“နွေဦးကျန်းမာ” သည် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ပြီး ရန်ကုန်မှ ထွက်ပြေးလာသော ဆေးကျောင်းသား အဖွဲ့တဖွဲ့က ထူထောင်ထားသည့် လျှို့ဝှက်ဆေးခန်း ဖြစ်သည်။ ထိုဆေးခန်းသည် ထိုင်းနယ်စပ်အနီး စစ်ဖြစ်ပွားနေသော ကယားပြည်နယ်မှ နေရပ်စွန့်ခွာရသည့် အရပ်သားများကို အဓိက ကုသပေးသည်။ ကယားပြည်နယ်တွင် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ အနှံ့အပြား ဖြစ်ပွားနေသည်။
အခြား ခုခံတော်လှန်ရေး အမာခံဒေသများတွင် ကဲ့သို့ပင် ကယားပြည်နယ်မှ ဆေးခန်းများနှင့် ဆေးရုံများကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ၊ အမြောက်ကြီးများနှင့် ပစ်ခတ်ခြင်းတို့၏ ပစ်မှတ်များဖြစ်နေပြီး ခုခံတော်လှန်ရေးသမားများနှင့် အရပ်သားများအတွက် ဆေးဝါးကုသခွင့် အဟန့်အတား ဖြစ်စေသည်။
ယခုနှစ် မေလတွင် နွေဦးကျန်းမာဆေးခန်းမှ လူနာဆောင် နှစ်ခုကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုက ဖျက်ဆီးလိုက်ပြီး ထိုဆေးခန်းမှ အင်အား ၃၀ ရှိသော ဆရာဝန်များ၊ ဆေးကျောင်းသားများ၊ သူနာပြုများ၊ သားဖွားဆရာမများ၊ ဒေသခံစေတနာ့ဝန်ထမ်းများနှင့် လူနာများသည် ပိုမိုဘေးကင်းသော နေရာသို့ တတိယအကြိမ် ရွှေ့ပြောင်းရသည်။
ယခင်က အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ် ဝန်ထမ်းတဦး ဦးခေါင်းတွင် အပြင်းအထန် ထိခိုက်ဒဏ်ရာရပြီး အရေးပေါ် ခွဲစိတ်ရကြောင်း ဆေးခန်းကို ပူးတွဲတည်ထောင်သူ ကိုထူးက ပြောသည်။ သို့သော် ထိုအမျိုးသမီးငယ်သည် ပြန်လည် နာလန်ထပြီး အဖွဲ့တွင် စေတနာ့ ဝန်ထမ်းအဖြစ် ဆက်လက် လုပ်ကိုင်နေသည်။
ထိုဆေးခန်း၏ လုပ်ငန်းနှင့် ဝန်ထမ်းများ၏ စိတ်ပိုင်းဖြတ်မှုကို လူမျိုးစုလေ့လာသူနှင့် မှတ်တမ်းဓာတ်ပုံဆရာမ မခင်စန္ဒာညွန့်က အဖြူအမည်းဖြင့် မှတ်တမ်းတင်ထားသည်။ သူသည် ထိုဆေးဝန်ထမ်းများနှင့် နှစ်နှစ်ကျော် နေထိုင်ခဲ့သူ ဖြစ်သည်။
ထိုသို့နေထိုင်စဉ်အတွင်း သူသည် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတခုတွင် သူ၏ဖုန်းကင်မရာဖြင့် ထိုငရဲပွက်နေသော ကာလကို မှတ်တမ်းတင်နေစဉ် သေဘေးမှ ပွတ်ကာသီကာ လွတ်မြောက်ခဲ့သည်။ တိုက်ခိုက်မှုအကြောင်း ပြန်လည်ပြောကြားရာတွင် “လူသတ်ကွင်းထဲ ရောက်နေသလို ခံစားရတယ်။ သေတော့မယ်လို့တောင် ထင်ခဲ့တယ်” ဟု ၎င်းကပြောသည်။
