ရှင်ငြိမ်း
“တိုးတက်တဲ့ နိုင်ငံတော်သစ်တစ်ရပ်ဆီ သွားတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် တံတားခင်းကြမ်း တစ်ချပ်အနေနဲ့ ပေးဆပ်ထားတယ်။ ဒီနွေဦးတော်လှန်ရေးမှာ ကျရာနေရာကနေ ကျနော် တတ်စွမ်းသရွေ့ ပါဝင်လှုပ်ရှားနေဦးမှာပါ။”လို့ လူထုကို အသိပေးစကား ဆိုသူကတော့ မလင်းလင်းလို့ အများကခေါ်ကြတဲ့ မဆုရည်လင်းပါ။
ပြည်သူတွေကို လွတ်လပ်ပြီး တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို အရောက်ပို့ပေးချင်တဲ့ဆန္ဒ သူ့မှာ ရှိနေတာ ဖြစ်တယ်။
မလင်းလင်းဟာ ရန်ကုန်သပိတ်စစ်ကြောင်းကို ဦးဆောင်သူတစ်ယောက်ဖြစ်သလို အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက်တဲ့ ဖြိုခွင်းမှုတွေကြားကနေ ပြောက်ကျားသပိတ်တွေ ထွက်နိုင်ဖို့ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးပါ။
သူဟာ အာဏာရှင်ကို တော်လှန်နေကြတဲ့ အမျိုးသမီးတွေနဲ့ ပြည်သူတွေကို သူ ကတိခံထားတဲ့ စကားအတိုင်း ကိုယ်တိုင် လက်တွေ့ ဦးဆောင်လုပ်ပြနေသူလည်း ဖြစ်တယ်။
အသက်တွေရင်း တိုက်ရတဲ့ နွေဦးတော်လှန်ရေးမှာ မလင်းလင်းဟာ သူချစ်တဲ့ မိသားစုကို စွန့်ခွာပြီး သူ့ဘဝကို နစ်မြုပ်ကာ လျှပ်တစ်ပြက် သပိတ်တွေ ထွက်နိုင်အောင် လုပ်ဆောင်နိုင်စွမ်းရှိသူပါ။
စစ်တပ်က သူ့ကို အကြမ်းဖက် ဖမ်းဆီးသွားတဲ့အပြင် စစ်ကြောရေးမှာလည်း ၁ လလောက် နှိပ်စက်ခံရသလို ထောင်တွင်း ဆေးကုသမှု မရတဲ့အပြင် ထပ်တိုးအမှုတွေနဲ့ပါ ရင်ဆိုင်နေရတာဖြစ်တယ်။
ဒါကြောင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်ကတော့ “မလင်းလင်းက အခုအချိန်ထိ လမ်းတွေ ပေါ်မှာ ဆက်လက် တော်လှန်နေဆဲ ဟစ်ကြွေးနေဆဲ အမျိုးသမီးခေါင်းဆောင်တွေထဲက တစ်ယောက်ပါပဲ။”လို့ မှတ်ချက်ပြုပါတယ်။
ခွပ်ဒေါင်းစိတ်ဓာတ်နဲ့ ရဲရင့်တဲ့ ကျောင်းသူ
အသားညိုညို ခန္ဓာကိုယ် ပိန်ပိန်ပါးပါးနဲ့ မျက်မှန်အဝိုင်းလေး တပ်ထားတတ်တဲ့ မလင်းလင်းဟာ အများအမြင်မှာ အင်အားနည်းသူလို့ ထင်ရပေမယ့် စိတ်ဓာတ်ကတော့ သံမဏိလို မာကျော ခိုင်မာကြောင်း တော်လှန်ရေးမှာ ပါဝင်နေတဲ့ သူ့လုပ်ရပ်တွေက သက်သေခံနေပါတယ်။
