မြန်မာပြည်မြောက်ဖျားက စစ်အာဏာရှင်ဆန့်ကျင်သူ CDM ဆရာမ

25 December 2023

RFA Burmese | 2023.11.25

မသဲစုပိုင်ဟာ အသက်၂၄ အရွယ်ကတည်းက ပူတာအိုမြို့နယ်အတွင်းက ကျေးရွာတွေမှာ မူလတန်းပြ ဆရာမအဖြစ် လှည့်လည်တာဝန်ထမ်းနေရာကနေ နန်းရှယ်ကော့ အထက်တန်းကျောင်းမှာ ဒုတိယတန်း၊ စတုတ္ထတန်းနဲ့ နဝမတန်း အင်္ဂလိပ်စာအတန်းတွေကို သင်ကြားပေးနေရင်း ပညာရေးတက္ကသိုလ် တက်ခွင့်ရရှိခဲ့သူပါ။ လုပ်သက် ခုနစ်နှစ် ရှိနေပြီဖြစ်တဲ့ ပညာရေးဝန်ထမ်း တစ်ယောက်လည်း ဖြစ်ပါတယ်။

၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ရွေးကောက်ပွဲမဲရုံလုပ်ငန်းစဉ်တွေမှာ ပါဝင်ပေးခဲ့တဲ့ ပညာရေးဝန်ထမ်းတွေကို စော်ကားတာလို့ မသဲစုပိုင် ခံစားခဲ့ရပါတယ်။ ဒါကြောင့်လည်း အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ သူပါဝင်ခဲ့တာပါ။

“သူတို့ အာဏာသိမ်းလိုက်တဲ့ အကြောင်းအရင်းက မဲခိုးလို့ဆိုတဲ့ အကြောင်းအရင်း ပါတယ်။ မဲတွေကို အပင်းပန်းခံပြီးတော့မှ အစစအရာရာလုပ်သွားတာက ကျွန်မတို့ ဆရာမတွေပေါ့နော်။ မှန်မှန်ကန်ကန် လုပ်သွားတဲ့အပေါ်မှာ ဒါမမှန်ကန်ဘူးလို့ပြောတယ်ဆိုတာ ဆရာမတွေကို စော်ကားလိုက်တာပဲပေါ့နော်။ ဆရာမတစ်ယောက်အနေနဲ့ဆိုရင်တော့ အဲဒီအချက်ကို လုံးဝမကြိုက်ဘူးပေါ့။ ကျွန်မတို့မြောက်ပိုင်းနယ်မှာဆိုရင် ဖွံ့ဖြိုးစပဲရှိသေးတယ် လွန်ခဲ့တဲ့ ငါးနှစ်တာကာလမှာ ဒီမိုကရေစီရဲ့ အရသာကို အနည်းအကျဉ်း ခံစားပြီးတော့မှ အဆင်ပြေစပဲ ရှိသေးတယ်။ အာဏာထသိမ်းလိုက်တဲ့အခါကျတော့ အခုဖွံ့ဖြိုးဆဲကာလလေးက ရပ်တန့်တော့မှာပါလားဆိုတဲ့ အသိစိတ်နဲ့ပေါ့ ပါဝင်ဖြစ်တာပါရှင့်”

အဲဒီအချိန်က သူစာသင်ရတဲ့ ကျေးရွာတွေကနေ မြစ်ကြီးနားမြို့ပေါ်မှာ သွားရောက်ဆန္ဒပြဖို့ ရွာတွေမှာ လိုက်လံလှုံ့ဆော်ခဲ့ပါတယ်။ စစ်တပ်ကို ကြောက်ကြတဲ့ ကျေးရွာလူကြီးတွေက သူ့ကို တားမြစ်ကြသလို စစ်တပ်ဆန့်ကျင်သူအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အဲဒါကြောင့်ပဲ မိဘဆွေမျိုးနဲ့ ရပ်ရွာကို ခွဲခွာပြီး ဘဝတူ CDM အစုအဖွဲ့တွေအတွက် ထောက်ပံ့ရေးကိစ္စတွေမှာ စပြီး သူပါဝင်ခဲ့ပါတယ်။

ကချင်ပြည်နယ်ထဲမှာ ထွက်ပြေးတိမ်းရှောင်ရင်း သူနဲ့အတူ CDM လုပ်ခဲ့ကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေထဲက အယောက် ၂၀ ကျော် ဖမ်းဆီးခံရပြီးတဲ့နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ၂၀၂၂ ခုနှစ် မတ်လ မှာ သူတစ်ယောက်ထဲ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

“ဒီ မတ်လလောက်မှာ အဖွဲ့ထဲကလူတွေ တစ်သုတ်ပြီးတစ်သုတ်ကို အဖမ်းခံရတယ်ပေါ့နော်။ ၅ ယောက်တစ်သုတ် အဖမ်းခံရတာတွေရှိသလို ၉ ယောက်တစ်သုတ် အဖမ်းခံရတာတွေရှိလာတဲ့အခါ တစ်သုတ်နဲ့တစ်သုတ် အဖမ်းခံရတာ စိပ်လာတော့ ထပ်ရွေ့တယ်ပေါ့။ မြစ်ကြီးနားတစ်ဝိုက်မှာပဲ ရွေ့နေရင် မလုံခြုံတော့ဘူး။ နောက်ဆုံး ကျွန်မတို့အဖွဲ့မှာ ၃ ယောက်လောက်ပဲ ကျန်ပါတယ်ရှင့်။ ကျန်တာအားလုံး အဖမ်းခံရတဲ့အခါကျတော့။ ထောက်ပို့တွေ ဆက်လုပ်သေးတယ်ကျွန်မ။ ပူတာအို PDF အဖွဲ့တွေကို ထောက်ပို့တွေ လုပ်တယ်။ အရင်ဦးဆုံး အသက်အန္တရာယ်မရှိအောင် လွတ်မြောက်သွားအောင် အသက်ကို အရင်ဦးဆုံးကြည့်လိုက်မယ်ဆိုပြီးတော့မှ ဒီမဲဆောက်နယ်ဘက်ကို ထွက်လိုက်တယ်ပေါ့နော်။”

Thae Su Paing 02.jpg

မဲဆောက်ကို ရောက်တဲ့အခါ တရားမဝင် အထောက်အထားမဲ့ နေထိုင်ရတာကြောင့် ကြုံရာကျပန်းအလုပ်တွေ လုပ်ကိုင်ရင်း သူ့ဘဝ ရပ်တည်ရှင်သန်ရေးကို ပထမဦးစားပေး လုပ်ကိုင်နေထိုင်ရတယ်လို့ မသဲစုပိုင်က ပြောပါတယ်။

“Illegal အနေနဲ့ လုပ်လို့ရတာဆိုလို့ အဝတ်အထည်တွေနဲ့ ချည်မွှေးညှပ်တာတွေလည်း ရှိတယ်။ ငရုတ်သီးအညာ ချွေရတာတွေ ရှိတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ခွာရတာတွေလည်း ရှိတယ်။ ဒါက လောလောဆယ်မှာ အိမ်ယူလုပ်လို့ရတဲ့ဟာတွေပေါ့။ ကျွန်မတို့က လမ်းတွေကို အများကြီးထွက်လို့မရတဲ့အခါကျ ရတဲ့ပမာဏတွေက အရမ်းကိုနည်းတယ်။ ကျွန်မတို့ သိသလောက်ဆို တစ်တင်းခွဲအိတ်လောက်ရှိမယ် ကျွန်မတို့ရတဲ့ ပမာဏသည် ဘတ် ၁၅၀ ပဲ။ တစ်ညလုံးချွေရတယ် အချိန်က သိတဲ့အတိုင်း တစ်ရက်အပြီးလုပ်ပေးဆို တစ်ညလုံး လုပ်တယ်။ တောင့်ခံတာပေါ့နော်။ ကြွက်သွန်ခွာရင်လည်း အဲ့လိုပဲ။ ချည်မွှေးညှပ်တဲ့အခါကျလည်း အရင်ကျွန်မတို့ ရောက်စကာလကဆိုရင် တစ်ထည်တစ်ဘတ် ရသေးတယ် အခုဆိုရင် တစ်ထည်တစ်ဘတ် မရတော့ဘူး။ အဲလိုတွေကြုံရတယ်ပေါ့နော်။ လုပ်ငန်းပေးမယ် စက်ချုပ်တဲ့ရုံလေးမှာ လာပါလို့ခေါ်သွားရင်တောင်မှ သူတို့ပေးမဲ့ပမာဏက လပြတ်ပေးမယ် ငါးထောင်ပေးမယ် ခြောက်ထောင်ပေးမယ်ဆိုရင်တောင်မှ ဒါမျိုးတွေမရှိခဲ့ဘူး။ လုပ်သာလုပ်လိုက်ရတယ်။ ၂၅၀၀၊ ၃၀၀၀ ဘတ်ထက် ပိုမရဖူးဘူး။ တစ်ခါမှ။”

ကျပန်းအလုပ်တွေလုပ်ရင်း သူတတ်တဲ့ စာသင်တဲ့အလုပ်ကိုလည်း ပြန်လုပ်ချင်တာကြောင့် အလုပ်တွေ လိုက်လျှောက်ခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။

“အလုပ်သွားလျှောက်တဲ့အခါမှာလည်း ကျွန်မက ပညာရေးပိုင်းကဖြစ်တဲ့အတွက် ဒီဘက်မှာ Migrant School တွေရှိတယ်။ Private School တွေရှိတယ်။ သွားလျှောက်တဲ့အခါကျတော့ ပညာအရည်အချင်း Document တွေ ပြနိုင်ပေမဲ့ နေထိုင်ခွင့်အထောက်အထားတွေ မပြနိုင်တဲ့အခါကျတော့ သူတို့အနေနဲ့ လက်ခံပေးလို့မရဘူးပေါ့နော်။ အဲ့လိုမျိုးတွေလည်း ကြုံရတယ်။ ပြီးတော့ NGO၊ CSO တွေဆီမှာသွားပြီး အလုပ်လျှောက်တဲ့အခါရှိတယ်။ ပညာရေးပိုင်းကဆိုတော့ သူတို့နဲ့သိပ်ပြီး ကီးမကိုက်တဲ့အပိုင်းတွေလည်းရှိတဲ့အခါ ဘယ်လိုမှ ဝင်တိုးလို့မရဘူးပေါ့။ အချို့အဖွဲ့တွေဆိုလို့ရှိရင်လည်း CDM မို့လို့ လက်ကြောမတင်းဘူးဆိုပြီးတော့မှ ခါးခါးသီးသီး ပြောတဲ့နေရာတွေလည်း ရှိတယ်ပေါ့နော်”

သူ့လို ဘဝတူ ရှောင်တိမ်းလာကြသူတွေဟာ ဘဝရပ်တည်ရေးအတွက် ကြိုးစားလုပ်ကိုင်နေပေမဲ့ ကာယဉာဏ စွမ်းအားတွေ အမြတ်ထုတ်ခံနေကြရတဲ့ကြားကပဲ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ရတဲ့ဝင်ငွေတွေထဲကနေ ကူညီထောက်ပံ့နေကြ‌တယ်လို့ သူက ပြောပါတယ်။

“ဒီမှာ အများစုက မြန်မာတွေအများစုကြုံတွေ့နေရတာကတော့ ဒီခေါင်းပုံဖြတ်မှုက အလုပ်ရှိတဲ့လူတိုင်းနီးပါးပဲ။ အလုပ်ရှိတဲ့ Illegal တိုင်းနီးပါးပေါ့နော်။ Illegal မို့လို့ ခေါင်းပုံဖြတ်တယ်လို့ ပြောတယ်။ ဘတ်ရိုက်ထားတဲ့သူတွေအနေနဲ့လည်း ကျွန်မသူငယ်ချင်းတွေအများစုဆိုလို့ရှိရင် ဘတ် ၇၀၀၀၊ ဘတ် ၈၀၀၀ ထက် ပိုပြီးမရကြဘူး။ ဒါဒီမှာ ကြုံကိုကြုံတွေ့နေရတဲ့ကိစ္စပေါ့နော်။ တစ်ခါတစ်လေကျတော့ စဥ်းစားမိတယ် ကျွန်မတို့ရဲ့ ကာယဥာဏစွမ်းအားတွေကို ဒီမှာလာပြီး အမြတ်ထုတ်ခံနေရတာတော့ မှန်တယ်။ ဒါတွေကိုလေ တောင့်ခံပြီးတော့မှ ရင်ဆိုင်ပြီးတော့မှကို ကိုယ့်ရတဲ့ဟာလေးထဲကကို လေးပုံ ပုံတယ်။ စားဖို့ အိမ်ဖိုးပြီးရင် လှူဖို့ ပြီးရင်ကျန်းမာရေးအတွက် အဲ့လိုနဲ့တောင့်ခံနေကြတဲ့ လူတွေချည်းပဲ။”

မသဲစုပိုင်ဟာ ဝင်ငွေရမယ့် အလုပ်တွေလုပ်နေသလို တစ်ဖက်ကလည်း အားလပ်ချိန်တွေမှာ CDM ပညာရေးကိစ္စတွေမှာလည်း ကူညီလုပ်ကိုင်ပေးနေပါတယ်။

“အာဏာသိမ်းလိုက်လို့ ပညာရေးတစ်ခုလုံး ရပ်တန့်သွားတယ်ဆိုတာမျိုး မဖြစ်ရလေအောင် ဒီသုံးနှစ်တာကာလမှာ ကျွန်မတို့သည် ပညာရေးကိုပိုပြီး အဆင့်မြှင့်လာအောင် စနစ်သစ်တွေ သင်တန်းတွေပေးရင်းနဲ့ ဖက်ဒရယ် School တွေ ဖွင့်ရင်းနဲ့ တောင့်ခံလာရင်းပေါ့နော် ကျော်ဖြတ်ခဲ့တယ်ပေါ့။”

Thae Su Paing 01.jpg

သူက ငယ်စဉ်ကတည်းက ပြည်တွင်းစစ်ဖြစ်ပွားရာဒေသမှာ ကြီးပြင်းခဲ့ရသူဖြစ်တာကြောင့် စစ်ပွဲအနိဌာရုံတွေ ထပ်မမြင်ချင်တော့ဘူးလို့ ပြောပါတယ်။

“ကျွန်မက ကချင်ပြည်နယ်မှာ ငယ်ငယ်ကတည်းကကြီးလာတာဖြစ်တဲ့အတွက် ပြည်တွင်းစစ်ဆိုတာ ကျွန်မတို့နဲ့ ယဥ်ပါးနေတဲ့ကိစ္စတွေဆိုတော့ ဒီအနိဌာရုံတွေ အမြဲတမ်းမြင်လာရတဲ့အခါ ဒါတွေကို မမြင်ချင်တော့ဘူး။ ဒီကြိုးစားမှုနဲ့ ဒီတော်လှန်ရေးအောင်ပြီးလို့ရှိရင် ဒါတွေကို အဆုံးသတ်လိုက်ချင်တယ်။ အဲ့လိုစိတ်ကူးတော့ အမြဲတမ်းရှိတယ်ပေါ့နော်။ အခုဆိုလည်းကြားနေရတယ် ဒီလေယာဥ်ပစ်မှတ်တွေ လုပ်တယ်။ မုန်လိုင်ခက်မှာဆိုလည်း အများကြီးဖြစ်သွားတယ်ပေါ့နော်။ လုံးဝစိတ်မကောင်းဘူး။ ဒီခံစားနေရတာက ကျွန်မတို့ဆီမှာပဲ ရှိနေတာလားတော့ မသိဘူး။ တိုင်းရင်းသားနယ်မြေမှာ အမြဲတမ်း ဒါတွေကို တောက်လျှောက်ခံစားလာရတာ ဖြစ်တဲ့အတွက် ဒါတွေကို ထပ်ကြားရတဲ့အခါ ရင်နဲ့မဆန့်အောင်ပဲ။ ခုချိန်ထိလည်း ထပ်ကြားနေရတုန်းပေါ့နော်။ မအောင်မချင်း ဒါတွေကို ကြားနေရမှာပဲဆို‌တော့ အောင်မှ ဖြစ်မယ်ပေါ့နော်။”

စစ်အာဏာရှင်တော်လှန်ရေး အောင်မြင်ဖို့ ကဏ္ဍစုံကဆက်ပြီး ပါဝင်နေဦးမယ်လို့လည်း သူက ပြောပါတယ်။

“ကျွန်မတစ်ယောက်တည်းရဲ့ စိတ်နဲ့တောင်မှ ကျွန်မသည် ဒီတော်လှန်ရေးကို နိုင်အောင်တိုက်မယ်။ နိုင်အောင် တောင့်ခံထားမယ်။ ဘယ်တော့မှ လက်မလျော့ဘူးပေါ့နော်။ ကျွန်မတစ်ယောက်တည်းရဲ့စိတ်မှာတောင် ဒီလိုရှိရင် ကျွန်မရဲ့ ဒီက သူငယ်ချင်းအပေါင်းအသင်း ခုဆို School တွေ ဖွင့်ထားတဲ့ အပေါင်းအသင်းတွေရဲ့ စိတ်ထဲမှာလည်း ခိုင်မာတဲ့စိတ်တွေ ရှိတယ်။ အောင်ကိုအောင်ရမယ် ကျွန်မတို့ နိုင်ကိုနိုင်ရမယ်။ စိတ်ပေါ့နော် ဒီတော်လှန်ရေးကို စလာတာ စိတ်တစ်ခုတည်းနဲ့ အရင်စလာတာ ဖြစ်တယ်။ ပြီးမှ အကုန်လုံးဟာ အစုအဖွဲ့နဲ့ သူ့ကဏ္ဍနဲ့သူ အလုပ်လုပ်ပြီးတော့မှ တိုက်လာကြတာ ခုဆိုရင် အောင်ပွဲသတင်းတွေ ကြားနေရတဲ့အခါမှာ အရမ်းဝမ်းသာတယ်။ အရမ်းလည်း အားတက်မိတယ်ပေါ့နော်။ ရှေ့နှစ်ကဆိုလို့ရှိရင် စိတ်ဓာတ်တွေ ကျခဲ့တယ်။ ဒီနှစ်ဆိုလို့ရှိရင် ဒါက အားတက်စရာတွေချည်းပဲ။”

တော်လှန်ရေးကာလ ပြီးဆုံးသွားတဲ့အခါ မသဲစုပိုင် အဖြစ်ချင်ဆုံးဆန္ဒက ဘာဖြစ်မလဲ။

“ဒီအရေးကြီးပြီးသွားရင် အရင်ဦးဆုံးက ကျွန်မနယ်ကိုပြန်မယ် ကျွန်မနယ်ကိုရောက်ရင် ကျွန်မဖက်ဒရယ်နဲ့ အညီ ပြုပြင်ပြောင်းလဲရမယ်။ ပညာရေးကိစ္စတွေ၊ ကျန်းမာရေးကိစ္စတွေ၊ နိုင်ငံရေးကိစ္စတွေမှာ ဆက်ပြီးတော့ ပါဝင်ဖြစ်မယ်။ ဘာလို့ အဲ့လိုပြောတာလဲဆိုရင် ပညာရေးမှာဆိုရင်လည်း နည်းဥပဒေတွေ၊ သင်ရိုးညွှန်းတန်းတွေ အများကြီးရှိတာ ဖြစ်တဲ့အတွက် ဒါတွေကိုဆက်ပြီးတော့ လုပ်ဆောင်သွားမယ်။ ကျွန်မအလုပ်ချင်ဆုံးတစ်ခုက ကျွန်မနယ်မှာဆိုရင် စာကြည့်တိုက်ဖွင့်ချင်တယ်။ ဘာလို့လဲဆိုရင် ကျွန်မတို့နယ်မှာက လူငယ်တွေ တော်တော်များများက နိုင်ငံရေးအသိမရှိဘူး စီးပွားရေးအသိ မရှိကြဘူးပေါ့။ အဲ့လိုပဲ နယ်မှာတင်မကဘူး ကျွန်မရဲ့ ပူတာအိုတောင်ပေါ်ဒေသမှာလည်း စာကြည့်တိုက်တွေ ဖြစ်မြောက်အောင် လုပ်ကိုလုပ်သွားမယ်။”

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြီးဆုံးတဲ့အခါ ပူတာအိုမှာ စာကြည့်တိုက်တွေဖွင့်ပြီး မြန်မာနိုင်ငံ အစွန်အဖျားမှာ နေထိုင်သူတွေအတွက် စာပေအသိပညာဖွံ့ဖြိုးစေချင်တဲ့ ရှမ်းနီလူမျိုး CDM ကျောင်းဆရာမ မသဲစုပိုင်အကြောင်း တင်ပြခဲ့တာပါ။


View the original

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia