Report 44 Views

သေရာပါမည့် ဒဏ်ရာများ – မြန်မာပြည်အရှေ့တောင်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ ရွာသားများအား အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်၍ ညှဉ်းပမ်းနှိပ်စက်ခြင်း (၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ)

April 12th, 2024  •  Author:   Karen Human Rights Group  •  1 minute read
Featured image

၁။ နိဒါန်း

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များမှ ရွာသားများအပေါ် ကျူးလွန်သောလူ့အခွင့်အရေးချိုးဖောက်မှုများသည် ပို၍များပြားလာခဲ့သည်။ ထိုလူ့အခွင့်အရေးချိုး ဖောက်မှုများတွင် အရပ်သားများအား ညှဉ်းပမ်းနှိပ်စက်သောဖြစ်စဉ်များသည်လည်း သိသိသာသာ များပြားလာခဲ့သည်။ KHRG မှ ၂၀၂၃ ခုနှစ်အတွင်း အရပ်သားများအား ညှဉ်းပမ်းနှိပ်စက်သောဖြစ်စဉ် (၃၃) ခုကို လက်ခံရရှိခဲ့သည်။ ထိုဖြစ် စဉ် (၃၃) ခုတွင် အနည်းဆုံး အရပ်သားများ (၃၇) ဦး ညှဉ်းပမ်းနှိပ်စက်ခံခဲ့ရသည်။ ဤသို့ညှဥ်းပမ်းနှိပ်စက်သော ဖြစ်စဉ် အများစုကို မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အနေဖြင့် အရပ်သားပြည်သူ များအပေါ် ရုပ်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ အကြမ်းဖက်၍ စစ်လက်နက်တစ်ခုသဖွယ် သဘောထားခဲ့သည်။ SAC မှ ဒေသတွင်းအသိအမှတ်ပြုထားသော ကရင်ပြည်နယ်ရှိ ရွာသားများကို အပြစ်ပေးခြိမ်းခြောက်သည့် အနေဖြင့် ၎င်းတို့အား အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်၍ ညှဉ်းပမ်းနှိပ်စက်ခဲ့သည်။ ရွာသားများသည် ထိုသို့သောအကြမ်းဖက်မှုကို ကြုံတွေ့ရလေ့ရှိသည်။ ဤကဲ့သို့ သောလုပ်ရပ်များကြောင့် SAC အနေဖြင့် နိုင်ငံတကာဥပဒေသစံချိန်စံနှုန်းများနှင့် စစ်ဥပဒေများကို လိုက်နာရန်ပျက်ကွက်ခဲ့သည်။ ရည်ရွယ်ချက်ရှိရှိ စနစ်တကျကျူးလွန်သော ဤအကြမ်းဖက်မှုများကြောင့် ရွာသားများအနေဖြင့် ပြင်းထန်သောဒဏ်ရာများရရှိခြင်း၊ ကြောက်ရွံ့မှုများဖြစ်စေခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများရရှိစေပြီး ဒေသခံပြည်သူလူထု၏ လုံခြုံရေး၊ စားဝတ်နေရေးနှင့် သွားလာလှုပ်ရှားခွင့်တို့ကိုလည်း ဆိုးရွားစွာထိခိုက်စေပါသည်။

