တော်လှန်ရေးအတွက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပေးလိုက်ကြသူများ

December 2nd, 2023  •  Author:   Kantarawaddy Times  •  1 minute read
Featured image

ကန္တာရဝတီတိုင်း(မ်)

မြူတွေဆိုင်းနေတဲ့ ဆောင်းမနက်ခင်းတစ်ခုမှာတော့ အဆောက်အအုံတစ်ခုထဲမှာ ရယ်သံတွေနဲ့ နာကျင်စွာညည်းတွားသံတွေ တပြိုင်တည်းထွက်လာနေတာကို ကြားနေရပါတယ်။ တိုက်ပွဲအတွင်း ဒဏ်ရာရတဲ့ရဲဘော်တွေကို ဆေးကုသပေးတဲ့ နေရာဖြစ်ပြီး ကျား၊မ အရွယ်ပေါင်းစုံ စု၀ေးနေကြပါတယ်။ တချို့က အဆောက်အအုံထဲမှာ၊ တချို့က အဆောက်အအုံအပြင်မှာပါ။

ကျမတို့ ရောက်ရှိနေတဲ့အချိန်မှာ လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက်(CHDN) ရဲ့ အမျိုးသမီး ကျန်းမာရေးဝန်ထမ်းနှစ်ဦးက “ရဲဘော်လူသစ်” ရဲ့ ဒဏ်ရာကို ဆေးထည့်ကုသပေးနေပါတယ်။ “ရဲဘော်လူသစ်”ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့က မယ်စဲ့ မြို့နယ်ထဲက (၁၁၀၇) ပန်တိန်းစခန်းသိမ်းတိုက်ပွဲမှာ သူရဲ့ခြေထောက်နှစ်ဖက်စလုံး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

သူဟာ အသင် ၄၃ နှစ်အရွယ်လူလတ်ပိုင်းဖြစ်ပြီး သားသမီး ၄ ဦးရဲ့ဖခင်ဖြစ်သလို လူငယ်အရွယ် ရောက်လာပြီဖြစ်တဲ့ သားသမီးတွေရှိပါတယ်။

“ ကျနော် အသိတွေကိုတော့ မိန်းမတို့ကို အသိမပေးနဲ့အုံးပေါ့ ။အဲ့လိုပဲ ပြောထားတယ်။ နောက်တစ်ခုက သူတို့တွက် စိုးရိမ်စိတ်ရှိလား ဆိုတော့ ရှိပါတယ်။ လမ်းကြောင်းတွေကပိတ်၊ ကုန်ဈေးနှုန်းတွေကကြီး၊ အလုပ်ကမရှိတော့ သူတို့တွက် စားဝတ်နေရေး နည်းနည်းစိတ်ပူပေးရတယ်ပေါ့။” သူက ဆေးကုသမှုခံယူနေရင်း ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းပိုက်လိုက်တာကို လက်မခံနိုင်တဲ့ “ရဲဘော်လူသစ်”ဟာ ကရင်နီတပ်မတော် (KA) ၊ အပတ်စဉ် (၇၃) မှာ စစ်သင်တန်းတက်ရောက်ခဲ့ပြီး စစ်ကောင်စီနဲ့ တိုက်တဲ့ တိုက်ပွဲပေါင်း (၅) ကြိမ်ပါဝင်တိုက်ခိုက်ဖူးတယ်လို့ ဆိုပါတယ်။

ရဲဘော်တွေရဲ့ ထိခိုက်ဒဏ်ရာတွေကို ဆေးထည့်ပေးနေစဉ်။

လက်ရှိရဲဘော်လူသစ်ဟာ ခြေထောက်နှစ်ဖက်စလုံးမှာ ဒဏ်ရာတွေရထားတာကြောင့် လမ်းမလျှောက်နိုင်သလို နေ့စဉ်ဝေယျာဝစ္စတွေကိုလည်း တခြားသူရဲ့ အကူအညီကို ယူနေရပါတယ်။ ဒီလို အဖက်ဖက်က ခက်ခဲနေတဲ့အချိန်မှာ ဖခင်ရဲ့တာဝန်တွေကို မကျေပွန်တဲ့အတွက် မိသားစုကို အားနာမိတယ်လို့ သူကပြောပါတယ်။

“ရဲဘော်လူသစ်”လို နိုဝင်ဘာလ ၇ ရက်နေ့ ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ ပန်တိန်းစခန်းကို တိုက်ခိုက်သိမ်းယူတဲ့ တိုက်ပွဲမှာပဲ ဘယ်ခြေထောက်တဖက် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူကတော့ အသက် ၂၆ နှစ်အရွယ် ရဲဘော် ဒေါမိနစ်ပါ။ သူကတော့ ဒီးမော့ဆိုဇာတိဖြစ်ပြီး KNDF တပ်ရင်း ၂၀ မှာ တပ်ရင်းမှူး ရာထူးနဲ့ ထမ်းဆောင်နေသူဖြစ်ပါတယ်။

ရဲဘော်ဒေါမိနစ်ဟာ လူငယ်ပီပီတော်လှန်ရေးမှာ စိတ်အားထက်သန်ပြီး စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်မှကို ရမယ့် အခြေအနေလို့ ခံယူထားတဲ့အတွက် ဒီလိုလက်နက်ကိုင်တော်လှန်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

“အခုလောလောဆယ်က မရှိသေးဘူး။ တော်လှန်ရေးအောင်မြင်မှ ပေါ်လာမယ်ထင်တယ် ကိုယ့်ရဲ့အနာဂတ်ဆိုတာ” လို့ စစ်ကောင်စီရဲ့အာဏာသိမ်းမှုကြောင့် လူငယ်တယောက်အနေနဲ့ အနာဂတ် ပျောက်ဆုံးသွားရတဲ့အကြောင်း ရဲဘော် ဒေါမိနစ်က ပြောပြလာပါတယ်။

ရဲဘော်ဒေါမိနစ်ဟာလည်း သူရရှိတဲ့ ဒဏ်ရာတွေကြောင့် ရဲဘော်လူသစ်လိုပဲ နေ့စဉ်ဝေယျဝစ္စတွေကိုလည်း တခြားသူရဲ့ အကူအညီရမှာသာ သူ့အတွက် တစ်နေ့သာက အဆင်ပြေနိုင်တာဖြစ်ပါတယ်။

ရဲဘော်လူသစ်နဲ့ ရဲ့ဘော်ဒေါမိနစ်တို့ ဆေးကုသခံယူတဲ့နေရာဟာ လုံခြုံရေးအရ ပြောပြလို့မရတဲ့ နယ်စပ်က ကျေးရွာလေးတရွာဖြစ်ပြီး ကရင်နီပြည်အစိုးရ (KNPP) ကနေ ခန္ဓာကိုယ်ပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေအတွက် ဆေးကုသမှုခံယူဖို့ ဖွင့်လှစ်ထားတဲ့နေရာဖြစ်ပါတယ်။ (မှတ်ချက် – ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တွင် အစိုးရတစ်ခုရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ရှိပြီး ကရင်နီပြည် အစိုးရ ဟု သုံးနှုန်းခေါ်ဆိုထားသည်။)

ကရင်နီပြည်အစိုးရ (KNPP) ကနေပြီး ၁၉၉၆ ခုနှစ်မှာ ဖွဲ့စည်းထားခဲ့တဲ့ မသန်စွမ်း ကြီးကြပ်ရေး ကော်မတီရှိနေပြီး အဲဒီအချိန်ကတည်းက တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရရဲဘော်တွေကို တာဝန်ယူကြီးကြပ်တာတွေလုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာလုပ်ငန်းတာဝန် အပြောင်းအလဲ နဲ့ တတိယနိုင်ငံတွေမှာ သွားရောက်ခိုလှုံခွင့် ရခဲ့တာကြောင့် အဆိုပါ ကော်မတီဟာလည်း ရပ်တန့်ခဲ့ရပါတယ်။ သို့ပေမယ့် အာဏာသိမ်းပြီး တဖန်တိုက်ပွဲပြင်းထန်လာတဲ့ ကရင်နီပြည်မှာ ဒဏ်ရာရရဲဘော်တွေ များပြားလာခဲ့တာကြောင့် အဲဒီကော်မတီက တဖန်ပြန်ပြီး အသက်ဝင်လာခဲ့ရပါတော့တယ်။