ရှေ့တန်းစစ်မြေပြင်မှ ကျန်းမာရေးလုပ်သားများ ရင်ဆိုင်ရသည့် အခက်အခဲများကို အများပြည်သူ သိရှိစေရန်၊ ကယားပြည်နယ်နှင့် အခြားခုခံတော်လှန်ရေး အမာခံဒေသများမှ ၎င်းတို့၏ အန္တရာယ်များသော လုပ်ငန်းများကို လူထုထောက်ခံမှုရစေရန် ထိုဆေးခန်းတွင် နေထိုင်စဉ် သူ၏လက်ရာများကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မှ New Burma က အောက်တိုဘာလလယ်တွင် စီစဉ်သည့် Indivisible အမည်ရှိ ဓာတ်ပုံပြပွဲတခုတွင် ပြသသည်။
ကယားပြည်နယ်မှ ဆေးခန်းများနှင့် ပြည်တွင်း စစ်ဘေးရှောင်စခန်းများကို စစ်တပ်က နေ့စဉ် အမြောက်များ၊ လေကြောင်း တိုက်ခိုက်မှုများဖြင့် ပစ်မှတ်ထားနေသည်ဆိုသည့် သတင်းစကားကို ကိုထူးက ထိုဓာတ်ပုံပြပွဲနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတခုတွင် ထပ်လောင်း ပြောကြားသည်။
ဆေးခန်း၏ အဓိက ရန်ပုံငွေ ရင်းမြစ်ဖြစ်သည့် ပြည်တွင်းအလှူရှင်များကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေပြီး ၎င်းတို့ ဘဏ်စာရင်းများကို စောင့်ကြည့် ပိတ်ဆို့နေသောကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ရင်းမြစ်များ အကူအညီပေးရန် သူနှင့် သူ၏ လုပ်ဖော်ကိုင်ဖက် ဒေါက်တာ ရဲဇော်တို့က တောင်းဆိုသည်။ ထိုအဖွဲ့သည် အမေရိကန် ဒေါ်လာ ၄၁,၀၀၀ ခန့်ကုန်ကျမည်ဟု ခန့်မှန်းရသည့် ဆေးခန်းသစ်တခု တည်ဆောက်ရန်လည်း လုပ်ဆောင်နေသည်။
“ကျနော်တို့မှာ နားကြပ်နဲ့ ဆေးထိုးအပ်ပဲ ရှိတယ်။ ဂျက်တိုက်လေယာဉ်တွေကို ခုခံဖို့ ကျနော်တို့မှာ ဘာမှ မရှိဘူး။ နွေဦးကျန်းမာ အဖွဲ့ဝင်တွေဟာ အရမ်း စိတ်ဓာတ်ခိုင်မာပြီး ကောင်းကောင်း ခံနိုင်ရည်ရှိကြတယ်” ဟု ကိုထူးက ပြောသည်။
ရှေ့တန်းစစ်မျက်နှာမှ ကျန်းမာရေးလုပ်သားများကို အလေးထား မှတ်တမ်းတင်ခြင်းသည် မခင်စန္ဒာညွန့်အတွက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သည့် နည်းလမ်းတခုဖြစ်သည်။
ရှေ့တန်းစစ်မျက်နှာမှ ကျန်းမာရေးလုပ်သားများကို အလေးထား မှတ်တမ်းတင်ခြင်းသည် မခင်စန္ဒာညွန့်အတွက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သည့် နည်းလမ်းတခုဖြစ်သည်။ သူသည် စစ်ကောင်စီက အရပ်သားများနှင့် ကျန်းမာရေးစောင့်ရှောက်မှုကို ပစ်မှတ်ထားသည့် အတိုင်းအတာနှင့် ထိုမူဝါ၏ လူမဆန်မှုကို အသေးစိတ် ဖော်ပြလိုကြောင်း ပြောသည်။
