ခရစ္စမတ်လက်ဆောင်အတွက် တရားမျှတမှုကို မျှော်လင့်နေသူ

December 24th, 2023  •  Author:   Kantarawaddy Times  •  1 minute read
Featured image

ကန္တာရဝတီတိုင်း(မ်)

ခရစ္စမတ်အကြိုနေ့ (ဒီဇင်ဘာ ၂၄ ) ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် ပျော်ရွင်ဖွယ်အခါသာမယ ဖြစ်ပေမဲ့ ဒေါ်အယ်စတယ်တယောက် ဒီလိုနေ့မှာ ရင်တွေပူလောင်ကွဲအက်နေတာ အခုဆိုရင် ၂ နှစ်ပြည့်ပြီဖြစ်ပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့ နှစ်နှစ် ဒီလိုခရစ္စမတ် အကြိုနေ့မှာ ဒေါ်အယ်စတယ်ရဲ့ သားနဲ့ သမီးဟာ စစ်ကောင်စီရဲ့ လူမဆန်စွာ မီးရှို့သတ်ဖြတ်ခြင်းကို ခံခဲ့ ရတာကြောင့်ပါ။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ မှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာတဲ့ ကရင်နီလူထု ၄၀ ဝန်းကျင်ကို ဖမ်းဆီးနိပ်စက်ပြီး မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ဒေါ်အယ်စတယ်ရဲ့ သားနဲ့သမီးလည်းပါဝင်သွားခဲ့ပြီး ဒီလိုနေ့ရောက်တိုင်း ဒေါ်အယ်စတယ်အဖို့ ရင်ထဲက အပူမီးပြန်လည်တောက်လောင်နေပါတယ်။

“ကျမ သားနဲ့ သမီးကို သတ်ဖြတ်စရာ အကြောင်းကိုမရှိဘူး။ သူတို့မှာဘာအပြစ်ရှိလို့ သတ်ခဲ့တာလဲဆိုတာကို သူတို့ (စစ်ကောင်စီ)ကို စစ်ဆေးမေးမြန်းပေးကြည့်လို့မရဘူးလား‌ ဆိုပြီး ကျမပြောတယ်။ ဒီအဖြေကို ကျမ သိချင်တယ်၊ ကြားချင်တယ်။” လို့ လက်ထဲမှာ တစ်သျှူးစလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ငိုကြွေးသံနဲ့အတူ အသက် ၄၉ နှစ် အရွယ် ဒေါ်အက်စတယ်ကပြောတယ်။

မိုဆိုရွာက လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုလို့ လူသိများခဲ့တဲ့ အဲဒီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဟာ မိုဆိုရွာနဲ့ ကွိုင်ငံရွာချင်းဆက်လမ်းမှာဖြစ်ပျက်ခဲ့တာပါ။

ဖြစ်စဉ်မဖြစ်ပွားခင် မနက်ပိုင်းမှာ ဒေါ်အယ်စတယ် တယောက် သားနဲ့ သမီးကို နောက်ဆုံးဖုန်းပြောဆိုခဲ့ရတယ်လို့ဆိုပါတယ်။ ဒါဟာ နောက်ဆုံး အကြိမ်စကားပြောရတာဖြစ်လိမ့်မယ်လို့တော့ အဲဒီအချိန်မှာ ဒေါ်အယ်စတယ် တွေးထင်မထားခဲ့ပါဘူး။

ဒေါ်အယ်စတယ်ရဲ့ သားနဲ့ သမီးဖြစ်သူတို့ဟာ ဖရူဆိုမြို့နယ်ထဲက ရွာမှာကျန်ခဲ့တဲ့ မိခင်(ဒေါ်အက်စတယ်) နဲ့ အဒေါ်တို့မိသားစုကို ပြန်လာကြိုရင်း လမ်းမှာ ဒီလိုအဖြစ်အပျက်ဆိုးမျိုးနဲ့ ကြုံတွေ့လိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနေ့မနက်ပိုင်းမှာ နောက်ဆုံးအကြိမ် ဖုန်းနဲ့ စကားဆိုခဲ့ပြီး သားနဲ့ သမီးလာကြိုမှာကို ဒေါ်အက်စတယ်တယောက် အထုပ်အပိုးတွေပြင်ပြီး စောင့်နေခဲ့တယ်လို့ ဆိုပါတယ်။ နေ့လည် အချိန်ရောက်တော့ သားနဲ့သမီးရောက်မလာတာကို စိတ်ပူနေတဲ့ကြားက မိုဆိုရွာအနီး သေနတ်ဖောက်သံကြားတယ်ဆိုတဲ့ ဘေးအိမ်ရဲ့ သတင်းလာပေးမှုကြောင့် သားနဲ့သမီး ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရင်နေမလား ဆိုတဲ့ စိတ်ပူပန်မှုက စတင်ခဲ့ပါတော့တယ်။