လိုအပ်ချက်အရ ပြန်လည်ဖြစ်တည်လာတဲ့ မသန်စွမ်းကြီးကြပ်ရေးကော်မတီကတော့ တိုက်ပွဲအတွင်း ဒဏ်ရာရတဲ့ ရဲဘော်တွေကို နေထိုင်စားသောက်ဖို့နဲ့ ဆေးကုသဖို့ အဓိကလုပ်ဆောင်ပေးနေပါတယ်။ လက်ရှိ အဲဒီနေရာမှာ ဒဏ်ရာရတဲ့ ရဲဘော် ၂၀ ဦး ဝန်းကျင်ရှိပြီး လက်မှာ ပတ်တီးစီးထားသူ၊ နေကာမျက်မှန်တပ်ထားသူ၊ ခြေတစ်ဖက်ပြတ်သွားသူ၊ လက်အကြောသေသွားသူ၊ ခြေထောက်အကြောသေနေသူ၊ အချိန်ပြည့် ဝှီးချဲပေါ်မှာ ထိုင်နေတဲ့သူ၊ မျက်နှာလုံးဝပျက်စီးသွားသူတွေ ပါပါတယ်။

အသက် ၁၈ နှစ်ကစလို့ လူလတ်ပိုင်းအရွယ်အထိ တိုက်ပွဲတွေကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေ ပျက်ဆီးဆုံးရှုံးကြရတာသူတွေဖြစ်ပါတယ်။

“သူတို့အတွက်တော့ စဉ်းစားထားတာရှိတယ်။ ရှေးတန်းဆက်မသွာနိုင်တော့တဲ့ ရဲဘော်တွေ ၊ ဒဏ်ရာပြင်းထန်တဲ့ရဲဘော်တွေဆို သူတို့ ရှေ့ဆက်နေထိုင်ဖို့အတွက် ကျနော်တို့ နည်းလမ်းလေးတွေ ရှာပေးတာရှိတယ်။ (ဥမမာ- သူတို့လုပ်နိုင်တဲ့ ရုံးလုပ်ငန်းလား၊ အသက်မွေးဝမ်းကျောင်းပညာလား၊ ) အဲလိုတွေ လုပ်ပေးဖို့ရှိတယ်။ လောလောဆယ်တော့ အကောင်အထည်မဖော်ရသေးဘူးပေါ့။ အခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး အလုပ်အကိုင်ရှာဖွေပေးတာ အဲလိုမျိုးတွေပေါ့။ ” လို့ ရဲဘော်တွေနဲ့ ပတ်သက်ပြီး အစီအမံတွေ ချမှတ်ထားတဲ့အကြောင်း မသန်းစွမ်းကြီးကြပ်ရေးကော်မတီဥက္ကဌ ခူးမြာရယ်က ပြောပြပါတယ်။

ကရင်နီပြည်မှ တိုက်ပွဲအတွင်း ဒဏ်ရာရတဲ့ရဲဘော်မှန်သမျှ မည့်သည့်တော်လှန်ရေးအဖွဲ့အစည်းမဆို မခွဲခြားဘဲ ရောက်လာတဲ့ ရဲဘော်တိုင်းကို လက်ခံဆေးကုသပေးတယ်လို့လည်း သိရပါတယ်။

ထမင်းဟင်းချက်၊ အဝတ်လျှော်၊ သန့်ရှင်းရေး စတာတွေကို လုပ်ဆောင်ပေးပြီး တကိုယ်ရေ ဝေယျဝိစ္စတွေကိုယ်တိုင် မလုပ်ဆောင်နိုင်တဲ့ ရဲဘော်တွေကို အနီးကပ်စောင့်ရှောက်ပေးနေသူကတော့ မသန်စွမ်းကော်မတီအဖွဲ့ဝင် မရွှေဇင်ပါ။

သူမကတော့ မသန်စွမ်းဖြစ်သွားတဲ့ ရဲဘော်တွေကို အတက်ပညာတခုခု သင်ကြားစေချင်တယ်လို့ဆိုပါတယ်။

