မြစ်ကြီးနားအကျဉ်းထောင်တွင်း အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု နောက်ဆက်တွဲ အခြေအနေကို ထုတ်ပြန်အသိပေးခြင်း

April 25th, 2024  •  Author:   Political Prisoners Network – Myanmar  •  1 minute read
Featured image

(ဆန္ဒပြမှုဖြစ်ပွားပြီးနောက် ဧပြီလ၂၄ရက်‌နေ့တွင် မြစ်ကြီးနားအကျဉ်းထောင် ထောင်ပိုင်လေး၊ထောင်ဆေးရုံဆရာဝန်အပါအဝင် ထောင်ဝန်ထမ်းငါးဦး ဖမ်းဆီးခံရ)

ဧပြီလ(၂၅)၊၂၀၂၄၊ရန်ကုန်

ဧပြီလ(၁၈)ရက်နေ့တွင် မြစ်ကြီးနားအကျဉ်းထောင်တွင်း ဆန္ဒပြမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်အပေါ် အကျဉ်းထောင်တာဝန်ခံနှင့် ထောင်ဝန်ထမ်းများမှ ပြေလည်အောင် ဖြေရှင်းပေးခြင်းမရှိပဲ အကြမ်းဖက် ဖြိုခွင်းခဲ့ပါသည်။ ထိုသို့အကြမ်းဖက်ဖြိုခွင်းမှုတွင် အကျဉ်းဦးစီးဝန်ထမ်းအပြင် ရဲတပ်သားနှင့် စစ်သားများပါ ပူးပေါင်း၍ အကျဉ်းသားများကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြပါသည်။

ဧပြီလ(၁၈)ရက်နေ့ အကျဉ်းဦးစီးဝန်ထမ်း၊ရဲနှင့်စစ်သားများ၏ သတ်ဖြတ်မှုကြောင့် အသက် (၂၄)နှစ်အရွယ်နိုင်ငံရေးအကျဉ်းသား ကိုကျော်စိုးဝင်း၊အသက်(၂၂)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားကိုအောင်နိုင်ထွန်း၊ အသက်၄၂ နှစ်အရွယ် အခြားအကျဉ်းသား ဦးညွန့်ဌေးနှင့် အသက်(၄၃)နှစ်အရွယ် အခြားအကျဉ်းသား ဦးထွန်းဝင်းတို့ သေဆုံးခဲ့ရပါသည်။အဆိုပါ အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်အတွင်း အသက်အန္တရယ်စိုးရိမ်ရသည့် ဒဏ်ရာရရှိသူ အခြားအကျဉ်းသားတစ်ဦးဖြစ်သူ ကိုယိန်းဘောမ် လည်း ဧပြီလ(၂၁)ရက်နေ့ တွင်ထပ်မံသေဆုံးသွားကြောင်း သိရှိရပါသည်။

အဆိုပါဆန္ဒပြမှုတွင် ပါဝင်သည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား(၁၉)ဦးကို တိုက်ပိတ်ထားပြီး ထောင်တွင်းပြစ်ဒဏ်အမိန့်ချမှတ်ရန် ပြင်ဆင်နေကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါသည်။ထို့အပြင် အဆိုပါအကျဉ်းသားများအတွက် ပါဆယ်ပို့ခွင့်လည်း ပိတ်ခံထားရပါသည်။

ဧပြီလ(၂၄)ရက်နေ့တွင် ထောင်ပိုင်လေး ကျော်မင်းဦး၊ထောင်ဆေးရုံဆရာဝန် ထွန်းထွန်းအောင် အပါအဝင် ထောင်ဝန်ထမ်း ငါးဦး ဖမ်းဆီး ထိန်းသိမ်း အရေးယူခံရပါတယ် လို့ သိရပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)


Original post.