စစ်ရှောင်တွေအတွက် ရိက္ခာ “ဆက်” ပေးသူ (သို့) မော်ဆော်မိုး

December 8th, 2023  •  Author:   Kantarawaddy Times  •  1 minute read
Featured image

ကန္တာရဝတီတိုင်း(မ်)

“ဆန်လေးနည်းနည်းပါးပါးရပြီဆိုရင် တချို့လူတွေက ပြောတယ်ပေါ့နော။ ငါ့အတွက် တစ်ပတ်စာ၊တစ်လစာရပြီပေါ့။ သူတို့အဲဒီလိုမျိုးပြောတယ်ဆိုရင် ကိုယ်ကလည်း လုပ်ပေးခဲ့တာ သူတို့အတွက် ဒီလောက်တောင်မှ အကျိုးရှိလားပေါ့။” လို့ ကိုယ့်လုပ်ရပ်အတွက် ကြည်နူးမိရင်း မော်ဆော်မိုးက ပြောတယ်။

သူဟာ အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်မှာ စတင်ချိန်ကနေ လက်ရှိအချိန်ထိ ကရင်နီ ပြည်နယ် ဖရူဆို အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေအတွက် ဆန်အပြင် မိုးကာ၊ ဆေးဝါးတွေအထိပါ ရရှိနိုင်ဖို့ အလှူရှင်တွေဆီကနေတဆင့် ကူညီပေးနေသူပါ။

“ လူဦးရေက တစ်ထောင်နီးပါးရှိတာပေါ့။ ဆိုတော့ စားနပ်ရိက္ခာကူညီရှာဖွေတဲ့ အပိုင်းမှာဆိုရင် ဆန်တစ်အိတ်ရရင်လည်း အဲဒီတစ်အိတ်ကို ကျမတို့ ဒီလူဦးရေ အားလုံးအတွက်ကိုကို ခွဲဝေပေးနေရတယ်။ အဲဒီလို လုပ်နေရတယ်ပေါ့နော။” လို့ မော်ဆော်မိုးက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီး တိုက်ပွဲစတင်ဖြစ်ပွားချိန်ကစပြီး လက်ရှိ နှစ်နှစ်နဲ့ ခုနှစ်လ အတွင်း စစ်ဘေးရှောင် နှစ်သိန်းနဲ့ ရှစ်သောင်းနှစ်ထောင်ကျော် ရှိနေတယ်လို့ ကရင်နီပြည် လူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီအထဲမှာ ဖရူဆိုမြို့နယ်က တစ်သောင်းလေးထောင်ကျော်ပါဝင်ပြီး ၂၀၂၁ ခုနှစ်ကတည်းက ပြည်သူအချို့ စစ်ဘေးရှောင် နေကြရပါတယ်။

မော်ဆော်မိုးက ဒီလို စစ်ဘေးရှောင်တွေအတွက် ရိက္ခာနဲ့ ဆေးဝါးတွေ ရရှိနိုင်ဖို့ ကူညီဆောင်ရွက်ပေးနေတာ နှစ်နှစ် ကျော်ရှိသွားပြီဖြစ်ပါတယ်။

ကရင်နီပြည်က စစ်ရှောင်စခန်းတစ်နေရာမှာ အာဟာရကျွေးမွေးနေစဉ်။

စစ်ရှောင်တွေကို ကူညီပေးနေရတဲ့အလုပ်ဟာ လွယ်ကူတဲ့အလုပ်တစ်ခုတော့မဟုတ်ပါဘူး။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက် မိုးတွင်းကာလမှာ လမ်းခရီးအတွင်း ကားခံတာမျိုးတွေ(ရွံ့နွံကြားမှာကားဘီးနစ်ပြီးကားရှေ့ဆက်မသွားနိုင်တာ)၊ ကားပျက်တာမျိုးနဲ့ ခရီးလမ်းမှာ လက်နက်ကြီး ကျရောက်တာတွေနဲ့ ကြုံရတာလည်းရှိတယ်လို့ သူက ဆိုပါတယ်။

ပုံမှန်အခြေအနေမှာ နေ့တစ်ဝက်နဲ့ အသွားအပြန်ရနိုင်မယ့်ခရီးမှာ လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ထမင်းမစားရ၊ တောလမ်းတွေမှာအိပ်ရနဲ့ သုံးညခရီး သွားလာနေရပါတယ်။

“နေ့တစ်ဝက်နဲ့ ပြီးရမယ့် ခရီးမျိုးမှာ နှစ်ရက်ကျော်ပေါ့နော။ နှစ်ရက်နဲ့ သုံးည အဲဒီလိုမျိုး ဖြစ်ခဲ့ ရတဲ့ အခြေအနေမျိုးတွေရှိတယ်။ ဆိုတော့ ထမင်းလည်း ငတ်ခဲ့တယ်။ ပင်လည်း ပင်ပန်းခဲ့ရတယ်ပေါ့နော။ စိုးလည်း စိုးရိမ်ထိတ်လန့်နေခဲ့ရတယ်ပေါ့နော။” လို့ မော်ဆော်မိုးကပြောပါတယ်။

ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသအတွင်းမှာ အမျိုးသမီးတစ်ယောက်ထဲ သွားလာဖို့ စိန်ခေါ်မှုကတော့ သူမအတွက် မရေမတွက်နိုင်ပါဘူးလို့ ဆိုပါတယ်။

မညီညာတဲ့ လမ်းခရီးတွေကြား အရေးပေါ်လိုအပ်လို့ သွားလာရချိန်မှာ အဖော်မဲ့နဲ့ တစ်ယောက်ထဲ သွားလာရတဲ့ နေ့ရက်တွေလည်း ရှိတဲ့အတွက် ရံဖန်ရံခါမှာ မိသားစုတွေက စိတ်ပူပြီး တားမြစ်တာမျိုးတွေကလည်း သူရင်ဆိုင်နေရပါတယ်။

ဒါပေမယ့် သည်လိုအခက်အခဲတွေအများကြီးကြုံရပေမယ့်လည်း ကိုယ်ကူညီပေးလိုက်တာကြောင့် စစ်ရှာင်တွေအဆင်ပြေသွားတာတွေကို မြင်ရရင် အမောတွေပြေသွားတယ်လို့ မော်ဆော်မိုးက ပြောတယ်။

“ကိုယ်အကူအညီပေးတာ ကိုယ့်ရဲ့ဆီက ကိုယ်ပေးလိုက်တာမျိုးမဟုတ်ပဲနဲ့ ကြားကနေ ချိတ်ဆက်ပေးတဲ့ အလုပ်တောင်မှ သူတို့အတွက် အဲ့လောက်တောင် အကျိုးရှိလားပေါ့နော။ ကိုယ်ဝမ်းလည်းဝမ်းနည်းတယ်။ သူတို့အတွက် အဲဒီလိုမျိုး အဆင်ပြေသွားတာသိတော့ ပျော်လည်း ပျော်မိတယ်။” လို့ မော်ဆော်မိုးကပြောပါတယ်။


“ဒီအချိန်မှာ ကျမတို့က သူတို့ကို အားကိုးရတယ်ပေါ့နော်။ သူတို့က ကျမတို့အတွက် လုပ်ပေးတယ်။ အလှူရှင်တွေနဲ့ ချိတ်ဆက်ပေးတယ်။ ပြီးရင် ကျမတို့ကို တစ်ဖက်တစ်လှမ်းကနေ အမြဲတမ်းကူညီပေးတယ်။ ကြည့်ရှုပေးတယ်။ ဆိုတော့ သူတို့က ကျမတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပုဂ္ဂိုလ်တွေလို့ မြင်တယ်ပေါ့” လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ စီမံခန့်ခွဲရေးလုပ်ဆောင်နေသူအမျိုးသမီးတစ်ဦးကပြောတယ်။

စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့ကြားလည်း နယ်မြေအသာစီးယူနိုင်ဖို့အတွက် နှစ်ဖက် တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်နေပါတယ်။

အဲဒါကြောင့် အိုးအိမ်စွန့်ခွာပြီး တောတောင်ထဲ စစ်ရှောင်နေရသူတွေအတွက်တော့ စားနပ်ရိက္ခာနဲ့ မိုးကာ၊ ဆေးဝါးတွေကတော့ လိုအပ်နေဆဲပါ။

ဒါတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ စစ်ရှောင်ကူညီသူတွေက အလှူရှင်ကနေတဆင့် ရတဲ့ အလှူငွေတွေနဲ့ ဝယ်ယူပြီး ဝေမျှပေးနေတာမျိုးတွေ ပြုလုပ်နေတာပါ။

ခက်ခဲလှတဲ့ လမ်းပန်းဆက်သွယ်ရေး၊ ကုန်စျေးနှုန်းမြင့်တက်မှုနဲ့ ဖုန်းဆက်သွယ်ရေးတွေကြား အခကြေးငွေမရရှိဘဲ ပရဟိတ လုပ်ဆောင်နေပေမယ့် ကိုယ်ကိုတိုင် ငွေကြေးပြည့်စုံနေတာမျိုးတော့ မဟုတ်ဘူးလို့ မော်ဆော်မိုးက ပြောပါတယ်။

“ကျန်းမာရေးထိခိုက်နိုင်တဲ့ အခြေအနေမျိုးတွေ ရှိတယ်ပေါ့နော။ အဓိက ဒီခရီးသွားလာတဲ့ အပိုင်းမှာဆိုလို့ရှိရင် ဒီဘက်မှာ လမ်းခရီးကြမ်းတမ်းလို့ပေါ့နော။အဲဒီလိုမျိုးကြောင့် ကျန်းမာရေးထိခိုက်တာမျိုးတွေ ဖြစ်တတ်တယ်။ တခါတလေဆိုရင်တောင် ထမင်းနပ်မမှန်ပဲနဲ့ ဖြတ်သန်းရတဲ့ နေ့ရက်တွေလည်း ရှိခဲ့ဖူးတယ်ပေါ့နော။” လို့ မော်ဆော်မိုးက ပြောပါတယ်။

မော်ဆော်မိုးက ဖရူဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ အထောက်အပံ့တွေ သွားရောက်ပေးနေစဉ်။

အာဏာမသိမ်းခင်က အစိုးရဝန်ထမ်းအနေနဲ့ မိုးလုံလေလုံအောက်မှာ ရေမီးအစုံနဲ့ အလုပ်လုပ်ရင်း စားဝတ်နေရေးအတွက် အပူအပန်ကင်းကင်းနဲ့ နေထိုင်ခဲ့ရသူပါ။ အသက် ၂၈နှစ်အရွယ်ရှိပြီး သူရဲ့ဇာတိကတော့ ဖရူဆိုမြို့နယ်က တောင်ပေါ်ဒေသတစ်ခုပါ။

မြို့ပြနဲ့ဝေးလံခေါင်ဖျားလှတဲ့အတွက် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ မွေးရပ်မြေလေးကို ပြောင်းလဲစေချင်ပြီး အသက်ကြီးတဲ့အထိ တောင်ယာလုပ်ငန်းကို လုပ်ကိုင်နေရဆဲဖြစ်တဲ့ သူမမိဘတွေကို ကူညီချင်တဲ့ ဆန္ဒရှိခဲ့သူပါ။
ဒါပေမယ့်သူဆန္ဒတွေက အာဏာသိမ်းတာနဲ့အတူပါသွားပြီ အစိုးရ၀န်ထမ်းဘ၀ကနေ သူငယ်ချင်းတချို့နဲ့ အတူ CDM ပြုလုပ်ပြီး အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုသပိတ်တွေမှာ ပါဝင်ခဲ့ပါတယ်။