အသက် ၂၁ နှစ်သာ ရှိသေးတဲ့ မလင်းလင်းဟာ အာဏာမသိမ်းခင်က ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ စိတ်ပညာ၊ ဒုတိယနှစ် တက်နေတဲ့ အဝေးသင်ကျောင်းသူတစ်ဦးဖြစ်ပြီး ရန်ကုန်မြို့မှာ မိသားစုနဲ့အတူ နေထိုင်ခဲ့တယ်။
ဒါပေမဲ့ သူဟာ ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကျောင်းသားထုအရေးတွေမှာ ပါဝင်သလို “ပညာရေးဥပဒေ ပြုပြင် ပြောင်းလဲရေးနဲ့ စစ်ပွဲတွေရပ်” စတဲ့ အကြမ်းမဖက်လှုပ်ရှားမှုတွေလည်း တထောင့်တနေရာကနေ ပါဝင်ခဲ့သူပါ။
မလင်းလင်းဟာ လှုပ်ရှားမှုတစ်ခုခုမှာ ဦးဆောင်ပါဝင်ရတာကို ဝါသနာပါပြီး တက်တက်ကြွကြွနဲ့ ဦးဆောင်လုပ်တတ်သူ ဖြစ်တဲ့အလျောက် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှာလည်း အဖွဲ့ဝင်တစ်ဦးအနေနဲ့ လှုပ်ရှားခဲ့တယ်။
သူရဲ့ပင်ကိုယ်သဘာဝက အေးအေးချမ်းချမ်းနဲ့ စကားနည်းသူဖြစ်ပေမယ့် ကျောင်းသားအရေးနဲ့ ပတ်သက်လာရင်တော့ ဆရာ၊ ဆရာမတွေသာမက ပါချုပ်တွေအထိ ထိပ်တိုက် ရင်ဆိုင်တတ်သူဖြစ်လို့ “မဟုတ်မခံစိတ်ရှိသူ”လို့ သူရဲ့ သူငယ်ချင်း၊ ရဲဘော်ရဲဖက်တွေက သိထားကြတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တော့လည်း သူရဲ့ဗီဇအတိုင်း သူငယ်ချင်းရဲဘော်တွေကို ဆန္ဒပြ သပိတ်မှောက်တာတွေ လုပ်ကြဖို့ မလင်းလင်းက လိုက်လံဆော်သြရင်း သူကိုယ်တိုင် နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားခဲ့တယ်။
မြေပြင်သပိတ်တွေ ဦးဆောင်ခဲ့သူ
သူရဲ့လုပ်ကိုင်နိုင်မှု စွမ်းရည်တွေကြောင့် ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရဲ့ ပထမဆုံး အမျိုးသမီး ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီး မြေပြင်သပိတ်တိုက်ပွဲတွေကို စတင်ဖော်ဆောင်ခဲ့ပါတယ်။
ဒီအချိန်မှာ အာဏာသိမ်းစစ်တပ်က သပိတ်ခေါင်းဆောင်တွေကို နာမည်နဲ့တကွ လိုက်လံဖမ်းဆီးတာတွေ ရှိလာတော့ မလင်းလင်းဟာ အိမ်ကနေ အထုတ်ဆွဲကာ တော်လှန်ရေးလမ်းကြောင်းပေါ် ဆက်လျှောက်ခဲ့တယ်။
သူ့အတွက်နဲ့ မိသားစုကို မထိခိုက်စေချင်သလို တော်လှန်ရေးကို လွတ်လွတ်လပ်လပ် လုပ်ချင်တာကြောင့် မိသားစုဝင်တွေက သူ့ကို စွန့်ပစ်တာ မဟုတ်ဘဲ မိသားစုကို သူက စွန်ခွာခဲ့တာပါ။
ဒါကလည်း အာဏာသိမ်းစစ်တပ်က သူတို့ရှာတဲ့လူ မတွေ့ရင် မိသားစုဝင်တွေကို ဖမ်းဆီးထောင်ချတာတွေ ရှိပြီး နေအိမ်တွေကိုလည်း ချိတ်ပိတ်သိမ်းယူတာတွေ ရှိနေတာ ဖြစ်တယ်။
ဒီလိုအန္တရာယ်တွေရှိနေတဲ့ကြားက သူဟာ သပိတ်တွေကို ဆက်တိုက် ဖော်ဆောင်ခဲ့တယ်။ တချိန်ထဲမှာ မလင်းလင်းဟာ နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ အမျိုးသမီး မဟာမိတ်အင်အားစု(WAB)ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် ခန့်အပ်ခံခဲ့ရပြီး အမျိုးသမီး ဦးဆောင်သပိတ်တွေ ဖော်ဆောင်လာခဲ့တယ်။
တချိန်ထဲမှာ ရန်ကုန်တက္ကသိုလ်(တကသများ)ရဲ့ မြေပြင်သပိတ်ကော်မတီ တာဝန်ခံ ဖြစ်လာကာ တကသများ-ရန်ကုန်ရဲ့ ကိုယ်စားလှယ်အနေနဲ့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)မှာ သပိတ်ဖော်ဆောင်ခဲ့တယ်။
ဒီသပိတ်တွေကို စစ်တပ်က လက်နက်နဲ့ ဖြိုခွဲလာတဲ့အခါမှာတော့ မလင်းလင်းက တကသများ-ရန်ကုန်နဲ့အတူ လျှပ်တစ်ပြက် ဆန္ဒထုတ်ဖော်တာတွေ၊ ပြောက်ကျားသပိတ်တွေ လုပ်ဆောင်လာတာ ဖြစ်တယ်။
“ဖမ်းဆီးတာက စစ်တပ်ရဲ့အလုပ်၊ ဆန္ဒပြသပိတ်ဖော်ရမှာ သူ့အလုပ်လို့ခံယူပြီး မကြောက်မရွံ့ကို သပိတ်လုပ်တတ်တယ်။ ဒါပေမဲ့ သူသပိတ်ဖော်တိုင်း ဘယ်တော့ လက်လွတ်စပယ် မလုပ်တတ်ဘူး။ နယ်မြေသေချာလေ့လာပြီး စိတ်ချရပြီဆိုမှ သပိတ်ထွက်တယ်။”လို့ ရန်ကုန်သပိတ်ခေါင်းဆောင် ကိုဘုန်းက ပြောပါတယ်။
သူရဲ့ ရဲရင့်တဲ့ လုပ်ဆောင်ချက်တွေကြောင့် မလင်းလင်းဟာ အာဏာသိမ်းစစ်တပ်ရဲ့ အာရုံစိုက် သတိပြုခံရတဲ့ အနေအထားမှာတောင် နေရာပေါင်းမြောက်များစွာ ပြောင်းရွှေ့ နေထိုင်ရင်း လျှပ်တစ်ပြက် သပိတ်တွေ ပြုလုပ်ခဲ့တယ်။
မလင်းလင်းဟာ လူထုအနေနဲ့ တော်လှန်ရေးအပေါ် သွေးအေးမသွားစေဖို့နဲ့ ပြည်သူတွေရဲ့ လိုလားချက် အစစ်အမှန်ကို ပြပေးစေချင်တဲ့ ရည်ရွယ်နဲ့ သပိတ်တွေ ဖော်ဆောင်နေရတာဖြစ်ကြောင်း ကိုဘုန်းက မလင်းလင်း သပိတ် လုပ်ရတဲ့ ရည်ရွယ်ချက်ကို ပြောပြပါတယ်။
လက်နက်မဲ့ ကျောင်းသူ ဖမ်းဆီးခံရ
လပေါင်းများစွာ သပိတ်တွေကို ဦးဆောင်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်၊ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ညနေပိုင်း သပိတ်ထွက်ဖို့ စီစဉ်နေတဲ့အချိန် လက်နက်ဆိုလို့ အပ်တို တစ်ချောင်းတောင် မပါတဲ့ မလင်းလင်းကို အရပ်ဝတ်နဲ့ သေနတ်ကိုယ်စီ ကိုင်ထားတဲ့ အမျိုးသားတွေက ဖမ်းဆီးသွားခဲ့တာပါ။