ထိုအဖွဲ့ကို မှတ်တမ်းတင်သည့် အတွေ့အကြုံနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန် ဧရာဝတီက မခင်စန္ဒာညွန့်ကို တွေ့ဆုံ မေးမြန်းထားသည်။
ဧရာဝတီ။ ။ ဒီပြပွဲက ဆရာမရဲ့ ပထမဆုံးမှတ်တမ်းတင် စီမံကိန်းလား။
မခင်စန္ဒာညွန့် ။ ။ ကျမရဲ့လုပ်ငန်းဖြစ်တဲ့ လူမျိုးစုလေ့လာရေးအတွက် ယဉ်ကျေးမှု သုတေသနကနေ အထောက်အကူပြုဖို့ ပုံအထောက်အကူအတွက် ဓာတ်ပုံပညာကို ကျမ လေ့လာတယ်။ ဒါပေမယ့် အာဏာသိမ်းမှုကြောင့် သုတေသနတွေ၊ ခရီးသွားလာတာတွေ မလုပ်နိုင်တော့ဘူး။ ဓာတ်ပုံလုပ်ငန်းက ကျမ လုပ်နိုင်တဲ့ တခုတည်းသော အရာဖြစ်နေတယ်။ ဒါကြောင့် ရန်ကုန်မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ကနေ စတင်ပြီး ဆန္ဒပြပွဲတွေကို မိုးလင်းကနေ မိုးချုပ်အထိ ဓာတ်ပုံရိုက်တယ်။ နောက်ကျတော့ ရန်ကုန်က နေလို့၊ ဓာတ်ပုံရိုက်လို့ မဖြစ်နိုင်တော့ဘူး။ ပြည်သူတွေဟာ အရင်လို လမ်းမပေါ် ဆန္ဒပြပွဲတွေ မလုပ်နိုင်တော့သလို ကင်မရာကိုင်တဲ့ လူတွေကိုလည်း ပိုမို ပစ်မှတ်ထားလာတယ်။ ရန်ကုန်မှာ ကျမ လုပ်ချင်တဲ့ ကိစ္စတွေအတွက် ကန့်သတ်ချက်တွေ အရမ်းများလာတယ်။ ဒါကြောင့် တနေရာရာကို သွားဖို့ ဆုံးဖြတ်လိုက်ပြီး ကရင်နီ (ကယား) ပြည်နယ်ကို ရွေးချယ်လိုက်တယ်။
အာဏာသိမ်းမှုကြောင့် သုတေသနတွေ၊ ခရီးသွားလာတာတွေ မလုပ်နိုင်တော့ဘူး။ ဓာတ်ပုံလုပ်ငန်းက ကျမ လုပ်နိုင်တဲ့ တခုတည်းသော အရာဖြစ်နေတယ်။ ဒါကြောင့် ရန်ကုန်မှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ကနေ စတင်ပြီး ဆန္ဒပြပွဲတွေကို မိုးလင်းကနေ မိုးချုပ်အထိ ဓာတ်ပုံရိုက်တယ်။ နောက်ကျတော့ ရန်ကုန်က နေလို့၊ ဓာတ်ပုံရိုက်လို့ မဖြစ်နိုင်တော့ဘူး။
အဲဒီတုန်းက ၂၀၂၁ ခုနှစ်၊ ဇွန်လလောက်ဖြစ်ပြီး အဲဒီမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်နေပြီ။ ကရင်နီကို တယောက်တည်း ထွက်လာပြီး အတွေ့အကြုံသစ်တွေ ရှာဖွေတယ်။ ကရင်နီတော်လှန်ရေး မြေပြင်က အခြေအနေတွေ၊ မြေပြင်မှာ လုပ်ငန်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို ကျမသိချင်တယ်။ ဒါကြောင့် ဒီအဖွဲ့အစည်းတွေနဲ့ပဲ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ နွေဦးကျန်းမာက ကျမ ပထမဆုံးလေ့လာတဲ့ အဖွဲ့အစည်းဖြစ်ပြီး သူတို့ရဲ့ နေ့စဉ်လုပ်ငန်းတွေကို မှတ်တမ်းတင်တယ်။ ဒါကြောင့် ဒီအဖွဲ့ဟာ ကျမ မှတ်တမ်းတင်တဲ့ ပထမဆုံး အဖွဲ့အစည်းဖြစ်တယ်။
