30 November 2023
Honest Information
ခင်ဘုန်းမို့
သွေးစွန်းနေတဲ့ အကျီအဖြူရင်ဖုံးနဲ့ ကျောင်းစိမ်းထဘီဝတ်ဆင်ထားပြီး မျက်နှာကိုသေဆုံးနေတဲ့ပုံစံ မိတ်ကပ် လိမ်းခြယ်ထား သူတစ်ဦးဟာ မဲဆောက်မြို့ရဲ့လူစည်ကားရာနေရာတွေမှာ လှည့်လည်သွားလာနေတယ်။
ကျောင်းသား၊ ကျောင်းသူတွေနဲ့ အရပ်သားတွေအပေါ် စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကို အများပြည်သူသိရှိဖို့ ရည်ရွယ်ပြီး Killing Field Myanmar ဆိုတဲ့စာသားနဲ့အတူLGBTတစ်ဦးဟာ ဟော်လိုးဝင်းနေ့မှာ ကမ်ပိန်း ပြုလုပ်ခဲ့ တာဖြစ်ပါတယ်။
ဒီကမ်ပိန်းကို အသက်သွင်းခဲ့သူကတော့ အသက် ၂၀ ကျော်အရွယ် LGBT အလှမယ်တစ်ဦးဖြစ်တဲ့ သက္ကရာဇ်ပါ။ အရင်ကတည်း က ဟော်လိုးဝင်းညတွေရောက်တိုင်းထူးခြားတဲ့ မိတ်ကပ်အပြင်အဆင်တွေလိမ်းကာ ဖြတ်သန်းခဲ့ တယ်။
အခုနှစ်မှာတော့ မြန်မာနိုင်ငံရဲ့အခြေအနေတွေကို ဖော်ကျူးနိုင်မယ့် ပုံစံပြင်ဆင်ကာ တော်လှန်ရေးလှုပ်ရှားမှုတစ်ခုအနေနဲ့ ပြု လုပ်ခဲ့တာဖြစ်တယ်။
“ ကျွန်တော်တို့ တော်လှန်ရေးအခြေအနေက နိုင်ငံတကာက စိတ်ဝင်စားမှုတွေ လျော့နည်းလာတယ်။ ကူညီထောက်ပံ့မှုတွေ လည်း လျော့နည်းလာတယ်လို့ကြားသိရတယ်။အဲ့အတွက်ကြောင့်ဒီကမ်ပိန်းလေးတွေကို ပြုလုပ်ခဲ့ရင် နိုင်ငံတကာကနေပြန်ပြီး attention(အာရုံစိုက်မှု)ပြန်ရလာမလား။ ကူညီထောက်ပံ့မှုတွေ ပိုပြီးရလာမလားဆိုပြီးတော့ စဉ်းစားခဲ့တယ်။” လို့ သက္ကရာဇ် က သူ့ရည်ရွယ်ချက်ကို ပြောပါတယ်။
တော်လှန်ရေးမှာအသက်ပေးသွားတဲ့ ကျောင်းသား၊ ပြည်သူတွေ စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာ၊ဆရာမတွေကို ရည်ရွယ်ပြီးတော့ ကျောင်းသူပုံစံပြင်ဆင်ဖြစ်ခဲ့တာလို့ သက္ကရာဇ်က ပြောပါတယ်။
သက္ကရာဇ်ဟာ စစ်အာဏာမသိမ်းခင်က တက္ကသိုလ်တက်ရင်း ဝါသနာပါတဲ့ မိတ်ကပ်ပညာရှင် အလုပ်နဲ့ဘဝကို ဖြတ်သန်းနေ ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါတွေဖြစ်ပွားလာတော့ ရန်ကုန်တိုင်းကျန်းမာရေးဝန်ကြီးဌာန လူငယ့်ရေးရာကော်မတီ လက်အောက်မှာဖွဲ့စည်းထားတဲ့ volunteer For Covid-19ဆိုတဲ့ အဖွဲ့အစည်းမှာပါဝင်ခဲ့ပြီး volunteer အဖြစ် လုပ်ကိုင်ခဲ့တယ်။ စစ်အာဏာသိမ်းလိုက်တဲ့အချိန်မှာတော့ တခြားသောဝန်ထမ်းတွေနည်းတူ volunteer CDM ပြုလုပ်ခဲ့ပါတယ်။
