စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းမှုအပေါ် အရေးယူရန် ကုလသမဂ္ဂထံ အိတ်ဖွင့်ပေးစာ ပေးပို့

02 March 2024

စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းမှုအပေါ် အရေးယူရန်  ကုလသမဂ္ဂထံ အိတ်ဖွင့်ပေးစာ ပေးပို့

(မဇ္ဈိမ)။          ။ စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းမှုအပေါ် အရေးယူရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UNSC)ထံသို့ အရပ်ဘက်လူထုအဖွဲ့အစည်း ၄၀၀ နီးပါးက ယမန်နေ့ မတ်လ ၁ ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို တရားမဝင် အသက်သွင်းလိုက်သည့်နောက်တွင် အာဆီယံဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် အာမခံချက်ရှိစေရေး UNSC အနေဖြင့် ချက်ချင်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် အဆိုပါ အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုသည်။

ယခုနှစ် မတ်လတွင် UNSC ၏ ဥက္ကဋ္ဌဖြစ်လာမည့် ဂျပန်နိုင်ငံအနေဖြင့် စစ်အုပ်စုအပေါ် စီးပွားရေးအရ ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများနှင့် လက်နက်တင်ပို့ရောင်းချမှု အလုံးစုံပိတ်ဆို့ရေး လုပ်ဆောင်သွားရန်လည်း တိုက်တွန်းထားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းရန် သို့မဟုတ် အရေးပေါ်ခုံရုံးတခုတည်ထောင်ရန်တို့ လုပ်ဆောင်ရန် ကုလသမဂ္ဂကြေညာစာတမ်း၏ အခန်း( ၇ ) အောက်တွင် စည်းနှောင်မှုရှိသော ဆုံးဖြတ်ချက်တရပ်ချမှတ်ရေး အတွက် အရေးပေါ်အစည်းအဝေးတရပ်ခေါ်ယူရန် တောင်းဆိုကြောင်းလည်း ဖော်ပြသည်။

UNSC အနေဖြင့် ၎င်း၏ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ တွင် ကြေညာထားသည့်အတိုင်း အာဆီယံအား ခိုင်မာသော ကူညီပံ့ပိုးမှုများ ပေးအပ်ရန်နှင့် စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းနှင့် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကြောင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာပြည်သူများအတွက် တရားဝင်ကာကွယ်စောင့်ရှောက်မှုများ အမြန်ဆုံး စီမံ‌ဆောင်ရွက်ပေးနိုင်ရန်တို့အတွက် ပံ့ပိုးကူညီပေးရမည်ဖြစ်ကြောင်းလည်း အိတ်ဖွင့်ပေးစာတွင် ‌ရေးသားထားသည်။

စစ်ကောင်စီအနေဖြင့် ယခင် စစ်အာဏာရှင်က ၂၀၁၀ ပြည့်နှစ်တွင် အတည်ပြုခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကိုအကောင်အတည်ဖော်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရေး ကြိုးပမ်းမှုသည် ၎င်း၏ အကြမ်းဖက်မှုလုပ်ရပ်များကို ပိုမိုဆိုးရွားလာစေမည်ဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီအနေဖြင့် တော်လှန်ရေးအင်အားစုများအား လျင်မြန်စွာ ရှုံးနိမ့်လာနေသည့်အပေါ် လူထုက ၎င်းတို့လုပ်သမျှနာခံလာစေရန်၊ အကြောက်တရားလွှမ်းမိုးစေရန်၊ ပြည်သူများ ၎င်းတို့၏ အသိတရားနှင့် ဆန့်ကျင်လျက် အချင်းချင်းသတ်ဖြတ်စေရန်နှင့် တိုင်းရင်းသားများအကြား ပဋိပက္ခများနှင့် ဘာသာရေးတင်းမာမှုများကို မီးထိုးပေးရန်အတွက် စိတ်ဓာတ်စစ်ဆင်ရေးအနေဖြင့် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်လာခြင်းဖြစ်ကြောင်းလည်း ပြောထားသည်။

ထို့ပြင် စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းအသစ်များကို လူသားဒိုင်း၊ ပေါ်တာများနှင့် ရှေ့တန်းတိုက်ခိုက်ရေးသမားများအဖြစ် အသုံးချကာ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ တိုးမြှင့်လုပ်ဆောင်ရန် တွက်ချက်ထားသည့် လုပ်ရပ်ဖြစ်ကြောင်းလည်း အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာတွင် ရေးသားထားသည်။

ထိုသို့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရေးသည် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၂၆၆၉ တွင် တောင်းဆိုထားသည့် နည်းလမ်းပေါင်းစုံဖြင့် အကြမ်းဖက်မှုများအားလုံးကို ချက်ချင်းရပ်တန့်ရမည်ဆိုသည့်အချက်နှင့် လုံးဝဆန့်ကျင်နေကြောင်း အရပ်ဘက်လူထုအဖွဲ့အစည်းများက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ၎င်း၏ စစ်မှုထမ်းဥပဒေကို လက်နက်သဖွယ်အသုံးပြုလာနေသည်ဖြစ်၍ လုံခြုံရေးကောင်စီအနေဖြင့် တိကျသော အရေးယူဆောင်ရွက်မှုများ အမြန်ဆုံးပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်းလည်း အဆိုပါ အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး


Original post.

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia