စစ်ဘေးဒုက္ခသည် ကိုယ်ဝန်ဆောင်တွေအတွက် အားကိုးရာ မိခင်နဲ့ကလေးကျန်းမာရေး စောင့်ရှောက်သူများ

December 7th, 2023  •  Author:   Honest Information  •  1 minute read
Featured image

ဒေဝီ

အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ကျန်းမာရေးစောင့်ရှောက်သူတွေ မရှိသလောက် နည်းပါးသွားတဲ့ သူတို့ဒေသမှာ ကလေးမီးမဖွားနိုင်လို့ ဆေးရုံဆေးခန်းအချိန်မီမရောက်လို့ မိခင်နဲ့ကလေးသေဆုံးတာတွေ ကြုံရတဲ့အခါတိုင်း နော်ဝါးဝါးမူး စိတ်မကောင်း ဖြစ်ရတယ်။

ကိုယ်ဝန်ဆောင်တွေ မိခင်လောင်းတွေကို ကိုယ့်ရပ်ရွာမှာပဲ ကျန်းကျန်းမာမာနဲ့မွေးဖွားနိုင်အောင် ကူညီချင်ပေမယ့် မိခင်နဲ့ ကလေး ကျန်းမာရေးနဲ့ပတ်သတ်လို့ အကျွမ်းတဝင်မရှိတာကြောင့် မကူညီနိုင်ခဲ့။

ဒါပေမယ့် ပြီးခဲ့တဲ့လတွေက နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့က ဖွင့်လှစ်တဲ့ မိခင်နဲ့ကလေးကျန်းမာရေး စောင့်ရှောက်မှု သင်တန်းတက်ခဲ့ပြီးချိန်မှာတော့ သင်ယူထားတဲ့ပညာနဲ့ဒေသတွင်းက မိခင်နဲ့ကလေးတွေရဲ့ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက ကူညီဖို့အဆင်သင့်ဖြစ်နေပြီလို့ သထုံဒေသခံ နော်ဝါးဝါးမူးက ဆိုပါတယ်။

မိခင်နဲ့ကလေးကျန်းမာရေး စောင့်ရှောက်မှုသင်တန်းကို  နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ -BPHWTနဲ့ ကရင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန-KDHWတို့ ပူးပေါင်းဖွင့်လှစ်တာဖြစ်ပြီး ယခုအကြိမ်နဲ့ဆို တတိယအကြိမ်မြောက် ဖွင့်လှစ်ခဲ့တာပါ။

” ဒီသင်တန်းကို ဒေသမှာရှိတဲ့ မိခင်နဲ့ကလေးတွေသေဆုံးမှုနည်းအောင်လို့ တက်ဖြစ်ခဲ့တာ။ ကိုယ်ကနားလည်ထားလို့ ရှိရင် သူတို့ကို ကူညီစောင့်ရှောက်နိုင်မှာ။” လို့ နော်ဝါးဝါးမူးကပြောပါတယ်။

နော်ဝါးဝါးမူးတို့ ရွာက ကျန်းမာရေးဝန်ထမ်းတွေမရှိတော့တာကြောင့် အရေးအကြောင်းဆိုရင် မြို့ပေါ်ကိုသာ သွားရပါတယ်။  တခါတရံ လမ်းခရီးမှာ အတားအဆီးအစစ်အဆေးတွေကြောင့် ကြန့်ကြာပြီး မိခင်နဲ့ကလေး သေဆုံးရတာတွေလည်း ရှိပါ တယ်။

” ရွာမှာက ကျန်းမာရေးလုပ်သားရှားတယ်။ သူတို့အတွက်(ကိုယ်ဝန်ဆောင်)ဆို တအားခက်တယ်။ မိခင်သားအိမ်ကွဲပြီး ဆုံး သွားတဲ့သူလည်း တွေ့ဖူးတယ်။ အချင်းကပ်လို့ အချင်းကျန်တာတွေလည်းကြုံရတယ်။” လို့ နော်ဝါးဝါးမူးက ပြောပါတယ်။

ပဋိပက္ခဒေသတွေမှာ အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ကျန်းမာရေးစနစ်ယိုယွင်းခဲ့ပါတယ်။ အထူးသဖြင့် စစ်ဘေးသင့်ဒေသ တွေက ကိုယ်ဝန်ဆောင်တွေမှာ တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြေးလွှားရင်း ကိုယ်ဝန်ပျက်ကျရတာ၊ အဟာရပြည့်စုံအောင် စားသောက်နေထိုင်မှုမရှိတာ၊ ကျန်းမာရေးစောင့်ရှောက်မှုမရတာတွေကြောင့် မိခင်ခန္ဓာကိုယ်အားနည်းပြီး မီးမဖွားနိုင်တာ၊ မွေးဖွားပြီးတဲ့ကလေးတွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် အဖက်မတင်ဘဲ သေဆုံးရတာစတဲ့ ဖြစ်ရပ်တွေလည်း ကြုံရ ပါတယ်

ဒီလိုတိုက်ပွဲတွေပြင်းထန်နေတဲ့ ဒေသတွေက ဆေးကုသမှုလက်လှမ်းမမှီနိုင်တဲ့ မိခင်နဲ့ကလေးတွေကို ကျန်းမာရေးစောင့် ရှောက်ပေးဖို့ ရည်ရွယ်ပြီး နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ – BPHWT က မိခင်နဲ့ကလေး စောင့်ရှောက်မယ့် ကျန်းမာရေးလုပ်သားတွေကို မွေးထုတ်ပေးခဲ့ပါတယ်။

မိခင်နဲ့ကလေး ကျန်းမာရေးစောင့်‌ရှောက်မယ့် ကျန်းမာရေးလုပ်သားတွေက ပဋိပက္ခဒေသတွေမှာ ပြေးလွှားနေထိုင်ရတဲ့ စစ် ရှောင်ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးမီးဖွားဖို့လိုအပ်ရင် မွေးဖွားပေးတာ၊ မိခင်နဲ့ကလေးတွေကို လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးတာတွေကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။

နော်ဝါးဝါးမူးက အထက်တန်းပညာရေးပြီးတဲ့နောက် တိုင်းရင်းသားဒေသကျန်းမာရေးအဖွဲ့အစည်းတွေက ဖွင့်လှစ်တဲ့ ကျန်းမာ ရေးဆိုင်ရာသင်တန်းတွေတက်ခဲ့ပြီး သူရဲ့ဒေသမှာ ကျန်းမာရေးဆရာမအဖြစ် လုပ်ဆောင်နေသလို ရပ်ရွာရဲ့ လိုအပ်ချက် အတွက် မိခင်နဲ့ကလေးကျန်းမာရေးစောင့်ရှောက်မှုသင်တန်းကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကစလို့ တက်ဖြစ်ခဲ့တာပါ။

မိခင်နဲ့ကလေးကျန်းမာရေးစောင့်ရှောက်မှုသင်တန်းမှာ ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှုကစလို့ ကလေးမီးဖွားပေး တာအထိ  လက်တွေ့လုပ်ဆောင်သင်ကြားရတဲ့အတွက် ရပ်ရွာက မိခင်နဲ့ကလေးကျန်းမာရေးကို လုပ်ဆောင်ပေးနိုင်တဲ့ အခွင့် အလမ်းတွေ ပိုရလာတယ်လို့ သူကဆိုတယ်။

အချိန်ကာလ ၁၀လကြာ တက်ရောက်ရတဲ့  မိခင်နဲ့ကလေးကျန်းမာရေးစောင့်ရှောက်မှုသင်တန်းကို သူအပါအဝင် ပဋိပက္ခ ဒေသတွေက အမျိုးသမီး ၃၂ ဦး တက်ရောက်ခဲ့ပါတယ်။

