စစ်တပ် ကိုယ်တိုင်က ပျက်နေပြီ၊ မပြောင်းလဲလို့ မရတော့ဘူး

December 23rd, 2023  •  Author:   The Irrawaddy  •  1 minute read

By ဧရာဝတီ   |    23 December 2023

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်း အယ်ဒီတာများဖြစ်သည့် ကျော်စွာမိုးနှင့် ဖုန်းမြတ်တို့နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု ၊ စစ်ကောင်စီ စွန့်လွှတ်လိုက်ရသည့် နယ်မြေများနှင့်ပတ်သက်၍ နိုင်ငံရေးဗျူဟာ အခြေအနေ၊ စစ်ကောင်စီ၏ အနာဂတ်နှင့် နိုင်ငံခြားမှ ကူညီထောက်ပံ့မှု တိုးမြှင့်လာခြင်းဖြင့် မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခကို ပိုမိုလျင်မြန်စွာ အဆုံးသတ်စေနိုင်မည့် အခြေအနေများအပါအဝင် အခြားသော ကိစ္စရပ်များကို ဆွေးနွေးထားသည်။

မေး။ ။ လက်ရှိစစ်အာဏာသိမ်းပြီး သုံးနှစ်နီးပါးကြာတဲ့အချိန်မှာ လက်နက်ကိုင်တော်လှန်ရေးက ပိုပြီး ခေတ်မီလာတယ်၊ စစ်ရေးက ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းနေတယ်၊ ပိုပြီးတော့ အားတက်စရာဖြစ်နေတယ်။ “၁၀၂၇ စစ်ဆင်ရေး” ကြောင့်လို့ ကျနော်တို့ ပြောလို့ရတယ်။ ဒီစစ်ဆင်ရေးက စစ်တပ်ရဲ့အားနည်းချက်တွေ ဖွင့်ချ လိုက်သလို ဖြစ်နေတယ်။ ဆိုတော့ ပထမဦးဆုံး အဲဒီစစ်ဆင်ရေးကို လုပ်နေတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ ရော၊ တခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရော ဘယ်လောက်ထိ NUG က ပူးပေါင်းဆောင်ရွက်မှု ရှိနေလဲ။

ဖြေ။ ။ ကျမတို့ပြီးခဲ့တဲ့နှစ်က One year plan ဆိုပြီးတော့ NUG က သတင်းစာရှင်းလင်းပွဲတွေမှာရော မိတ်ဆက်ခဲ့တာ ရှိပါတယ်။ စစ်ရေးတခုတည်းတင် မဟုတ်ပါဘူး၊ နိုင်ငံရေးရော၊ စီးပွားရေးပိတ်ဆို့မှု အပိုင်းတွေရော၊ လူထုလှုပ်ရှားမှု အပိုင်းရော၊ ဘဏ္ဍာရှာဖွေမှုအပိုင်းရော၊ တစုံလုံးပေါ့နော် အရှိန်မြှင့်တင်ပြီးတော့ တနှစ်အတွက် စီမံချက် ရေးဆွဲခဲ့ကြတာ ဖြစ်တယ်။

စီမံချက်စပြီး ရေးဆွဲပြီဆိုကတည်းက ကျမတို့သက်ဆိုင်ရာ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို တင်ပြဆွေးနွေးခဲ့တာရှိတယ်။ ကာကွယ်ရေးဆိုလည်း ကာကွယ်ရေးအလိုက်ပေါ့။ ဒီ planning အပေါ်မှာ ပူးပေါင်းဆောင်ရွက်လို့ရမယ့်နယ်ပယ် ဘယ်ဟာတွေရှိမလဲ။ ပူးပေါင်းဆောင်ရွက်ရေးဆိုတာလည်း စီမံချက်တခုထဲမှာ ပါဝင်နေတာဖြစ်တယ်ပေါ့။

တဖက်မှာလည်း သက်ဆိုင်ရာတော်လှန်ရေး အင်အားစုတွေအလိုက် သူတို့မှာလည်း သူတို့စီမံချက်တွေနဲ့ သူတို့ရှိတယ်။ ဆိုတော့ အဲဒီစဉ်းစားချက်တွေ ပေါင်းဆုံသွားတယ်လို့ ကျမကတော့မြင်တယ်။ ဒီ “၁၀၂၇ အော်ပရေးရှင်း”ကပေါ့နော်။ နောက်အရှိန်အဟုန်တခုကို မြှင့်တင်လိုက်သလို ဖြစ်သွားတယ်။

အဲဒါက တိုက်တိုက်ဆိုင်ဆိုင် ကျမတို့ One year plan ရဲ့နောက်ဆုံး phase ပေါ့နော်၊ အထူးသဖြင့်တော့ အားလုံးသိတဲ့အတိုင်း ပွင့်လင်းရာသီရောက်လာတဲ့အချိန်မှာ စစ်ရေးအရှိန်တွေက မြှင့်တက်တတ်ပါတယ်။ ဒီ timing တွေနဲ့သွားပြီး ကိုက်ညီနေတာဖြစ်တော့ ကျမတို့ဘာလုပ်မလဲ၊ ဘယ်လိုရည်မှန်းချက်ထားလဲဆိုတာကို ကျမတို့ မဟာမိတ်တိုင်းရင်းသားတွေကို ချပြဆွေးနွေးပြီးသားဖြစ်တဲ့အတွက် ဒါထိုက်သင့်တဲ့ ပူးပေါင်း ဆောင်ရွက်မှုရှိတယ်လို့ ကျမတို့ပြောလို့ရပါတယ်။ စစ်ရေးအရ ကျမတို့ Operation အပိုင်းမှာ ဘယ်လောက်ထိ ပူးပေါင်းလဲဆိုတော့ ပြောဖို့ ခက်ပါတယ်။ ဒါကတော့ ကာကွယ်ရေးပိုင်းနဲ့ လုံခြုံရေးပိုင်ဆိုင်ရာ ဖြစ်နေလို့ပါ။

မေး။ ။ ဒီစစ်ရေးအပေါ်မှာ မဇင်မာတို့ ထိတွေ့ ဆက်ဆံနေတဲ့ နိုင်ငံတကာက ဝန်ကြီးတွေ၊ သံတမန်တွေ၊ သူတို့ကရော ဒီအပေါ်မှာ ဘယ်လို ထင်မြင်ချက်တွေရှိလဲ။

ဖြေ။ ။ သူတို့လည်းပဲ အထူးသဖြင့်တော့ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဝင်လာတဲ့အပေါ်မှာတော့ အံ့အားသင့်ကြတယ်။ ဒါတွေဟာ ဘယ်လိုများ ဖြစ်ပေါ်လာတာလဲပေါ့။ နွေဦးတော်လှန်ရေး၊ အထူးသဖြင့် NUG ကရော သိရဲ့လားပေါ့၊ ကြိုသိနေတာကို မပြောတာဘဲရှိတယ်။ ကိုယ်ပြောရမယ့် အလုပ်လည်း မဟုတ်ဘူးပေါ့နော်။ တကယ့် ကာယကံရှင် ခေါင်းဆောင်တွေ ထွက်ပြောသင့်တဲ့ကိစ္စဖြစ်တယ်။

နောက်ပြီးတော့ စစ်ရေးစီမံချက်တွေဆိုတာ ကြိုပြီးတော့ကြေညာကောင်းတဲ့အရာမျိုး မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့် ကျမတို့ဘက်က ဒါကိုကြိုပြီး သိထားတဲ့ဟာတွေတော့ ရှိတာပေါ့နော်။ ဒီဟာ လာတော့မယ်၊ အထူးသဖြင့် ဒီပွင့်လင်းရာသီမှာ ပေါ့နော် မိုးကုန်သွားတဲ့အခါမှာ လာတော့မယ်ဆိုတာ ကျမတို့သိရှိ ပြင်ဆင်ထားပြီး ဖြစ်တယ်ဆိုတာတော့ ကျမ ပြန်မျှဝေပါတယ်။

အားလုံးသိတဲ့အတိုင်း ပွင့်လင်းရာသီရောက်လာတဲ့အချိန်မှာ စစ်ရေးအရှိန်တွေက မြှင့်တက်တတ်ပါတယ်။ ဒီ timing တွေနဲ့သွားပြီး ကိုက်ညီနေတာဖြစ်တော့ ကျမတို့ဘာလုပ်မလဲ၊ ဘယ်လိုရည်မှန်းချက်ထားလဲဆိုတာကို ကျမတို့ မဟာမိတ်တိုင်းရင်းသားတွေကို ချပြဆွေးနွေးပြီးသားဖြစ်တဲ့အတွက် ဒါထိုက်သင့်တဲ့ ပူးပေါင်း ဆောင်ရွက်မှုရှိတယ်လို့ ကျမတို့ပြောလို့ရပါတယ်။

ဆိုတော့ ရှော့ခ်ဖြစ်တာပေါ့လေ၊ မထင်ထားဘူးပေါ့။ ပြောရရင်တော့ ဒီစစ်တပ်ကြီးက Standard army ကြီးပေါ့၊ နောက်ပြီးတော့ ဒီတိုင်းရင်းသားတွေရော ဒီအင်အားစုတွေကရော မညီညွတ်ကြဘူးပေါ့။ ဒီစစ်တပ်ကို မကြိုက်သည့်တိုင်အောင် ဖြိုခွဲဖို့ ဒါမှမဟုတ် အပြုတ်တိုက်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ တထစ်ချတွက်ထားကြတာပါ နိုင်ငံတကာက။
ဒါပေမယ့် ကျမတို့ကလည်း ရှင်းပြတယ်၊ စစ်ရေးနည်း တခုတည်းနဲ့တော့ မဟုတ်ဘူး။ သံတမန်ရေးလည်း ပါတယ်၊ လူထုလှုပ်ရှားမှုလည်း ပါတယ်၊ ဘဏ္ဍာရန်ပုံငွေဖြတ်တောက်ရေး ကိစ္စတွေကအစပေါ့နော်။ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ သွားနေတာဖြစ်တဲ့အတွက် ဒီစစ်တပ်ရဲ့အားနည်းချက်တွေက ပေါ် လာမှာပဲ ဖြစ်တယ်ပေါ့။