“ သူတို့တွက် အသက်မွေးဝမ်းကျောင်ပညာ စိုက်ပျိုးရေးဖြစ်ဖြစ်၊ မွေးမြူရေးဖြစ်ဖြစ် သူတို့လုပ်နိုင်တဲ့ အရာပေါ့နော်။ မဟုတ်ရင် ပညာရေးပိုင်းဘဲ ဖြစ်ဖြစ် သူတို့လုပ်နိုင်တဲ့ဟာတွေ လုပ်ခိုင်းချင် တယ်ပေါ့ နော်။ လိုအပ်ချက်တွေခါကျတော့ စားနပ်ရိက္ခာပိုင်းပေါ့။” လို့ မသန်စွမ်းဖြစ်သွားတဲ့ရဲ့ဘော်တွေအတွက် လိုအပ်ချက်တွေကို မရွှေဇင်က ပြောပြပါတယ်။

ဒါတွေအပြင် လူနာတွေနဲ့ နေ့စဉ်ဖြတ်သန်းလာရတဲ့ အတွက် ရဲဘော်တွေကို ကြည့်ပြီး ကိုယ်တိုင်စိတ် မကောင်းမိသလို တိုင်းပြည်အတွက်ပေးဆပ်နေတဲ့သူလို့ယူဆပြီး သူတို့ကိုလေးစားဂုဏ်ယူမိတယ်လို့ မရွှေဇင်က ဆက်ပြောပါတယ်။

ကရင်နီပြည်မှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ခန္ဓာကိုယ်ထိခိုက်ကြရတဲ့ တော်လှန်ရေးရဲဘော် စုစုပေါင်း ၁၇၀ နဲ့ အထက်မှာရှိတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၊ ကျန်းမာရေးဌာနရဲ့ စာရင်းအရ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၂ခုနှစ် မေလ လဆန်းပိုင်းက ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့် မျက်နာတပြင်လုံးနဲ့ လက်ချောင်းလေးတွေ ဆုံးရှုံးလိုက်ရသူကတော့ အသက် ၂၀ နှစ် အရွယ် တာအယ်စိုးပါ။ သူဟာ မော်ချီးဒေသခံဖြစ်ပြီး အသက် ၂၀ သာရှိသေးတဲ့ လူငယ်လေးတစ်ဦးပါ။

လက်ရှိတာအယ်စိုးဟာ သူရရှိတဲ့ဒဏ်ရာတွေကို ဆေးကုသမှု ပြီးဆုံးသွားပေမယ့် မျက်နာတခုလုံး ပျက်စီးသွားတဲ့အပြင် တခြားသူကူညီမှ တနေ့တာဝေယျာဝိစ္စတွေကို လုပ်ဆောင်နိုင်တော့တာကြောင့် ရဲဘော်တွေ ဆေးကုသတဲ့နေရာမှာ ဆက်လက်နေထိုင်ခဲ့တာပါ။

သူရှိထားတဲ့ ဒဏ်ရာဟာ သေးသေးမွှားမွှား မဟုတ်တာကြောင့် ရှေ့ဆက်သွားရမယ့် အနာဂတ်အတွက် မလွယ်ကူဘူးလို့ ဝမ်းနည်းစွာ ပြောပြလာပါတယ်။

“ အသက်က ငယ်တာတော့ငယ်သေးတယ်။ ဒါပေမဲ့ ခုက ကိုယ်အလုပ်လုပ်လို့ ကိုယ်ထိတာလေနော်။ ဒါပေမဲ့ ကိုယ်ထိတဲ့တန်ဖိုးက မနည်းဘူးလို့ ပြောရမှာပေါ့။ ကိုယ်ထိတဲ့ ဒဏ်ရာရက ရှေ့တန်းမှာရတယ်။ ကိုယ်က သစ်ပင်တက်လို့ ပြုတ်ကျတာလဲမဟုတ်ဘူးကွာ ကိုယ်နောက်တန်းမှာ တစ်ခုခုလုပ်လို့ ထိသွားလို့ ဖြစ်တာလဲမဟုတ်ဘူး။ ရှေ့တန်းမှာဆိုတော့ ကိုယ်လည်း ကိုယ့်စိတ်ထဲမှာတော့ လူငယ်တစ်ယောက်အနေနဲ့ ရှေ့ဆက်အသက်ရှင်ဖို့က အခက်ခဲတော့ရှိတယ်။ ကိုယ်လုပ်တာ မအောင်မြင် သေးဘူးလို့ ပြောရမှာပေါ့။ ကိုယ်ကိုစိတ်ထဲမှာ အားပေးပြီး ရှေ့ဆက်သွားရမှာပေါ့။” လို့ သူကပြောပါတယ်။