သပိတ်စစ်ကြောင်းတွေမှာ ရှေ့တန်းကပါဝင်တာ၊ ကင်းထောက်အဖြစ်တာဝန်ယူတာ၊ ဝန်ထမ်းတွေကို CDM မှာ ပါဝင်ဖို့ တိုက် တွန်းတာ စတာတွေပြုလုပ်ခဲ့တယ်။
ကိုဗစ်တတိယလှိုင်းမှာလည်း ရောဂါပိုးကူးစက်ခံရပြီး နာမကျန်းဖြစ်နေတဲ့သူတွေကိုအိမ်တိုင်ရာရောက် ကျန်းမာရေးစောင့် ရှောက်မှုပေးတာမျိုးတွေ ပြုလုပ်ခဲ့တယ်။ ဒါ့အပြင်တော်လှန်ရေးကြောင့် စီးပွားရေးကျပ်တည်းသွားတဲ့ မိသားစုတွေကို အလှူ ရှင် ရှာပေးတာတွေပြုလုပ်ခဲ့တယ်။
သပိတ်အတူတူထွက်တဲ့ သူငယ်ချင်းတွေဖမ်းဆီးခံရတာ သူငယ်ချင်းဖြစ်သူတစ်ဦးအသက်ဆုံးရှုံးတာကို မျက်မြင်တွေ့လိုက်ရ ပြီးတဲ့ နောက်မှာတော့ သက္ကရာဇ်တစ်ယောက် ဆန္ဒပြရုံတစ်ခုထဲနဲ့ မလုံလောက်ဘူးဆိုတာကို နားလည်ခဲ့တယ်။
ဒါကြောင့်လက်နက်ကိုင် လမ်းစဉ်ကိုရွေးချယ်ဖို့အတွက် လွတ်မြောက်နယ်မြေကိုခြေချခဲ့တယ်။ ၂၀၂၁ခုနှစ် မတ်လအလယ် လောက်မှာ လွတ်မြောက်နယ်မြေကိုရောက်လာပြီး စစ်သင်တန်းတွေ ဖောက်ခွဲရေးသင်တန်းတွေတက်ခဲ့တယ်။ မေလ လောက် ရောက်တဲ့အခါမှာတော့ မြို့ပြကိုပြန်လည်ရောက်ရှိလာပြီး မြေအောက်တော်လှန်ရေး ပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တယ်။
ဇွန်လမှာတော့ သက္ကရာဇ်ရဲ့အိမ်ကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ရှာဖွေဖမ်းဆီးပြီး ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့ တယ်။
“ မိသားစုကိုတော့ ဘာမှမလုပ်ဘူး။ ကျွန်တော့ကိုပဲ ပစ်ခတ်ဖမ်းဆီးတာလုပ်ခဲ့တယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ပစ်ခတ်ဖမ်းဆီးခြင်းတွေကြားထဲက လွတ်မြောက်ခဲ့တယ်။” လို့ သက္ကရာဇ်က ဆိုတယ်။
အဲဒီနောက် မွန်ပြည်နယ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ သွားရောက်ခိုလှုံနေခဲ့တယ်။ အချိန်အနည်းငယ်ကြာတဲ့ အခါမှာတော့ အဲ့ဒီဘုန်းကြီးကျောင်းမှာရှိတဲ့ ဘုန်းကြီးကသက္ကရာဇ်ကို လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်။
