မြန်မာ့အရေး ထိုင်းလွှတ်တော်မှာ ဘာတွေ ဆွေးနွေးကြသလဲ

March 3rd, 2024  •  Author:   Voice of America  •  1 minute read
Featured image

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အထင်အရ ထိုင်း လွှတ်တော်အမတ်တွေ ဦးဆောင်ပြီး မြန်မာ့အရေး သုံးသပ် အဖြေရှာတဲ့ ဆွေးနွေးပွဲတရပ်ကို ထိုင်းလွှတ်တော်မှာ မတ်လ ၂ ရက်နဲ့ ၃ ရက်၊ နှစ်ရက်တာ ကျင်းပပါတယ်။ ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ထိပ်တန်း ခေါင်းဆောင်တွေ၊ မြန်မာ့အရေး ဦးဆောင် လှုပ်ရှားနေသူတွေကို ဖိတ်ခေါ်ပြီး အိမ်နီးချင်းနိုင်ငံတခုအနေနဲ့ ခုလို မြန်မာ့အရေးကို အလေးထား ဆွေးနွေးတဲ့အပေါ်မှာ အင်မတန် အားတက်မိတယ်လို့ ဒီဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ (Progressive Voice Myanmar) ရှေ့ပြေးအသံအဖွဲ့က ဒေါ်ခင်ဥမ္မာက ပြောပါတယ်။ မခင်ဖြူထွေးက ဆက်သွယ် မေးမြန်းထားပါတယ်။

မခင်ဖြူထွေး ။ ။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းထားတဲ့အချိန် မြန်မာ့အရေးကို နိုင်ငံတကာက ဝိုင်းဝန်းထောက်ပြ ပြောဆိုမှုတွေ ရှိနေချိန်မှာ ခုလို မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အထင်ကရ လွှတ်တော်အမတ်တွေက ဦးဆောင်ပြီး မြန်မာ့အရေးကို ဆွေးနွေးတာက ဘယ်လောက်အထိ ထူးခြားတယ်လို့ ပြောလို့ရမလဲ ရှင့်။

ဒေါ်ခင်ဥမ္မာ ။ ။ အခု ဒီတခေါက်လုပ်တာကျတော့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ၃ နှစ်မြောက် အခြေအနေပေါ်မှာ မူတည်ပြီးတော့မှ သူကလုပ်တာလေ။ ခေါင်းစဥ်ကလည်း ဒီ ၃ နှစ်မြောက်လာပြီးနောက် အခြေနေကို ပြန်သုံးသပ်တာဖြစ်တယ်။ အဓိကတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ၊ မြန်မာပြည်သူတွေရဲ့ တော်လှန်ရေး မျှော်မှန်းချက်တွေနဲ့ လူငယ်တွေရဲ့ ကြိုးပမ်းချက်တွေနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်ကို ထူထောင်ဖို့ သွားတဲ့အခါမှာ အခုအားလုံးက ကြိုးစားနေတဲ့ စစ်အာဏာရှင် အမြစ်ဖြုတ်ရေး ဖယ်ရှားရေး ကြိုးစားနေတဲ့ဟာ .. ဒါတွေက သူတို့ လွှတ်တော်အနေနဲ့က ဒီထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေး ကော်မတီကနေပြီးတော့မှ ဒီပွဲကို စီစဥ်တာကိုးနော့။ ဒါကြောင့် ထူးခြားတယ် ဘာကြောင့်လဲဆိုရင် သူတို့က မြန်မာစစ်အုပ်စု အကြမ်းဖက်ခံရလို့ သူတို့နိုင်ငံထဲကို ထွက်ပြေး ရောက်ရှိလာတဲ့ ြမန်မာပြည်သူတွေရဲ့ အခြေအနေတွေ လိုအပ်ချက်တွေ ကြုံရတဲ့ စိန်ခေါ်ချက် ဒုက္ခတွေ အဲဒါတွေကိုလည်း သူတို့ နားထောင်ပြီးတော့ .. အဲဒီကနေပြီးတော့မှ ပြည့်စုံကုံလုံတဲ့ သုံးသပ်ချက် လွှမ်းခြုံမှုရှိတဲ့ သုံးသပ်ချက်တွေနဲ့ အဖြေရှာချင်တယ် ဆိုတဲ့ဟာမျိုး ထိုင်းအောက်လွှတ်တော်ရဲ့ ဒုဥက္ကဌကလည်း ပြောသွားတယ်။ ပြီးတော့ ထိုင်းအမျိုးသားလုံခြုံရေး ကော်မတီရဲ့ ဥက္ကဌဆိုလည်း ပြောတာပေါ့။ သူတို့ရဲ့ စေတနာကို ကျမတို့ မြင်ရတယ်။ အဓိက အထူးခြားဆုံး ကိစ္စကတော့ နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့တွေကို လေးလေးစားစားနဲ့ သူတို့ အသိအမှတ်ပြုပြီးတော့မှ ၊ တရားဝင် အသိအမှတ်ပြုပြီးတော့မှ ဖိတ်ခေါ်တယ် အလေးထားဦးစားပေးပြီးတော့မှ ဒီပွဲကို တက်ရောက်ဖို့ လုပ်လာတယ်ဆိုတာက ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှာလည်း တခါမှ မတွေ့ဖူးတဲ့ကိစ္စရပ်ဖြစ်တယ်။ ဒီလို လွှတ်တော်တွင်းမှာ သေချာစီစဥ်ပြီး လုပ်တယ်ဆိုတဲ့ ကိစ္စကတော့ ဒါအင်မတန်မှ အားရစရာကောင်းတဲ့ ကိစ္စဖြစ်တယ်ပေါ့။

