်ကိုင်ပုန်ကုန်ထကြွမှုတစ်ရပ်ရပ်သည် ဒုက္ခသည်အရေးကိစ္စကိုသာမက မြန်မာပြည်အတွင်းရှိနေသေးသော ဒုက္ခပင်လယ်ဝေသည့် ရိုဟင်ဂျာများ အရေးကိစ္စကို ဖြေရှင်းရာ မရောက်ပေ။

ရိုဟင်ဂျာခေါင်းဆောင်များကလည်း သွေးထွက်သံယိုပဋိပက္ခများ ထပ်မဖြစ်လာစေရန် ကာကွယ်ရာတွင် တစ်ခန်းတစ်ကဏ္ဍက ပါဝင်နိုင်ပါသည်။ အထူးသဖြင့် ရိုဟင်ဂျာများ မိမိဆန္ဒအလျောက် ဘက်တစ်ဘက်သို့ ဝင်ရောက်ကာ အခြားတစ်ဘက်ကို တိုက်ခိုက်ခြင်းမှ ရှောင်ရှားရန် ၎င်းတို့က တိုက်တွန်းသင့်သည်။ သို့သော် လက်တုန့်ပြန်ခံရနိုင်သဖြင့် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက ရိုဟင်ဂျာအသိုင်းအဝိုင်း ခေါင်းဆောင်များသည် မြန်မာစစ်တပ်နှင့် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ၏ တပ်သားသစ်စုဆောင်းမှုကို နှောင့်ယှက်ဟန့်တားရန် မစွမ်းသာပါ။ ပြည်ပရောက် ရိုဟင်ဂျာများကမူ ၎င်းတို့မျိုးနွယ်စုဝင်များ၏ လက်ရှိပဋိပက္ခအပေါ် ရှုမြင်သည့် အမြင်သဘောထားများကို ပြောင်းလဲနိုင်စွမ်းရှိသည်။ စစ်တပ်၏ အဖျက်အမှောင့် လုပ်ရုပ်များသာမရှိပါက ၎င်းတို့နှင့် ရက္ခိုင့်တပ်တော်အကြား ဆက်ဆံရေးများကို ပြန်လည်ပြင်ဆင်ဖို့ အခွင့်အရေးရှိသေးကြောင်း ပြည်ပရောက် ရိုဟင်ဂျာများတွင် ရေရှည်အမြင် ရှိရန်လိုသည်။ ရခိုင်ပြည်နယ်ရှိ လူ့အသိုင်းအဝိုင်းနှစ်ခုအကြားက ဆက်ဆံရေးအရွေ့နှင့်ပတ်သက်၍ ပြောဆို‌ရေးသားရာတွင် စောင့်စည်းရမည်တို့ကို စောင့်စည်းသင့်ပါသည်။ ထို့ပြင် ပြည်ပရောက်ရိုဟင်ဂျာများအနေဖြင့် အသိုင်းအဝိုင်းနှစ်ခုအကြား တင်းမာမှုဖြစ်စေနိုင်သည့် သတင်းအချက်အလက်များကို အွန်လိုင်းစာမျက်နှာများတွင် ရေးသားဖြန့်ချိရာတွင် သတိကြီးစွာ ထားသင့်ပါသည်။

နိဂုံးချုပ်သော် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လက်နက်ကိုင်အဖွဲ့များ၏ လူသစ်စုဆောင်းမှုကို ဟန့်တားသည့် အကာအကွယ်ပေးရေးအစီအစဉ်များ အပါအဝင် ဒုက္ခသည်စခန်းများသို့ ပေးအပ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို တိုးမြှင့်ပေးအပ်သင့်ပါသည်။ ထောက်ပံ့မှုများကို လျှော့ချခြင်းသည် ဆိုးကျိုးများစွာ ဖြစ်ပေါ်စေနိုင်သည်။ အကူအညီများလျှော့ချ၍ စားဝတ်နေရေး ပိုမိုကျပ်တည်းလာပါက ရိုဟင်ဂျာလူငယ် အမျိုးသားများသည် ပုံမှန်ဝင်ငွေရရှိအောင် လက်နက်ကိုင်အဖွဲ့များသို့ ဝင်ရောက်မှု ပိုမိုမြင့်မားလာဖွယ်ရှိသည်။ တပ်သားသစ်စုဆောင်းမှုကို ပြင်းပြင်းထန်ထန် ဖြိုခွင်းခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရသည် ရိုဟင်ဂျာလူငယ်များကို အန္တရာယ်ခံတွင်းဝမှ ကယ်တင်ရာရောက်သည့်အပြင် ဒုက္ခသည်စခန်းများ၏ အရပ်သားဆန်မှု အသွင်အပြင်၊ လက္ခဏာများကို ထိန်းသိမ်းရာလည်းရောက်သည်။ ရခိုင်ပြည်နယ်အတွင်းတွင်မူ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်တွေအနီးက ပိတ်ဆို့ခံဒုက္ခသည်စခန်းများကို အကူအညီများ ဆက်လက်ထောက်ပံ့သင့်ပါသည်။ ထို့ပြင် ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်းက လူမျိုးစုအသိုင်းအဝိုင်းများ အလွန်တရာလိုအပ်နေသော လူသားချင်းစာနာမှု အကူအညီများ ပေးပို့ခွင့်ပြုရန် အေအေအဖွဲ့သို့လည်း တိုက်တွန်းသင့်ပါသည်။

စစ်ရေးအောင်မြင်မှုများ တစ်ခုပြီးတစ်ခု ရယူလာနိုင်သည့် အေအေအဖွဲ့ကို တားဆီးရန် မြန်မာစစ်တပ်သည် မီးကုန်ယမ်းကုန် နည်းလမ်းအစုံ ထုတ်သုံးလာသည်။ ထိုအချိန်တွင် ရခိုင်ပြည်နယ်အတွင်းက လူ့အသိုင်းအဝိုင်းများအကြား ဆက်ဆံရေးသည် အကောင်းနှင့်အဆိုး ယှဉ်တွဲချိတ်ဆွဲထားသည့် ချိန်ခွင်လျှာပေါ်တွင် ရှိနေသကဲ့သို့ ဖြစ်သည်။ အင်အားကြီးလာသည့် အေအေအဖွဲ့ကို ဦးတည်သည့် ရိုဟင်ဂျာပုန်ကန်မှုတစ်ရပ်သာ ပေါ်ပေါက်လာပါက ရခိုင်ပြည်နယ်တွင် သွေးချောင်းစီးပြီး ယခင်အိပ်မက်ဆိုးမက်ခဲ့ဖူးသည့် လူ့အသိုင်းအဝိုင်းနှစ်ခုအကြား ကံဆိုးမိုးမှောင်ကျသော အခြေအနေတစ်ရပ်သာ ဆိုက်ရောက်လာဖွယ်ရှိသည်။ သက်ဆိုင်ရာ လူ့အသိုင်းအဝိုင်း၊ အစုအဖွဲ့များအနေဖြင့် ရှေ့ဆက်မတိုးဘဲ ပဋိပက္ခချောက်ကမ်းပါးအစွန်းမှ နောက်ပြန်ဆုတ်ရန် အခွင့်အရေးတစ်ရပ် ရှိနေသေးသည်။ နှစ်ဘက်အသိုင်းအဝိုင်းကို ဩဇာညောင်းသူ မည်သူမဆို ထိုအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး တင်းမာမှုများလျှော့ချရန် ကြိုးပမ်းအားထုတ်သင့်ပါသည်။


မူရင်းပို့စ်

English version.