ဒီအမျိုးသမီးတွေက သင်တန်းဆင်းပြီး‌နောက် မိခင်နဲ့ကလေးကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ရပ်ရွာမှာ ပြန်လည် အသုံးချနေကြပြီဖြစ်တယ်လို့ နော်ဝါးဝါးမူးက ပြောပါတယ်။

နော်ဝါးဝါးမူးလည်းသူတို့အရပ်ဒေသမှာ ကိုယ်ဝန်ဆောင်တွေကိုကြည့်ရှု့ပေးပြီး ဆေးရုံဆေးခန်းကို  သွား‌ရောက်ပြသဖို့ လိုအပ် တဲ့ လမ်းညွှန်မှုပေးတာ၊ လမ်းပန်းဆက်သွယ်ရေးကြောင့်ဖြစ်စေ ပဋိပက္ခတိုက်ပွဲတွေကြောင့်ဖြစ်စေ ဆေးရုံဆေးခန်း မသွားနိုင် တဲ့ အခါမျိုးမှာဆို မီးဖွားပေးနိုင်ဖို့လုပ်ဆောင်‌ပေးမှာဖြစ်တယ်လို့ဆိုတယ်။

” အခုက ကလေးမမွေးပေးရသေးပေမယ့် ကိုယ်ဝန်သည်တွေကိုတော့ ကြည့်ပေးတယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်ဆို ဗိုက် လာအပ်ခိုင်းတယ်။ ဗိုက်ထဲတစ်ခုခုအနေအထားဆိုရင် ဆေးရုံကိုသွားဖို့ပြောတယ်။ သွားလို့အဆင်မပြေဘူးဆိုရင် ဒေသက ကျန်းမာရေးအဖွဲ့အစည်းကို အကူညီတောင်းပြီးကူညီတာတွေရှိတယ်။” လို့ နော်ဝါးဝါးမူးက ပြောပါတယ်။

ဒါ့အပြင်ကိုယ်ဝန်ဆောင်မိခင်တွေသိသင့်တဲ့ ကျန်းမာရေးသတင်းအချက်အလက်၊ မိသားစုသားဆက်ခြား စီမံကိန်းအတွက် ထောက်ပံ့တာ ကလေးတွေအဟာရချို့တဲ့မှုအတွက် နည်းလမ်းပေးတာ မွေးဖွားပြီးတဲ့ ကလေးငယ်ကျန်းမာရေး စောင့်ရှောက် မှုပေးတာ စတာတွေကို ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်။

မိခင်နဲ့ကလေးကျန်းမာရေးစောင့်ရှောက်ရေးသင်တန်း  တက်ရောက်သူအများစုက ကရင် ၊ကရင်နီ၊ ပလောင်၊နာဂ၊ချင်း၊ ကချင် နဲ့ရှမ်းပြည်နယ်တို့က အမျိုးသမီးတွေဖြစ်ပြီး သူတို့ကို သင်ကြားမှုတွေက  mid wife (သားဖွားသင်တန်း)အဆင့်နဲ့ ညီတယ်လို့ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ -BPHWT အဖွဲ့ ဒါရိုက်တာစောဝင်းကျော်က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့က ၁၉၉၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး  မြန် မာပြည် အရှေ့ဘက်အခြမ်းက ဝေးလံခေါင်သီတဲ့ဒေသတွေကို လှည့်လည်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့ တစ်ခု ဖြစ်ပါတယ်။

နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့မှာ ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုပရိုဂရမ် (MCP)၊ ရပ်ရွာကျန်းမာရေး အသိပညာပေးရေးနှင့် ကာကွယ်ရေးအစီအစဉ် (CHEPP)နှင့် မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် (MCHP) ဆိုတဲ့ ကဏ္ဍသုံးခုရှိပြီး ကဏ္ဍအလိုက် ရက်တို၊ ရက်ရှည်သင်တန်းတွေကိုပြုလုပ်လျက်ရှိပါတယ်။

နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့က သင်ကြားပေးလိုက်တဲ့ကျန်းမာရေးလုပ်သားတွေက အစိုးရကျန်းမာရေး စောင့်ရှောက်မှုနဲ့ လက်လှမ်းမမီတဲ့ဒေသတွေမှာ ပြန်လည်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးတာဖြစ်တာကြောင့် ရပ်ရွာရဲ့ ကျန်းမာရေးလိုအပ်ချက်အပေါ်မူတည်ပြီး ရှေးဦးသူနာပြုသင်တန်း၊ ရိုးရာလက်သည်တွေကို စည်းစနစ်ပိုကျစေဖို့ ရက်တို သင် တန်းပေးတာတွေပြုလုပ်သလို၊ ၆လတာတက်ရောက်ရတဲ့ လူထုကျန်းမာရေး လုပ်သားသင်တန်း၊ ၁၀လတာ တက်ရောက်ရတဲ့ မိခင်နဲ့ကလေးကျန်းမာရေးစောင့်ရှောက်မှုသင်တန်း၊ တစ်နှစ်နဲ့လေးလတက်ရောက်ရတဲ့ အရေးပေါ်သားဖွားသင်တန်း စတာ တွေကို သင်ကြားပေးခဲ့ပါတယ်။

မိခင်နဲ့ကလေးကျန်းမာရေး စောင့်ရှောက်ရေးသင်တန်းကို စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားနယ်မြေတွေက အမျိုးသမီး ၃၂ ဦး တက်ရောက်သင်ကြားခဲ့ပြီး သူတို့ကကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီနိုင်တဲ့ဒေသက မိခင်နဲ့ ကလေးတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှာဖြစ်တယ်လို့ ဆိုတယ်

မိခင်နဲ့ကလေးကျန်းမာရေးစောင့်ရှောက်မှုသင်တန်းကို အခြေခံ လူထုကျန်းမာရေးလုပ်သားသင်တန်းတက်ရောက်ပြီး သူတွေ သာ တက်ရောက်နိုင်တာဖြစ်ပြီး သင်တန်းတက်မယ့်သူတွေကိုလည်း ရပ်ရွာကျန်းမာရေးအဖွဲ့က စေလွှတ်တာပဲဖြစ်ပါတယ် ။

” ရပ်ရွာကပို့တဲ့သူကိုလက်ခံရတာ မိန်းကလေးဖြစ်ဖြစ် ယောကျာ်းလေးဖြစ်ဖြစ် လက်ခံပါတယ်။ ဒေသအခြေအနေနဲ့ဆို ကိုယ် ဝန်ဆောင်မိခင်တွေနဲ့ ပြောဆိုဆက်သွယ်ရတာ အမျိုးသမီးချင်းပြောဆို ဆက်သွယ်ရတာတွေဆိုတော့ သင်တန်းပို့ရင် အမျိုး သမီးပဲ ပို့တာများတယ် ကျွန်တော်တို့ကတော့ ကျားမခွဲတာမရှိပါဘူး။” လို့ BPHWT အဖွဲ့ဒါရိုက်တာ စောဝင်းကျော်က ပြောပါ တယ်။

နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့က တည်ထောင်ကာစကနေ လက်ရှိအချိန်ထိ ကျန်းမာရေးလုပ်သားဦးရေ ၅၀၀ကျော်၊ ရိုးရာလက်သည်ဦးရေ ၇၀၀ ကျော် ၊ကျေးရွာကျန်းမာရေးလုပ်သားဦးရေ ၃၀၀ ကျော် စုစုပေါင်းကျောပိုးအိတ် ကျန်းမာရေး လုပ်သားပေါင်း ၁,၅၀၀ ကျော်က ဒေသတွင်းမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနေပါတယ်။

ဒီကျန်းမာရေးလုပ်သားတွေက ဒေသအသီးသီးက ကျန်းမာရေးလုပ်ငန်းတွေမှာ အမျိုးသားအမျိုးသမီးမခွဲဘဲ ပါဝင်ဆောင် ရွက်နေကြပြီး အမျိုးသမီးပါဝင်မှုနှုန်းက ၆၀- ၇၀ ရာခိုင်နှုန်း ဝန်းကျင်ရှိတယ်လို့ဆိုတယ်

တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုက အားနည်းပြီးအချို့နေရာတွေမှာ ရိုးရာလက်သည်တွေ အားကိုး နေရတာတွေလည်းရှိတာကြောင့် ဒီသင်တန်းကဆင်းတဲ့ သင်တန်းသူတွေက စနစ်တကျနဲ့အရည်အသွေးပြည့်မှီတဲ့ မိခင်နဲ့ ကလေးစောင့်ရှောက်သူတွေ ဖြစ်တယ်လို့ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေး လုပ်သားအဖွဲ့ဒါရိုက်တာ စောဝင်းကျော်က ပြောပါတယ်။

မိခင်နဲ့ ကလေးကျန်းမာရေးသင်တန်းကို ၁၀လတာ သင်ကြားပေးခဲ့ပြီးသင်တန်းကာလ လေးလကို စာတွေ့သင်ကြားပေးကာ ကျန်ခြောက်လကို မဲဆောက်မြို့မှာရှိတဲ့ မယ်တော်ဆေးခန်းမှာ လက်တွေ့ဆင်းရင်း လုပ်ဆောင်ရတာလို့ ဆက်ပြောတယ်။

သင်တန်းမှာလက်တွေအနေနဲ့  သင်တန်းသူတစ်ဦးက ကိုယ်ဝန်ဆောင် ၁၅ဦး ကိုယ်တိုင်မွေးဖွားပေးရပြီး အခြားသူမွေးဖွားပေး တာကို ကူညီပေးမှုက ၂၅ဦး ပြည့်အောင်လုပ်ဆောင်ရပါတယ်။ ဒါမှသာ သတ်မှတ်အရည်အချင်းပြည့်မှီတယ်လို့ ဆိုတယ်။

သင်တန်းတက်ရောက်ခဲ့သူတွေက စစ်ကောင်စီနဲ့ပဋိပက္ခဖြစ်ပွားရာ ဒေသတွေကဖြစ်ပြီး အဲ့ဒီဒေသတွေကကျန်းမာရေးစောင့် ရှောက်မှု လက်လှမ်းမမှီတဲ့နေရာတွေနဲ့ အခြားကျန်းမာရေးအဖွဲ့အစည်းတွေ မရောက်နိုင်တဲ့နေရာတွေ ပြန်လည်အကျိုးပြု သွားမှာဖြစ်တယ်လို့ စောဝင်းကျော်က ပြောပါတယ်။

သင်တန်းသူတွေက ရပ်ရွာကိုရောက်တဲ့အခါမှာလည်း ကိုယ်ဝန်ဆောင်တွေကို ကျန်းမာရေးစောင့်ရှောက်တာ ကလေးမွေးဖွား ပေးတာ၊ မီးဖွားပြီးနောက်ဆက်တွဲကျန်းမာရေးစောင့်ရှောက်ပေးတာ၊ မမွေးဖွားနိုင်တဲ့မိခင်တွေကိုလည်း အရေးပေါ်လွှဲပြောင်း ပေးတာတွေနဲ့ သားဆက်ခြားတဲ့အစီအစဉ်တွေ ဆက်လုပ်ဆောင်တာမျိုးတွေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ပဋိပက္ခဒေသမှာမွေးဖွားလာတဲ့ ကလေးတွေကိုလည်း ဒေသတွင်းမှာမွေးလာတယ်ဆိုတဲ့ အသိအမှတ်ပြုမွေးမှတ် တမ်းကို နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့က စီစဉ်ဆောင်ရွက်ပေးတာရှိပြီး ဒါတွေကိုလည်း သူတို့အကူ အညီနဲ့ လုပ်ဆောင်သွားမယ်လို့ ဆက်ပြောပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ဒေသတွေက မိခင်နဲ့ကလေးတွေ အချိန်မီဆေးကုသခွင့်မရရှိဘဲ အသက်ဆုံးရှုံးနေ တာတွေကိုကာကွယ်ဖို့ မိခင်နဲ့ကလေးကျန်းမာရေးစောင့်ရှောက်မယ့်ကျန်းမာရေးလုပ်သားတွေက တထောင့်တနေရာကနေ အကျိုးပြုနိုင်မှာဖြစ်တယ်လို့ သင်တန်းတက်ရောက်သူတစ်ဦးဖြစ်တဲ့ ရှမ်းပြည်နယ်ဒေသခံနန်းဝေ(အမည်လွှဲ)က ပြောပါတယ်။