ဤအနှစ်ချုပ်စာတမ်းတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းတွင် SAC နှင့် SAC ပူးပေါင်းလက်နက်ကိုင်တပ်ဖွဲ့များမှရွာသားများအပေါ် ညှဉ်းပမ်းနှိပ်စက်သောဖြစ်စဉ်များကို ရေးသားဖော်ပြထားပါသည်။ အနှစ်ချုပ်စာတမ်း၏ပထမအခန်းတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားသည့်အချိန်မှစ၍ မြန်မာပြည်အရှေ့တောင်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် ညှဉ်းပမ်းနှိပ်စက်မှုဖြစ်စဉ်များ၏အခြေအနေကို အကျဉ်းချုပ်ဖော်ပြထားသည်။ ဒုတိယအခန်းတွင် KHRG မှ လက်ခံရရှိသော အစီရင်ခံစာများကိုအခြေခံ၍ ၂၀၂၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော ညှဉ်းပမ်းနှိပ်စက်မှုဖြစ်စဉ်များကို လေ့လာဆန်းစစ်ထားပါသည်။ လေ့လာဆန်းစစ်ထားသောဖြစ်စဉ်များတွင် ရွာသားများအနေဖြင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်နွယ်ပတ်သတ်မှုရှိသည်ဟု စွပ်စွဲ၍သော်လည်းကောင်း၊ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို သိရှိရန်အတွက် ရွာသားများအား သတင်းမေးမြန်းခြင်း သော်လည်းကောင်း သို့မဟုတ် ဒေသခံလူမှုအသိုင်းအဝန်းအား အကြမ်းဖက်၍ခြိမ်းခြောက်စေရန်ဖြစ်စေ၊ လူသားဒိုင်းအဖြစ် သို့မဟုတ် ပေါ်တာအဖြစ် လုပ်ဆောင်စေရန်အတွက် ရွာသားများအား အတင်းအဓမ္မခိုင်းစေ၍ဖြစ်စေအစရှိသော ရည်ရွယ်ချက်များဖြင့် အရပ်သားပြည်သူများကို ဖမ်းဆီးနှိပ်စက်သည့်အခြေအနေများကို ထည့်သွင်းဖော်ပြထားသည်။ ထို့အပြင် ညှဉ်းပမ်းနှိပ်စက်မှုများကြောင့် ဒေသခံလူမှုအသိုင်းအဝန်းများအပေါ် မည်သို့သောဆိုးကျိုးသက်ရောက်မှုများ ထိခိုက်စေသည့်အခြေအနေများကိုလည်း ဖော်ပြထားသည်။ ဤအနှစ်ချုပ်စာတမ်း၏ နောက်ဆုံးအခန်းတွင် ဤသို့ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် လုံခြုံရေးအခြေအနေနှင့် ဥပဒေရေးရာလေ့လာသုံးသပ်ချက်များအား ရေးသားတင်ဆက်ထားပြီး KHRG အနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုက်နာဆောင် ရွက်ရန်အတွက် မူဝါဒအကြံပြုချက်များကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။

၂။ ခြုံငုံသုံးသပ်ချက် – မြန်မာနိုင်ငံတွင် ညှဉ်းပမ်းနှိပ်စက်မှုကို စစ်လက်နက်တစ်ခုသဖွယ် အသုံးပြုခြင်း

မြန်မာစစ်တပ်မှ ပြည်သူလူထုများအပေါ် နိုင်ငံရေးနှင့်စစ်ရေးအရ ဖိနှိပ်ချုပ်ချယ်ရန်ရည်ရွယ်ချက်ဖြင့် ညှဉ်းပမ်းနှိပ် စက်မှုနည်းလမ်းများကို ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုလာခဲ့သည်။ မြန်မာစစ်တပ်မှ အသုံးပြုသည့် “ဖြတ်လေးဖြတ်” မဟာဗျူဟာသည် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့သည်မှာကြာမြင့်ခဲ့ပြီးဖြစ်သည်။ ထိုမဟာဗျူဟာသည် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံလူထုအကြားရှိ ဆက်နွယ်ချိတ်ဆက်မှုကို ဖျက်ဆီးရန်ဖြစ်သည်။ ထိုဆက်နွယ်ချိတ်ဆက်မှုကိုဖျက်ဆီးရာတွင် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များအတွက် စားနပ်ရိက္ခာများ၊ငွေကြေးထောက်ပံ့မှုများ၊ သတင်းအချက်အလက်များနှင့် တပ်သားစုဆောင်းမှုများ ဖြတ်တောက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ လွန်ခဲ့သော(၃)နှစ်အတွင်း ကရင်ပြည်နယ်တွင် ပြည်တွင်းစစ်မီးများပျံ့နှံ့လာပြီး ပြည်သူလူထုများအပေါ် ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများလည်း ပို၍များပြားလာခဲ့သည်။ ထိုလူ့အခွင့်အရေးချိုးဖောက် မှုများတွင်အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း၊ အရပ်သားဒေသများကို လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက် ကြီးများရမ်းသမ်းပစ်ခတ်ခြင်း၊ မြေမြှုပ်မိုင်းများအားအသုံးပြုခြင်း၊ ပြည်သူများအား အတင်းအဓမ္မဖမ်းဆီးခြင်း၊ အဓမ္မပျောက်ဆုံးစေခြင်း၊ နေရပ်ရွှေ့ပြောင်းရခြင်း၊ ဆိုးရွားသော အသက်မွေးဝမ်းကျောင်းဆိုင်ရာစိန်ခေါ်မှုများနှင့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများဆိုင်ရာ အတားအဆီးများစသည်တို့ပါဝင်ပါသည်။