“ ဘုန်းကြီးသည် ကျွန်တော့်ကိုအတူလိင်ဆက်ဆံဖို့ပြောလာတယ်။ လက်မခံဘူးဆိုရင် ရဲတို့စစ်တပ်တို့ကို လာဖမ်းခိုင်းမယ် ဆို ပြီး ပထမဦးဆုံးအကြိမ်စပြီး ခြိမ်းခြောက်လာခဲ့တယ်။”လို့ သက္ကရာဇ်ကပြောပြတယ်။
၂၀၂၁ခုနှစ်စက်တင်ဘာလမှာ ခြိမ်းခြောက်ခံခဲ့ရပြီး ၂၀၂၂ခုနှစ်ဇန်နဝါရီလမှာ ဘုန်းကြီးရဲ့အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရတယ်လို့ သက္ကရာဇ်ကပြောတယ်။ အဲ့ဒီအချိန်မှာသက္ကရာဇ်အနေနဲ့ တခြားသူတွေနဲ့ အဆက်အသွယ်ပြတ်နေတဲ့ကာလဖြစ်ပြီး ဝင်ငွေမရှိ တဲ့အပြင် ရှောင်ပြေးစရာနေရာလည်းမရှိခဲ့တဲ့အတွက် ဒီလိုအဖြစ်ဆိုးနဲ့ကြုံတွေ့ခဲ့ရတာဖြစ်တယ်။
အဲ့ဒီနောက်မှာတော့ မိတ်ဆွေတစ်ချို့ကိုပြောပြ အကူညီတောင်းပြီး သူတို့ရဲ့ကူညီပေးမှုကြောင့် မိခင်တပ်ရင်းကို ပြန်လည် ရောက်လာခဲ့တယ်။တပ်ရင်းကို ပြန်ရောက်ပြီးစခန်းမှာ medical officer အနေနဲ့ဆေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ ရဲဘော်တွေကို ကူညီနိုင်ဖို့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှုတွေကို ကျွမ်းကျင်ဆရာဝန်တွေဆီက အနီးကပ်သင်ယူခဲ့တယ်။
တပ်ထဲမှာတာဝန်ထမ်းဆောင်တုန်းကကာလတွေဟာ သက္ကရာဇ်အတွက်အပင်ပန်းဆုံးကာလတွေပါပဲ။ ရဲဘော်အမျိုးသမီး တစ်ချို့ရဲ့ ရိုင်းပြတဲ့အသုံးအနှုန်းတွေနဲ့ စော်ကားခံရတာမျိုးတွေ အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရတာတွေ ကြုံတွေ့ခဲ့ရတယ်။
တပ်ထဲမှာစိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ စော်ကားမှုတွေခံရတဲ့အတွက် တာဝန်ထမ်းဆောင်ခဲ့တဲ့တပ်ရင်းကနေ တရားဝင် နူတ်ထွက် ခဲ့တယ်။ အဲဒီနောက်မိတ်ဆွေတစ်ချို့ရဲ့အကူအညီနဲ့ ထိုင်းနိုင်ငံနဲ့မြန်မာနယ်စပ်ကြားက ကရင်ရွာလေးမှာ သွားရောက်နေထိုင်ခဲ့တယ်။ အဲ့ဒီကိုရောက်တော့မှာ စိတ်ပိုင်းဆိုင်ရာကုသမှုတွေခံယူခဲ့တယ်။
အဲဒီမိတ်ဆွေတွေရဲ့ အကူအညီနဲ့ပဲ လူ့အခွင့်ရေးနဲ့ပတ်သက်တဲ့သင်တန်းတွေ၊ ဥပဒေရေးရာသင်တန်းတွေ၊ စွမ်းရည် မြင့်သင် တန်းတွေတက်ရောက်ခဲ့တယ်။ သင်တန်းတွေကထောက်ပံ့တဲ့ငွေကြေးတွေကို တပ်ထဲကရဲဘော်တွေအတွက် လိုအပ်တဲ့ရိက္ခာ ထောက်ပံ့ပေးခဲ့တယ်။
၂၀၂၃ခုနှစ်၊ ဧပြီလလောက်မှာတော့ မဲဆောက်ကိုပြောင်းရွေ့နေထိုင်ခဲ့တယ်။ မိတ်ဆွေဓာတ်ပုံဆရာနဲ့အတူ တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့အကြောင်းတွေကို ရိုက်ကူးထားတဲ့မှတ်တမ်းရုပ်ရှင်တိုလေးတစ်ခုမှာ ပါဝင်ခဲ့တယ်။
တော်လှန်ရေးခရီးလမ်းကို လျှောက်လှမ်းသူတိုင်းကြုံတွေ့ရတဲ့ အခက်အခဲနဲ့စိန်ခေါ်မှုတွေကို သက္ကရာဇ်လည်း ရင်ဆိုင်ခဲ့ရ တယ်။ ထိုင်းနိုင်ငံကိုတိမ်းရှောင်ထွက်ပြေးလာချိန်မှာလည်း တရားမဝင်ရွေ့ပြောင်းနေထိုင်ရတာဖြစ်တဲ့အတွက် အခက်အခဲတွေ က စောင့်ကြိုနေခဲ့တယ်။
ဒါ့အပြင် သက္ကရာဇ်တတ်ကျွမ်းတဲ့ မိတ်ကပ်ပညာရှင်အလုပ်ကလည်း ထိုင်းနိုင်မှာ မြန်မာနိုင်ငံသားအနေနဲ့ တရားဝင် လုပ်ကိုင် ခွင့်မရှိတဲ့အတွက် အခက်အခဲရှိပြန်တယ်။
“ ဝင်ငွေရတာနည်းတဲ့အတွက် ထောက်ပံ့မှုတွေမှာလည်း ၁၀၀ရာခိုင်နှုန်းမထောက်ပံ့နိုင်ဘူး။ ၃၀၊ ၄၀ ရာခိုင်နှုန်းလောက်ပဲ ထောက်ပံ့နိုင်တယ်။” လို့ သက္ကရာဇ်က ဖွင့်ဟတယ်။
အခက်အခဲတွေကြားမှာ စိတ်ဓာတ်ကျတဲ့အချိန်တွေရှိခဲ့ပြီး ကိုယ်ကိုကိုယ်သက်သေဖို့ အကြိမ်ကြိမ်တွေးတောခဲ့ပေမယ့် အသက် ရှင်နေမှသာ တော်လှန်ရေးအတွက် ဆက်ပြီးပါဝင်လုပ်ကိုင်နိုင်ဦးမယ် သေသွားရင်ဘာမှလုပ်နိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့ စိတ်နဲ့ အားတင်းကျော်ဖြတ်ခဲ့တယ်။
သက္ကရာဇ်ရဲ့ဖခင်ဖြစ်သူဟာ အာရေဗီရမ်လူမျိုးဖြစ်ပြီး မိခင်ကတော့ဗမာလူမျိုးဖြစ်တယ်။ အာရပ်ဒေသမှာ မွေးဖွားခဲ့ပြီး နှစ်လ သားအရွယ်မှာတော့မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တယ်။ လသားအရွယ်မှာ အဖေဆုံးပြီးအမေက နောက်အိမ်ထောင်ထူ ထောင်လိုက်တဲ့အတွက် ငယ်ဘဝတစ်လျှောက်လုံးကို အဘိုးဘွား၊အဒေါ်နဲ့ကြီးပြင်းခဲ့တယ်။
ငယ်ငယ်ကတည်းက ဆံပင်အရှည်ထားရတာ၊ အမျိုးသမီးဆန်ဆန်ပြုမူ နေထိုင်ရတာကိုသဘောကျပြီး အမျိုးသားအဝတ် အစားတွေကို မဝတ်ချင်ခဲ့ပါဘူး။