မွန်းလွဲပိုင်းရောက်တော့ သူမရဲ့သားနဲ့သမီး စစ်ကောင်စီရဲ့ဖမ်းဆီးမှု ခံရပြီဆိုတာကို သိလိုက်ရပြီး ရွာမှာ ဆက်နေဖို့ မလုံခြုံတော့တာကြောင့် တခြားရွာကို ခြေလျှင်လျှောက်သွားခဲ့ရတာပါ။ သွားတဲ့လမ်းတလျှောက်မှာပဲ မိုဆိုရွာဘေးက မီးခိုးတလူလူတက်နေတာကို အဝေးကနေ လှမ်းကြည့်ခဲ့သေးတယ်လို့ အဲဒီနေ့က မြင်တွေ့ခဲ့ရတာကို ဒေါ်အက်စတယ်က ပြန်ပြောပြပါတယ်။

အဲဒီမီးခိုးတွေဟာ သူမရဲ့ သားနဲ့သမီးအပါအဝင် အရပ်သားပြည်သူ (၄၀) ကျော်ကို မီးရှို့သတ်ဖြတ်ပြီး ထွက်လာတဲ့မီးခိုးတွေဆိုတာ သူမဘယ်လိုမှ မထင်မှတ်ခဲ့ပါဘူး။ နောက်တနေ့မနက်မှာပဲ လူမှုကွန်ယက် စာမျက်နာကနေတဆင့် အကြောင်းအရာအလုံးစုံကို သိလိုက်ရပါတော့တယ်။

စစ်ကောင်စီ သတ်ဖြတ်လိုက်တဲ့ ဒေါ်အက်စတယ်ရဲ့ သားနဲ့ သမီးကတော့ ကျောင်းနေအရွယ် လူငယ်တွေဖြစ်ကြပြီး သမီးဖြစ်သူဟာ အသက် ၂၀ နဲ့ ရန်ကုန်ဒီဂရီပညာရေးကောလိပ်မှာ ပထမနှစ် တက်ရောက်ခဲ့သလို သားဖြစ်သူကတော့ အသက် ၁၈ နှစ် ၁၀ တန်း ကိုတက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။

အဲသည်ဖြစ်စဥ်ဖြစ်ပြီးနောက် ရွာကနေ ထွက်ခွာခဲ့ရပြီ လက်ရှိ ဒေါ်အက်စတယ်ဟာ ကျန်ရှိနေတဲ့ ၁၇ နှစ်အရွယ် သမီးငယ်လေးနဲ့အတူ နယ်စပ်က ရွာတစ်ရွာမှာ အိမ်ငှားဘဝနဲ့ “အမေတခု သမီးတခု” ဖြင့် ဘ၀ကို ခက်ခဲစွာ ရုန်းကန်ရှင်သန်နေပါတယ်။

သူမရဲ့ သမီးငယ်ကို ကျောင်းတခုမှာ ကျောင်းဆက်တက်စေပြီး စားဝတ်နေရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ ပါလာတဲ့ ငွေသားတွေကို ချွေတာသုံးစွဲနေရတယ်။

စစ်ရှောင်ကာလရှည်ကြာတာနဲ့ နေ့စဉ်စားစရိတ် ၊ အိမ်ငှားခ သမီးငယ်ရဲ့ အသုံးစရိတ် အပါအဝင် နယ်စပ်ကိုထွက်လာဖို့ ကုန်ကျစရိတ်တွေကြောင့် လက်ရှိမှာ အခက်အခဲရှိတယ်လို့ ပြောပါတယ်။

လက်ရှိနေရာကို ရောက်ရှိနေတဲ့ ၁ နှစ်ကျော်အတွင်း ဒေါ်အက်စတယ်တို့ကို ဘာသာရေးအဖွဲ့အစည်းတခုကနေ လစဉ်ဆန် နဲ့ တခြားရိက္ခာထောက်ပံ့ပေးတာရှိပေမယ့် တခြားအကူအညီတွေတော့ မရရှိခဲ့ပါဘူး။