မခင်ဖြူထွေး ။ ။ မတ်လ ၂ ရက်နဲ့ ၃ ရက် နှစ်ရက်တာ ဆွေးနွေးပွဲလို့ သိထားပါတယ်။ ဆိုတော့ အခု ဆွေးနွေးပြီးတဲ့ ပထမနေ့ တရက်မှာရော အဓိက ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးခဲ့ကြပါလဲ။

ဒေါ်ခင်ဥမ္မာ ။ ။ နိုင်ငံရေး အကြောင်းတွေ ပြောကြတယ်။ ပြီးတော့ လူသားချင်းစာနာတဲ့ အကူအညီနဲ့ ပတ်သက်ပြီးမှ စိန်ခေါ်ချက် အကျပ်အတည်းတွေ ပြောကြတယ်။ အထူးသဖြင့်ကတော့ လူသားချင်းစာနာနဲ့ အကူညီနဲ့ ပတ်သက်ရင် စစ်အုပ်စု လက်ထဲကနေ မဖြတ်ဖို့၊ ပြီးသွားလို့ရှိရင် မြန်မာ့ကြက်ခြေနီနဲ့လည်း မလုပ်ဖို့ ၊ ပြီးရင် ခုလို အရေးပေါ် အသက်ကယ် လိုအပ်နေတဲ့ ပြည်သူတွေဆိုတာက စစ်အုပ်စုက ရွာတွေကိုမီးရှို့ ၊ လက်နက်ကြီးနဲ့ပစ် ၊ လေကြောင်းကနေ ဗုံးကြဲ .. ဒီလို စစ်အုပ်ရဲ့ အတိုက်ခိုက် ခံထားရလို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေ ဖြစ်တယ်လေ နော်။ အဲဒီတော့ သူက အကြမ်းဖက်ထားတဲ့သူတွေကို သူ့ဆီကပဲဖြတ်ပြီး အကူအညီပေးတယ် ဆိုတာဟာ တရားမျှတမှုအရရော ၊ morally ကျင့်ဝတ်သိက္ခာအရရော မဖြစ်သင့်ဘူးဆိုတာမျိုးကိုလည်း ဆွေးနွေးကြတာတွေ ရှိပါတယ်။

မခင်ဖြူထွေး ။ ။ ဒီဆွေးနွေးပွဲကို စစ်ကောင်စီဘက်ကတော့ ကန့်ကွက်ထားတယ်လို့ သိရပါတယ်။ ဒီပွဲမှာ တက်ရောက် ဆွေးနွေးသူတွေကလည်း စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ အင်အားစုတွေ အဓိကပါဝင်နေတာဖြစ်ပါတယ်။ ဆိုတော့ ဒီပွဲက လက်ရှိ အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးအတွက် အားရစရာလို့ မြင်မိပါလား။ ဘယ်လို အကျိုးရလဒ်တွေ မျှော်လင့်နိုင်မလဲရှင့်။

ဒေါ်ခင်ဥမ္မာ ။ ။ အရမ်း အားရစရာကောင်းတယ်လို့တော့ မြင်ပါတယ်လေ။ ဘာလို့လဲဆိုတော့ ကျမတို့ဒီ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး ဦးဆောင်မှုအပိုင်းက ကျမတို့နိုင်ငံပြည်သူတွေ တော်လှန်ရေးဆင်နွှဲပြီး ကြိုးစားနေတယ်ဆိုတဲ့ အပေါ်မှာ အသိအမှတ်ပြုလာတယ်၊ နားလည်အောင် ကြိုးစားတယ်။ အဖြေ ဝိုင်းထုတ်ဖို့ကြိုးစားတယ် ၊ ပံ့ပိုးဖို့ ကြိုးစားတယ် ဆိုတဲ့ဥစ္စာက အင်မတန်မှ အားရစရာကောင်းတဲ့အချက် ဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့ ဒီလိုမျိုး ဆွေးနွေးဖလှယ်မှုတွေ အကြံဥာဏ်ပေးကြတာတွေ .. အဲဒါတွေက ဒီအဆင့်ပြီးသွားလို့ နောက်တဆင့်ကျရင်တော့ ထိုင်းအမျိုးသား လုံခြုံရေးကော်မတီအနေနဲ့ ဘယ်လိုမျိုး ဆက်လုပ်သွားကြမလဲ ဆိုတာကိုတော့ ကျမတို့ စောင့်ကြည့်ရဦးမှာပေါ့နော်။


Original post.