တာအယ်စိုးဟာ သူကိုယ်တိုင်ဘာမှ မလုပ်ဆောင်နိုင်တော့ဘူးလို့ သူ့ကိုယ်သူ တခါတလေ အားငယ်စိတ်တွေ ဝင်တတ်ပေမယ့် ကျန်ရှိနေတဲ့ဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ ကိုယ်ကိုယ်တိုင်သာ အဓိကဖြစ်တယ်လို့ သူကိုယ့်သူ အားပေးနေတတ်ပါတယ်။

“ရှေ့ဆက်ဖို့ဘဝ အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ကတော့ အများကြီးတော့ စဉ်းစားထားပါတယ်။ ကိုယ့်ရဲ့ အတွေးအခေါ်တွေ၊ အိမ်မက်တွေ၊ မျော်လင့်ချက်တွေတော့ အများကြီးပါဘဲ။ ကိုယ်လဲစိတ်ကူးတယ် ကြိုးလည်းကြိုးစားတယ် ဒါပေမဲ့ မဖြစ်လာသေးတာဘဲ ရှိတာပေါ့။ ရှေ့ဆက်မှာတော့ ကိုယ်တတ်နိုင်တဲ့ဖက်ပေါ့ ကိုယ်လုပ်နိုင်တဲ့အလုပ် ဥပမာ ဂီတဖက်လား ဘယ်ဖက်မှာဘဲ ဖြစ်ဖြစ်ပေါ့ စိတ်ကူးထားတာတော့ ရှိတယ်။ ဒါပေမဲ့ ခုကတော့ ပြောပြလို့ မရလို့ပေါ့။” လို့ သူကပြောပါတယ်။

တာအယ်စိုဟာ တော်လှန်ရေးကို သူ့ရဲ့ လူငယ်ဘဝတွေဖြစ်တဲ့ ပျော်ရွှင်မှု၊ လွတ်လပ်မှု အပါအဝင် သူရဲ့ချစ်သူကောင်မလေးနဲ့ အကုန်လှဲခဲ့ရသူပါ။ဒဏ်ရာရပြီးနောက်ပိုင်းမှာ သူ့ရဲ့ချစ်သူကောင်မလေးကို သူကိုယ်တိုင် အဆက်အသွယ်ဖြတ်ခဲ့တယ်လို့ ကြေကွဲဝမ်းနည်းစွာ ပြောပြလာပါတယ်။

တာအယ်စိုးတို့လို ခန္ဓာကိုယ်ပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေဟာ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ ရှိနေနိုင်ပေမယ့် ရုပ်ပိုင်းဆိုင်ရာမှာတော့ စိတ်အားထတ်သန်မှုကိုပဲပြသကြတယ်လို့ မိုးဗြဲပြည့်သူ့ ကာကွယ်ရေတပ် တပ်ရင်း (၂) က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒါကြောင့် သူတို့အတွက် ခိုင်လုံတဲ့ ဘဝအာမခံချက်တွေ၊ စိတ်ပိုင်းဆိုင်ရာကုသမှုတွေကို နောင်အနာဂတ်မှာ အစိုးရဖြစ်လာမယ့် တာဝန်ရှိသူတွေအနေနဲ့ ရေရှည်စီမံကိန်းချပြီး လုပ်ဆောင်ပေးသင့်တယ်လို့ ဆိုထားပါတယ်။

“ခုလောဆယ် ကျနော် မြင်နေရတဲ့ခြေနေ၊ သိရတဲ့ခြေနေ ခါကျတော့ သူတို့ရဲ့ အနာဂတ် အာမခံချက်တော့ မပေးနိုင်သေးဘူးပေါ့။ ဒါအစိုးရတစ်ရပ်ရဲ့ စည်းကမ်းချက် အများပေါ်မူတည်တယ် ထင်တယ်နော်” လို့ သူကပြောပါတယ်။