အခုဆိုလို့ရှိရင် မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထဲထဲဝင်ဝင်၊ ပိုင်းပိုင်း ဖြတ်ဖြတ်နဲ့ ပါလာတဲ့လပိုင်းမှာကို စစ်စခန်းတွေ ရာနဲ့ချီပြီးတော့ ရက်သတ္တပတ်၊ နှစ်ပတ်လောက်အတွင်းမှာကို စစ်စခန်း ၁၅၀၊ တလအအတွင်းမှာ နစ်ရာကျော်လောက်၊ ဒါတောင်မှ နောက် phase တခုမှာ ဒီရခိုင်ဘက်မှာ ပေါ်လာတာမျိုးပေါ့နော်။ ရခိုင်ဘက်က ရက္ခိုင့်တပ်တော် AA ကလည်း ပါဝင်လာတယ် ဆိုတော့ ဒီစစ်စခန်းတွေကို သိမ်းနိုင်တဲ့ အရေအတွက်ကတော့ သူတို့အတွက်ကို လုံးဝရှော့ခ်ရိုက်စေခဲ့သလို၊ စစ်ကောင်စီရဲ့ အားနည်းချက်ကြီးပေါ့နော်၊ ဖွင့်ဟပြလိုက်သလိုမျိုး ဖြစ်သွားတယ်ပေါ့။ အဲ့ဒီတော့တဖက်မှာလည်း အံ့အားသင့်မှုတွေ ရှိတယ်၊ ဒါပြီးရင် next ဘာဖြစ်မလဲ အဲဒါကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းက အတော်လေး စိတ်ဝင်စားကြပါတယ်။

မေး။ ။ တော်လှန်ရေးနဲ့ပတ်သက်ပြီး မြန်မာကို လက်တွေ့ကျကျ ထောက်ခံအားပေးတာက နိုင်ငံအနည်းငယ်ပဲ ရှိသေးတာပေါ့။ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ NUG ကို တရားဝင်အစိုးရအဖြစ် လက်ခံပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဘယ်လောက်ထိ လုပ်ထားနိုင်လဲ။

ဖြေ။ ။ အဓိကတော့ ကျမတို့ရဲ့ဒီတော်လှန်ရေးက အင်မတန်မှ Organic ဖြစ်တယ်လို့ ပြောရမယ်ပေါ့နော်။ လူထုရဲ့လှုပ်ရှားမှု အစစ်အမှန်လို့ ကျမတို့မြင်တယ်။ ဘယ်နိုင်ငံကမှ တကယ်တော့ ဝတ်ကျေတမ်းကျေပေါ့နော် အာဏာသိမ်းမှုကို ဆန့်ကျင်ကြတာပဲရှိပြီး နှစ်နှစ်ကာကာ ထောက်ပံ့မှုမျိုး ကျမတို့ မရခဲ့ပါဘူး။ မူအားဖြင့်တော့ ကန့်ကွက်ကြတယ်။

နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်ပုံကလည်း ဘာသွားတွေ့ရလဲဆိုတော့ မြေပြင် အခြေအနေ၊ ကျမတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှု အနေအထားတွေ ဒီမဟာမိတ်တွေကြား ပူးပေါင်းဆောင်ရွက်မှု အစရှိသဖြင့် ကျမတို့ကို challenge လုပ်တဲ့ question တွေ ကျမတို့တောက်လျှောက် ကြုံရတယ်။ ဒီလက်နက်ကိုင်တော်လှန်ရေး PDF (ပြည်သူ့ကာကွယ်ရေးတပ်) တွေပေါ်လာတုန်းကလည်း complain လုပ်ခံရတာပဲ။ ကြိုဆိုတာ မရှိဘူး။ PDF တကယ် ပြန်တိုက်တော့မယ်ပေါ့နော် self-defense သွားတော့မယ်လို့ပြောတဲ့အချိန်မှာ ဝေဖန်ကြတယ်။ ဒီသံတမန်တွေက။

ဆိုတော့ ဒီနည်းကို ပြည်သူလူထုက မရွေးချယ်ဘူးဆိုရင် ဘယ်နည်းနဲ့ ဒီစစ်တပ်ရဲ့ အကြမ်းဖက်မှုကို ရပ်တန့်မှာလဲဆိုတော့ သူတို့မှာလည်း အဖြေမရှိဘူး။ ဝေဖန်မှုတွေကြားထဲကနေ မေးခွန်းထုတ်ခံရမှုတွေ ကြားထဲကနေပြီးတော့ သံခင်းတမန်ခင်းကို ထူထောင်ခဲ့ရတာ ဖြစ်တယ်ပေါ့၊ ဒီတော်လှန်ရေးကို။

ဒါပေမယ့် phase တခုရောက်သွားတယ်၊ ဥပမာဆိုပါစို့ နိုင်ငံရေးအရ ကျမတို့ဖက်ဒရယ်ဒီမိုကရေစီ ချာတာကို ထုတ်ပြန်နိုင်တဲ့အချိန်၊ ဒါ ကျမတို့ vision ရှိတယ်၊ အနာဂတ်ကို နိုင်ငံရေးအရ ဘယ်လိုဆက်သွားဖို့ ကျမတို့မှာ plan တွေ လမ်းပြမြေပုံတွေရှိပါတယ်ဆိုတာကို ပြောနိုင်တဲ့အချိန်မှာ သူတို့တမျိုး နည်းနည်း ပြောင်းတယ်ပေါ့နော်။ စစ်ရေးအရ military code of conduct တွေ၊ ကျမတို့ စစ်ရာဇဝတ်မှုတွေကို ဘယ်လိုကိုင်တွယ်မလဲ။ အမိန့်ပေးညွှန်ကြားကွပ်ကဲမှုကို ဘယ်လိုထူထောင်မလဲဆိုတာတွေ၊ နောက်စစ်သုံ့ပန်းတွေကအစပေါ့ ဘယ်လိုဆက်ဆံမလဲစတာတွေကို ကျမတို့ commitment ရှိရှိနဲ့ လုပ်ကိုင်ပြလာနိုင်တဲ့အခြေအနေမှာ သူတို့ဆက်ဆံတဲ့ပုံ တမျိုးပြောင်းတယ်ပေါ့နော်။

ဒီနည်းကို ပြည်သူလူထုက မရွေးချယ်ဘူးဆိုရင် ဘယ်နည်းနဲ့ ဒီစစ်တပ်ရဲ့ အကြမ်းဖက်မှုကို ရပ်တန့်မှာလဲဆိုတော့ သူတို့မှာလည်း အဖြေမရှိဘူး။ ဝေဖန်မှုတွေကြားထဲကနေ မေးခွန်းထုတ်ခံရမှုတွေ ကြားထဲကနေပြီးတော့ သံခင်းတမန်ခင်းကို ထူထောင်ခဲ့ရတာ ဖြစ်တယ်

ဆိုလိုတာ အရမ်းကြီး စိတ်တိုင်းမကျသည့်တိုင် ဒီနယ်ပယ်ကတော့ နိုင်ငံတကာ စံချိန်စံညွှန်းတွေအရဆိုလို့ရှိရင် သူတို့ ပံ့ပိုးလို့ ရတယ်။ အကူအညီပေးလို့ရတယ်ဆိုတဲ့ အနေအထားမျိုးဖြစ်တယ်ပေါ့။ ပြီး ထိတွေ့ဆောင်ရွက်တာတွေ ရှိပါတယ်။ နောက်တခုက မြောက်ပိုင်းသုံးဖွဲ့နဲ့ ဒီမဟာမိတ်ဆက်ဆံရေးပေါ့၊ တိုင်းရင်းသားမဟာမိတ်တွေကို ကျမတို့က ဘယ်လောက်ထိ ယုံကြည်မှု တည်ဆောက်နိုင်သလဲပေါ့နော်၊ ဘယ်လောက်ထိ စုစည်းနိုင်သလဲဆိုတာကလည်း သံတမန်တွေ အမြဲတမ်း မေးတဲ့မေးခွန်း ဖြစ်တယ်။

နောက်ပြီးတော့ စစ်တပ်ကြီး မရှိတော့ရင် ကျမတို့ပြန် ရန်ဖြစ်ကြပြီးတော့ အပြိုပြို အကွဲကွဲဖြစ်ကြမှာပဲ။ အရင်လိုမျိုး ပြန်ဖြစ်သွားမှာပဲဆိုတဲ့ challenging ဖြစ်တဲ့မေးခွန်းတွေ၊ မှန်းဆချက်တွေနဲ့ သူတို့အနေနဲ့က အတိတ်က အခြေအနေတွေကို ဖက်တွယ်ပြီးတော့ ပြောနေကြတာဖြစ်တယ်။

ဒီနွေဦးတော်လှန်ရေးက အားလုံးအသစ်တွေပဲ၊ စဉ်းစားပုံအသစ်၊ ချဉ်းကပ်ပုံ အသစ်ပေါ့နော်။ နောက်ပြီးတော့ ရန်ပုံငွေရှာတာကအစ အသစ်၊ ဖက်ဒရယ်ဒီမိုကရေစီနဲ့ပတ်သက်လို့ရှိရင် ပွင့်ပွင့်လင်းလင်းနဲ့ ငြင်းခုံဆွေးနွေးမှုတွေ ရှိနေကြတယ်။ ဆိုတော့ ဒါဟာ အရင့်အရင်တုန်းက တော်လှန်ရေးတွေမှာ မရှိခဲ့တဲ့ အခင်းအကျင်းတွေလည်း ဖြစ်တယ်ပေါ့နော်။ စိန်ခေါ်မှုတွေကြားထဲကပဲ နိုင်ငံရေးအရ ဖြစ်ပေါ် တိုးတက်မှုတွေ၊ စစ်ရေးအရ ဖြစ်ပေါ်တိုးတက်မှုတွေ၊ နောက်ပြီးတော့ အင်အားစုတွေကြားက ယုံကြည်မှုတွေ၊ အငြင်းအခုံတွေကြားကပဲ တည်ဆောက်နိုင်မှုတွေကတော့ နိုင်ငံတကာရဲ့ အမြင်တွေကို ပြောင်းလဲသွားစေတယ်။ မယုံကြည်ဘဲ စစ်ရေးအရ ခြေစုံပစ်ဝင်လာဖို့ဆိုတာ မြောက်ပိုင်းအဖွဲ့အနေနဲ့ တော်တော်ခက်တယ်လို့ ကျမတို့မြင်တယ်၊ ထိုက်သင့်တဲ့ ယုံကြည်မှုပေါ့နော်။