စစ်တပ်အာဏာမသိမ်းခင်အထိ ဒေါ်အက်စကာဟာ မုဆိုးမဘဝနဲ့ သားသမီးသုံးယောက်ကို လိုလေသေး မရှိအောင်၊ ပညာတတ်တွေဖြစ်အောင် သူမကိုယ်တိုင် တနိုင်တပိုင်စီးပွားရေးတွေ လုပ်ကိုင်ပြီး စားဝတ်နေရေးမှာ မပူပန်ရသလို သားသမီးတွေကိုလည်း တင့်တင့်တယ်တယ်ထားနိုင်ခဲ့ပါတယ်။

သူမရဲ့ သားသားမီးတွေအပေါ်ထားတဲ့ “ပညာတတ်တွေဖြစ်ရမယ်” ဆိုတဲ့ အိမ်မက် နဲ့အတူ သူမတို့ရဲ့ စည်းစိမ် ဥစ္စာဖြစ်တဲ့ အိမ်၊ တောင်ယာ၊ ကျွဲ၊ နွား ၊ မော်တော်ကား ၊ ဆိုင်ကယ် အဲဒါတွေအားလုံးဟာ အာဏာသိမ်းပြီးနောက် တစတစ ပျောက်ကွယ်သွားရပါတော့တယ်။

“ပစ္စည်းဥစ္စာတွေထက် ကျမရဲ့ ကလေးနှစ်ယောက်ဆုံးရှုံးလိုက်ရတာက ယူကြုံးမရအဖြစ်ဆုံးပဲ” လို့ ဒေါ်အက်စတယ်ကပြောပါတယ်။

ဒေါ်အက်စတယ်လိုပဲ မိုဆိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်မှာ အမျိုးသားခင်ပွန်းသည် အသတ်ခံရတဲ့ အသက် (၃၀) အရွယ် ဒေါ်အန်းဂျေလာလည်း ကျန်ခဲ့တဲ့ သားငယ်နှစ်ယောက်နဲ့အတူ နယ်စပ် ကျေးရွာတရွာမှာ နေထိုင်နေပါတယ်။

သူမတို့မိသားစုကတော့ တတိယနိုင်ငံဆက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရောက်ရှိလာခဲ့ ကြတာပါ။ အိမ်ထောင်ဦးစီးကို ဆုံးရှုံးခဲ့ရတဲ့အတွက် အစစအရာအရာမှာ အဆင်မပြေမှုတွေနဲ့ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ၇ နှစ် နဲ့ ၅ နှစ် အရွယ်ဆိုတာ ကျောင်းထားပေးရမယ်ဆိုပေမယ့် အခက်အခဲတွေကြောင့် ဒေါ်အန်းဂျေလာက သားနှစ်ဦးကို ကျောင်း မထားနိုင်ပါဘူး။

“ ကလေးနှစ်ယောက်ရဲ့အနာဂတ်အတွက်ဆိုပြီး လိုက်သွားပေးတာပေါ့။ မသွားချင်ပေမဲ့ အဲ ကလေးနှစ်ယောက် အတွက်လည်းစဉ်းစားပေးရတာပေါ့။ တအားဒုက္ခရောက်သွားတယ်။ အရှေ့သွားလို့လည်းမရဘူး အနောက်ပြန်သွား လို့လည်းမရ။ အဲလိုမျိုးဖြစ်သွားတော့ တအားဒုက္ခရောက်သွားတယ်။ ဘယ်လိုရှေ့ဆက်ရမလဲ မသိတော့ဘူး” လို့ လက်ရှိအခြေအနေကို ဒေါ်အန်းဂျေလာက ညဉ်းတွားနေပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်တွင်းမှာ စစ်ကောင်စီက ပြည်သူတွေကို မတရား ဖမ်းစီးသတ်ဖြတ်မှု တွေထဲက ဒီဇင်ဘာလ ၂၄ ၊ ခရစ္စမတ်အကြိုနေ့ အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်မှုဟာ ကရင်နီလူထုတွေ အတွက် အကြီးမားဆုံးသော တုန်လှုပ်မှုခြောက်ခြားမှုတခုဖြစ်ခဲ့ပါတယ်။

နိုင်ငံတဝှမ်းမှာ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ယနေ့အချိန်ထိ စစ်ကောင်စီကနေ ကျူးလွန်ခဲ့တဲ့ ၅ ဦးနဲ့ အထက် သတ်ဖြတ်မှု ၁၂၇ ကြိမ်အထိ ရှိခဲ့ပြီး သေဆုံးခဲ့တဲ့ ပြည်သူပေါင်း ၁၈၅၅ ဦးထိရှိတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ စာရင်းအရ သိရပါတယ်။