မေး ။ ။ အခု ဆရာမရဲ့ မှတ်တမ်း ဓာတ်ပုံတွေကို ပြပွဲမှာ ပြသနေတယ်။ လက်နက်ကိုင် တော်လှန်ရေးမှာ ဓာတ်ပုံသမားတွေရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်လဲ။
ဖြေ ။ ။ တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်။ လက်နက်ကိုင်တော်လှန်ရေးဖြစ်စေ၊ အုပ်ချုပ်ရေးဖြစ်စေ မြေပြင်မှာ လုပ်ရမယ့် ကိစ္စတွေ အများကြီးရှိတယ်။ လူတိုင်းက အလုပ်ရှုပ်နေပြီး မှတ်တမ်းတခု ပြုစုဖို့ မအားကြဘူး။
တော်လှန်ရေးကို ဓာတ်ပုံတွေနဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ မှတ်တမ်းတင်ဖို့ အရေးကြီးတယ်လို့ ထင်တယ်။ တော်လှန် တိုက်ခိုက်ရေးသမားတွေက သူတို့အလုပ် သူတို့လုပ်နေကြပြီး သူတို့ကို မှတ်တမ်းတင်တဲ့သူတွေဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။
မေး ။ ။ ဘာအခက်အခဲတွေကို ရင်ဆိုင်ခဲ့ရလဲ။ အမှတ်တရ အဖြစ်ဆုံး အချိန်က ဘယ်အချိန်လဲ။
ဖြေ ။ ။ တော်လှန်ရေးအတွင်း ဓာတ်ပုံရိုက်တဲ့အခါ လုံခြုံရေး အရေးအကြီးဆုံးပဲ။ တချို့လူတွေက တော်လှန်ရေးအတွက် လျှို့ဝှက်လုပ်နေတယ်။ အရပ်သားတွေလည်း ရှိတယ်။ အဲဒီတော့ သူတို့မျက်နှာတွေ ဓာတ်ပုံထဲမှာ မပေါ်အောင် သေသေချာချာ လုပ်ရပြီး တချိန်တည်းမှာပဲ ဓာတ်ပုံရဲ့ ပြတ်သားမှုကိုလည်း မထိခိုက်အောင် လုပ်ရတယ်။ ဒါဟာ တော်တော်ရုန်းကန်ရတဲ့ ကိစ္စဖြစ်နိုင်တယ်။
တော်လှန်ရေးအတွင်း ဓာတ်ပုံရိုက်တဲ့အခါ လုံခြုံရေး အရေးအကြီးဆုံးပဲ။ တချို့လူတွေက တော်လှန်ရေးအတွက် လျှို့ဝှက်လုပ်နေတယ်။ အရပ်သားတွေလည်း ရှိတယ်။ အဲဒီတော့ သူတို့မျက်နှာတွေ ဓာတ်ပုံထဲမှာ မပေါ်အောင် သေသေချာချာ လုပ်ရပြီး တချိန်တည်းမှာပဲ ဓာတ်ပုံရဲ့ ပြတ်သားမှုကိုလည်း မထိခိုက်အောင် လုပ်ရတယ်။
အမှတ်တရ ဖြစ်ရတဲ့ ကာလတွေကတော့ စစ်ဘေးရှောင်တွေ ညဘက်မှာ မိုင်းကွင်းတွေကို ဖြတ်သန်းပြီး သူတို့ရွာတွေမှာ ဆန် သွားပြန်ယူတာပဲ။ အမျိုးသမီးတယောက်က မိုင်းနင်းမိသွားတယ်။ တော်တော်လေး အပြင်းအထန် ထိမှန်တယ်။ နွေဦးကျန်းမာ ဆေးခန်းကို ညသန်းခေါင်ယံလောက်မှာ သူရောက်လာတယ်။ ခြေထောက်တဖက်ပြတ်ပြီး တကိုယ်လုံးမှာ ဒဏ်ရာရ နေတယ်။ သူသွေးသွင်းဖို့လိုလို့ ကျမ သွေးလှူလိုက်တယ်။ အဲဒီအချိန်ကျတော့ မနက် ၃ နာရီလောက်ဖြစ်နေပြီ။ မနက် ၆ နာရီလောက်မှာ သူ့ကို ခွဲစိတ်ကုသဖို့ စီစဉ်ထားတယ်။ အဲဒီခွဲစိတ်ကုသမှုကို ကျမ ဓာတ်ပုံရိုက်ချင်တယ်။ သွေးလှူပြီးနောက် ကျမ အနားမယူ၊ မအိပ်တော့ဘူး။ အိပ်လို့လည်း မရတော့ဘူး။
သူ့ကို ခွဲစိတ်ခန်းကို မနက် ၆ နာရီလောက်မှာ ခေါ်သွားတော့ ကျမလည်း လိုက်သွားပြီး ဓာတ်ပုံတွေရိုက်ခဲ့တယ်။ ဓာတ်ပုံနည်းနည်းရိုက်ပြီးတော့ မူးဝေပြီး ကျမ လဲကျသွားတယ်။ အဲဒါက အမှတ်တရ ဖြစ်ရတဲ့ အချိန်တခုပဲ။ ဆရာဝန် သူငယ်ချင်းတွေက အဲဒီအတွက် ကျမကို စနောက်ကြတယ်။ အဲဒါက ခွဲစိတ်ခန်းမှာ ကျမလဲကျတာ ပထမဆုံးနဲ့ နောက်ဆုံး အကြိမ်ဖြစ်တယ်။
မေး ။ ။ မေလ ၂၀ ရက်နေ့မှာ ဆေးရုံကိုဗုံးကြဲတာကို ရိုက်ကူးထားတာတွေ ကျမတို့ ကြည့်ပြီးသွားပြီ။ အဲဒီနေ့က ဘာတွေဖြစ်တာလဲ ပြောပြပေးပါ။
ဖြေ ။ ။ အဲဒီနေ့မတိုင်ခင်က ကျမတို့ဒေသမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက လေယာဉ်တွေ၊ အမြောက်တွေ၊ မြေမြှုပ်မိုင်းတွေ သုံးတယ်။ တိုက်ပွဲပြင်းထန်နေတဲ့အချိန် ပဋိပက္ခဒေသကို သွားရတာ အန္တရာယ် အရမ်းများတယ်။ ဒါကြောင့် ဆေးအဖွဲ့နဲ့နေပြီး သူတို့နေစဉ် လုပ်ငန်းဆောင်ရွက်တာကို မှတ်တမ်းတင်ဖို့ ကျမ ဆုံးဖြတ်လိုက်တယ်။
မေလ ၁၉ ရက်နေ့ညမှာ ကျန်တဲ့လူတွေနဲ့အတူ မြေအောက် ကတုတ်ကျင်းထဲမှာပဲ ရှိနေတယ်။ မေလ ၂၀ ရက်နေ့ မနက် ၆ နာရီ ခွဲလောက်မှာ စစ်ကောင်စီလေယာဉ်တစင်းက ဗုံးတွေကြဲချတယ်။ နောက်ဆုံးတော့ ဆေးရုံကိုလည်း ပစ်မှတ်ထားပြီး ကျမလည်း သေသွားနိုင်တယ်လို့ စဉ်းစားမိတယ်။ ဒါကြောင့် အဖြစ်ဆိုးတခုခုကြုံရရင် မှတ်တမ်း ဗီဒီယိုတင်ဖို့ ဖုန်းကို ကိုင်ထားတယ်။ လူနာဆောင် နှစ်ခုကို ဗုံးထိမှန်ပေါက်ကွဲသွားတယ်။ လူနာဆောင်တွေနားက မော်တာဆိုင်ကယ်နဲ့ တခြားပစ္စည်းတွေ မီးစွဲလောင်နေတယ်။
လေယာဉ်တွေ လာဗုံးကြဲရင် လူနာတွေအားလုံးကို ဗုံးခိုကျင်းထဲ သယ်ဆောင်ရတယ်။ လူနာတွေကို ကုသပေးနေတဲ့ လူတယောက် ဗုံးဆံကြောင့် ဒဏ်ရာရသွားတယ်။ လေယာဉ်တွေ ပြန်သွားတဲ့အခါ လူနာတွေကို ဗုံးခိုကျင်းကနေ ပြန်ထုတ်ပြီး ပိုမိုဘေးကင်းတဲ့ ကျောက်ဆောင်တခုနားကို ရွှေ့ပြောင်းရတယ်။ နောက်ပြီး လူနာတွေကို ပိုမိုဘေးကင်းတဲ့ အဆောက်အအုံတွေဆီကို ကားနဲ့ ရွှေ့ပြောင်းကြတယ်။ ဒီဖြစ်စဉ်တွေ အားလုံးကို ကျမ မှတ်တမ်းတင်ထားတယ်။
မေး ။ ။ ဆရာမ ရိုက်ထားတဲ့ ဓာတ်ပုံတွေကနေ ဘာတွေဖြစ်လာမယ်လို့ မျှော်လင့်ထားလဲ။
ကျမက ဒါတွေကို သမိုင်းမှတ်တမ်းတင်ဖို့ ရိုက်ထားတာ။ အချိန်တန်ရင် အဲဒီဓာတ်ပုံတွေကို ပြည်သူလူထုကို ပြသချင်တယ်။ ဒါကြောင့်မို့ ရိုက်ကူးထားတာပဲ။
ဖြေ ။ ။ ကျမက ဒါတွေကို သမိုင်းမှတ်တမ်းတင်ဖို့ ရိုက်ထားတာ။ အချိန်တန်ရင် အဲဒီဓာတ်ပုံတွေကို ပြည်သူလူထုကို ပြသချင်တယ်။ ဒါကြောင့်မို့ ရိုက်ကူးထားတာပဲ။ လက်ရှိတော်လှန်ရေးမှာ မြေပြင်မှာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဘယ်အဖွဲ့အစည်းမဆို အကူအညီ ဆက်လက်ရစေချင်တယ်။ ကရင်နီပြည်နယ်မှာ ရုန်းကန်နေရတဲ့ အဖွဲ့အစည်းတွေအကြောင်း ပြင်ပကမ္ဘာကလူတွေ ပိုမို သိစေချင်တယ်။ လေကြောင်းတိုက်ခိုက်မှုတွေက ဘယ်လောက် ဖျက်အားပြင်းပြီး လူမဆန်ဘူးလဲဆိုတာ လူတွေသိစေချင်တယ်။
မေး ။ ။ ဆေးဝါးလိုအပ်ချက်တွေက ဘာတွေလဲ။ ကျန်းမာရေးစောင့်ရှောက်မှုက တော်လှန်ရေးအတွက် ဘယ်လောက်အရေးကြီးတယ်လို့ ထင်လဲ။
ဖြေ ။ ။ တော်လှန်ရေးကာလမှာ ကျန်းမာရေးစောင့်ရှောက်မှုက အရမ်းအရေးပါတယ်။ တော်လှန်ရေး သမားတွေဟာ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်တယ်။ ပြီးတော့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရတဲ့ အရပ်သားတွေဟာ အာဟာရ စနစ်တကျ မရဘဲ တောထဲက စခန်းတွေမှာ နေထိုင်ရလို့ အခက်အခဲရှိတယ်။ ဆေးဝါးကလည်း မလုံလောက်ဘူး။ ဒါကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးရေးဟာ အရမ်းအရေးပါတယ်။
စစ်ကောင်စီကလည်း ဒါကိုသိတယ်။ ဒါကြောင့်မို့ ကျန်းမာရေး စောင့်ရှောက်တဲ့ အဖွဲ့အစည်းတွေ၊ ဆေးရုံတွေ ဆေးခန်းတွေကို ပစ်မှတ်ထားတာပဲ။ ပြည်သူတွေ အင်အားနည်းအောင်၊ ခုခံတော်လှန်ရေးသမားတွေ ဒုက္ခရောက်အောင် သူတို့လုပ်နေကြတယ်။ တော်လှန်ရေးအတွင်း ကျန်းမာရေးစောင့်ရှောက်သူတွေကို ကျေးဇူးပြုပြီး ထောက်ပံ့ကြပါ။ မြေပြင်မှာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ဘယ်ကျန်းမာရေး အဆောက်အအုံမဆိုကို ထောက်ပံ့ပေးဖို့ အရေးကြီးတယ်။
ကရင်နီ ပြည်နယ်မှာ ကျမတို့ဟာ ပဋိပက္ခဇုန်ထဲမှာ ပိတ်မိနေပြီး ဆက်လက်ရှင်သန်ဖို့ ရုန်းကန်နေရတယ်။ ကျမတို့ အားလုံးတိုက်ပွဲမှာ ပါဝင်နေသလို ဖြစ်နေတယ်။ ကျမတို့ ထွက်မပြေးဘူး။ မစွန့်ခွာဘူး။ ကျမတို့ အတူတကွ တိုက်ခိုက်နေတယ်။ တော်လှန်ရေးရဲ့ ရှည်လျားတဲ့ ခရီးလမ်းမှာ ပြည်သူတွေ ခံနိုင်ရည်ရှိဖို့ အရေးကြီးတယ်။ သူတို့ ခံနိုင်ရည် ရှိဖို့အတွက် ကျန်းမာအောင် လုပ်ပေးဖို့လိုတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Documenting Health Care in a War Zone ကို ဘာသာပြန်သည်။)