သူဟာ ဖမ်းဆီးခံရချိန်မှာ ပြန်လည်ခုခံဖို့ နေနေသာ သူရဲ့ပုံမှန်အလုပ်တွေဖြစ်တဲ့ သပိတ်စစ်ကြောင်းထွက်တာ၊ အစုအဖွဲ့တွေနဲ့ စကားပြောတာတွေတောင် ခွင့်ယူထားရတဲ့အထိ မကျန်းမမာဖြစ်နေတဲ့အချိန်ပါ။
နောက် သူ့မှာ လုပ်ငန်းတာဝန်တွေ များပြားနေတဲ့ကြား နေမကောင်းဖြစ်နေတဲ့အချိန်မှာတောင် သပိတ်တွေ ရပ်သွားတာမျိုး မဖြစ်ရအောင် မလင်းလင်းက စွမ်းဆောင်ခဲ့ပါတယ်။
“လင်းလင်းက အကြောတင်းတယ်။ ကြောက်တတ်တဲ့အထဲမှာလည်း မပါဘူး။ ဖြစ်ချင်တာကို ရအောင်လုပ်တတ်တဲ့သူ။”လို့ ရန်ကုန်သပိတ်ခေါင်းဆောင် ကိုနန်းလင်းက မှတ်ချက်ပြုပါတယ်။
သမဂ္ဂအဖွဲ့ဝင် မလင်းလင်းလည်း ဖမ်းဆီးခံရတဲ့နေ့မှာပဲ မြို့နယ်စခန်းကနေ စစ်ဆေးပြီး စစ်ကြောရေးကို ပို့လိုက်တယ်လို့ ပြောပေမယ့် ဘယ်စစ်ကြောရေးကို ပို့လိုက်မှန်း ဘယ်သူမှ မသိခဲ့ရပါဘူး။
ဖမ်းဆီးခံရစဉ်က မလင်းလင်းဟာ ကျန်းမာရေးမကောင်းနေတဲ့အတွက် မိသားစုဝင်တွေက လွန်စွာ စိုးရိမ်ပူခဲ့ကြသလို သမဂ္ဂအဖွဲ့ဝင်တွေကလည်း စစ်ကြောရေးရောက်နေတဲ့ မလင်းလင်းရဲ့ သတင်းကို စုံစမ်းမှုတွေ လုပ်ခဲ့ရပါတယ်။
“မလင်းလင်းတို့ကို စစ်မေးတဲ့အခါမှာ ဝါယာကြိုးတွေနဲ့ ရိုက်နှက်ခံရတာတွေ ရှိတယ်။ ဒါတွေကိုတော့ သူ့အနေနဲ့ ကြံ့ကြံ့ခံနိုင်ခဲ့တယ်။”လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က ပြောပါတယ်။
ဖမ်းသွားပြီးနောက်ပိုင်း မလင်းလင်းဟာ စစ်ကြောရေးကာလကို ၁ လကျော်ကြာတဲ့အထိ ကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းခဲ့ရပါတယ်။
မလင်းလင်းရဲ့ လက်ရှိ ကျန်းမာရေး
အရင်ကတည်းက လေးဖက်နာ ရောဂါအခံ ရှိတဲ့ မလင်းလင်းဟာ အကျဉ်းထောင်ထဲမှာ အနေအစား ပင်ပန်းဆင်းရဲမှုဒဏ်နဲ့ စစ်ကြောရေးမှာ ရခဲ့တဲ့ဒဏ်တွေကြောင့် အစာအိမ်ရောဂါပါ ထပ်တိုးခံစားနေရတာ ဖြစ်တယ်။
ထောင်အာဏာပိုင်တွေထံ ဆေးကုသခွင့်ရဖို့ အကြိမ်ကြိမ် တောင်းခံခဲ့ပေမယ့် ၂ နှစ်ကျော်ကြာသွားသည့်တိုင် ဘာအကြောင်းမှ ပြန်မလာခဲ့ဘူးလို့ သမဂ္ဂရဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုမင်းသွင်က ပြောပါတယ်။
“ဆေးကုသမှုကတော့ မရဘူး။ မျက်မှန်လဲဖို့ကိုတောင် ပြောထားတာကြာပြီ။ အခုထိလည်း ခွင့်မရသေးဘူး။”လို့ ဆိုပါတယ်။