ကျမတို့ NUG အပါအဝင် ဒီနွေဦးတော်လှန်ရေးရဲ့အောင်နိုင်ခြေနဲ့ ဖြစ်နိုင်ခြေအပေါ်မှာ ထားတဲ့ယုံကြည်မှု၊ နောက်တခုက မြောက်ပိုင်းညီနောင်တွေရဲ့ သူတို့ကိုယ်သူတို့ ယုံကြည်မှုပေါ့နော်။ မိမိရဲ့စွမ်းရည်နဲ့ အနေအထား ရပ်တည်ချက်ကို ယုံကြည်မှုပေါ့၊ ဒီယုံကြည်မှုတွေက ဒီအပြောင်းအလဲကို ဖြစ်စေတယ်။ အဲဒီပြောင်းလဲမှုဖြစ်မှ သံခင်းတမန်ခင်းက နည်းနည်းအရေးအသားတွေ ပြောင်းလာတယ်။ မီဒီယာကအစပေါ့နော်၊ နိုင်ငံတကာမီဒီယာတွေကအစ အရင်တုန်းက မြန်မာ့အရေးနဲ့ ပတ်သက်လို့ရှိရင် အာရုံမရှိဘူး။

ဒါပေမယ့် ဒီ “၁၀၂၇” အပြီးမှာ ဂျပန်တင် မကပါဘူး ကျန်တဲ့နိုင်ငံက သံတမန်တွေကလည်း ဘယ်လိုပြောမလဲ၊ အိပ်ယာက လန့် နိုးသလို့ပေါ့နော်၊ အလန့်တကြားနဲ့ပြန်ပြီးတော့ ကြည့်ရတဲ့အနေအထားမျိုး တွေ့ရတယ်ပေါ့။ ဒါကတော့ ဒီ “၁၀၂၇ “ရဲ့ထူးခြားချက်နဲ့ တော်လှန်ရေးကို နောက်ထပ် အရှိန်အဟုန် မြှင့်တင်လိုက်တဲ့ ထူးခြားတဲ့တုံ့ပြန်မှုကို လက်ခံရရှိတဲ့အနေအထားပဲ ဖြစ်တယ်။

မေး။ ။ U.S. က ဘိုင်ဒန်အစိုးရက မြန်မာပြည်ရဲ့ဒီမိုကရေစီအရေးမှာ ဘာလုပ်နေလဲ။ NUG နဲ့ရော ဘယ်လောက်ထိ ပူးပေါင်းလုပ်နေလဲ၊ ပါးစပ်ပြောပဲလား။

ဖြေ။ ။အကူအညီပေးရေးကိစ္စတွေမှာ NDAA ( အမေရိကန် အမျိုးသားကာကွယ်ရေးဆိုင်ရာ ဥပဒေမူကြမ်း) ကို ပြဌာန်းခဲ့တာရှိတယ်။ နောက်ပြီး နှစ်စဉ် နိုင်ငံတော် ဘတ်ဂျက် တွေထဲက မြန်မာ့အရေးအတွက် ခွဲဝေသုံးစွဲတဲ့ ဘဏ္ဍာရန်ပုံငွေတွေရဲ့ပမာဏကတော့ ထူးခြားမှု မရှိပါဘူး၊ တိုးတက်မှုလည်း မရှိဘူး။ အာဏာ မသိမ်းခင်တုန်းက မြန်မာပြည်အတွက်သုံးနေတဲ့ ဘတ်ဂျက်နဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ သုံးတဲ့ဘတ်ဂျက်ပမာဏက ထူးခြားပြီးတော့ တိုးမြှင့်သုံးစွဲလာတာမျိုး မတွေ့ရဘူး။

ဒီ “၁၀၂၇” အပြီးမှာ ဂျပန်တင် မကပါဘူး ကျန်တဲ့နိုင်ငံက သံတမန်တွေကလည်း ဘယ်လိုပြောမလဲ၊ အိပ်ယာက လန့် နိုးသလို့ပေါ့နော်၊ အလန့်တကြားနဲ့ပြန်ပြီးတော့ ကြည့်ရတဲ့အနေအထားမျိုး တွေ့ရတယ်ပေါ့။ ဒါကတော့ ဒီ “၁၀၂၇ “ရဲ့ထူးခြားချက်နဲ့ တော်လှန်ရေးကို နောက်ထပ် အရှိန်အဟုန် မြှင့်တင်လိုက်တဲ့ ထူးခြားတဲ့တုံ့ပြန်မှုကို လက်ခံရရှိတဲ့အနေအထားပဲ ဖြစ်တယ်။

နောက်တချက်က နိုင်ငံတော်တော်များများ သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ဒီနိုင်ငံအပေါ်မှာထားတဲ့ ချဉ်းကပ်ပုံတွေကို ပြန်သုံးသပ်ဖို့ သူတို့ နှေးကွေးနေကြတယ်။ အာဏာသိမ်းမှုနောက်ပိုင်းမှာ ဖြစ်နေတဲ့ မြန်မာပြည်ရဲ့ context နဲ့ အာဏာသိမ်းမှု မတိုင်ခင်က context က မတူဘူး။ မတူတဲ့ context နှစ်ခုလုံးမှာ သူတို့က အရင့်အရင်တုန်းက တူညီတဲ့မူဝါဒတွေအတိုင်း နောက်ပြီးတော့ ဘတ်ဂျက်တွေ Project တွေဟာလည်း ဒီအတိုင်းပဲ ဆက်သွားနေတယ်။

ဥပမာအားဖြင့် ခေါင်းဆောင်မှုနဲ့ စွမ်းဆောင်ရည်သင်တန်းလိုမျိုးတွေမှာ ဘတ်ဂျက်ကို ဆက်သုံးနေကြတယ်။ ကျမတို့တောင်းဆိုတာက မဟုတ်ဘူး၊ ဒီမှာ local governance တွေပေါ်လာပြီ၊ bottom up ဖြစ်တဲ့ ဖက်ဒရယ်ယူနစ် တွေပေါ့နော်၊ ကိုယ့်ဖာသာကို တိုက်တယ်၊ တိုက်ပြီးထိန်းချုပ်ဒေသတွေမှာ ဥပမာ ကရင်နီဆိုလည်း ကရင်နီအတိုင်ပင်ခံ ကောင်စီ ကြားကာလဒေသန္တရအုပ်ချုပ်ရေး၊ ချင်း ဆိုလည်းချင်းအစရှိသဖြင့် ကိုယ့်ထိန်းချုပ်ဒေသတွေမှာ စစ်တိုက်ပြီးရုံတင် မကဘူး၊ ကျမတို့အုပ်ချုပ်ရေးပါ ထူထောင်နေရတယ်။

ဒီလိုအသစ်တွေက အရင်ပုံစံနဲ့ မတူဘူး ရန်ပုံငွေတွေ သုံးစွဲတဲ့အခါမှာ ကျမတို့စစ်ရေးကို တောင်းနေတာ မဟုတ်ဘူး၊ မမျှော်လင့်ဘူး၊ ပေးမှာလည်း မဟုတ်ဘူး။ ဒါပေမယ့် စစ်ရေးမဟုတ်တဲ့ တခြားသော ထိရောက်တဲ့ ဒီမိုကရေစီခေါင်းစဉ်အောက်က local governance ဆိုတဲ့ခေါင်းစဉ်အောက်က ကူညီလို့ရတာတွေ ရှိတယ်။ အခုပေါ်လာတဲ့ ဖက်ဒရယ်ယူနစ်ရှိမယ်၊ ဒေသန္တရအုပ်ချုပ်ရေးတွေ ရှိတယ်။ သူတို့တွေ မှန်မှန်ကန်ကန်နားလည်ဖို့ လိုအပ်နေတဲ့အနေအထားတွေ ရှိတယ်၊ မြေပြင်မှာဖြစ်ပေါ်တိုးတက်နေတဲ့ဟာတွေနဲ့ပတ်သက်လို့၊ ဒါတွေကို ကျမတို့ ဆွဲဆောင် စည်းရုံးရတာတွေရှိပါတယ်။

နောက်တခု ကောင်းတဲ့အချက်တခုရှိပါတယ်၊ ဥပမာ အမေရိကန်ပြည်ထောင်စုကနေပြီးတော့ ဒီစစ်ကောင်စီရဲ့ ဘဏ်တွေ၊ ဘဏ္ဍာငွေကြေးနဲ့ ပတ်သက်လို့ ငွေကြေးစီးဆင်းမှုတွေကို တကယ့်ကို ထိရောက်တဲ့ ပစ်မှတ်ထား ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်တယ်၊ ဘဏ္ဍာရေးအရ ပိတ်ဆို့မှုတွေပြုလုပ်တယ်။ ဒါကို ကျမတို့ အသိမှတ်ပြု ကျေးဇူးတင်တယ်။ ဒါကသည်ပင်လျှင် စစ်ကောင်စီကို တော်တော်လေး အကျပ်ရိုက်စေတဲ့ အနေအထားမျိုး ရှိပါတယ်ပေါ့။ စစ်ရေးကူညီမှုတွေ မမျှော်လင့်ပါဘူး၊ ရတဲ့အထဲက ရတဲ့ဘတ်ဂျက်ကိုမှ ထိထိရောက်ရောက် ပေးနိုင်ဖို့ သုံးစွဲနိုင်ဖို့ ကျမတို့ advocate လုပ်နေရတယ်။

မေး။ ။ U.S. ရဲ့ တော်လှန်ရေးအင်အားစုတွေ NUG ပါတဲ့တော်လှန်ရေးအင်အားစုကို ထောက်ပံ့တာနဲ့ ထောက်ပံ့တဲ့နည်း ပုံစံက ထိရောက်မှု မရှိဘူးပေါ့။

ဖြေ။ ။အဲဒီလို ပြောလို့ရပါတယ်၊ ထိရောက်မှု မရှိဘူး။ အချိန်ကာလ သုံးနှစ်ကျော်လာပြီပေါ့နော်၊ တိုးတက်မှုက နှေးကွေးတယ်လို့ ပြောချင်တယ်။ ပြုလုပ်တဲ့နေရာမှာရော၊ ထိထိရောက်ရောက် အကူအညီပေးတဲ့နေရာမှာရော နှေးကွေးလွန်းတယ်လို့ ပြောချင်ပါတယ်။