အဲဒီအထဲမှ ၁၅၁ ဦး ကတော့ ၁၈ နှစ်အောက်ကလေးသူငယ်တွေ ဖြစ်ကြပြီး ဒီစာရင်းတွေဟာ လက်လှမ်းမီ ကောက်ယူထားတဲ့စာရင်းတွေ ဖြစ်သလို မြေပြင်မှာ စစ်ကောင်စီ ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွဟာ ဒီစာရင်းတွေထက်ပိုများနိုင်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီး ခွန်းဗဟန်းထန်က ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီလူသတ်မှုကို သူတို့ မကျူးလွန်ခဲ့ဘူးလို့ ငြင်းဆိုထားပေမဲ့ သက်သေတွေကို KNDF (ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်) ကရရှိထားပြီးဖြစ်ပါတယ်။

“ထူးခြားချက်အနေနဲ့ ဒီအမှုဟာ နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုဖို့အထိ ခိုင်လုံတဲ့ အမှုအဖြစ် ရွေးချယ်ခံရတဲ့အမှုဖြစ်ပြီး လက်ရှိဂျာမနီနိုင်ငံမှာ တရားစွဲဆိုနိုင်ဖို့အတွက်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်” လို့ မိုဆိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခွန်းဗဟန်းထန်က ပြောပါတယ်။

မိုဆိုဖြစ်စဉ်မှာ သိမ်းဆည်းရမိတဲ့ မီးရှို့ခံ ရုပ်အလောင် ၃၁ ခုကို ခွဲစိတ် စစ်ဆေးရာမှာ အမျိုးသား ၂၆ ဦးနဲ့ အမျိုးသမီး ၅ ဦး အထိရှိနေပါတယ်။ ဒါပေမဲ့ ပျောက်ဆုံးလူစာရင်းအရ သေဆုံးသူစာရင်းကို ၄၅ ဦး ရှိနိုင်တယ်လို့ ခန့်မှန်းထားကြတာပါ။

“နောက်တစ်ခု ဒီကနေ့ ကျနော်တို့ ဂျာမနီနိုင်ငံမှာ တရားစွဲဆိုဖို့ လုပ်ကြတဲ့အခါမှာ အခုလက်ရှိ ခိုင်လုံတဲ့ အထောက်အထားတွေ လည်းအများကြီးရရှိထားပြီးဖြစ်လို့ ကျနော်တို့တရားမျှတမှုကို ဖော်ဆောင်နိုင် လိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။ ဒါကြောင့်မလို့သေချာတာတစ်ခုကတော့ လက်ရှိတရားရုံးတွေမှာ ကျနော်တို့ စွဲဆိုထားတဲ့အမှုတွေက အချိန်ကာလအားဖြင့် ကြာနိုင်ပါတယ်” လို့ ခွန်းဗဟန်းထန်က ဆက် ပြောပါတယ်။

မိုဆိုလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) လက်အောက်မှာရှိတဲ့ ကရင်နီပြည်ရဲဌာန၊ ကရင်နီလူ့အခွင့်အရေးအဖွဲ့နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ အပါအဝင် တခြားသော အဖွဲ့အစည်းအသီးသီးက တရားမျှတမှု ရရှိဖို့ ကြိုးပမ်းခဲ့ ကြပါတယ်။

နိုင်ငံတကာမှာ တရားဆွဲဆိုနိုင်ဖို့ အဆင့်ဆင့်လုပ်ဆောင်ရတာကြောင့် တချို့သော တရားစွဲထားတဲ့ အချက်အလက်တွေက ငြင်းပယ်ခံရတာတွေ ရှိနေပေမယ့် လက်မလျော့ဘဲ တရားမျှတမှု ရတဲ့အထိ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညားက ပြောပါတယ်။

