စစ်အုပ်စုအပေါ် ခိုင်မာတဲ့ အရေးယူမှုတွေ ချမှတ်ဖို့ အရပ်ဘက် ၄၆၂ ဖွဲ့က အရေးတကြီး တိုက်တွန်း

02 February 2024

Than Lwin Times

စစ်အုပ်စုအပေါ် ခိုင်မာတဲ့ အရေးယူမှုတွေ ချမှတ်ဖို့ အရပ်ဘက် ၄၆၂ ဖွဲ့က အရေးတကြီး တိုက်တွန်း

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂

ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC အနေနဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် လုပ်ပိုင်ခွင့် အာဏာနဲ့အညီ မြန်မာစစ်အုပ်စုအပေါ် ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေ ချမှတ်ဖို့ အရပ် ဘက်အဖွဲ့အစည်း ၄၆၂ ဖွဲ့က အရေးတကြီး တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်အုပ်စုရဲ့အကြမ်းဖက်မှုစစ်ဆင်ရေးကို အဆုံးသတ်ဖို့နဲ့မြန်မာနိုင်ငံရှိ အရပ်သားပြည် သူတွေ အကာအကွယ်ပေးဖို့ လျင်မြန်တဲ့အရေးယူမှုတွေလုပ်ဆောင်ဖို့ အရပ်ဘက်အဖွဲ့တွေက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို အိတ်ဖွင့်ပေးစာနဲ့ တောင်းဆိုခဲ့တာပါ။
အာဏာသိမ်းသုံးနှစ်ပြည့်ချိန်မှာ မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့စစ်အုပ်စုရဲ့အကြမ်း ဖက်မှုစစ်ဆင်ရေးတွေကို လုံခြုံရေးကောင်စီက တုံ့ပြန်ရာမှာထိရောက်မှုမရှိနေခြင်းနဲ့ အရေးယူမှု ကင်းမဲ့နေခြင်းအပေါ် အရပ်ဘက် ၄၆၂ ဖွဲ့အနေနဲ့ အလွန်အမင်း စိတ်ပျက်မိတယ်လို့ ထုတ်ပြောပါတယ်။
UNSC ကနေ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ချမှတ်ပြီးချိန်ကတည်းက ပိုမိုအရှိန်မြင့်လာနေတဲ့ စစ်အုပ်စုရဲ့လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ကာကွယ်တားဆီးဖို့ တိုးတက်ဖြစ်ထွန်းမှု တစ်စုံတရာ မရှိတာကို တွေ့ရှိရ တယ်လို့ အရပ်ဘက်အဖွဲ့တွေက ဆိုပါတယ်။
အဲဒီဆုံးဖြတ်ချက်ကို ချမှတ်ပြီးချိန်ကစပြီး စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၉၀၉ ကြိမ် လုပ်ဆောင်ခဲ့ပြီး ကလေးသူငယ်တွေအပါအဝင် အရပ်သားပြည်သူ ၃၆၀ ကျော်ကို သေဆုံးစေခဲ့သလို နေအိမ်အလုံးပေါင်း အနည်းဆုံး ၈၀,၀၀၀ ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အိတ်ဖွင့်စာမှာ ဖော်ပြပါတယ်။
ဒါ့အပြင် အာဏာသိမ်းဖို့ကြိုးပမ်းချိန်ကစပြီး စစ်အုပ်စုဟာ အနည်းဆုံး လူပေါင်း ၄,၄၅၀ ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၂၅,၉၀၀ ကျော်ကို ဖမ်းဆီးခဲ့ကာ အဲဒီထဲက သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်း ၁၉,၉၀၀ ကျော်ကို အကျဉ်းချထားဆဲပါ။
လူမဆန်တဲ့ အခြေအနေတွေ၊ လူ့ဂုဏ်သိက္ခာထိပါးတဲ့ဆက်ဆံမှု၊ ညှဉ်းပန်း နှိပ်စက်မှု၊ လိင်ပိုင်း ဆိုင်ရာနဲ့ လိင်စိတ်ခံယူမှုအခြေပြု အကြမ်းဖက်မှုနဲ့ တရားလက်လွတ်သတ်ဖြတ်မှု တွေဟာ စစ်အုပ်စုထိန်းချုပ်ထားတဲ့ ထောင်နဲ့ အချုပ်စခန်းတွေမှာ နေရာမလပ် ဖြစ်ပွားနေဆဲလို့ အိတ်ဖွင့်စာမှာ ထည့်သွင်းဖော်ပြပါတယ်။
UNSC က စစ်အုပ်စုရဲ့ မကြုံစဖူး ပြည်သူတွေအပေါ် ပစ်မှတ်ထားကျူးလွန်နေတဲ့ အကြမ်းဖက်မှု တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ထိရောက်မှုရှိတဲ့ အစီအမံတွေကို ဖော်ဆောင်ရမယ့်အစား အာဆီယံနဲ့ သူတို့ရဲ့ ကျရှုံးနေတဲ့ ဘုံသဘောတူညီချက်ငါးရပ်အပေါ် မှားယွင်းစွာ မှီခိုနေခဲ့တယ်လို့ အရပ်ဘက်အဖွဲ့တွေက ဆိုပါတယ်။
အဲဒီချဉ်းကပ်မှုဟာ မြန်မာပြည်သူတွေအပေါ် ထိခိုက်နစ်နာမှုသာ ဖြစ်ပေါ်စေပြီး ကမ္ဘာ့အသိုင်း အဝိုင်းကခိုင်မာမှုရှိပြီး အဓိပ္ပါယ် ပြည့်ဝတဲ့ အရေးယူမှုတွေကနေ စစ်အုပ်စုကို ကင်းလွတ်ခွင့်ရ စေဖို့ခွင့်ပြုပေးနေတယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြပါတယ်။
ဒီကနေ့အချိန်မှာ မြန်မာပြည်သူတွေအပေါ် အရှိန်မြှင့်ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့လူမျိုးသုဉ်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ရာဇဝတ်မှုတွေကို ရပ်တန့်နိုင်ရေး နိုင်ငံတကာ အသိုင်းအဝိုင်းထံကနေ အဓိပ္ပါယ်ပြည့်ဝတဲ့အရေးယူမှုတွေ ကင်းမဲ့နေတာကို ထပ်မံအမှတ်ရစေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် UNSC အနေနဲ့ ဆက်လက်တုံ့ဆိုင်းမနေဘဲ ကုလသမဂ္ဂပဋိညာဉ် အခန်း ၇ အရ ဆုံးဖြတ်ချက်အသစ်တစ်ရပ်ကို အရေးပေါ်ချမှတ်လိုက်ရင် မြန်မာပြည်သူတွေကို အကာအကွယ်ပေးရေး အတွက် လုပ်ပိုင်ခွင့်အာဏာကို ကျင့်သုံးပြီး အခြေခံကျတဲ့ တာဝန်ကိုထမ်းဆောင်ဖို့ တောင်းဆိုထားပါတယ်။
UNSC ရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ရုရှားအနေနဲ့လည်း မြန်မာစစ်အုပ်စုရဲ့ပြည်သူ အပေါ် အကြမ်းဖက်စစ်ဆင်ရေးအတွက် နိုင်ငံရေး၊ နည်းပညာနဲ့ပစ္စည်း အထောက်အပံ့ ပံ့ပိုးပေး နေမှုကို ရပ်တန့်ပြီး ပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ရေး ကြိုးပမ်အားထုတ်မှု ကို အားပေးထောက်ခံဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းတောင်းဆိုခဲ့တာ ဖြစ်ပါ တယ်။

သတင်း – သံလွင်တိုင်းမ်


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia