စစ်ပွဲ ပဋိပက္ခတွေကြား ပြန်လမ်းမဲ့ အမျိုးသမီးများ

December 6th, 2023  •  Author:   Honest Information  •  1 minute read
Featured image

ဆိုဖီ

“တအုန်းအုန်း တဒိုင်းဒိုင်း” ပစ်ခတ်နေတဲ့ လက်နက်ကြီးနဲ့ သေနတ်သံတွေကြား ငိုယိုနေတဲ့ ကလေးငယ်ကို ကျောပိုးပြီး တောလမ်းအတိုင်း ဆိုင်ကယ်တလှည့်၊ ခြေလျင်တလှည့်နဲ့ စစ်မြေပြင်ကနေ သားအမိ နှစ်ယောက် အရဲစွန့် ထွက်ခွာလာပါတယ်။

လူမမယ် ကလေးငယ်လေးကို ချီပိုးပြီး တိုက်ပွဲတွေကြားကနေ ထွက်ပြေး တိမ်းရှောင်လာခဲ့ရတဲ့ နန်းမွေကတော့ ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နိမြို့ပေါ်က စစ်ရှောင် မိခင်တဦးပါ။

သူတို့ သားအမိဟာ အရပ်သား ထောင်ချီ ပိတ်မိနေတဲ့ သိန္နိမြို့ပေါ်ကနေ နေ့နေ့ညည လက်နက်ကြီးသံတွေကြောင့် စိုးရိမ် ထိတ်လန့်မှုတွေနဲ့ အသက်လုပြီး လားရှိုးမြို့ကို တိမ်းရှောင်လာခဲ့ကြတာပါ။

“လက်နက်ကြီးသံတွေ နေ့တိုင်းကြားရ၊ ကျမရဲ့ အိမ်အနီးမှာ လက်နက်ကြီးကျတော့ ကလေးကလည်း အငိုမတိတ်၊ သေမယ့်ရက်ကို စောင့်နေရသလို ခံစားရလို့ စွန့်စားပြီး ထွက်လာတာ” လို့ နန်းမွေက သူ့ခံစားချက်ကို ပြောပြလာပါတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့ဖြစ်တဲ့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ် (MNDAA) နဲ့ ရက္ခိုင်တပ်တော် (AA) တို့ဟာ အောက်တိုဘာ ၂၇ ရက်မှာ “ ၁၀၂၇ စစ်ဆင်းရေး”  နာမည်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း တကြော တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ပါတယ်။

အဲ့ဒီ “၁၀၂၇ စစ်ဆင်ရေး” ဟာ ကိုးကန့်ဒေသနဲ့ သိန္နီမြို့ပေါ်ကို စတင်ခဲ့ပြီး လက်ရှိမှာတော့ သိန္နီမြို့ပေါ်ကို ညီနောင် မဟာမိတ်က ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ရိက္ခာသယ်ဆောင်နိုင်မယ့် သိန္နီနဲ့ လားရှိုးမြို့ကို ဆက်သွယ်ထားတဲ့ နမ္မတူ တံတားကို ညီနောင် မဟာမိတ်အဖွဲ့က ဗုံးခွဲ တိုက်ခိုက်လိုက်တဲ့အတွက် သိန္နီမြို့နယ်က ပြည်သူ ၈၀၀၀ ကျော်ဟာ စစ်ပဋိပက္ခ နယ်မြေအတွင်းမှာ ပိတ်မိပြီး စားနိရိက္ခာတွေ ပြတ်လပ်လာတဲ့ အနေအထား ဖြစ်လာပါတယ်။