မိသားစုကိုလည်း သူ့ရဲ့ဖြစ်တည်မှုအကြောင်း ပြောပြခဲ့ပေမယ့် လက်မခံခဲ့ပါဘူး။ ဆွေမျိုးတချို့ကလည်း လှောင်ပြောင်တာ တွေရှိခဲ့တယ်။ တက္ကသိုလ်တက်တဲ့အခါမှာလည်း ဆရာမရဲ့ခွဲခြားဆက်ဆံခြင်းကို ခံခဲ့ရတယ်။
ဥပဒေပိုင်းနဲ့ပတ်သက်တာတွေကို ဝါသနာအရလေ့လာဖြစ်ခဲ့ပြီး အမျိုးသမီးအခွင့်အရေးနဲ့ LGBT တွေရဲ့ အခွင့်အရေးလှုပ်ရှားမှု တွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တယ်။ စစ်အာဏာမသိမ်းခင်က ဝါသနာပါတဲ့ မိတ်ကပ်ပညာရှင်အလုပ်နဲ့ အသက်မွေးဝမ်း ကျောင်းပြုပြီး LGBT အသိုင်းအဝိုင်းကိုထောက်ပံ့ကူညီဖို့ စိတ်ကူးအိပ်မက်တွေရှိခဲ့တယ်။
“ ငါ့ရဲ့ဖြစ်တည်မှုသည် အရင်ကတည်းက ဝေဖန်လှောင်ပြောင်ခွဲခြားဆက်ဆံခံခဲ့ရတယ်။ အဲ့ဖြစ်တည်မှုနဲ့မွေးဖွားလာတဲ့ ငါသည်လည်းတစ်ချိန်ချိန်မှာ နိုင်ငံအတွက် မိသားစုအတွက် စံပြရတဲ့ပုဂ္ဂိုလ်နိုင်ငံကိုလည်း အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ် ဆိုတဲ့ အိပ်မက်လေးတော့ရှိပါတယ်။” လို့ သက္ကရာဇ်က ဆိုတယ်။
အာဏာသိမ်းပြီးနောက်မှာတော့ နိုင်ငံတကာက transgender Women တွေ ဝင်ပြိုင်တဲ့ Miss International Queen ပြိုင်ပွဲ ဝင်ပြိုင်ပြီးတော့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့အကြောင်းတွေကို နိုင်ငံတကာကသိအောင် စင်ပေါ်မှာချပြချင်တဲ့ အိပ်မက် တစ်ခု ထပ်တိုးလာခဲ့တယ်။
သက္ကရာဇ်အနေနဲ့ တော်လှန်ရေးအောင်တဲ့အခါ အဖြစ်ချင်ဆုံးဆန္ဒကတော့ တော်လှန်ရေးကာလအတွင်း ကြုံတွေ့ခဲ့ တာ တွေကို စာအုပ်ထုတ်ရေးချင်တဲ့ဆန္ဒပါပဲ။
“ကျွန်တော်တခါမှမပြောဖူးတဲ့ မိသားစုကိုချစ်တယ်ဆိုတာသွားပြောချင်တယ်။” လို့ သက္ကရာဇ်က ဆိုတယ်။
တော်လှန်ရေးမပြီးမချင်း လိုအပ်တဲ့နေရာကနေ ကူညီထောက်ပံ့မှုတွေပြုလုပ်သွားပြီး တော်လှန်ရေးပြီးတဲ့နောက်ပိုင်းမှာလည်း နိုင်ငံအတွက်လိုအပ်တဲ့အရာတွေကို တတ်စွမ်းသလောက်ပေးဆပ်ရင်းအသက်ရှင်သွားမယ်လို့ သက္ကရာဇ် တစ်ယောက်ဆုံးဖြတ် ထားပါတယ်။
နွေဦးတော်လှန်ရေးနဲ့အတူ LGBTတွေကို ခွဲခြားအယူအဆတွေ ပပျောက်သွားဖို့ မျှော်လင့်နေရင်း အခုလို သတင်းစကားပါး ပါတယ်။
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.