ကိုမင်းလွင်ဟာ မလင်းလင်း ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်ဖြစ်ကတည်းကနေ အဖမ်းမခံရမီအချိန်ထိ အတူတွဲ အလုပ်လုပ်လာတဲ့ ကျောင်းသားတစ်ဦး ဖြစ်တယ်။
အခုလို ကျောင်းသူတွေကို နှစ်ရှည်လများ ဖမ်းဆီးထားပြီး ထောင်တွင်းဆေးကုသခွင့် မပေးတာက လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသူဟောင်းဖြစ်တဲ့ မရတနာမိုးက ထောက်ပြပါတယ်။
လွတ်ရက်နီးသူတွေကို ထပ်တိုးတရားစွဲ
ကျောင်းသားလူငယ်တွေဟာ နွေဦးတော်လှန်ရေးအစမှ ဒီနေ့အထိ ကဏ္ဍပေါင်းစုံမှာ ကျရာပုံစံနဲ့ သမဂ္ဂခွပ်ဒေါင်းအလံတော် ကိုင်စွဲပြီး စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်နေတာပါ။ ဒီထဲမှာ ကျောင်းသူ အမျိုးသမီး ခေါင်းဆောင်တွေလည်း ပါဝင်ပြီး ကျရာနေရာမှာ တော်လှန်တိုက်ပွဲဝင်ရင်း စစ်တပ်ရဲ့ အကြမ်းဖက်ဖမ်းဆီးတာ ခံလိုက်ရသူတွေလည်း ရှိပါတယ်။
အထူးသဖြင့် စစ်တပ်က ဒီနှစ် စက်တင်ဘာလလောက်ကစပြီး လွတ်ရက်နီးတဲ့ ကျောင်းသူတွေ၊ အမျိုးသမီး ခေါင်းဆောင်တွေကို ထပ်တိုးပုဒ်မတွေနဲ့ တရားစွဲဆို ထောင်ချတာတွေလုပ်နေတယ်လို့ ကျောင်းသားသမဂ္ဂတွေက ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်မှာ ဖမ်းဆီးခံရတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မလင်းလင်း (ခ) မဆုရည်လင်းကို ထောင်ဒဏ် ၅ နှစ် ချမှတ်အပြီး ၅၂၇ ရက်အကြာမှာ ပုဒ်မ ၅၀ ညနဲ့ ထပ်မံ တရားစွဲဆိုခဲ့ပါတယ်။
မလင်းလင်းကို ၂၀၂၂ခုနှစ် မတ်လ ၃၁ ရက်မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကနဲ့ ထောင်တွင်းတရားရုံးက ပထမအကြိမ် အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တယ်။ ရက်ပေါင်း ၁၀၂ အကြာမှာ ရာဇသတ်ကြီးပုဒ်မ ၄၂၀(လိမ်လည်မှု)၊ ၄၆၈ (လိမ်လည်ရန်အလို့ငှာ စာရွက်စာတမ်း လိမ်လည် အတုပြုလုပ်မှု)နဲ့ တပေါင်းတည်း ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်ခဲ့လို့ စုစုပေါင်း ထောင် ၅ နှစ် ကျခံထားရတာပါ။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာလည်း လွတ်ရက်နီးလာတဲ့ မလင်းလင်းကို စစ်တပ်က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ – ညနဲ့ ထပ်မံတရားစွဲပြီး ထောင်သက်ကို ဆွဲဆန့်ခဲ့ပါတယ်။