Photo – CJ

ကျမတို့ စစ်ပွဲမှာ ပိတ်မိချိန်ကဆိုရင် နေ့နေ့ ညညည လက်နက်ကြီးသံတွေ၊ လေယာဥ်သံတွေ ကြားရတယ်။ လက်နက်ကြီး ထိလို သေဆုံးတဲ့သူတွေဆိုရင် အလောင်းတောင် မသင်္ဂြိုဟ်နိုင်တဲ့အထိတွေပဲ။ ကိုယ်အလှည့် ဘယ်တော့ ရောက်မလဲဆိုတဲ့ စိတ်နဲ့ နေရတယ်” လို့ နန်းမွေက စစ်ပွဲအတွင်းပိတ်မိချိန်ကာလ အတွေ့အကြုံကို ပြောပြလာပါတယ်။ 

“၁၀၂၇ စစ်ဆင်ရေး” ကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်နဲ့ လောက်ကိုင်မြို့နယ်တို့မှာ သေဆုံးသူ စုစုပေါင်း ၈၀ ကျော်ရှိပြီး၊ အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေး ထက်ဝက်ကျော်ရှိကြောင်း Hi Burma က ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

လွန်ခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းမှာ ညီနောင်မဟာမိတ် (၃)ဖွဲ့နဲ့ စစ်ကောင်စီတို့ဟာ သိန္နီမြို့နယ်အတွင်း စစ်ရေး ပြင်းထန်ခဲ့ပြီး အရပ်သားသေဆုံးမှု ၁၁ ဦး ရှိပြီး အဲ့ဒီထဲမှာ အမျိုးသမီး ၃ ဦးနဲ့ ကလေး တစ်ဦး ပါရှိသလို ထိခိုက် ဒဏ်ရာရရှိသူ ၇ ဦးထဲမှာ အမျိုးသမီး  ၃ ဦးနဲ့ ကလေး တစ်ဦး ပါရှိပါတယ်။

“ကျမတို့ နေတဲ့ ကျောင်းခမ်း စစ်ရှောင်စခန်းကို လက်နက်ကြီးတွေ ခဏခဏကျပြီး၊ စစ်ရှောင် သေတာ ၃ ယောက်လောက် ရှိတယ်။ စစ်ရှောင်စခန်းလို့သာ ပြောတာ ကျမတို့အတွက် မလုံခြုံလို့ ကျမလည်း အရဲစွန့်ပြီး လားရှိုးကို ထွက်လာတာ” လို့ နန်းမွေက သိန္နီမြို့ကနေ ထွက်လာရတဲ့အကြောင်းကို ပြောလာပါတယ်။  သူဟာ နိုဝင်ဘာ ပထမပတ်မှာ သိန္နီမြို့ ကျောင်းခမ်း စစ်ရှောင်စခန်းကနေ ကလေးတဖက်နဲ့ အရဲစွန့်ထွက်ခွာလာခဲ့ပါတယ်။

Photo – CJ

နန်းမွေတို့ ထွက်လာချိန်မှာတော့ လမ်းမှာ တစ်ညတာ အိပ်စက်ခဲ့ရကြောင်း၊ အဲ့လမ်းကြော တလျှောက်မှာလည်း စစ်ကောင်စီ တပ်သားတွေ၊ ညီနောင်မဟာမိတ် တပ်သားတွေနဲ့ ထိပ်တိုက် ရင်ဆိုင် ကြုံတွေ့ခဲ့ရပါသေးတယ်။

လာတဲ့လမ်းမှာ မှတ်ပုံတင်၊ အိမ်ထောင်စု မပါရင်လည်း လာရာလမ်းအတိုင်း ပြန်လှည့်ရတာတွေ ရှိကြောင်း နန်းမွေက စိတ်မကောင်းစွာ ပြောပြပါတယ်။

သူတို့ မိသားစုဟာ သိန္နီမြို့ကနေ ဟိုနားကျေးရွာ၊ ခမ်းတိန်းကျေးရွာ၊ နောင်ကားကျေးရွာဘက်၊ နမ္မတူချောင်းကို လှေနဲ့ ကူးပြီး ကွန်ခန်ရွာ၊ မန်စက်ကျေးရွာ၊ မိုင်းပါးကျေးရွာသို့ရောက်ရှိပြီး ရေပူဂိတ်ကို ခြေလျင် ဖြတ်လာရကြောင်း ရှင်းပြပါတယ်။

“လမ်းတွေကတော့ ခြေလျင်နဲ့ ဆိုင်ကယ်ပေါ့။ ကျမတို့ ထွက်လာတုန်းကဆိုရင် အရမ်းစစ်တာ၊ မှတ်ပုံတင်၊ အိမ်ထောင်စု တခုခု မပါရင် ရစ်တယ်။ သူတို့နဲ့ မတွေ့ရင်တော့ အေးဆေးဖြတ်လို့ ရတယ်။ သူတို့နဲ့တွေ့ရင် မပါရင်တော့ ပြန်လှည့်ရတယ်” လို့ နန်းမွေ တစ်ယောက် လမ်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲကို ပြောပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့ချိန် သိန္နီမြို့မှာ စစ်ဘေးရှောင် ၈၀၀၀ ကျော်ရှိရာကနေ လက်ရှိမှာတော့ စစ်ဘေးရှောင် ၆၀၀၀ ကျော် ကျန်ရှိကြောင်း၊ အဲဒီထဲက ၂၀၀၀ ကျော်ဟာ လားရှိုးမြို့ပေါ်နဲ့ အခြားဒေသသို့ တိမ်းရှောင်သွားကြောင်း စစ်ရှောင် ကူညီပေးသူတွေ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

အချို့ ငွေကြေး တပိုင်းတနိုင်ရှိသူတွေ၊ အခြားဒေသမှာ ဆွေးမျိုးရှိတဲ့သူတွေကတော့ သိန္နီမြို့ပေါ် စစ်ဘေးရှောင်စခန်းကနေ တရိပ်ရိပ်နဲ့ လွတ်ရာနယ်မြေသို့ ပြောင်းရွှေ့သွားကြပေမယ့် ပါ့နန်းရွှေတို့ မိသားစုကတော့ သိန္နီမြို့ မှာ ရင်တထိတ်ထိတ်နဲ့ ဆက်လက် နေထိုင်နေရပြီး၊ သေနတ်သံ၊ လက်နက်ကြီးသံကြား စိုးရိမ်ပူပန်မှုနဲ့ နေ့စဥ်ဖြတ်သန်းနေကြရပါတယ်။

“ပိုက်ဆံရှိတဲ့သူတွေနဲ့ အခြားဒေသမှာ ဆွေမျိုးရှိတဲ့သူတွေကတော့ သိန္နီမြို့ပေါ်ကနေ လွန်ခဲ့တဲ့ ရက်သတ္တပတ်ကတည်းက ထွက်သွားကြပြီ။ ကျမတို့မှာက လားရှိုးဘက်သွားရင်လည်း ဘယ်သွားရမှန်းမသိ။ ကျမတို့ကတော့ အခုထိ သေနတ်သံတွေ လက်နက်သံတွေနဲ့ စိုးရိမ်ထိတ်လန့် နေနေရတယ်” လို့ ရှမ်းဘာသာစကားနဲ့ ပါ့နန်းရွှေက စိတ်မကောင်းစွာ ပြောပြပါတယ်။

ပါ့နန်းရွှေတို့ နေထိုင်တဲ့ သိန္နီမြို့နယ်ဟာ တိုက်ပွဲတွေနဲ့ မစိမ်းတဲ့ နယ်မြေဖြစ်ပေမယ့် အခုဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ အရင် သူကြုံခဲ့ရတဲ့ အဖြစ်မျိုး မဟုတ်ကြောင်း မြို့ပေါ်ထိပါ တိုက်ပွဲဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးမှု၊ နေအိမ် ထိခိုက်ပျက်စီးမှု တွေဟာ တကြိမ်တခါမှ မကြုံဖူးတာတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။