မြန်မာနိုင်ငံတွင် SAC မှ အရပ်သားများအား အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်၍ ဖိနှိပ်ချုပ်ချယ်သောနည်းလမ်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြသည်။ ခန့်မှန်းခြေအရ မြန်မာနိုင်ငံတွင် လက်ရှိနိုင်ငံရေးအကျဉ်းသားများဦးရေ (၂၀၂၄၀) ဦးသည် အကျဉ်းချခံထားရသည်။ ထိုသို့အကျဉ်းချခံရသော အရပ်သားပြည်သူများသည် ညှဉ်းပမ်း နှိပ်စက်ခံရခြင်း၊ လူမဆန်စွာဆက်ဆံခံရခြင်း သို့မဟုတ် ဆိုးရွားသော အခြေအနေအောက်တွင် ထိန်းသိမ်းခံရခြင်း စသည့်အခြေအနေများနှင့် ကြုံတွေ့ရနိုင်ဖွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် SAC သည် အကျဉ်းသားများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရန်ပျက်ကွက်ခဲ့ပြီး အကျဉ်းသားများ အခြေအနေကိုလေ့လာ စောင့်ကြည့်ရန်အတွက် ရှေ့နေများ သို့မဟုတ် ပြင်ပလေ့လာသူများအား ခွင့်ပြုပေးခြင်းလည်း မရှိသောကြောင့်ဖြစ်သည်။ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက်နေဒေသများတွင် SAC အာဏာပိုင်များသည် ရွာသားများကို မကြာခဏဖမ်းဆီး၍ တပ်စခန်းများ၊ ရဲစခန်းများ၊ အကျဉ်းထောင်များနှင့် စစ်ဆေးရေးဂိတ်များတွင် ထိန်းသိမ်းထားလေ့ရှိသည်။ ထို့အပြင် စစ်သားများလည်း ရွာသားများကို မကြာခဏဖမ်းဆီး၍ ကျေးရွာများ၊ စိုက်ပျိုးခြံများ သို့မဟုတ် လူနေအိမ်များတွင်ပင် ထိန်းသိမ်းထားကြသည်။ လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး လက်နက်ကိုင် စစ်သားများလည်း အပြစ်ကင်းလွတ်ခွင့်ရရှိနေခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသော ရွာသားများအနေဖြင့် မည်သည့် နေရာနှင့်မည်သည့်အခြေအနေတွင်မဆို လူမဆန်စွာဆက်ဆံခံရခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခံရခြင်းနှင့် သတ်ဖြတ်ခံရခြင်း တို့ကို ကြုံတွေ့နိုင်ဖွယ်ပို၍များသည်။