မေး။ ။ သူတို့ရဲ့အကူအညီ ထိထိရောက်ရောက် မရရင်ရော ဒီတော်လှန်ရေးကပိုပြီးတော့ ကြန့်ကြာနိုင်လား။

ဖြေ။ ။ အကူအညီ ထိထိရောက်ရောက်ရရင်တော့ မြန်နိုင်တယ်။ သေချာတယ်၊ ကျမတို့ချည်း ရုန်းတာထက် စာလို့ရှိရင် ဘေးကနေပြီးတော့ပေါ့နော် လိုအပ်တာတွေကို ဝိုင်းဝန်းပြီးတော့ ကူညီဆောင်ရွက်ပေးတဲ့ မိတ်ဆွေကောင်းတွေ ရှိခြင်းအားဖြင့် ဒါကမြန်မြန် ပြီးမြောက်စေမှာပေါ့။ အခုဆို ထိရောက်တဲ့နယ်ပယ်တွေမှာသာ အကူအညီပေးနိုင်မယ်။ နိုင်ငံရေးဖိအားတွေ ပေးနိုင်မယ်ဆိုရင်တော့ ပိုမြန်မယ်။ လူထုခံစားနေရတဲ့ ဒုက္ခတွေ အကြမ်းဖက်ခံနေရမှုတွေကို မြန်မြန်ရပ်တန့်နိုင်မှာ။ ကျမတို့လူထုက အကြမ်းဖက်မှုတွေကို resilience ဖြစ်တယ်လို့သာပြောနေပေမယ့် ကြံ့ကြံ့ခံနေရတဲ့သူအဖို့က တကယ့်ကိုငရဲပါ။ ငရဲမှာ ကြာကြာနေခွင့်ပြုသလိုမျိုး ဖြစ်နေတာပေါ့လေ။ မြန်မြန်နဲ့ များများ ကူနိုင်ရင်တော့ ဒီအခက်အခဲကြီးကနေ မြန်မြန်ထွက်နိုင်မယ်။ အချိန်ဆွဲနေတာက ပိုပြီးတော့ ဒီပဋိပက္ခတွေ ပို ကြာရှည်စေတယ်၊ လူထုကို ပိုပြီးတော့ နစ်နာစေပါတယ်။

ကျမတို့ချည်း ရုန်းတာထက် စာလို့ရှိရင် ဘေးကနေပြီးတော့ပေါ့နော် လိုအပ်တာတွေကို ဝိုင်းဝန်းပြီးတော့ ကူညီဆောင်ရွက်ပေးတဲ့ မိတ်ဆွေကောင်းတွေ ရှိခြင်းအားဖြင့် ဒါကမြန်မြန် ပြီးမြောက်စေမှာပေါ့။ အခုဆို ထိရောက်တဲ့နယ်ပယ်တွေမှာသာ အကူအညီပေးနိုင်မယ်။ နိုင်ငံရေးဖိအားတွေ ပေးနိုင်မယ်ဆိုရင်တော့ ပိုမြန်မယ်။

မေး။ ။ နိုင်ငံတကာနဲ့ပတ်သက်ပြီး ထပ်မေးရမယ်ဆိုရင် အာဆီယံတို့ တရုတ်တို့ အိန္ဒိယတို့ ပါးစပ်နဲ့တောင် ထုတ်ပြီးတော့ ပံ့ပိုးမှု မလုပ်နိုင်တဲ့အနေအထားမျိုးပေါ့နော်။ အိန္ဒိယတို့ဆိုရင်လည်း စစ်ကောင်စီနဲ့ အများကြီး နီးစပ်တာကိုတွေ့ရတယ်၊ ASEAN countries တွေမှာလည်းအများကြီးရှိတယ်။ ဆိုတော့ သူတို့ရဲ့အခြေအနေကရော ဘယ်လောက်ထိ ပြောင်းလဲမှု တွေ့ရလဲ။ ပြီးခဲ့တဲ့ သုံးနှစ်ကထက်စာရင်။

ဖြေ။ ။ သိပ် မထူးခြားပါဘူး၊ အာဏာသိမ်းမှုကို ကန့်ကွက်ပါတယ်၊ ရှုတ်ချပါတယ်ဆိုတဲ့ အနေအထားအတိုင်း ဆက်ရှိနေပါတယ်။ လူထုကိုယ်စားပြုနေတဲ့ အဖွဲ့တွေနဲ့ ပေါ်ပေါ်ထင်ထင် မဆက်ဆံ မဆွေးနွေးရဲဘူး။ အဲဒါကြောင့်မို့ ကိုယ့်ဘာသာကို ရုန်းပြီးတော့ ထိထိရောက်ရောက် တော်လှန်ရေးကြီးတခုလုံးကို နိုင်မှသာလျှင် ဒီနိုင်ငံတွေက ကျမတို့ကို တူတူတန်တန် ဆက်ဆံလာမယ့်သဘောမျိုးရှိပါတယ်။

ခု ဒီကာလမှာတော့ အမေရိကန်တို့၊ အီးယူတို့ကမှ အသံထုတ်ဖော် ပြောဆိုသေးတယ်။ ဒေသတွင်းကနိုင်ငံတွေ public engagement တောင် မလုပ်ရဲတဲ့အနေအထားမျိုးအထိ ရှိနေတုန်းပါ၊ တိုးတက်မှု မရှိဘူးလို့ ပြောလို့ရပါတယ်။

မေး။ ။ နိုင်ငံတကာကရော သုံးသပ်တဲ့သူတွေရော ဒါမှမဟုတ် ရိုးရိုးသားသားနဲ့ဖြစ်စေ ရည်ရွယ်ပြီးတော့ဖြစ်စေ အားလုံးမြင်တာက အရင်တုန်းကအတိုင်း မြန်မာက ဒီစစ်တပ် မရှိရင် မရဘူး၊ အကယ်၍ ဒီစစ်တပ် ပြိုကွဲသွားရင်လည်း Balkanization လိုတစစီ အပိုင်းပိုင်းကွဲသွားမလား သို့မဟုတ် ဆီးရီးယားလို ပုံစံတမျိုး ဖြစ်သွားမလားဆိုတဲ့စိုးရိမ်မှုက အင်တာနေရှင်နယ်မှာရှိတဲ့ ခေါင်းဆောင်တွေရော အစိုးရတွေရော အများကြီးရှိခဲ့တယ်။ အင်တာနေရှင်နယ်မှာရော မီဒီယာတွေမှာရော။ သူတို့ပြောတာမျိုးလည်း မဟုတ်ဘဲနဲ့ စည်းလုံးမှုကတော့ အများကြီး မရှိဘူး၊ မြန်မာနဲ့ တိုင်းရင်းသားတွေကြားမှာရော အဖွဲ့အစည်းအချင်းချင်းတွေ ကြားမှာရောပေါ့နော်။ ဒါပေမယ့် အဲဒါတွေက အတိုင်းအတာတခုအထိ လုပ်လို့ရပြီးတော့ positive scenario ပေါ်ထွက်လာနိုင်တယ်လို့ ယူဆလို့ရလား။

ဖြေ။ ။ Positive scenario ရှိသင့်ပါတယ် ။ ခုန ပြောသလို စိုးရိမ်စရာတွေ မရှိဘူးလားဆို ရှိတယ်။ ဒါပေမယ့် အဲဒီ စိုးရိမ်စရာတွေကို ကျမတို့ ကျော်လွှားလို့ရနိုင်တဲ့ နည်းနာတွေလည်းရှိတယ်။ အခု နွေဦးတော်လှန်ရေးမှာ မျက်နှာသစ် ခေါင်းဆောင်တွေ တွေ့ရတယ်၊ တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာ။ ဥပမာ ကရင်နီဘက်မှာဆိုရင်လည်း နောက်မျိုးဆက်သစ်တွေပေါ့နော်။ ဆိုတော့ သူတို့တွေရဲ့အမြော်အမြင်ရှိမှုက ကျမတို့အတွက် positive way of thinking အကောင်းမြင်စိတ်ကို ဖြစ်စေတယ်လို့ မြင်တယ်။ မကောင်းတဲ့ critical ဖြစ်တဲ့ အသံတွေက ပိုအသံထွက်တာပေါ့။ ဒါလည်း မကောင်းဘူးဆိုလား ကောင်းတယ်၊ ကျမတော့ ကြိုက်တယ်။ ဒါပေမယ့် အဲဒီ critical ဖြစ်လွန်းအားကြီးတဲ့အသံတွေပဲ နားထောင်ပြီး တကယ့်မြေပြင်မှာဖြစ်နေတဲ့ reality နဲ့ဝေးသွားပြန်ရင်လည်း ခုနလိုမျိုး အဆိုးမြင်စိတ်တွေ တအား များသွားလိမ့်မယ်လို့ ကျမ မြင်တယ်။

တကယ့် လက်တွေ့မြေပြင်မှာ ဖြစ်ပေါ်တိုးတက်မှုတွေရှိနေတယ်၊ ဒါတွေကို မျက်ချေ မပြတ်စေချင်ဘူး။ ကျမတို့ စိန်ခေါ်မှုတွေရှိတယ်၊ အဲဒီ စိန်ခေါ်မှုတွေကို ကျော်လွှားလို့ရနိုင်တဲ့ နည်းနာတွေ၊ ဘယ်လို ကျော်လွှားရင်တော့ အောင်မြင်မယ်၊ ဘယ်လိုမျိုးဆိုရင်တော့ မအောင်မြင်ဘူးဆိုတဲ့ အတိတ်ကသင်ခန်းစာတွေ ကျမတို့မှာ ရှိထားပြီးသား ဖြစ်တယ်။ အတိတ် ဒီလိုဖြစ်ခဲ့လို့ ဒီလိုပြန်ဖြစ်မှာပဲဆိုတဲ့ ယူဆချက်နဲ့ဆိုရင်တော့ ပုံစံတမျိုးနဲ့ ဖြစ်မယ်။ အတိတ်က ဒီလိုဖြစ်ခဲ့လို့ မညီညွတ်ခဲ့လို့ အခုလည်း အနာဂတ်မှာလည်း မညီညွတ်ဘူးဆိုတဲ့ အနေအထားဖြစ်လို့ မရဘူး။ ဒါကို ကျမတို့ ကျော်လွှားနေတာဖြစ်တဲ့အတွက်ကြောင့် ကျမက အကောင်းမြင်တယ်။ စိန်ခေါ်မှုတွေကြားက ကျမတို့ အခွင့်အလမ်းတွေ ရှိနေတယ်ဆိုတဲ့အမြင် ကျမမှာရှိပါတယ်။