“စစ်တပ်က ကျောင်းသားတွေကို မျက်စိ စပါးမွေး စူးပြီးတော့ လွတ်ရက် သိပ်မလိုတော့တဲ့ အကျဉ်းကျ ကျောင်းသားတွေ ဆိုရင် နောက်အမှု ထပ်ကပ်တာမျိုးနဲ့ ထောင်သက်ကို ဆွဲဆန့်လေ့ရှိတယ်။”လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုမင်းသွင်က ပြောပါတယ်။
လက်နက်ဆို အပ်တိုတချောင်းတောင် မကိုင်ခဲ့ဘဲ အကြမ်းမဖက်နည်းနဲ့ အာဏာသိမ်း စစ်တပ်ကို အန်တုနေတဲ့ ကျောင်းသူ မလင်းလင်းကို အခုလို အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲ အမှုဖွင့်တာက နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ကျောင်းသားထု တစ်ရပ်လုံးကို ဖိနှိပ်တဲ့ လုပ်ရပ်လို့ ကျောင်းသားများသမဂ္ဂက မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် စစ်တပ်က ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေကို စစ်ကြောရေးမှာ လိင်ပိုင်းဆိုင်ရာ စော်ကားတာတွေ၊ နှိပ်စက် ညှင်းပန်းတာတွေ ရှိသလို သပိတ်တွေလည်း ပစ်ခတ်ဖြိုခွင်းတာကြောင့် သေဆုံးရတဲ့ အမျိုးသမီး အရေအတွက် အများအပြား ရှိခဲ့တယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီကနေ အောက်တိုဘာလ ၃၁ ရက်အတွင်း ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးစုစုပေါင်း ၅,၀၇၃ ဦးရှိပြီး ၆၃၀ ဦးကတော့ စစ်တပ်လက်ချက်နဲ့ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် အမျိုးသမီးသပိတ်ခေါင်းဆောင်တွေဟာ အကြောင်းကြောင်းကြောင့် စစ်တပ်ရဲ့ ဖမ်းဆီး ထိန်းသိမ်းတာခံရရင် အမျိုးသားတွေထက် ပိုမိုနှိပ်စက် အကြမ်းဖက်ခံရလေ့ ရှိပါတယ်။
“ကျောင်းသားခေါင်းဆောင်လို့ပြောရင် အထူးသဖြင့် အမျိုးသမီးခေါင်းဆောင်တွေကို စစ်တပ်က ရည်ရွယ်ရှိရှိနဲ့ အငြှိုးထားပြီး နှိပ်စက် ညှင်းပမ်းမှုတွေနဲ့ ကြုံနေရတယ်။”လို့လည်း လူထုသပိတ်ခေါင်းဆောင် ကိုနန်းလင်းက ပြောပါတယ်။
ထောင်ငရဲခန်းထဲက အမျိုးသမီးတွေ
နွေဦးတော်လှန်ရေးမှာ ရဲရဲဝံ့ဝံ့ ပါဝင်ခဲ့ပြီး ထောင်အသီးသီးမှာ ကျခံနေရတဲ့ အမျိုးသမီးတွေ၊ အမျိုးသမီး ခေါင်းဆောင်တွေဟာ တကယ့်ကို စစ်တပ်ရဲ့ ငရဲခန်းတွေမှာ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေ ပြုလုပ်ခံနေရတယ်လို့လည်း ကိုနန်းလင်းကထောက်ပြပါတယ်။