မြန်မာစစ်တပ်မှ ညှဉ်းပမ်းနှိပ်စက်သည့်နည်းလမ်းများကို အသုံးပြုလာခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာရှိပြီးဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်မှုဆိုသည်မှာတစ်စုံတစ်ဦးကို အပြစ်ပေးသည့်ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ တစ်စုံတစ်ခုလုပ်ဆောင်ရန် အဓမ္မခိုင်းစေသည်ဖြစ်စေ ထိုသူကို ပြင်းထန်စွာဒဏ်ရာရအောင်ပြုလုပ်ခြင်း သို့မဟုတ် ထိခိုက်နာကျင်စေခြင်းစသည့် လုပ်ရပ်များကို ဆိုလိုခြင်းဖြစ်သည်။ ဤနှစ်များအတွင်း အလွန်ဆိုးရွားသည့်ညှဉ်းပမ်းနှိပ်စက်မှု ဖြစ်စဉ်များကို ရွာသားများကတင်ပြခဲ့သည်။ ထိုညှဉ်းပမ်းနှိပ်စက်မှုဖြစ်စဉ်များတွင် မျက်နှာအဝတ်အုပ်ပြီး နှာခေါင်းနှင့်ပါးစပ်ပေါ်သို့ရေ လောင်းချခြင်း၊ အရေပြားမီးရှို့ခြင်း၊ ခ န္ဓကိုယ်အစိတ်အပိုင်းအား လှီးဖြတ်ခြင်း၊ ကြိုးဖြင့်တွဲလောင်းချခြင်းနှင့် အရှင်လတ်လတ်မြေမြှုပ်ခြင်း စသည်တို့ပါဝင်ပါသည်။ ဤသို့သောညှဉ်းပမ်းနှိပ်စက်မှုများသည် ကျေးရွာတွင်သော်လည်းကောင်း၊ တောထဲတွင်သော်လည်းကောင်း ဖမ်းဆီးချုပ်နှောင်ထားသောနေရာတွင်လည်း ဖြစ်ပွားလေ့ရှိသည်။ တစ်ခါတစ်ရံတွင် လူထုမှကြောက်ရွံ့ထိတ်လန့်အောင် ရွာသားများကို လူအများရှေ့တွင် ညှဉ်းပမ်းနှိပ်စက်ခြင်းလည်းရှိသည်။ ထိုသို့ဆိုးရွားသော တစ်ချို့ဖြစ်စဉ်များကို ဤအနှစ်ချုပ်စာတမ်းတွင် သက်သေအထောက်အထားများနှင့်တကွ ဖော်ပြထားပါသည်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသည့်အချိန်ကာလအတွင်း မြန်မာစစ်တပ်မှ ရွာသားများကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့်ဆက်နွယ်ပက်သတ်မှုရှိသည်ဟုစွပ်စွဲ၍ သတင်းရယူရန်ဖြစ်စေ၊ အပြစ်ပေးသည့်အနေဖြင့်ဖြစ်စေ ထိုရွာသားများအား ညှဉ်းပမ်းနှိပ်စက်ခြင်းသည် အဖြစ်များသော အခြေအနေတစ်ရပ်အဖြစ်တွေ့ရှိရသည်။ အကျဉ်းချထားသောအရပ်သားများကို ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ပေးရန် ပြဌာန်းထားသော နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်ဥပဒေသများကို လျစ်လျှူရှု၍ SAC စစ်သားများသည် ၎င်းတို့ဖမ်းဆီးချုပ်နှောင်ထားသော ရွာသားများကို ပြုစုစောင့်ရှောက်ခြင်းမရှိဘဲ နာကျင်ခံစားရစေအောင် ပြုလုပ်လေ့ရှိသည်။ ဤသို့သောလုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဓလေ့ထုံးတမ်းဥပဒေအောက်တွင် ပြဌာန်းထားသော စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇတ်ဝတ်မှုများကို ချိုးဖောက်ရာမြောက်သည်။


အစီရင်ခံစာ အပြည့်အစုံရယူရန်

English version.