ဒ့ါအပြင်  စစ်ကောင်စီဟာ သိန္နီမြို့ က အချို့ စစ်ရှောင်တွေကို စစ်ရေးမှာ အကာအကွယ် လူသားဒိုင်းအနေနဲ့ အသုံးပြုပြီး တိုက်ခိုက်နေတာတွေ ရှိနေသလို ပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း ဝင်ရောက်မွှေနှောက်ကာ တန်ဖိုးကြီးမားတဲ့ ပစ္စည်းတွေကို ယူဆောင်နေကြောင်းလည်း သိန္နီမြို့ ဒေသခံတွေက  ပြောပြပါတယ်။

လက်ရှိမှာတော့ သိန္နီမြို့ရဲ့ အခြားနေရာမှာ စစ်ဘေးရှောင်နေတဲ့သူတွေအတွက် အခက်အခဲ မဖြစ်ပေမယ့် စစ်ကောင်စီရဲ့ တပ်စခန်းနဲ့ နီးနေတဲ့ ကျောင်းခမ်းဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်း ရောက်နေသူတွေကတော့ အန္တရာယ် စက်ကွင်းထဲ ရောက်နေကြောင်း ပါ့နန်းရွှေက ဝမ်းနည်းစွာ ပြောပြပါတယ်။

ပုံစာ – သိန္နီမှ စစ်ရှောင်များကိုတွေ့ရစဉ်
Photo – CJ

“ အခု ကျောင်းခမ်းဘုန်းကြီးကျောင်းမှာနေတဲ့ အမျိုးသမီးတွေအတွက် စိတ်ပူရတယ်။ စစ်တပ်နဲ့နီးတော့ စစ်တပ်က သူတို့ကို ခြိမ်းခြောက်တာ၊ နောက် အဲ့စခန်းကနေ အပြင်မထွက်ခိုင်းတာ၊ အဲ့နေရာက လက်နက်ကြီးလည်း ခဏခဏကျတယ်။ လက်နက်ကြီးကြောင့် သေတဲ့သူရှိတယ်။ ကလေးငယ်နဲ့ အမျိုးသမီးတွေအတွက် အန္တရာယ်များတဲ့နေရာပါ” လို့ ပါ့နန်းရွှေက ပြောပါတယ်။

အဲဒီ ကျောင်းခမ်း ဘုန်းကြီးကျောင်းက စစ်ရှောင်တွေကို နိုဝင်ဘာ နောက်ဆုံးပတ်ကနေ စပြီး စခန်းအပြင်ဘက် မထွက်ခိုင်းတော့ကြောင်း၊ စခန်းထဲနေတဲ့ သူတွေကတော့ စစ်ပွဲထဲ ပိတ်မိနေတဲ့သဘော ဖြစ်နေတယ်လို့ ပါ့နန်းရွှေက စိတ်မကောင်းစွာ ပြောပါတယ်။

သိန္နီမြို့နယ်အတွင်း နေ့နေ့ညည လေယာဥ်သံ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားခဲ့ရတဲ့ ဒဏ်ကြောင့် သိန္နီမြို့ ကနေ လားရှိုးမြို့သို့ တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် အမျိုးသမီး အများစုဟာ စိတ်ဒဏ်ရာတွေ ဖြစ်နေကြောင်း လားရှိုးမြို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အသက် ၄၀ ကျော် အမျိုးသမီး တစ်ယောက်က ပြောပါတယ်။

“လားရှိုးကို ရောက်လာတဲ့ စစ်ရှောင် အမျိုးသမီးတွေက လေယာဥ်သံကြားရင်တောင် ကြောက်ပြီး ငိုတာ၊ ပျာယာခတ်ပြီး ပုန်းတဲ့နေရာ ရှာနေတာ။ ကျမတို့လည်း နှစ်သိမ့်ပေးနေရတယ်။ နောက် သိန္နီအဝင် တံတားခွဲတုန်းက မျက်မြင်ကြုံရတဲ့ သူဆိုရင် လက်နက်ကြီးသံကြားရင် လန့်နေကြတုန်း” လို့ စစ်ရှောင် ကူညီပေးတဲ့ အမျိုးသမီးက လက်ရှိ စစ်ရှောင်တွေ ကြုံနေရတဲ့ စိတ်ဒဏ်ရာကို ပြောပြလာပါတယ်။