မကြာခင်မှာပဲ ကရင်နီပြည်မှာတိုက်ပွဲတွေစတင်ဖြစ်ပွားပြီး စစ်ဘေးရှောင်ဘဝကို ရောက်ရှိသွားခဲ့ပါတယ်။
မိသားစုနဲ့အတူ တောတောင်ထဲမှာ စစ်ဘေးရှောင်ရင်း တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီနိုင်ဖို့ ကလေးငယ်တွေကို စာသင်ပေးရင်း စစ်ရှောင်ကူညီတဲ့ အလုပ်ထဲကို ခြေဆန့်ဝင်လာခဲ့တာပါ။

”စစ်ရှောင်တွေကို ကူညီတာပဲမဟုတ်ဘူးပေါ့နော။ ကိုယ့်ရဲ့ဒေသက ကိုယ့်ရဲ့လူထုတွေပေါ့နော။ ကိုယ့်ကိုလိုအပ်နေတဲ့ ကိုယ့်ရဲ့လူထုတွေက ကိုယ့်ကို အကူအညီတောင်းနေသ၍ ကိုယ့်ကို လိုအပ်နေသေးသ၍ ကိုယ်ကူညီချင်တဲ့အပိုင်း ကိုယ့်မှာ အပြည့်အဝရှိတယ်။ ကိုယ့်ဘက်မှာက အကူအညီအပြည့်အဝမပေးနိုင်တာ တစ်ခုတည်းပေါ့နော။ ကိုယ်တတိနိုင်သလောက်တော့ ကူညီပေးချင်တဲ့စိတ်က စိတ်ရဲ့ အခြေခံကိုက ရှိနေတယ်ပေါ့နော။”

စစ်ရှောင်တွေကို ကရင်နီစာသင်ကြားတဲ့ အပိုင်းကို ကူညီရင်း အလှူရှင်တွေနဲ့ ချိတ်ဆက်ပေးခဲ့ပေမယ့် တစ်နှစ်ကျော်ကြာချိန်မှာတော့ စာသင်တဲ့အလုပ်ကိုစွန့်လွှတ်ပြီး စစ်ရှောင်ကူညီတဲ့ အလုပ်ထဲကို ခြေစုံပစ်ဝင်လာခဲ့ပါတယ်။

စစ်ရှောင်တွေအတွက် ရိက္ခာတွေကို သွားရောက်သယ်ယူရင်း ပစ်ခတ်ခံရတာ ဖမ်းဆီးခံရတာတွေလည်း စစ်‌ရှောင်ကူညီသူတွေ ရင်ဆိုင်ရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုလို့ဆိုပါတယ်။

ဒီလိုစစ်ရှောင်တွေကို ကူညီဖို့ ရွေးချယ်ချိန်မှာလည်း အစပိုင်းက မိသားစုဝင်တွေ မနှစ်သက်ခဲ့ပေမယ့်လည်း နှစ်နဲ့ချီကြာလာချိန်မှာတော့ လက်ခံလာတယ်လို့ မော်ဆော်မိုးက ပြောပြပါတယ်။

“ကိုယ်တဲအိမ်မှာ ကိုယ်နေတာတောင် လုံခြုံမှုမရှိဘူးဆိုတော့ ကိုယ်တဲအိမ်ရဲ့ အပြင်ဘက်ပဲဖြစ်ဖြစ် ခရီးသွားနေတဲ့ အချိန်မှာပဲဖြစ်ဖြစ် ကိုယ့်အတွက် ဘယ်လောက်တောင် စိုးရိမ်ပူပန်မှုရှိလဲဆိုတော့ တစ်ခုခုပေါ့နော သူစိမ်းကို လမ်းတွေ့လိုက်တယ်။ လမ်းမှာဖြစ်ဖြစ် ကိုယ့်ကို အမြင်မကြည်တဲ့ အကြည့်တစ်ချက်နဲ့ ကြည့်ခံရရင် ကိုယ်စိတ်ကနေ စပြီးခံစားရတယ်။ ကြောက်လာတယ်။ ပြီးတော့ သူများကိုလည်း အဲဒီလူကိုလည်း မယုံမကြည်တွေ ဖြစ်လာတယ်ပေါ့နော။”