မေး။ ။ လက်တွေ့နဲ့နီးစပ်တဲ့ positive scenario ပဲဆိုဆိုပေါ့၊ ဘယ်လိုအခြေအနေမျိုးမှာ တိုင်းပြည်ကို ပြန် တည်ဆောက် နိုင်မလဲ။

ဖြေ။ ။ နိုင်ငံရေးအာဏာ လစ်ဟာမှုကို ဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းတွေရဲ့အဖြေ ကျမတို့ဒေသတွေမှာ ဖြေနိုင်ပြီလို့ မြင်တယ်။ အခုဆိုလို့ရှိရင် စစ်တပ်တွေလည်း စွန့်ခွာပြီးတော့ ပြေးတယ်၊ အုပ်ချုပ်ရေးစနစ်တွေလည်း ပျက်တယ်၊ အုပ်ချုပ်မှုတွေလည်း မရှိတော့ဘူး။ ကျမတို့ ၈၈ တုန်းကလိုမျိုး သူတလူ ငါတမင်းနဲ့ ဖြစ်ကြမှာလားဆိုပြီးတော့ ပုံဖေါ်ကြတာမျိုးတွေရှိတယ်။ မဟုတ်တော့ဘူး၊ ကျမတို့ အဲဒါတွေကို သင်ခန်းစာ ယူခဲ့ကြပြီ၊ ကြို စဉ်းစားထားတယ်။

ကျမတို့ စိန်ခေါ်မှုတွေရှိတယ်၊ အဲဒီ စိန်ခေါ်မှုတွေကို ကျော်လွှားလို့ရနိုင်တဲ့ နည်းနာတွေ၊ ဘယ်လို ကျော်လွှားရင်တော့ အောင်မြင်မယ်၊ ဘယ်လိုမျိုးဆိုရင်တော့ မအောင်မြင်ဘူးဆိုတဲ့ အတိတ်ကသင်ခန်းစာတွေ ကျမတို့မှာ ရှိထားပြီးသား ဖြစ်တယ်။

ဒါကြောင့်မို့လို့ ကျမတို့ NUG အနေနဲ့ဆိုလို့ရှိရင် ဒီကြားကာလ အာဏာလစ်လပ်နေတဲ့အချိန်မှာ အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဘယ်လို ထူထောင်ကြမလဲဆိုပြီးတော့ ကြားကာလဒေသန္တရအုပ်ချုပ်ရေးဗဟိုဆိုပြီး အစောကြီးက ဖွဲ့ထားတာ၊ ဒီတိုက်ပွဲတွေ ဖြစ်တော့မယ် ဆိုကတည်းကပေါ့နော်။ ဆိုတော့ အဲဒီဖွဲ့စည်းပုံတွေကို ကျမတို့ ကြိုစဉ်းစားထားခဲ့တာတွေရှိတယ်။ နောက်ပြီးတော့ အဲဒီဖွဲ့စည်းပုံက ခုနတိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်စဉ်းစားချက်တွေ ကိုယ်ပိုင်ပြဌာန်းခွင့်တွေနဲ့လည်း ပဋိပက္ခ မဖြစ်အောင် စဉ်းစားကြရမယ်ဆိုတဲ့ စဉ်းစားချက်ရှိတယ်။ ဒါတောင်စပြီးတော့ ကြေညာချက် စထုတ်တုန်းက အငြင်းပွားကြတာတွေ ကြားကြမယ်ထင်ပါတယ်၊ လွန်ခဲ့တဲ့တနှစ်ခွဲလောက်ကပေါ့နော်။ တိုင်းရင်းသားဒေသတွေကိုဘယ်လို၊ အဲဒါတွေကို ညှိနိုင်ခဲ့ပြီ။ ဆိုတော့ positive scenario ပဲ ငြင်းရင်းခုံရင်းနဲ့ ညှိနိုင်ခဲ့ပြီးတော့ အခုဆို ကရင်နီဒေသဆိုရင် သူ့ဘာသာသူ run နိုင်နေပြီ။

ခုနကပြောသလိုမျိုးပေါ့နော် NUG အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိတယ်။ ဒီဒေသက ခေါင်းဆောင်တွေကို ကိုယ်တိုင်လည်း ထုတ်ဖော် ပြောဆိုလာခဲ့ကြပြီ။ ကျောင်းတွေ run နေတာရှိတယ်၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ရှိတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတာတွေ ရှိတယ်။ အဲဒီလိုပြောနေလို့ normalize ဖြစ်နေတယ်လို့ ကျမပြောနေတာ မဟုတ်ဘူး။ တိုင်းပြည်က စစ်ဖြစ်နေတဲ့အတွက် စစ်ဖြစ်နေတဲ့ပုံသဏ္ဍန်တော့ရှိတယ်။ ဒါပေမယ့် ထူးခြားချက်က ဒီလိုမျိုးဖြစ်နေရင်း တန်းလန်းနဲ့တောင်မှ ခုပြောတဲ့ဒေသန္တရ အုပ်ချုပ်ရေးတွေကို ထူထောင်ပေးနိုင်တဲ့ အနေအထားမျိုးရှိတယ်ပေါ့နော်။ ဒါကို ဥပမာပေးမယ်ဆိုရင်တော့ ကရင်နီကို ကျမ ပေးချင်တယ်။ တခြားဒေသတွေမှာလည်း ရှိပါတယ်။

မေး။ ။ ဒီနေရာမှာပြောရမယ်ဆိုရင် actors တွေရဲ့ collaboration လိုတယ်ထင်တယ်။ ယုံကြည်မှုတွေက အောက်ခြေမှာ စကားပြောတယ်ဆိုရင် ယုံကြည်မှုက နည်းနေတာတွေလည်းတွေ့ရတယ်။ NUG နဲ့ NLD နဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့လည်း မတည့်နိုင်တဲ့ဟာတွေလည်း ရှိကောင်းရှိနိုင်တယ်။ ဆိုတော့ မေးခွန်းက collaboration ဘယ်လောက်ထိ ယုံကြည်မှုရှိပြီလဲ။

နောက်ပြီးတော့ NLD က ၂၀၂၀ ရွေးကောက်ပွဲကို နိုင်ခဲ့တယ်။ နောက်ပြီးတော့ ဒီဘက်နောက်ပိုင်းမှာလည်း NUCC တို့နဲ့လည်း အလုပ်တွဲ လုပ်နိုင်တာ မတွေ့ရဘူး။ NUG လည်း ဝေဖန်တာတွေ အများကြီးပဲ။ ဆိုတော့အဲဒီလိုဟာမျိုးတွေကြတော့ရော ဘာပြောချင်လဲ။

ဖြေ။ ။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အငြင်းပွားမှုလို့ ကျမမြင်တယ်ပေါ့နော်။ အထူးသဖြင့် ဒီမိုကရေစီကို ယုံကြည်တဲ့သူ တယောက်အနေနဲ့ပေါ့၊ ဒီလို မတူကွဲပြားမှုတွေ အမြင်မတူတာတွေကို သည်းခံစိတ်နဲ့ ကျော်ဖြတ်ရလိမ့်မယ်၊ လက်ခံတတ်ရလိမ့်မယ်လို့ မြင်တယ်ပေါ့နော်။ တခုချင်းပြဿနာ အသေးလေးတွေ လိုက်ကြည့်မယ်ဆိုရင်တော့ ပြောစရာ ဆိုစရာတွေရှိတာပေါ့နော်။ ဒါပေမယ့် တချို့ဟာတွေ သိပ်အသေးစိတ် လွန်းအားကြီးရင် အဖြေ မထွက်တတ်တာမျိုး တွေရှိတယ်။

ဘာဘဲဖြစ်ဖြစ် အထူးသဖြင့် စစ်ကောင်စီကို ဖြုတ်ချပြီးရင် ကျမတို့ ဘာဆက်လုပ်မှာလဲဆိုတဲ့ vision ကို ပျောက်မသွားဖို့တော့ လိုတယ်။ တိုင်းပြည်က စနစ်အသစ်တခုကို ထူထောင်နေကြတာ ဖြစ်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် စိန်ခေါ်မှုကလည်းအသစ် အတွေ့အကြုံကလည်းအသစ်ဖြစ်တဲ့အတွက် ဒီလို ငြင်းခုံမှုတွေက အဆန်းတော့ မဟုတ်ဘူးလို့ ထင်တယ်၊ ဖြစ်လိမ့်မယ်၊ နောင်လည်း ဖြစ်လိမ့်အုံးမယ်ပေါ့နော်။ ကျမတို့ပြန်ပြီးတော့ တည်ငြိမ်သွားရင်တောင်မှ ရန်ဖြစ်ကြအုံးမယ်လို့လည်း ထင်ပါတယ်။ ဒါပေမယ့် အဲဒီလို အငြင်းပွားမှုမျိုးကပဲ ကျမတို့ သင်ယူနိုင်လိမ့်မယ်၊ ရင့်ကျက်လာလိမ့်မယ်လို ကျမတော့ ယုံကြည်တယ်။ အဲဒီအတိုင်းပဲ ဖြတ်သန်းရလိမ့်မယ်၊ အငြင်းပွားမှု၊ သဘောမတူညီမှုတွေကိုကြောက်လို့ ဒါမှမဟုတ် သူက ကိုယ့်ကို မယုံလို့ ကိုယ် သူ့ကို မယုံလို့ မဆက်ဆံဘူး ဆို ဒီအတိုင်း ဆက်နေကြရုံပဲ ဒီစစ်အာဏာရှင်အောက်မှာပေါ့နော်။ ဆိုတော့ ကျမတို့ ဒါကိုဖြတ်သန်းရလိမ့်မယ်။ ရဲရဲတင်းတင်းဖြတ်သန်းဖို့ လိုတယ်။ ကိုယ့်တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်မယ်ဆိုတဲ့ ပိုင်းဖြတ်မှု တခုကသာလျှင် ကျမတို့အနာဂတ်ကို ပြဌာန်းသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။