လားရှိုး စစ်ဘေးရှောင်စခန်းသို့ ရောက်လာတဲ့သူတွေဟာ အခက်အခဲများစွာရှိကြောင်း၊ ဒီစစ်ပွဲနယ်မြေက အရဲစွန့်ပြီး ထွက်လာသူအများစုက ကလေးငယ်တွေ၊ ကိုယ်ဝန်သည်မိခင်တွေ၊ အသက်ကြီးသူတွေ၊ ကျန်းမာရေး မကောင်းတဲ့သူတွေ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ စစ်ရေးအရှိန်ဟာ တစ်ရက်ထက်တစ်ရက် မြင့်တက်လာပြီး စစ်ဘေးရှောင် ဦးရေ စုစုပေါင်း ၆၃,၆၆၁ ဦးအထိ မြင့်တက်လာကြောင်း တအာင်း(ပလောင်) အမျိုးသမီးအဖွဲ့အစည်း (TWO) ရဲ့ နိုဝင်ဘာ ၂၇ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ရေး ပဋိပက္ခတွေ ဖြစ်လာပါက အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးတဲ့သူတွေဟာ ပိုပြီး ခက်ခဲကြောင်း၊ လက်ရှိ စစ်ရေး အချိန်မှာတော့ စစ်ဘေးရှောင်တွေအတွက် အခြေခံ စားနပ်ရိက္ခာကိုသာ ပိုစောင့်နိုင်ကြောင်း၊ အမျိုးသမီးနဲ့ ကလေးငယ်အတွက် သီးသန့် မကူညီနိုင်သေးကြောင်း TWO  တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ လတ်တလောတော့ ကျမတို့ အမျိုးသမီးတွေအတွက် သီးသန့် ကူညီပေးတာထက် စစ်ရှောင်တွေရဲ့ အခြေခံ စားသောက်ကုန်ပဲ ကူညီနေနိုင်သေးတယ်။ အမျိုးသမီးတွေ၊ ကိုယ်ဝန်သည်တွေ၊ မွေးဖွားစ မိခင်တွေအတွက် လိုအပ်ချက်ကတော့ အများကြီးပါပဲ” လို့ TWO မှ တာဝန်ရှိသူက ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် စစ်ရှောင်တွေဟာ တစ်နေ့ထက်တစ်နေ့ တိုးလာပြီး၊ လုံလောက်တဲ့ အသုံးအဆောင်ပစ္စည်း မရှိတဲ့အပြင် ကျန်းမာရေး စောင့်ရှောက်မှု မရရှိခြင်း၊ အာဟာရ စားသုံးနိုင်တဲ့ အခြေအနေ မရှိခြင်းကြောင်း၊ ကျန်းမာရေး ထိခိုက်မှုရှိလာကြောင်း TWO ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

“ စစ်ရှောင်စခန်းမှာ အမျိုးသမီးရော အမျိုးသားတွေရော အိမ်သာ၊ အများသုံး ရေချိုးခန်းတွေ မခွဲထားဘူး။ အတူတကွ သုံးရတယ်။ အိမ်ဆောင်တွေမှာလည်း အမျိုးသားတွေနဲ့အတူ အိပ်နေရတယ်။ စိန်ခေါ်မှု အခက်အခဲမျိုးစုံ ကြုံနေရတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ လုံခြုံမှု မရှိဘူး” လို့ TWO ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်ကောင်စီ ဖြုတ်ချရေး အဆုံးသတ်ရေးဟာ ရက်ရှည်လာတဲ့အမျှ အမျိုးသမီး၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ အတွက် အခက်အခဲ စိန်ခေါ်မှုက ပိုများလာနိုင်ကြောင်း၊ တိုက်ပွဲဖြစ်လာပါက အမျိုးသမီးအပေါ် အကျိုးသက်ရောက်မှု များလာပြီး၊ လက်ရှိ သိန္နီမြို့ပေါ်မိနေတဲ့အမျိုးသမီးအများစုအတွက် စိုးရိမ်ရကြောင်းလည်း အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုပါတယ်။