အလုပ်ထဲနှစ်ထားတာဖြစ်တဲ့အတွက် သူမဟာ မိသားစုအတွက်ပေးဖို့ အချိန်တွေမရှိသလောက် နည်းပါးသွားတယ်လို့ ဆိုပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ပိုမိုကျယ်ပြန့်လာတဲ့စစ်ရေးအခြေအနေ၊ များပြားလာနေတဲ့ စစ်ရှောင်နဲ့ ခက်ခဲနေတဲ့ လမ်းပန်းဆက်သွယ်ရေးတွေကြောင့် စစ်ရှောင်တွေ ရိက္ခာပုံမှန်ရရှိဖို့ ပိုမိုခက်ခဲလာနေတယ်လို့ ဆိုပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ကနေလည်း စစ်ရှောင်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို လက်လှမ်းမှီတဲ့ ဒေသတွေအားလုံးကို ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။

အလှူရှင်တွေ ပိုနည်းလာနေတဲ့အတွက် စိုက်ပျိုးနိုင်သေးတဲ့ စစ်ရှောင်တွေကို ရိက္ခာအတွက် စပါးနဲ့ ပြောင်းဖူးတွေကို အဓိကထား စိုက်ပျိုးကြဖို့ မော်ဆော်မိုးကနေ တိုက်တွန်းတာတွေလည်း ပြုလုပ်ခဲ့ပါတယ်။

တောတောင်တွေကြားက ဆက်သွယ်ရေးခက်ခဲနေပေမယ့် မော်ဆော်မိုးက စစ်ရှောင်ကူညီတဲ့အလုပ်ကိုပဲ တဇိုက်မတ်မတ်လုပ်ဆောင်စေတဲ့ တွန်းအားကတော့ တတ်စွမ်းတဲ့ အပိုင်းမှာ ပါဝင်းအားဖြည့်ရင်း ရပ်ရွာတိုးတက်အောင် ဆောင်ရွက်ဖို့ပါ။

မော်ဆော်မိုးဟာ အာဏာရှင်စနစ်ကို လက်နက်ကိုင်တိုက်တဲ့ နည်းလမ်းမဟုတ်ဘဲ တစ်ထောင့်တစ်နေရာကနေ ကူညီပြီး ဖယ်ဒရယ်ဒီမိုကရေစနစ်ကို အတူတကွတည်ဆောက်ချင်တာပါ။

အကူအညီလိုအပ်နေတဲ့ စစ်ရှောင်အားလုံးကို အထောက်အပံ့လေး တစ်စုံတစ်ခုပေးနိုင်ပြီး တစ်စုံတစ်ခု ပိုအဆင်ပြေသွားဖို့ကလည်း လက်ရှိ စစ်ရှောင်ကူညီထောက်ပံ့တဲ့ လုပ်ငန်းကို စိတ်ဓာတ်ကျမှုတွေကြားက လက်လွှတ်မသွားအောင် လှုံ့ဆော်နေတဲ့ တစ်ခုတည်းသော မျှော်လင့်ချက်လို့ဆိုပါတယ်။

“တစ်ရက်ပြီးတစ်ရက်ပေါ့နော။ လုပ်စရာရှိတာတွေ လုပ်နေတယ်။ ချိတ်ဆက်မှုတွေ လုပ်နေတယ်။ သွားစရာရှိတာ သွားနေတဲ့အချိန်မျိုးမှာဆိုလို့ရှိရင် တစ်ရက်ပြီးတစ်ရက် အချိန်ကုန်သွားတယ်”


View the original