အငြင်းပွားမှုမျိုးကပဲ ကျမတို့ သင်ယူနိုင်လိမ့်မယ်၊ ရင့်ကျက်လာလိမ့်မယ်လို ကျမတော့ ယုံကြည်တယ်။ အဲဒီအတိုင်းပဲ ဖြတ်သန်းရလိမ့်မယ်၊ အငြင်းပွားမှု၊ သဘောမတူညီမှုတွေကိုကြောက်လို့ ဒါမှမဟုတ် သူက ကိုယ့်ကို မယုံလို့ ကိုယ် သူ့ကို မယုံလို့ မဆက်ဆံဘူး ဆို ဒီအတိုင်း ဆက်နေကြရုံပဲ ဒီစစ်အာဏာရှင်အောက်မှာပေါ့နော်။

မေး။ ။ တကယ်လို့ resistance force တွေ ပိုပြီးတော့အားသာလာမယ့် တချိန်မှာ အပြောင်းအလဲဖြစ်တဲ့ တချိန်ကြရင် လက်ရှိစစ်တပ်ထဲမှာရှိနေတဲ့ စစ်ခေါင်းဆောင်တွေ ဒါမှမဟုတ် ပူးပေါင်းလာတဲ့သူတွေ၊ သူတို့ရဲ့ အခန်းကဏ္ဍက ဘာဖြစ်မလဲ။

ဖြေ။ ။ ကျမတို့ မူဝါဒပိုင်းဆိုင်ရာအရ ရှိနေပေမယ့် အကောင်အထည်ဖော်မှုအပိုင်းမှာတော့ နည်းပညာပိုင်းဆိုင်ရာတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ ပြင်ဆင်စရာတွေတော့ လိုသေးတယ်။ အခု လက်နက်ချလာတဲ့သူတွေ ရှိတယ်။ ပူးပေါင်းလာကြတဲ့သူတွေ ရှိတယ်။ အဲဒီသူတွေထဲမှာ စစ်ရာဇဝတ်မှုကို ကျူးလွန်တဲ့သူတွေ ဘယ်နှစ်ယောက်လောက်ပါလဲ စသဖြင့်ပေါ့။ သူတို့ကျူးလွန်ခဲ့တဲ့ ကျူးလွန်မှုတွေအလိုက် သူတို့ရပ်တည်ခဲ့တဲ့ ဖြတ်သန်းမှုတွေအလိုက်တော့ ပုံသဏ္ဍန်တွေ ကွဲပြားသွားမယ်လို့ ကျမတော့ မြင်တယ်။

အခု စစ်တပ် ကိုယ်တိုင်ကလည်း ပျက်နေပြီ၊ မပြောင်းလဲလို့ မရတော့ဘူး။ ပျက်နေပြီဆိုတဲ့အတွက်ကြောင့်မို့ ဒီ အပြောင်းအလဲက လုပ်ကိုလုပ်ရတော့မယ်ဆိုတာ သူတို့နားလည်ဖို့လိုတယ်။ မြန်မြန်ပြောင်းလဲနိုင်ရင် လူထုနဲ့ မြန်မြန် ပြေလည်မယ်၊ မြန်မြန် အဖတ်ဆယ်နိုင်မယ်ပေါ့။ မပြောင်းလဲနိုင်ဘူးဆိုရင်တော့ အတင်းအကျပ်ကြီး ပြောင်းလဲခံရပါလိမ့်မယ်။ ကိုယ့်ဘာသာကို ပြောင်းမလား၊ သူများပြောင်းတာကို ခံမလား။ စစ်တပ်ကခေါင်းဆောင်တွေကိုယ်တိုင် တပ်မတော်ကို ချစ်ပါတယ်ဆိုတဲ့လူတွေ ကိုယ်တိုင် ရွေးချယ်ရမှာ ဖြစ်ပါတယ်။

မေး။ ။ လက်ရှိ စစ်ရေးအရ “၁၀၂၇” ပြီးတော့ “၁၁၁၁” နောက်ရခိုင်မှာလည်း တိုက်တာတွေရှိတယ်။ နောက်တဆင့် ပြည်သူတွေအားတက်တာလည်း တွေ့ရတယ်။ ဒါပေမယ့် စစ်တပ်ကလည်း အင်အားတွေ အများကြီးရှိနေတာကို ကျနော်တို့ လက်တွေ့ကျကျ မှန်းဆလို့ရတယ်ပေါ့နော်။ စစ်တပ် တဖြည်းဖြည်းနဲ့ပြိုကျတဲ့ အခြေအနေကို ပိုမြန်ဖို့ မဇင်မာတို့ နိုင်ငံရေးခေါင်းဆောင်တွေ ဘာထပ် အားဖြည့်ဖို့ရှိလဲ။

ဖြေ။ ။ အဓိကတော့ ဒီစစ်ကောင်စီကို ကာကွယ်ပေးနေကြတဲ့ စစ်သားတွေ မြန်မြန်စွန့်ခွာဖို့ လိုတယ်။ defection ပေါ့။ တချို့ တိုင်းရင်းသားမဟာမိတ်တွေကတော့ loyalty shift လို့ သုံးကြတယ်။ ဒီစစ်ကောင်စီကိုသစ္စာမခံဘဲနဲ့ ပြည်သူလူထုကို မြန်မြန် သစ္စာခံနိုင်အောင် ဆွဲဆောင်စည်းရုံးတဲ့နည်းတွေ စစ်ရေး ဖိအားနည်းတွေ မဟုတ်ဘဲနဲ့ပေါ့နော်၊ ဒီစည်းရုံးရေး နည်းနာတွေနဲ့ သွားရမယ့်အနေအထားရှိတယ်လို့ ကျမတို့မြင်တယ်။

ဒါကြောင့်အခု ဒီလပိုင်းအတွင်း ကျမတို့ ပြည်သူ့ရင်ခွင် အစီအစဉ်တို့ defector program တို့ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် အားစိုက်ထားတာရှိပါတယ်၊ ဒီလိုမျိုးသာ လုပ်နိုင်မယ်ဆိုရင် လူထုလည်း သွေးထွက်သံယိုမှု သက်သာမှာဖြစ်သလို တော်လှန်ရေးလည်း မြန်မြန်ပြီးနိုင်တဲ့ အနေအထားမျိုးလည်း ရှိပါတယ်။ ဒီကာလက ခုနပြောသလို တော်တော်လေး အရေးကြီးတဲ့ကာလလည်း ဖြစ်တယ်။ စစ်ကောင်စီက တိုက်တဲ့အခါမှာ မြေပြင်အခြေအနေအရတော့ သူတို့မှာ ခြေလျင်တပ်က လုံးဝ အားမကောင်းတော့ဘူး ပေါ့နော်။ Morale လို့ ပြောရမယ့် စိတ်ဓာတ်ရေးရာပိုင်း လုံးဝ ကျဆင်းနေပြီဖြစ်တယ်။

ဒီဘက် PDF နဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ကြည့်မယ်ဆိုရင် လူငယ်တွေ။ အရမ်း energy အားအင်အပြည့် စိတ်ဓာတ်ရေးရာအရ ယုံကြည်မှုပိုင်းအရ လုံးဝအထက်စီးပဲ။ လက်နက်အင်အားအရ သာလွန်မှုက နည်းချင် နည်းမယ်၊ ဒါပေမယ့် စိတ်ဓာတ်အင်အားနဲ့ စိတ်ဓာတ် ပိုင်းဆိုင်ရာအရ စစ်ကောင်စီစစ်တပ်ထက်စာလို့ရှိရင် အင်မတန်မှ မြင့်မားနေတာကိုတွေ့ရတယ်။ ဒါ့ကြောင့် စစ်တပ်ကို မြန်မြန်စွန့်ခွာကြဖို့ အရေးကြီးတယ်လို့ ကျမတို့မြင်ပါတယ်။ ဒါကို ကျမတို့ focus ထားပြီးတော့ လုပ်နေတယ်။

စစ်ကောင်စီက တိုက်တဲ့အခါမှာ မြေပြင်အခြေအနေအရတော့ သူတို့မှာ ခြေလျင်တပ်က လုံးဝ အားမကောင်းတော့ဘူး ပေါ့နော်။ Morale လို့ ပြောရမယ့် စိတ်ဓာတ်ရေးရာပိုင်း လုံးဝ ကျဆင်းနေပြီဖြစ်တယ်။

နောက်တခုကျတော့ ဒီစစ်ကောင်စီဆီကို စီးဝင်နေတဲ့ လက်နက် မဝယ်နိုင်ဖို့ စီးပွားရေးနဲ့ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုတွေကို ထိထ ရောက်ရောက် ဟန့်တားနိုင်ဖို့ဖြစ်ပါတယ်။ အဲဒီနှစ်ချက်ကို ကျမတို့ ကောင်းကောင်း လုပ်နိုင်မယ်ဆိုရင်တော့ အခုပြည်သူလူထုခံစားနေရတဲ့ အကြမ်းဖက်ခံရမှု ဒုက္ခတွေကနေ အမြန်ဆုံး အချိန်တိုတိုအတွင်း အဆုံးသတ်နိုင်မှာဖြစ်ပါတယ်။

မေး၊ ။ တိုက်ပွဲတွေက လူငယ်တွေတိုက်တယ်။ တိုက်ပွဲကြာလာရင် စစ်ပန်းလာတာရှိမယ်၊ လက်နက်ခဲယမ်း တွေလည်း အပြည့်အဝ support လုပ်ဖို့လိုတာပေါ့နော်။ NUG အနေနဲ့ကရော ဘယ်လောက်ထိထောက်ပံ့နိုင်လဲ ဘယ်လောက်ထိရောရနေလဲ။ တကယ်တော့ ဘယ်လောက်လိုတာလဲ။

ဖြေ။ ။ လိုအပ်ချက်ကတော့ အတော်များတယ်။ ကျမတို့ ဒေါ်လာသန်းရာချီပြီးတော့ကို လိုအပ်ချက်တွေ ရှိပါတယ်။