ဒါ့အပြင် နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ သာယာဝတီထောင်လို နေရာတွေတောင် ပြောင်းရွှေ့ခံရတဲ့ ကျောင်းသူတွေလည်း ရှိပြီး သူတို့တွေဟာ ထောင်ထဲမှာ ဆိုးဝါးတဲ့ နှိပ်စက်မှုဒဏ်တွေ ခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသူဟောင်း မရတနာမိုးက ဆိုပါတယ်။
အခုလို ဆိုးဝါးပြင်းထန်လွန်းလှတဲ့ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ ကြိုသိထားတာတောင်မှ အမျိုးသမီးတွေဟာ အာဏာရှင်တော်လှန်ရေးအပေါ် စိတ်ပျက်အားလျော့သွားတာ မရှိဘဲ ဆက်လက် ပါဝင်နေကြဆဲပါ။
ဒါ့ကြောင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ရဲ့ ကွပ်ကဲရေးမှူး ကိုဆောင်းခက“အမျိုးသမီးတွေဟာ သူတို့ ပါဝင်မှု၊ ဦးဆောင်မှု အခန်းကဏ္ဍတွေမှာ လူ့အဖွဲ့အစည်းရဲ့ အားနည်းချက်ကြောင့် အကန့်အသတ်တွေ ရှိနေပေမယ့် ဘယ်ခေတ်မှာမှ နောက်မကျခဲ့ဘူး။ သူတို့က ဘယ်လောက်ထိ နှိပ်စက်ခံရမယ်ဆိုတာ မတွေးတော့ဘူး ထင်ပါတယ်။”လို့ ပြောပါတယ်။
“ဒီတော်လှန်ရေးကြီးအောင်မြင်သွားရင် ပြည်သူတွေအားလုံး လွတ်မြောက်မှာပဲ။ စနစ်သစ်ကို ရောက်မှာပဲဆိုတဲ့ စိတ်နဲ့ အမျိုးသမီးတွေဟာ အခုလို ရဲစွမ်းသတ္တိအပြည့်နဲ့ သပိတ်တွေမှာ ဆက်လက် ပါဝင်နေတာဖြစ်တယ်။”လို့ သူက မှတ်ချက်ပြုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စစ်အာဏာရှင်ကို ချေမှုန်းဖို့အတွက် သေမှာ မကြောက်၊ ငရဲ မကြောက်ဘဲ ရှေ့ထွက်ရဲတဲ့ အမျိုးသမီးတွေရဲ့ သတ္တိနဲ့ စွမ်းပကားကို အသိအမှတ်ပြုရမှာပါ။
မလင်းလင်းလို အမျိုးသမီးတွေရဲ့ စိတ်ဓာတ်ကို အညွန့်ကျိုးအောင် စစ်တပ်က ဖိနှိပ်လို့ ရကောင်းရနိုင်ပေမယ့် အာဏာရှင် အနေနဲ့ သပိတ်တွေကို ရပ်တန့်သွားအောင် မလုပ်နိုင်ဘူးဆိုတာ ကျေးလက်နဲ့ မြို့ပြတွေမှာ အမျိုးသမီးတွေ ဦးဆောင်နေတဲ့ သပိတ်တွေက သက်သေခံလျက်ရှိတယ်။
အမျိုးသမီးတွေဟာ အာဏာရှင်ဆန့်ကျင်ရေးအတွက် ဘယ်လိုအကြောင်းနဲ့မှ နောက်တွန့်သွားတာ မရှိဘဲ များပြားလှတဲ့ အတားအဆီးတွေရှိတဲ့ကြားက ယနေ့ထိတိုင် အားမာန်အပြည့်နဲ့ ကြွေးကြော်သံတွေဟာ လမ်းမထက်မှာ ပျံလွင့်နေဆဲပါ။
“အမျိုးသမီးတို့ဘုန်းနဲ့ ဖက်ဆစ်စစ်တပ်ကို ချေမှုန်းမယ်”၊“စနစ်ဆိုးကို အမြစ်ချိုးမယ့် သူပုန်အမျိုးသမီးသပိတ်” “စစ်ခွေးတွေ ကျဆုံးဖို့ တို့အမျိုးသမီးတွေ ဝိုင်းဝန်းစို့”