လက်ရှိကရင်နီပြည်မှာ ဒဏ်ရာရရဲဘော်တွေကို ကရင်နီပြည်အစိုးရ (KNPP) နဲ့ မြေပြင် ကျန်းမာရေး အစုအဖွဲ့တွေက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

မသန်စွမ်းဖြစ်သွားတဲ့ ရဲဘော်တွေအတွက် လုပ်ငန်းမူဝါဒတွေနဲ့ လုပ်ငန်းဆိုင်ရာ ဥပဒေတွေကို ရေတို၊ ရေတိုစီမံကိန်းတွေ ချမှတ်ပြီး အဲဒီကျန်းမာရေးအစုအဖွဲ့တွေကနေ ပြည်နယ်အဆင့် အနေအထားအထိ ဖြစ်လာအောင် ကြိုးစားရမှာဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၁) မဇူးပဒုမ္မာက ပြောပါတယ်။

“IEC ကတော့ အစိုးရအဆင့်ဆိုတာထက် အုပ်ချုပ်ရေးကောင်စီပေါ့နော်လောလောဆယ်။ နောက်ပိုင်းမှာ အသွင်ကူးပြောင်းရေးအစိုးရ ပြီးလို့ရှိရင် ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်တဲ့ ကာလမှာလည်း ဖြစ်လာမယ့် အစိုးရမှာလည်း လက်ဆင့်ကမ်း ဒီလုပ်ငန်း တွေကို မဖြစ်မနေ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေဖြစ်တယ်။ ဒီလုပ်ငန်းတွေက ပြည်နယ်အဆင့်၊ အစိုးရအဆင့်တွေ လုပ်ရမယ့် လုပ်ငန်းတွေအထိ ဖြစ်လာအောင် ၊ ကောင်းမွန်စွာ လုပ်နိုင်အောင် အဆင့်ဆင့်ကြိုးစားလုပ်ဆောင်သွားမယ့် အပိုင်းတွေလည်းရှိတယ်ပေါ့နော်” လို့ သူမက ပြောပါတယ်။

ဒါတွေအပြင် စိတ်ပိုင်းဆိုင်ရာကုသမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအတွက် သူတို့ရဲ့ဘဝ ပြန်ပြီးရပ် တည်နိုင်မယ့် စွမ်းရည်မြှင့်သင်တန်းအစီအစဉ်တွေ လေ့ကျင့်သင်ကြားပေးဖို့အစီအမံတွေလည်း ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

ခန္ဓာကိုယ် တခုလုံးနီးပါး ပေးဆပ်လိုက်ရတဲ့ ရဲဘော်တာအယ်စိုးကတော့ တော်လှန်ရေးမှာ ဒဏ်ရာရရှိတဲ့ မြန်မာနိုင်ငံတစ်ဝှမ်းက တော်လှန်ရေးရဲဘော်တွေကို စိတ်ဓာတ်မကျဖို့ အခုလို အားပေးစကား ပြောဆိုသွားပါတယ်။

“ ဒဏ်ရာရတဲ့လူက ဒီ ကျနော်တို့ပြည်(ကရင်နီ)မှ မဟုတ်ဘူး တစ်နိုင်ငံလုံးမှာလည်း အများကြီးပေါ့နော်။ ကျနော်လို ဘဝတူ မျက်စိမမြင်တော့တဲ့ လူတွေရှိတယ်။ မသန်စွမ်းတွေ ဒီတော်လှန်ရေး အစကနေခုထိပေါ့ အများကြီးရှိနေပြီ။ ဒါပေမဲ့ အားမငယ်ဖို့ဘဲပေါ့။ လောကကြီးဆိုတာ တိုက်ပွဲပဲ။ ကိုယ်ကျော်ဖြတ်ရမှာဘဲ။ ကိုယ်ရဲဘော်မလုပ်လည်း၊ ဒီတိုင်းနေလည်း ကိုယ်ကြုံလာရမဲ့အရာကို ကြိုမသိဘူးပေါ့။ ကိုယ်ရဲဘော်လုပ်လို့ ကိုယ်ပေးဆပ်လိုက်ရတာကိုလည်း အားတင်းထားဖို့ ပြောချင်ပါတယ်။”


View the original