“ဒီဟာက ပြီးသွားတဲ့အဖြစ်အပျက်မဟုတ်ဘူးလေနော်။ ကျနော်တို့ ဆက်ပြီးတော့မှ ကျနော်တို့ ဒီ လူ့အခွင့်အရေးရှုထောက်ကနေဖြစ်စေ၊ ကျနော်တို့ တရားမျှတမှုကို ပြန်လည်ရရှိဖို့တွက်ကတော့ ကျနော်တို့ ဆက်ပြီးတော့ ကြိုးစားမှာဖြစ်တာပေါ့နော်” လို့သူကပြောပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ကနေပြီး လက်လှမ်းမီသလောက် ကျန်ရစ်တဲ့ မိသားစုဝင်တွေကို လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်ရဲ့ဌာနရဲ့ စုံစမ်းစစ်ဆေးမှုကြောင့် မိုဆိုလူသတ်မှုဖြစ်စဉ်မှာ ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့တွေကို အတိအကျဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“မိုဆို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကိစ္စနဲ့ပတ်သက်ပြီး အခုကျနော်တို့ CDM လုပ်လာတဲ့၊ ထွက်ပြေးလာ တဲ့ ရဲဘော်တော်တော်များများဆီက စုံစမ်းရတဲ့အချက်အလက်တွေအရ ခမရ (၁၄) ပေါ့နော်။ ဒီမိုဆို အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုမှာ ဒီပြုလုပ်သွားတဲ့ တပ်ရင်းဟာ ခမရ တပ်ရင်း (၁၄) ဖြစ်တယ်လို့ ကျနော်တို့ ခုနောက်ထပ် အတည်ပြုထားနိုင်တယ်” လို့ ကရင်နီပြည် ရဲဌာန KSP တာဝန်ရှိသူ ကိုဘိုဘိုက ပြောပါတယ်။

သားသမီး အလိမ္မာနှစ်ဦးကို တစ်ပြိုင်နက် ဆုံးရှုံးခဲ့တဲ့ ဒေါ်အက်စတယ်ဟာ တခါတလေမှာ အသက်ဆက်မရှင်ချင် လောက်အောင် ဖြစ်မိတယ်လို့ ပြောပါတယ်။

ယနေ့အချိန်ထိ သေဆုံးသွားတဲ့ သားနဲ့သမီးရဲ့ နှစ်ပတ်လည်နေ့မှာ ဘာသာရေးအရသော်လည်းကောင်၊ ရိုးရာဓလေ့အရသော်လည်းကောင်း ကောင်းမှုကုသိုလ်တွေ မလုပ်ပေးနိုင်ခဲ့ဘူးလို့လည်းဆိုပါတယ်။

ခရစ်ယာန်ဘာသာဝင် ဖြစ်တဲ့ ဒေါ်အယ်စတယ်ဟာ ခရစ္စမတ် အကြိုနေ့ရောက်တိုင်း တောက်လောင်နေတဲ့ အပူမီးကို ငြိမ်းဖို့ သေဆုံးသွားတဲ့ သားနဲ့သမီးအပါအဝင် မိုဆိုဖြစ်စဉ်မှာ သတ်ဖြတ်ခံရတဲ့သူတွေအားလုံးအတွက် ကျူးလွန်တဲ့သူတွေကို တရားစီရင်နိုင်တဲ့တနေ့………..။

ကရင်နီတပြည်လုံး လွတ်လွတ်လပ်လပ်နဲ့ ငြိမ်းချမ်းနိုင်မယ့်နေကို တွေ့မြင်ရမှ သူမရဲ့စိတ်နှလုံးဟာလည်း ငြိမ်းချမ်းနိုင်မယ်လို့ ပြောဆိုသွားပါတယ်……။

“အခုထိအသက်ရှင်နေနိုင်သေးတယ်ဆိုတာ ကျန်ရှိနေသေးတဲ့ သမီးငယ်လေးအတွက် ပြီးတော့ ကျမအသက်ရှင်နေသ၍ ဒီအမှူကိုစောင့်ကြည့်နေချင်သေးတယ်။ ကျမ မကျေနပ်သလိုနိုင်သေးသလိုမျိုး ခံစားရတယ်။ ကျမအတွက် အမှုဖွင့် ပေးနိုင်မယ်၊ အမှားကဘာလဲ၊ အမှန်ကဘာလဲ သူတို့သိသွားရင် ကျမ ကျေနပ်မိသွားမယ်လို့ ကျမ ထင်တယ်။ ကိုယ့်တိုင်းပြည်တွက် တိုက်ပွဲဝင်ပေးနေတဲ့ လူငယ်ရဲဘော်တွေနဲ့ အတူကြိုးစားပေးကြဖို့ ငြိမ်းချမ်းရေးရအောင်ယူပေးဖို့ ကျမပြောချင်တယ်” လို့ ဒေါ်အယ်စတယ်က ပြောဆိုသွားပါတယ်။


View the original