လက်ရှိ အခြေအနေမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေတွေ အဓိကအားဖြင့် သိန္နီမြို့မှာ ပိတ်မိနေတဲ့ စစ်ရှောင်တွေကို သွားရောက် ကူညီရန် ခက်ခဲနေတဲ့ အနေအထားဖြစ်နေတာကြောင့် သိန္နိမြို့ပေါ်က စစ်ရှောင်တွေဟာ  လူသားချင်း စာနာထောက်ထားမှု လုံးဝ မရတဲ့ နယ်မြေဖြစ်နေကြောင်း လားရှိုးမြို့ စစ်ရှောင်အရေး ကူညီပေးနေတဲ့ ရှမ်းအမျိုးသမီး တစ်ဦးက ပြောပါတယ်။

“သိန္နီမြို့ကနေ ထွက်လာတဲ့ သူတွေ ပြောပြချက်အရ အဲ့မြို့ထဲမှာ ပိတ်မိနေတဲ့သူတွေဟာ တော်တော်လေး ခက်ခဲနေတယ်။ သေမယ့်ရက်ကို စောင့်နေရသလိုပဲတဲ့။ သူတို့တွေက မနေနိုင်လို့ အရဲစွန့်ထွက်လာကြတာတဲ့။ ကျမတို့လည်း သွားကူလို့ မရဘူးလေ” လို့ အဲဒီ ရှမ်းအမျိုးသမီးက ဖြည့်စွက်ပြောပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ချိန်က စပြီး ဒီနေ့အထိ ပဋိပက္ခကြား စစ်ကောင်စီတပ်ဖွဲ့ဟာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သား ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး ဦးတည် တိုက်ခိုက်နေတာကြောင့် ဆုံးရှုံးနစ်နာမှုနဲ့ သေကြေ ပျက်စီးမှုများစွာ ကြုံတွေ့နေရတဲ့အပေါ်  TWO က ကန့်ကွက် ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။

“ကျမ အနေနဲ့ကတော့ စစ်ပွဲကို ရပ်စေချင်တယ်။ စစ်ကောင်စီက လေကြောင်းနဲ့ မတိုက်ရင် ကျမတို့ ပြည်သူတွေက အဲ့လောက် မသေဘူး။ ကျမတို့လည်း အဲ့လောက် မကြောက်ဘူး။ အခု လေကြောင်းကြောင့် ပြည်သူတွေ ဘယ်ကိုမှ ပြေးလို့မရ အိမ်မှာနေလည်း ကြောက်ရ၊ စစ်ရှောင်မှာနေလည်း ကြောက်ရတဲ့ဘဝ ဖြစ်နေတယ်” လို့ နန်းမွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ အနေနဲ့ လေကြောင်း ထိုးစစ်ဆင်မှု ရပ်တန့်ပေးစေလိုကြောင်း၊ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ ပြေးစရာ၊ ပုန်းစရာနေရာ မရှိတဲ့ဘဝသို့ ရောက်နေကြောင်း နန်းမွေက ဆိုပါတယ်။  “စစ်ကောင်စီဘက်က လေကြောင်း မရပ်ရင်တော့ ကျမတို့ ပြည်သူတွေ ဒီထက်သေနိုင်တယ်။ ပြည်သူတွေဟာ ဘယ်နေရာမှ မလုံခြုံတော့ဘူး။ တိုက်ပွဲအတွင်း သေမယ့်ရက်ကို စောင့်နေရတဲ့အတိုင်းပဲ။ လေကြောင်း တိုက်ခိုက်မှု ရပ်ပေးပါ” လို့ နန်းမွေတစ်ယောက်  တုန်ရီတဲ့ လေသံနဲ့ တောင်းဆိုလိုက်ပါတယ်။ ။


View the original