မေး။ ။ အခု ဘယ်လောက်ရလဲ။

ဖြေ။ ။ ကျမတို့စီမံဘဏ္ဍာကိုတော့ သေချာပြန်ကြည့်ရမယ်နဲ့တူတယ်၊ ဒါပေမယ့် လတ်တလော အခုကိုပေါ့နော် Spring Development ဘဏ်ရဲ့ရှယ်ယာတွေပေါ့လေ၊ ရှယ်ယာတွေရောင်းတာကိုက ဆယ်ရက်အတွင်းမှာကို ဒေါ်လာဆယ်သန်း target ထားတာက အခု ၁၁ သန်း၊ ၁၂ သန်းလောက် ဖြစ်သွားတယ်ပေါ့နော်။ ကျမတို့မျှော်မှန်းတာထက် ရာခိုင်နှုန်းကို ကျော်လွန်ပြီးတော့ funds raising လုပ်နိုင်တဲ့ အနေအထားရှိတယ်။ ဒါက ဒီပရောဂျက်တခုပဲ ရှိသေးတာပေါ့နော်။ တခြား သူ့နည်းသူ့ဟန်နဲ့ တော်လှန်ရေးထဲကို စီးဆင်းနေကြတဲ့ ရန်ပုံငွေတွေရှိတယ်။

ဒါကလည်း ပြည်သူကနေပြီးတော့ ပြည်သူကိုပဲသွားတဲ့ ရန်ပုံငွေစီးဝင်မှုတွေပေါ့နော်၊ နောက်မဟာမိတ်တိုင်းရင်းသားတွေမှာလည်း သူ့နည်းသူ့ဟန်နဲ့ funds raising လုပ်နေကြတဲ့ဟာတွေရှိတယ်ပေါ့။ နောက် ပြည်သူလူထုရဲ့ထောက်ခံမှု၊ စစ်တိုက်တယ်ဆိုတာကလည်း ပြည်သူလူထုရဲ့ထောက်ခံမှု မပါရင် တိုက်လို့ရတဲ့ကိစ္စ မဟုတ်ဘူးလို့ ကျမမြင်တယ်။ တချို့ဒေသတွေဆိုလို့ရှိရင် ပြည်သူလူထုကိုယ်တိုင်ကိုက နေပြီးတော့ စောင့်ရှောက်တာမျိုး၊ ငါတို့ရွာထဲမှာ PDF ရောက်ပြီးရင် မပြန်စေချင်ဘူး၊ ပြန်သွားရင်လည်း ဟိုကောင်တွေ တိုက်ခံရမယ့်အတူတူ ဒီရွာတွေထဲမှာ PDF တွေရှိနေရင်တော့ သူတို့အတွက် အကာအကွယ် ရတယ်၊ စောင့်ရှောက်ရတယ်ဆိုတဲ့ ခံစားချက်ပေါ့နော်၊ ယုံကြည်မှု ဒီလိုမျိုးတွေလည်း ဖြစ်လာတာတွေ့ရတယ်။

ရန်ပုံငွေလို့ပြောရင် ငွေကြေးချည်းပဲ မဟုတ်ပါဘူး။ တကယ့် host လုပ်တဲ့ ပြည်သူလူထုတွေ၊ မြေပြင်မှာရှိတဲ့ပြည်သူလူထုရဲ့ ထောက်ခံမှုတွေကလည်း စစ်တိုက်တဲ့အခါမှာ ခွန်အား ဖြစ်စေတယ်လို့ မြင်ပါတယ်။

ဆိုတော့ ရန်ပုံငွေလို့ပြောရင် ငွေကြေးချည်းပဲ မဟုတ်ပါဘူး။ တကယ့် host လုပ်တဲ့ ပြည်သူလူထုတွေ၊ မြေပြင်မှာရှိတဲ့ပြည်သူလူထုရဲ့ ထောက်ခံမှုတွေကလည်း စစ်တိုက်တဲ့အခါမှာ ခွန်အား ဖြစ်စေတယ်လို့ မြင်ပါတယ်။

မေး။ ။ သုံးနှစ်အတွင်း တရုတ်နဲ့ NUG ရဲ့ engagement ကဘယ်လောက် ခရီး ပေါက်ပြီလဲ။ ဒီ operation 1027 နဲ့ပတ်သက်ပြီးတော့ တရုတ်က NUG ကို တီးခေါက်တာမျိုးရှိလား၊

ဖြေ။ ။ 1027 နဲ့ပတ်သက်ပြီးတော့ ကျမတို့ကို approach လုပ်တာမျိုး တီးခေါက်တာမျိုးတော့ မရှိပါဘူး။ တရုတ်နဲ့ official engagement မရှိဘူးလို့ ကျမအနေနဲ့ ပြောချင်ပါတယ်။ Unofficial တော့ရှိတယ်။ Official engagement မရှိဘူးလို့ ပြောလို့ရပါတယ်။

မေး။ ။ နောက်တခုသိချင်တာပေါ့လေ၊ အဓိက ဒီ trust issue ပေါ့၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပြောတဲ့အခါမှာ NUG နဲ့ပတ်သက်ပြီးတော့ engagement ဘယ်လိုရှိလဲ။ သူတို့ဘက်ကြားတာက သိပ် positive မဆန်ဘူး ပြောရမှာပေါ့။ သိတယ်မလား စိတ်မချရဘူးပေါ့ NLD ကဖြစ်နေလို့ အဲဒီလိုမျိုးတွေ ပြောနေတာရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဘာပြောမလဲ။

ဖြေ။ ။ ကျမတို့လည်း ကြားပါတယ်။ ယုံကြည်မှုက နေ့ချင်းညချင်း တည်ဆောက်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါကြောင့် အချိန်တခု ယူရမယ်ဆိုပြီးတော့ နားလည်တယ်။ ယုံကြည်တာ မယုံကြည်တာကို အချိန်က သက်သေပြသွားလိမ့်မယ်။ ကျမတို့လုပ်ရပ်တွေက သက်သေပြသွားလိမ့်မယ်ပေါ့နော်။ မယုံကြည်တာကို အတင်းယုံရမယ်လို့ သွားလုပ်လို့မရဘူးလေ။ ဆိုတော့ ကျမတို့ စိတ်ရှည်ရှည်နဲ့ ယုံကြည်မှုကို တည်ဆောက်ရလိမ့်မယ်လို့ ထင်ပါတယ်။

မေး။ ။ NUG အဖွဲ့အစည်းကလည်း သုံးနှစ် ပြည့်တော့မယ်၊ အာဏာသိမ်းတာလည်း သုံးနှစ်ပြည့်တော့မယ်။ စစ်ရေးအရ တိုက်တာလည်း နှစ် နှစ်ကျော်နေပြီ၊ လက်ရှိအခြေအနေမှာအပြောင်းအလဲတွေလည်းတွေ့နေရတယ် အထူးသဖြင့် 1027 နောက်ပိုင်းမှာပေါ့။ ဆိုတော့ မဇင်မာကနေပြီးတော့ပထမဦးဆုံးအနေနဲ့ ပြည်သူတွေကို ဘယ်လို ယုံကြည်မှုပေးချင်လဲ။ အာမခံချက်ပြောတာ၊ support လုပ်နေတဲ့ပြည်သူတွေ တိုက်နေတဲ့ပြည်သူတွေ ထောင်ထဲမှာဒုက္ခရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ ပြည်ပမှာထွက်ပြေးနေရတဲ့ IDP ပြည်သူတွေ အကုန်လုံးကို။

ဖြေ။ ။ ခိုင်ခိုင်မာမာပြောနိုင်တာတခုကတော့ ကျမတို့က ပြည်သူလူထုခံစားနေရတဲ့ ဒုက္ခတွေ၊ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင်ပေါ့နော်၊ ဥပမာ ကျေးလက်မှာဆိုလည်းကျေးလက် အလျောက်၊ မြို့ပေါ်မှာလည်းမြို့ပေါ်အလျောက်၊ ကျေးလက်ပြည်သူလူထုတွေက မတူညီတဲ့ဒုက္ခတွေ ဖြတ်သန်းနေကြတာ။ ဆိုတော့ ဒီကြံ့ကြံ့ခံနိုင်မှုတွေကြားထဲကနေ တော်လှန်ရေးကို သူ့နည်းသူ့ဟန် နဲ့ contribute လုပ်နေကြတယ်။ ပြည်သူလူထုကို ကျမကတော့ false hope တွေ မပေးချင်ဘူး ဒါပေမယ့် ဒီတော်လှန်ရေးက ဘယ်လို အနေအထားမျိုး ရောက်လာပြီလဲဆိုတာ မျက်ဝါးထင်ထင် ဒီလပိုင်းတွေထဲမှာ မြင်တွေ့နေရပြီဖြစ်တယ်။

ကျမတို့အာမခံချက် ပေးနိုင်တာကတော့ ဒီအောင်မြင်မှုတွေကို အချည်းနှီး မဖြစ်အောင်လို့ ကျမတို့နိုင်ငံရေးအရ ဆွေးနွေးတဲ့ ဆွေးနွေးချက်တွေထဲမှာလည်းပါတယ်၊ နိုင်ငံရေးအရ ယုံကြည်မှုတွေ တော်လှန်ရေးအင်အားစုတွေ ကြားထဲမှာ ညီညွတ်မှုတွေ ကျမတို့ပို တည်ဆောက်ရလိမ့်မယ်။ ကျမတို့ vision အတွက် တိုင်းပြည်ထူထောင်ရေး အတွက် ကတိကဝတ်တွေကို ကျမတို့စောင့်ထိန်းရလိမ့်မယ်။ ဒီဟာတွေပေါ် ကျမတို့ ခိုင်ခိုင်မာမာ ဆက်လက်ပြီးတော့ ရပ်တည်သွားပြီးတော့ အခုပြည်သူလူထုရဲ့ ပါဝင်မှု ပြည်သူလူထု တော်လှန်ရေးကို အချည်းနှီး မဖြစ်အောင်လို့ ကျမတို့အစွမ်းကုန် ကြိုးစားသွားပါ့မယ်လို့ ကျမ အာမခံနိုင်ပါတယ်၊ နောက်တချက်ကတော့ ဒီတော်လှန်ရေးမှ မအောင်မြင်လို့ရှိရင် ကျမတို့ကနောက်တသက်လုံး နောက်မျိုးဆက်တွေရော တသက်လုံး အာဏာရှင်အောက်မှာပဲ နေကြရဖို့ရှိတယ်ဆိုတာ သေချာတယ်။