” ကျွန်မတို့နေရာကအရမ်းခေါင်တယ်။ မိခင်တွေဆိုကလေးမွေးပြီးတော့ အကြောင်းအရင်းမသိ အသက်ဆုံးရှုံးတာတွေ ရှိ တယ်။ ကလေးမွေးပြီးသေဆုံးတာတွေက တစ်နေ့ထက်တစ်နေ့ ဖြစ်လာတယ်။ အဲ့ဒါကြောင့် မိခင်နဲ့ကလေးကျန်းမာရေး လက် လှမ်းမီအောင် စောင့်ရှောက်ပေးချင်တယ်။” ရှမ်းပြည်နယ်လင်ခေးခရိုင်၊မောက်မယ်မြို့နယ်ဒေသခံ နန်းဝေကပြောပါတယ်။

နန်းဝေတို့ရွာက  လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ကျန်းမာရေး စောင့်ရှောက်မှုလည်းမရသလောက်ပါ။ ဒေသခံတွေ မှာလည်း အသိပညာဗဟုသုတ နည်းပါးတဲ့အတွက် ကျန်းမာရေးအသိအမြင်မှားတွေရှိသလို မီးဖွားပြီးနောက် အကြောင်း အမျိုးမျိုးနဲ့ ကလေး ဒါမှမဟုတ် မိခင်က ဆုံးပါးသွားတာ စတဲ့ဖြစ်ရပ်တွေလည်း ကြုံရပါတယ်။

နန်းဝေက မိခင်နဲ့ကလေးကျန်းမာရေး စောင့်ရှောက်မှုသင်တန်းတက်ဖို့ကို ကျန်းမာရေးဆရာမတစ်ဦးက ချိတ်ဆက်ပေးပြီး သူတို့ရွာအနီးဝန်းကျင်မှာလည်း ကျန်းမာရေးဝန်ထမ်းတွေနည်းပါတာကြောင့် တက်ဖြစ်ခဲ့ပါတယ်။

မိခင်နဲ့ကလေးစောင့်ရှောက်ရေးသင်တန်းမှာ ကလေးမွေးဖွားနည်း၊ ပြုစုစောင့်ရှောက်နည်းစတာတွေကို လေ့လာသင်ယူခဲ့ရ တဲ့အတွက် ဒီအသိပညာတွေကို ကိုယ့်ရပ်ရွာဒေသမှာ ပြန်လည်မျှဝေဖို့အတွက်လည်း လုပ်ဆောင်နေတယ်လို့ ဆိုတယ်။

သူတို့ရွာအနီးဝန်ကျင်မှာ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်က အများအပြားပါ။ သားဖွားတဲ့အခါ အရပ်လက်သည် အား ကိုးရတာရှိပြီး အချို့ရွာတွေမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့်  တစ်နေကုန်အချိန်ပေးပြီးသွားရတဲ့ ရွာတွေလည်း ရှိပါတယ်။

” သားဖွားချင်တယ်ဆိုရင်လာခေါ်တယ်။ ကျမတို့ကအတတ်နိုင်ဆုံးသွားပေးတယ်။ မနက်သွားပြီး ညမှရောက်တဲ့ရွာတွေ လည်းရှိတယ်။” လို့ နန်းဝေက ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာအပြင် ဒေသခံတွေမှာ ကျန်းမာရေးဗဟုသုတကလည်း အားနည်းတာကြောင့် အခက် အခဲတွေလည်း ကြုံရပါတယ်။ ကိုယ်ဝန်‌ဆောင်တဲ့ ကိစ္စရပ်အပေါ်မှာတောင် ရှက်စရာအဖြစ် ရှေးရိုးစွဲအယူအဆတွေရှိကြတဲ့ အတွက် နောက်ဆက်တွဲကျန်းမာရေးပြသနာတွေကြုံရတာလို့ ဆက်ပြောတယ်။

” ကိုယ်ဝန်ဆောင်လိုအပ်ချက်တွေ လုပ်ဆောင်ရမှာတွေကိုပြောပြရတဲ့အခါ တစ်ခုပြောလိုက်တာနဲ့ ရှက်စရာလို့မှတ်ကြတယ်။ သူတို့ကိုယ်ဝန်ဆောင်တာ လာမအပ်ရဲဘူး။ တခါတလေကျရင်ကျွန်မတို့ ကိုယ်တိုင်သွားပေးရတယ်။” လို့ နန်းဝေက ပြောပါ တယ်။

အခက်အခဲတွေရှိပေမယ့်လည်း ဒေသလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ဖို့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လက်ဆင့်ကမ်း မျှ ဝေသွားမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေထဲ မိခင်တွေနဲ့ကိုယ်ဝန်ဆောင်တွေက ကလေး မီးဖွား ဖို့နဲ့ ကလေးသူငယ်တွေကိုပြုစုစောင့်ရှောက်ဖို့ အခက်အခဲများစွာရင်ဆိုင်နေကြရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ပြီးခဲ့တဲ့ မတ်လ၈ရက်နေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။

လက်နက်ကိုင်ပဋိပက္ခပြင်းထန်နေတဲ့ မြန်မာပြည်အရှေ့တောင်ပိုင်းမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် အရပ် သားထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်ရတဲ့နေရာတွေမှာ အမျိုးသမီးတွေဟာ ရုပ်ပိုင်း ဆိုင်ရာမလုံခြုံမှု၊ အစားအစာမဖူလုံမှု၊ သန့်ရှင်းရေးညံ့ဖျင်းမှု၊ ကိုဗစ်ရောဂါကူးစက်မှုနဲ့ ရာသီအလိုက်ဖျားနာမှုတွေ၊ ဆိုးရွားတဲ့ ရာသီဥတုနဲ့ ကြိုတင်ခန့်မှန်းလို့မရတဲ့ အခြားသောခြိမ်းခြောက်မှုများစွာကို ရင်ဆိုင်နေကြရတယ်လို့ KHRG ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေပြင်းထန်လာသလို ယင်းဒေသအားလုံးလိုလိုမှာ ကလေးတွေအတွက် အရေးတကြီး လို အပ်တဲ့ ကာကွယ်ဆေးမထိုးနှံနိုင်တာကလည်း  စိုးရိမ်စရာအခြေအနေတစ်ခုဖြစ်ပြီး ကလေးနဲ့မိခင်အဟာရချို့တဲ့မှုက အာဏာ မသိမ်းခင်ကာလထက် ပိုဆိုးရွားနေတယ်လို့ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ -BPHWT အဖွဲ့ ဒါရိုက်တာ စောဝင်းကျော်က ဆက်ပြောပါတယ်။

စစ်ရှောင်သူအရေအတွက်က တဖြည်းဖြည်းတိုးလာတာကြောင့် စားနပ်ရိက္ခမလုံလောက်တာ ပြေးလွှားတိမ်းရှောင်ရတဲ့အခါ အစာအဟာရတွေကို စနစ်တကျမစားသောက်နိုင်တာ ၊ ကာကွယ်ဆေးမရတာ တောထဲတောင်ထဲနေထိုင်ရတဲ့အခါ ဖျားနာတဲ့ အခြေအနေကြောင့်လည်းဖြစ်နိုင်တယ်လို့ဆိုတယ်။ မိခင်နဲ့ပတ်သတ်လို့ပိုပြီးတော့ အန္တရာယ်ရှိမယ့်အခြေအနေတွေ ပိုပြီးတော့ များလာမယ်ဆိုတာ မြင်ကြည့်မိတယ်။” လို့ စောဝင်းကျော်က ပြောပါတယ်။

စစ်ရေးကျယ်ပြန့်လာတဲ့အခါ ကျန်းမာရေးစောင့်ရှောက်မှုက ပိုလိုအပ်လာသလို ကျန်းမာရေးစောင့်ရှောက်သူတွေကလည်း ပိုလိုလာပါတယ်။ ဒီအတွက်လည်း တက်နိုင်သမျှ ကူညီထောက်ပံ့မှုတွေပြုလုပ်ဖို့လိုတယ်လို့ ဆက်ပြောတယ်။

စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ဘေးသင့်ဒေသတွေက ကိုယ်ဝန်ဆောင်တွေမှာ ဆေးရုံဆေးခန်းပုံမှန် မသွားနိုင်သလို စစ်ရှောင်ရင်းလမ်းမှာ မွေးဖွားရတာ၊ တောထဲမှာပဲဖြစ်သလိုမွေးဖွားရတာ၊ ကောင်းကောင်းမွန်မွန်မစားသောက်နိုင်တဲ့အတွက် မိခင်ရောကလေးရောအဟာရချို့တဲ့တာ၊ ကိုယ်ဝန်ဆောင်တွေမှာလည်း ပြေးရင်းလွှားရင်း ကိုယ်ဝန်ပျက်ကျတာတွေ ကြုံနေ ရတယ်လို့ ကန္နီဒေသခံစစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် တစ်နေရာနဲ့တစ်နေရာမသွားနိုင်ဘဲ ကိုယ့်ရပ်ရွာမှာ မပြည့်မစုံအနေအထားနဲ့ မွေးဖွားရလို့ ကလေးရော မိခင်ပါသေဆုံးတာ၊ လသားကလေးငယ်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် ဖျားနာပြီးဆေးမကုနိုင်ဘဲ သေဆုံးတာတွေလည်း စစ်ဖြစ်ပွားရာဒေသတွေမှာ ကြုံတွေနေရတာကြောင့် မိခင်နဲ့ကလေးကျန်းမာရေးစောင့်ရှောက်သူတွေ များများရှိလာရင် စစ် ရှောင်ပြည်သူတွေအတွက် အဆင်ပြေစေမယ်လို့ သူကပြောတယ်။

စစ်ဘေးသင့်ဒေသတွေမှာ လိုအပ်ချက်တစ်ခုလိုဖြစ်နေတဲ့ မိခင်နဲ့ကလေးတွေကျန်းမာရေးအတွက် တဖက်တလမ်းက စောင့် ရှောက်သလို ပြည်သူတွေကျန်းမာရေးအသိပညာတိုးလာအောင် ပြန်လည်မျှဝေပေးတာတွေကို နယ်လှည့်ကျောပိုးအိတ်အဖွဲ့ အကူအညီနဲ့ဆက်လက် လုပ်ဆောင်သွား ဖို့ရှိတယ်လို့ မိခင်နဲ့ကလေးကျန်းမာရေးစောင့်ရှောက်သူတွေက ပြောပါတယ်။

” မိခင်နဲ့ကလေးစောင့်ရှောက်ရေးကို အသိပညာများများပေးမယ်။ သူတို့သိအောင်သူတို့ကိုယ်တိုင်လုပ်ဆောင်ဖို့ရယ်၊ ပညာ ပေးဖို့ရယ်ပေါ့။ ကျွန်မတို့မျှဝေပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို တော်တော်များများသူတို့ကိုယ်တိုင် လိုက်နာရင် တော့ ကောင်းမွန်မှာပါ။” လို့ နန်းဝေက ပြောတယ်။


View the original