ဒါကြောင့် ဘယ်သူ့မှ ဒီအခြေအနေကို ဖြစ်ခွင့်ပြုမှာ မဟုတ်ဘူး၊ ဒါ နိုင်ငံရေးအရ တာဝန်ယူထားတဲ့သူတွေတင် မကဘူး။ နိုင်ငံသား တယောက်ချင်းစီရဲ့ စိတ်ထဲမှာရှိနေတဲ့ စိတ်ပိုင်းဖြတ်မှုလို့ ကျမတို့မြင်တယ်။ ဒါတွေက ကျမတို့ရဲ့အနာဂတ်ကို ပြဌာန်းသွားလိမ့်မယ်လို့ ကျမ ယုံကြည်ပါတယ်။ အဲဒီအပေါ်မှာပဲ ကျမတို့ဖြောင့်ဖြောင့်မတ်မတ်နဲ့ ရပ်တည်သွားမယ်လို့။

ဒီတော်လှန်ရေးမှ မအောင်မြင်လို့ရှိရင် ကျမတို့ကနောက်တသက်လုံး နောက်မျိုးဆက်တွေရော တသက်လုံး အာဏာရှင်အောက်မှာပဲ နေကြရဖို့ရှိတယ်ဆိုတာ သေချာတယ်။

မေး။ ။ နိုင်ငံရေး စစ်ရေးအရအကျပ်အတည်းဖြစ်လာတဲ့ စစ်ကောင်စီက ဒီထက်ပို ကျပ်တည်းလာရင် နိုင်ငံရေးထွက်ပေါက် ရှာမှာပဲ။ ဒါအားလုံးမှန်းဆလို့ ရတယ်။ ဆိုတော့ အဲဒီထွက်ပေါက်က ပြည်သူတွေလိုချင်တဲ့ တောင်းဆိုတဲ့ ဖက်ဒရယ် ဒီမိုကရေစီပေးဖို့ မဟုတ်ဘူး၊ လူ့အခွင့်အရေးကိုပေးဖို့ မဟုတ်ဘူး။ သူတို့ surrender လုပ်တာမဟုတ်ဘဲနဲ့ တခုခုကို ထိုးကျွေးပြီးတော့ နိုင်ငံရေးထွက်ပေါက်လုပ်ပြီးတော့ သူတို့ဆက်လက် ရပ်တည်နိုင်ဖို့ ၂၀၁၀ တို့ ၂၀၀၈ တို့မှာလုပ်ခဲ့တဲ့ ပုံသဏ္ဍန်မျိုးလာလိမ့်မယ်လို့ ကျနော်တို့မှန်းဆလို့ရတယ်။
ဆိုတော့ အဲဒီဟာမျိုးဆိုရင် NUG တို့ အတိုက်အခံ အင်အားစုတွေဘက်က resistance forces တွေဘက်က ဘယ်လိုစဉ်းစားထားလဲ။ နည်းမျိုးစုံနဲ့နိုင်ငံရေးအရ အလျှော့ပေးတဲ့ပုံစံမျိုးနဲ့ international တွေ China တွေ ASEAN ရဲ့ Five Point Consensus ကို မလိမ့်တပတ်နဲ့ နိုင်ငံရေးအကျဉ်းသား ၂ သောင်းရှိတဲ့နေရာမှာ ၁ သောင်း လောက်ကို ပြန်လွှတ်၊ ဒါမျိုးဆိုရင် အပြောင်းအလဲတွေ များလာမယ်ပေါ့နော်။ အဲဒီအတွက်ကို ဘယ်လို ပြင်ဆင်ထားလဲ၊ ဘယ်လို စဉ်းစားထားလဲ။

ဖြေ။ ။ ကျမတို့ကလည်း အစောကြီးကတည်းက ကြိုတင်ပြီးတော့ စဉ်းစားထားတယ် concern ဖြစ်တဲ့ scenario ထဲမှာ ပါတယ်။ ဆိုတော့ အဲဒီလိုအချိန်မျိုးမှာ လည်ထွက်သွားမှာကတော့ ကျမတို့ပြည်သူတွေ မဟုတ်ဘူး နိုင်ငံတကာပဲ။ မြန်မာပြည်သူတွေကတော့ ဒီပုဂ္ဂိုလ်တွေ ဒီလူတွေဘယ်လိုလုပ်တတ်တယ်ဆိုတာ ဘဝတွေ၊ အသက်တွေနဲ့ရင်းပြီး သိခဲ့ကြပြီပေါ့နော်။ ဒါကြောင့်မို့လို့ ကျမတို့ ၂၀၀၈ အောက်ကို ပြန် မသွားတော့ ဘူး။ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲဖို့ လို့တယ်။ အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုလိုတယ်စတဲ့ အခြေခံနှုန်းစံတန်ဖိုးတွေ ကျမတို့ ချမှတ်ထားတာ ဖြစ်တယ်ပေါ့နော်။ ဒါကလည်း ကျမတို့ချည်းပဲ မဟုတ်ပါဘူး နိုင်ငံရေးအင်အားစုတွေကြားထဲက ဆွေးနွေးမှုတွေထဲမှာ ရှိနေတဲ့အခြေခံ လိုအပ်ချက်တွေဖြစ်တယ်။

ဒါတွေကိုမှ address မလုပ်နိုင်ဘဲ အာမခံချက်မပေးနိုင်ဘဲနဲ့ ကျမတို့သွားနေတဲ့လမ်းကြောင်း ကျမတို့ရပ်တည်ချက်ကို ရပ်တန့်ဖို့ကတော့ ခက်ပါတယ်။ ကျမအမြဲတမ်း awareness လုပ်တယ်၊ လူထုတွေ့ဆုံပွဲတွေလုပ်တဲ့အခါမှာ ဒီ scenario ဖြစ်လာတဲ့အခါမှာ ကိုယ့်ရဲ့နိုင်ငံရေးမျှော်မှန်းချက်တွေ၊ အာမခံချက် မရှိတဲ့အချိန်မှာ ဒီအရှိန်အဟုန်ကိုလျှော့ချတာမျိုး မလုပ်လိုက်ဖို့တော့ လိုတယ်ပေါ့နော်။ ကျမတို့ ခုလိုအချိန်မျိုးမှာပိုပြီးတော့ awareness ရှိရှိနဲ့ မြှင့်တင်ထားရမယ်။

မေး။ ။ နိုင်ငံတကာကို ဘာပြောချင်လဲ။ မကြာသေးခင်ကလည်း မဇင်မာတို့ ဖင်လန်နဲ့ ဆွစ်ဇာလန်လား၊ စစ်ကောင်စီက လူတွေကိုဖိတ်ပြီးတော့ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးကြတာမျိုးတွေရှိတယ်ပေါ့။ အနောက်နိုင်ငံတွေ၊ သူတို့ကို ခုနကလို scenario တွေ နိုင်ငံရေးဖြေရှင်းချက်တွေ လှည့်စားဖို့ပေါ်လာမယ်ဆိုရင် သူတို့ကို ဘာတွေကြိုပြောသင့်လဲ။

ဖြေ။ ။ အဲဒီအဖြေကို ရှာတဲ့နေရာမှာ မှန်မှန်ကန်ကန် အောင်အောင်မြင်မြင်ရှာတတ်ဖို့ဆိုရင် ပြည်သူလူထုရဲ့ဆန္ဒပေါ့နော်။ နောက် stakeholder ဆိုရင်လည်း stakeholder တခုတည်းရဲ့သဘောကိုပဲ ထင်ဟပ်နေလို့ မရဘူး။ Stakeholder အများစုနဲ့ ဒီတိုင်းပြည်ကို လူအများစုကြီးက ဘယ်လို vision မျိုးနဲ့သွားချင်နေပြီလဲဆိုတဲ့ reflect လုပ်နိုင်တဲ့ချဉ်းကပ်ပုံမျိုးမဟုတ်လို့ ရှိရင် အဲဒီ ကြားဝင်ဖြန်ဖြေရေးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အောင်မြင်မှာမဟုတ်ဘူးလို့ ကျမတော့မြင်တယ်။

ဒီတိုင်းပြည်ကို လူအများစုကြီးက ဘယ်လို vision မျိုးနဲ့သွားချင်နေပြီလဲဆိုတဲ့ reflect လုပ်နိုင်တဲ့ချဉ်းကပ်ပုံမျိုးမဟုတ်လို့ ရှိရင် အဲဒီ ကြားဝင်ဖြန်ဖြေရေးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အောင်မြင်မှာမဟုတ်ဘူး

အထူးသဖြင့် conflict transformation တို့ ဘာတို့ လုပ်နေတဲ့နိုင်ငံတွေရှိပါတယ်၊အဲဒီနိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေဟာ တခြားနိုင်ငံက ဖြစ်ပေါ်တိုးတက်မှုတွေ၊ သူတို့ရှေ့မှာ လုပ်ခဲ့ကြတဲ့၊ ရယူခဲ့ကြတဲ့ သင်ခန်းစာတွေထဲကနေ ကွဲထွက်နေတဲ့ပုံသဏ္ဍန်မျိုးဖြစ်တယ်ဆိုတာကိုတော့ သေသေချာချာ နားလည်ဖို့ လိုပါလိမ့်မယ်။ အဲဒါကို ကျမတို့တွေ့တိုင်း ငြင်းခုံနေရတဲ့ အနေအထားရှိပါတယ်။

မေး။ ။ ကမ္ဘာမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ထိတွေ့ ဆက်ဆံရတဲ့အထဲမှာ မဇင်မာအတွက် အားမရဆုံး နိုင်ငံတွေကို name တပ်ချင်ရင် ဘယ်နိုင်ငံတွေကို ပြောချင်လဲ။

ဖြေ။ ။ တကယ်တော့ ကျမတို့ ထိတွေ့ဆက်ဆံနေတဲ့နိုင်ငံတွေက လက်ချိုးရေလို့ရတယ်။ ဆိုတော့ အဲဒီနိုင်ငံတွေကိုတော့ ကျေးဇူးတင်ကြောင်း ပြောချင်တယ်။ ဒါပေမယ့် အားမရဆုံးနိုင်ငံတွေအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင်လည်း မြောက်များစွာ ရှိပါတယ်၊ နာမည်တပ်ဖို့တောင်မှ နည်းနည်းခက်လိမ့်မယ်လို့ မြင်ပါတယ်။ ကျေးဇူးပါ။


View the original